Monday, March 14, 2011

အကြိုည ရင်ခုံသံ


            မနက်ဖြန်ဆိုရင် ငြိမ်းချမ်းရေးရင်ပြင် တိုင်းရင်းသားသင်တန်းကျောင်းမှာ သင်တန်းသားတွေနဲ့ အကြိုတွေ့ဆုံပွဲ အခမ်း အနားကျင်းပတော့မယ်။ ဒီအခမ်းအနားမှာ သင်တန်းနည်းပြတွေက ကိုယ်သင်ရမယ့်ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး မိတ်ဆက် ရှင်းပြကြဖို့ပေါ့။ သင်ကြားမယ့်ဘာသာရပ်တွေကများပေမယ့် အုပ်စုခွဲလိုက်ရင် ၅ ခု ပဲရှိတာပါ။ ကျနော်တို့အဖွဲ့ကို ယေဘုယျအနေနဲ့ သဘောတရားရေးအဖွဲ့လို့ နာမည်ပေးထားတယ်။
ကျန်တဲ့အဖွဲ့တွေကတော့ ကွန်ပျူတာအဖွဲ့၊ အင်္ဂလိပ်စာအပါအ၀င် နိုင်ငံရပ်ခြား ဘာသာစကား သင်ကြားရေးအဖွဲ့၊ နောက်… တိုင်းရင်းသားဘာသာစကား သင်ကြားရေးအဖွဲ့နဲ့ အားကစားဆိုင်ရာ သင်ကြားရေး အဖွဲ့ဆိုပြီး အသီးသီးစုဖွဲ့ထား ကြပါတယ်။
            ကျနော်တို့အဖွဲ့ထဲမှာမှ ဦးခင်လွန်းက သတင်းနှင့်စာနယ်ဇင်း၊ ကိုနေဦးက ပန်းချီပညာရပ်၊ ဦးအာဘော်နဲ့ ကိုခင်မောင်စိုးက မြန်မာစကားနဲ့မြန်မာစာပေ၊ ကိုဇေယျာက ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုအတတ်ပညာ၊ ကျနော်က တော့ လူထုအဓိကလူ့အဖွဲ့အစည်း ( Civil Society ) စတဲ့ဘာသာရပ်တွေကို သင်ကြားပေးကြဖို့ တာဝန်ယူထားကြတယ်လေ။ ပညာရှင်ကြီးတွေမဟုတ်ကြပေမယ့် တတ်စွမ်းသမျှဝေငှကြဖို့ အမြင်တူသူတွေလို့လည်း ပြောနိုင်ပါတယ်။ ကျနော်တို့အဖွဲ့ကို သဘောတရားရေးအဖွဲ့လို့ခေါ်တာထက် လူမှုဗေဒအဖွဲ့ ဒါမှမဟုတ် လူမှုအနုပညာအဖွဲ့လို့တောင် နာမည်ပေးချင်တယ်။ လူ့အဖွဲ့အစည်းကြီးကို အနုစိတ်ချယ်မှုန်း တည်ဆောက် မယ့် ပညာရပ်တွေနဲ့ စုဖွဲ့ထားတာမို့ပါ။

            တကယ်တော့ ဒီလိုသင်တန်းသားတွေနဲ့ အကြိုတွေ့ဆုံဖို့ အစီအစဉ်ဖြစ်လာတာကလည်း ကျနော်တို့အဖွဲ့ ကြောင့်ပဲလို့ ပြောရင်ရနိုင်ပါတယ်။ သိကြတဲ့အတိုင်း ကျနော်တို့မြန်မာ့လူ့အဖွဲ့အစည်းမှာက ဒီလိုပညာရပ်တွေကို သင်တန်းပေးမယ်ဆို စိတ်ဝင်တစားသင်ကြားကြမယ့် သူက အရှားသားမို့လား။ အထူးသဖြင့် တတိယနိုင်ငံထွက် ခွါရေးလမ်းကြောင်းပေါ်ရောက်နေတဲ့ ဒုက္ခသည်စခန်းထဲမှာက ပိုဆိုးတာပေါ့။ တတိယနိုင်ငံရောက်ရင် လတ်တလောအသုံးဝင်မယ့် ကွန်ပျူတာတို့၊ အင်္ဂလိပ်စာတို့ကိုပဲ စိတ်ဝင်စားကြတာလေ။ ခေါင်းလေးပြီး လက်တွေ့အသုံးဝင်မှု ထင်သာမြင်သာသိပ်မရှိတဲ့ ဒီလိုပညာရပ်မျိုးကို စိတ်ဝင်စားမှု အားနည်း ကြတာလည်း အပြစ်မဆိုသာပါဘူး။ ဒီတော့ ဒီသင်တန်းမှာ ဒီအုပ်စုအတွက် စိတ်ဝင်တစားလေ့လာလိုစိတ်ရှိတဲ့သင်တန်းသားတွေ သိပ်အားနည်းမ သွားဖို့အတွက် သင်တန်းကျောင်းဖြစ်မြောက်ရေးကော်မတီရဲ့ အစီအမံတခုဆိုရင်လည်း မမှားဘူးပေါ့။ ဟုတ်တော့ လည်း ဟုတ်ပါတယ်။ ဒီသင်တန်းကျောင်းကြီးဖြစ်မြောက်ဖို့အတွက် အိပ်မက်ခဲ့ကြတဲ့ လူကြီးတွေကိုယ်တိုင်က  မျိုးဆက်သစ်တွေကို အတွေးအမြင်၊ သဘောတရားတွေနဲ့ သိပ်ဝေးသွားမှာကို စိုးရိမ်မိခဲ့ကြလို့ ခုလိုမိတ်ဆက်ပွဲ ကျင်းပပေးချင်တဲ့ စေတနာတွေလေ။

