ဒါပေမယ့် ကျောမွဲ
လူဗိုလ်
(က)
ကိုမင်းကိုနိုင် ပထမအကြိမ်ထောင်ထဲကပြန်အထွက် အင်တာဗျူးတခုမှာ … ။
သူထောင်ထဲမှာရှိစဉ် အတူနေခဲ့ရတဲ့ကြောင်လေးကို စေတနာတွေဗလပွနဲ့ ကြောင်၀၀လေးပုံ ပန်းချီကား ရေးဖြစ်တယ်တဲ့ … ။ ခံစားလို့ရတယ်ဗျာ။
ဒီအကြောင်းကို လဖက်ရည်ဆိုင်စကားဝိုင်းတခုမှာ ပြောဖြစ်ကြတယ်။ ကျနော်လည်း ABSDF ဗဟိုမှာ ၁၉၉၃ - ၉၄ လောက်က ကြုံခဲ့ရတဲ့ ခွေလေးတကောင်အကြောင်းထည့်ပြောဖြစ်သွားတယ်။ ကျနော်က အဲ့ဒီအချိန် ဗဟိုပြန်ကြားရေးဌာနမှာ သတင်းထောက်လိုလို၊ တေးရေးဆရာလိုလို။
အဲ့ဒီတုန်းက ဗဟိုမှာရှိတဲ့ ကော်မတီတွေရော၊ ရဲဘော်တွေရော စားဖိုတခုထဲမှာ ထမင်းအတူစားကြရ တာဗျ။ စားဖိုချက်ပြုတ်ရေးကိုတော့ အိမ်ထောင်သည်အမျိုးသမီးတွေက အလှည့်ကျတာဝန်ယူပေးကြတယ်လေ။
ဒီစားဖိုမှာ ရှားရှားပါးပါး ခွေးလေးတကောင်ရှိတယ်ဗျ။ ဘယ်သူက နာမယ်ပေးထားတာလဲ၊ ဘယ်သူက စ ခေါ်လဲတာမသိပါဘူးဗျာ။ နာမယ်က “ကျောမွဲ” တဲ့။ ဒီကောင်က နာမယ်နဲ့လိုက်ပါ့။ အရောင်ကမွဲမွဲ၊ ပိန်ကပ်ကပ် နဲ့။ ချစ်မွှေးကလည်း မပါရှာဘူးနဲ့တူပါတယ်။ စားဖိုထဲဝင်လာပြီဆို အသန့်ကြိုက်သူတွေရဲ့ အကန်အကြောက်ကို မကြာမကြာခံရတတ်တယ်။ ကျောမွဲနဲ့ပတ်သက်ပြီး စကားများရတာတွေလည်း အကြိမ်ကြိမ်ပေါ့။
ဒီကြားထဲကျောမွဲက ခွေးနာမိပြီးလဲပါလေရောဗျာ။ အစာလည်းမစားနိုင်။ ဟိုဖက်ဒီဖက်လည်းမလှည့်နိုင်။ ကျနော်က ထမင်းသွားစားတိုင်း လှည့်လှည့်ပေးရတယ်။ လှည့်မပေးရင်လည်း ကိုယ်တခြမ်းထဲ ရေတွေစို၊ ရွံ့တွေ လူးနဲ့ အအေးပတ်ပြီးသေသွားမှာစိုးလို့။ ကြံရာမရတဲ့အဆုံး ဒရစ်ဘူးဟောင်းတလုံးကိုရှာ၊ ထမင်းရည်ထည့်ပြီး သူ့ပါးစပ်ထဲ ၃ ၊ ၄ ရက်လောက် ဆက်သွင်းပေးကြည့်တယ်။ ကျောမွဲပြန်ကောင်းလာတယ်ဗျာ။ ၀မ်းသာလိုက် တာ ကျောမွဲရယ်။
“ကျနော်က ခွေးဆိုချစ်တယ်ဗျ။ ကျေးဇူးသိတတ်တဲ့သတ္တ၀ါဆိုတာ တချက်ထဲနဲ့”
ဒါနဲ့ စားဖိုမှူးတွေနဲ့ညှိပြီး ဟင်းအိုးကို ပုံမှန်ဆေးဖို့ ကျနော်တာဝန်ယူလိုက်တယ်။ အိုးထဲက ဟင်းအကပ် အကျန်တွေနဲ့ ကျောမွဲကို နယ်နယ်ပြီးကျွေးနိုင်အောင်လို့လေ။ ထမင်းက ပြဿနာမရှိဘူးဗျ။ ဟင်းကတော့ ကိုယ့် စကေးထဲက ကျွေးနိုင်ဖို့နေနေသာသာ တယောက်စာတောင် အနိုင်နိုင်ရယ်။ ဒီကာလမှာပဲ “အာဟာရချို့တဲ့ရင် ဦးနှောက်ကို ထိခိုက်နိုင်လား” ဆိုတဲ့ မေးခွန်းတခုကိုတောင် စားဖိုစကားဝိုင်းတခုမှာ ဆွေးနွေးဖြစ်ခဲ့ကြသေးတယ်။
အမှတ်ရသေးတယ်ဗျာ။ အဲ့ဒီအချိန်တုန်းက ဘယ်လောက်ငတ်ကြတယ်ဆိုတာ။ ကာတွန့်ဆွဲတဲ့ စောငိုကို ကြားဖူးတယ်မဟုတ်လား။ တလောက အမေရိကားခရီးရှည်ချီတက်ပွဲတခုမှာ ပါသေးတယ်လေ။ သူပေါ့။ သူက အကောင်းကြိုက်ဗျ။ ပဲဟင်းဆို မစားဘူး။ ပဲဟင်းကလည်း ပုံမှန်နီးပါးဖြစ်နေတတ်တော့ … ။ စောငိုလေ … ။ ငါးပိ အိုးထဲက မကျေသေးတဲ့ ငါးပိကောင်လေးတွေကို ရွေးရွေးဆယ်တယ်။ ပြီးတော့ အရိုးမှာကပ်နေတဲ့ အသားကျန် လေးတွေကို ဖဲ့ဖဲ့စားနေပုံများ မြင်ယောင်နေမိသေးသဗျ။
(ခ)
သတင်းထောက်လုပ်ဖူးတယ်ဆိုပေမယ့် ကျနော်က ရေဒီယိုသတင်းထောက်ပါ။ DVB အတွက်လေ။ အဲ့ဒီတုန်းက DVB က စလွှင့်ကာစ။ ကြားရတချက်၊ မကြားရတချက်နဲ့ပေါ့။
ကျနော်တို့က ဒေါင်းဂွင်စတူဒီယိုနာမည်နဲ့ သတင်းကို အသံသွင