ဇာတ်ရည်လည်အောင်ရှင်းပြရမယ်ဆိုရင်တော့ ကျနော်တို့အခုနေတဲ့ နို့ဖိုးဒုက္ခသည်စခန်းကို နိုင်ငံရေး ဒုက္ခသည် တွေရောက်ပြီး ၂၀၀၆ ခုနှစ်လောက်ကစရပါမယ်။ ဒီစခန်းထဲမှာမူလရှိနှင့်နေပြီးသား ကရင့်နိုင်ငံရေး ဒုက္ခသည်ဟောင်းတွေနဲ့ နိုင်ငံရေးဒုက္ခသည်အသစ်တွေ အလွတ်သဘောစကားဝိုင်းတွေကနေ သနေတည်ခဲ့ကြတာပေါ့။ သွေးသောက်ရင်ပြင်ဆိုတဲ့ တရား မ၀င့်တ၀င် စကားဝိုင်းတွေကနေတဆင့် တိုင်းရင်းသားညီညွတ်မှု တည်ဆောက်ရေးကော်မတီဆိုတာအထိလည်း ဖြစ်ပေါ်တိုးတက် ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကရင်ဒုက္ခသည်ကော်မတီရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် လှုပ်ရှားမှုတွေ အရှိန်အဟုန်ကျသွားခဲ့ရပြီး၊ “တိုင်းရင်းသားမျိုးဆက်သစ်များအား ပညာပေးရေး” ဆိုတဲ့ ရည်ရွယ်ချက်တခုကို ပွင့်လန်စေရာက ပေါ်ပေါက်လာရတဲ့ ဖြစ်တည်မှု လို့ဆိုရမှာပါ။

            ကျနော်တို့အဖွဲ့မှာ ဦးခင်လွန်းနဲ့ကျနော်က စကားပြောဖို့ တာဝန်ယူခဲ့ရပါတယ်။ ရေလယ်ရောက်မှ ပြဿ နာရှိလာတယ်ပြောရမလိုပါပဲ။ ကျင်းပဖို့ရက်နီးလာကာမှ ဦးခင်လွန်းက ကျန်းမာရေးညံ့လာတယ်လေ။ ဖြစ်မြောက်ရေးအတွက် အကြိုဆွေးနွေးရ၊ အခမ်းအနားအတွက်ပြင်ရ၊ ကြော်ငြာနဲ့လက်ကမ်းစာစောင်အတွက်ပြင်ရနဲ့ ပင်ပမ်း တဲ့အပြင်၊ ရက်ဆက်စွေတဲ့ မိုးမိလိုက်တာကြောင့် အအေးမိသွားပုံရပါတယ်။ ဒီတော့တာဝန်တွေက ကျနော့်ဆီ ပုံလာတာပေါ့။ ဘာတွေပြောရမလဲ။ အချိန်က တဖွဲ့ကို (၁၅) မိနစ်။ ကြိုမပြင်ထားရင်တော့ အဆင်သိပ်ချောမှာ  မဟုတ်ဘူး။
            တကယ်တမ်းပြင်ရပြီဆိုတော့လည်း အခက်အခဲသိပ်မရှိခဲ့ပါဘူး။ ဒီအခါမျိုးမှာ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ရဲ့ ကျေးဇူးတွေကို သတိမရပဲမနေနိုင်ပါ။ BLC မှာ ၂ နှစ်ကျော်ဖြတ်သန်းခဲ့တဲ့ကာလအတွင်း  ခုလို စကားပြောဖို့အတွက် အကြိမ်ကြိမ် လေ့ကျင့်ခွင့်ရခဲ့တာကိုး။ ၁၅ မိနစ်၊ နာရီဝက်၊ တနာရီ စသဖြင့် တဖြည်းဖြည်း အချိန်တိုးသွားရာက တပတ်စာ သင်ကြားပို့ချနိုင်တဲ့ အနေအထားအထိ လေ့ကျင့်ခွင့်ရခဲ့တာဟာ မြန်မာနိုင်ငံလိုအ တိုင်းအတာမျိုးမှာ တကယ့်အခွင့်ထူးတရပ်ပါ။ လေ့ကျင့်သူအချင်းချင်း အပြန်အလှန်အကြံပေးမှု၊ ပိုနားလည်သူ တွေရဲ့လမ်းညွှန်၊ ထောက်ပြမှုနဲ့ ဒီအတွေ့အကြုံတွေဟာ မမေ့နိုင်စရာပါ။ 

            ခုလည်း ၁၅ မိနစ်ဆိုတော့ ဘယ်လိုထိရောက်အောင် ပြောရမလဲဆိုတာကို ကြိုပြင်ဖို့လိုပြီ။ ဒီနေရာမှာ ဆရာဦးအောင်ထူးရဲ့ လမ်းညွန်မှုတွေဟာ ခုထိကျနော့်သင်ကြားရေးတွေအတွက် သင်ကြားရေးဆိုင်ရာလက်နက် ဖြစ်နေဆဲပါ။
            “သင်ကြားရေးဆိုတာ အနုပညာတခုပါ။ ကိုယ့်ရဲ့သင်ကြားမှုထိရောက်နိုင်ဖို့အတွက် အမြဲတမ်းပြင်ဆင် ကြိုးစားနေ သင့်တယ်။ စိတ်ဝင်စားစရာမကောင်းတဲ့၊ အဓိပ္ပါယ်မရှိတဲ့၊ အကျိုးမရှိတဲ့စကားတွေကို ဘယ်သူကအချိန်ကုန်ခံပြီး နားထောင် ချင်မှာလဲ။ မလွှဲမရှောင်သာနားထောင်ရရင်တောင် နားထဲရောက်ကြမှာမဟုတ်ဘူး။ တကယ့်သင်ကြားရေးစစ်မှန်ဖို့၊ ထိရောက်ဖို့ဆိုရင် နားထဲမကဦးနှောက်ထဲအထိ ရောက်သွားဖို့လိုတယ်။ အထိရောက်ဆုံးဖြစ်ဖို့ဆိုရင် နှလုံးသားထဲအထိရောက်အောင်ကို ထည့်ပေး နိုင်ဖို့လိုတယ်” တဲ့။ ဒါဟာ ဆရာ့ဆီက ရလိုက်တဲ့ သင်ကြားရေးဆိုင်ရာ သဘောတရားလက်ဆောင်တခုပေါ့။

            ၁၅ -မိနစ်စာကို ကျနော် (၃) ပိုင်းပိုင်းပြီး၊ မိမိကိုယ်ကိုမိတ်ဆက်၊ ဘာသာရပ်ဆိုင်ရာမိတ်ဆက်နဲ့ ပြန်လှန် မေးဖြေဆိုပြီး (၅) မိနစ်စီ ရာထားလိုက်တယ်။ မိမိကိုယ်ကိုမိတ်ဆက်ကို (၅) မိနစ်ယူထားလို့ ဒီလောက်တော့ မလိုပါဘူး ထင်ကောင်းထင်ကြ နိုင်ပါတယ်။ ကျနော့်အတွက်တော့ လိုတာအမှန်ပါ။ ဒါက သီအိုရီသက်သက်အရ မဟုတ်ပဲ ကိုယ်တွေ့အရပါ။ ကိုယ့်အကြောင်း၊ ကိုယ်စိတ်ဝင်စားရာနဲ့စဖွင့်ရင် စကားပြောခြင်းအစီအစဉ်တွေ အောင်မြင့်လေ့ရှိလို့လေ။ ဒီနေရာမှာ အချက်(၂) ချက်ကို စဉ်းစား ထားပါတယ်။ ပထမအချက်က သင်ကြားရေး နဲ့ပတ်သက်တဲ့ ကျနော့်အိပ်မက်နဲ့ ဒုတိယအချက်ကတော့ Civil Society နဲ့ပတ်သက်တဲ့ ကျနော့်ယုံကြည်ချက် တွေပါပဲ။
            သင်ကြားရေးနဲ့ပတ်သက်တဲ့ ကျနော့်အိပ်မက်ကတော့ ၁၉၉၇ ခုနှစ်၊ ကရင်ပြည်နယ်၊ သံတောင်မြို့နယ် ဘွဲကရင်ရွာတွေမှာ ကျောင်းသားတပ်မတော်၊ ရဲဘော်ဘ၀နဲ့လှုပ်ရှာခဲ့စဉ်က မက်ခဲ့ရတဲ့အိပ်မက်ပါ။ ကရင်ရွာတွေ ကို စစ်အစိုးရတပ်တွေက မီးရှို့လိုက်လို့ တောတောင်တွေထဲ ပုန်းအောင်နေရတဲ့ကလေးငယ်တွေကို စာသင်ပေးရင်း မက်ခဲ့ရတာပါ။ နီးစပ်ရာရွာတွေက ကလေးတွေ ကိုစုစည်းပြီး စစ်ကြောင်းရန်တွေကို ရှောင်ရှားရင်းသစ်ရိပ်၊ ၀ါးရိပ်တွေအောက်မှာ စာသင်ပေးရင်းမက်ခဲ့ရတာပါ။ ဒီအိပ်မက်လေးက “ငြိမ်းချမ်းတဲ့ကာလနဲ့ တစုံတရာပြည့်စုံတဲ့ အခြေအနေတွေအောက်မှာ ကျောင်းသား၊ ဒါမှမဟုတ် သင်တန်းသားတွေကို လွတ်လွတ် လပ်လပ်သင်ကြား ခွင့်ရချင်တယ်” ဆိုတဲ့ အိပ်မက်ကလေးပါပဲ။ ခုသင်တန်းက အိပ်မက်လေးပုံပေါ်လာတာ မဟုတ်လား။

            နောက်တချက်ဖြစ်တဲ့ Civil Society နဲ့ပတ်သက်တဲ့ ကျနော့်ယုံကြည်ချက်ကိစ္စ။ ကျနော့်ဘ၀မှာ Civil Engineer (မြို့ပြအင်္ဂျင်နီယာ), Composer ( တေးရေးဆရာ), Politician ( နိုင်ငံရေးသမား) ဆိုတဲ့ ရူးသွပ်မှုအမျိုးမျိုးကို ဖြစ်သန်းခဲ့ရပြီးပါပြီ။ ကျေနပ်ခွင့်ကို မခံစားခဲ့ရဖူးပါ။ တစုံလုံးကိုခြုံမြင်နိုင်တဲ့ အသိကို မရခဲ့ဖူးပါ။ ၂၀၀၄ ခုနှစ် မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ရဲ့ သင်တန်းတခုမှ Civil Society ဘာသာရပ်ကို လေ့လာမိမှသာ ကိုယ့်ကိုယ်ကို လူပီသတဲ့လူအဖြစ် ကျေနပ်ခွင့်ကိုရရှိခဲ့ပါတယ်။ တစုံလုံးကိုလည်း ထင်းကနဲမြင်လိုက်ရသလို ခံစား ခဲ့ရပါတယ်။ ဒီတော့ ကျနော့်လိုပဲ အခြားသူများကိုလည်း ဒီဘာသာရပ်ကို လေ့လာခွင့်ရစေချင်လာတယ်။ ကျနော့်လို ဘာသာစကား (အထူးသဖြင့် အင်္ဂလိပ်စာ) အားနည်းတဲ့သူတောင် ဒီလောက် သိမြင်နားလည်ခွင့်ရရင် ဘာသာ စကား အားကောင်းတဲ့လူငယ်တွေအတွက်ဆိုရင် … ။

            ဘာသာရပ်ဆိုင်ရာမိတ်ဆက်ကတော့ အသေးစိတ်အချက်အလက်ထက်၊ အတွေးအခေါ်ပိုင်းလောက် ကိုပဲ ဦးစားပေး ပြောမယ်လို့ စိတ်ကူးထားပါတယ်။ Civil Society ကို Post- modern Politic (ခေတ်လွန် နိုင်ငံရေး) လို့ခေါ်ကြောင်း။ သုတေသန လူ့အဖွဲ့အစည်း၊ ပညာလူ့အဖွဲ့အစည်း၊ Participatory Democracy (ပြည် သူကိုယ်တိုင်ပါဝင်ခွင့်ရှိတဲ့ ဒီမိုကရေစီ) ၊ ဗုဒ္ဓရဲ့ အလယ် အလတ်လမ်းစဉ်နဲ့ နီးစပ်ကြောင်း ။ Post- modern Politic မှာ သူဖြူကိုယ်မဲ၊ ရန်သူ၊ စစ်၊ ဘက်လိုက်မှု၊ တရားသေမူဘောင်၊ လက်ဝဲ၊ လက်ျာ၊ မရှိကြောင်း။  သမိုင်းနှင့် သတ်မှတ်ပြဌာန်းချက်တွေအပေါ် အသေထိုင်ခြင်းမျိုးမရှိကြောင်း။ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုး တိုးတက်အောင် ကာယကံ၊ ၀ဇီကံ၊ မနောကံတို့ဖြင့် တည်ဆောက်အကောင်အထည်ဖော်ခြင်းကိုပင် နိုင်ငံရေးလို့ခေါ်ကြောင်း တွေကို ရှင်းပြချင် ပါတယ်။ Brain Stormy (ဦးနှောက်နှိးဆွရုံ) သဘောပေါ့။

            အချိန်ရမယ်ဆိုရင် စာရေးဆရာမဂျူးရဲ့ “အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ”စာအုပ်ထဲက “လူတွေက အ ဆောက်အဦးတွေကို ဆောက်တယ်။ ပြီးတော့ အဆောက်အဦးတွေက လူတွေကိုပြန်ဆောက်တယ်” ဆိုတဲ့ သဘောတရားနဲ့ အမေဇုံဒဏ္ဍာရီထဲက ဘုရားရဲ့ ငရဲနဲ့ နိဗ္ဗာန်ကို ရှင်းပြပုံလေးပြောပြချင်ပါတယ်။ “လူတွေ တယောက်နဲ့တယောက် ခွံကျွေးဖို့ အသက်ရှင်သန်နေကြတာဟာ နိဗ္ဗာန်ပေါ့”တဲ့။ ဒါဆိုရင် Civil Society ဆိုတာ လောကနိဗ္ဗာန်ကိုသွားရာ ယာဉ် ဒါမှမဟုတ် လမ်းကြောင်းတခုပဲပေါ့။

            ပြောစရာကတော့ ကုန်မှာမဟုတ်ပေမယ့် တက်ရောက်လာတဲ့သူတွေ သိချင်တာမဖြစ်ခဲ့ရင် ရှုံးမှာ။ ဒါကြောင့် သူတို့သိချင်တာ ဘာလဲ။ ကိုယ်ပြောတဲ့အထဲက သူတို့စိတ်ဝင်စားတာ  ဘာလဲ။ ဘာတွေမရှင်းလိုက် ဘူးလဲ။ ဘာတွေပိုသိချင်သေးလဲ။ ဘာတွေတလွဲမှတ်သွားလဲ စတာတွေကိုသိနိုင်ဖို့ နောက်ဆုံး (၅) မိနစ်ကို သုံးရမယ်။ မေးကြပါစေ။ ပြီးမှထပ်ပြီး ဖြေပြော ပြောမယ် လေ။ ဒါမှ ပစ်မှတ်ကိုမြင်ရပြီး၊ ပစ်မှတ်နဲ့ နီးစပ်ခွင့်ကိုပိုရနိုင်မှာ။
            ၁၅ မိနစ်အတွင်းမှာ ဒီလောက်ဆို အဆင်ပြေမယ်လို့တွေးထားပေမယ့် တကယ်ပြောဖြစ်ရင် လိုတာတွေ၊ ပိုတာ တွေတော့ရှိဦးမှာပါ။ အကယ်၍သာ နားထောင်သူတွေ ဘ၀င်ကျကြရင်တော့ အချိန်ဆိုတာဆွဲဆန့်လို့ရနိုင်ပါတယ်။ အဆစ်တောင် တောင်းလို့ရနိုင်ပါသေးတယ်။ ကြည်ကြည်ဖြူဖြူပေးကြမှာပါ။ ဒါဆိုရင်ဒီမိတ်ဆက်ပွဲက သင်တန်းဖြစ်မြောက်ရေးအတွက် လောင်စာ တခု ဒါမှမဟုတ် အဟာရတခုဖြစ်ပြီပေါ့။
ပြောဆိုဆွေးနွေးရမယ့် ကျနော်ကိုယ်တိုင်လည်း မနက်ဖြန်မနက်မှာ စိတ်လက်ကြည်ကြည်လင်လင်ရှိပြီး၊ ရာသီဥတု အထွေထွေလည်း သာယာပါစေဗျာ။       ။

လူဗိုလ်

၂၇ ၊ ၆ ၊ ၂၀၀၉   
(တွေ့ဆုံပွဲ အကြိုည)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...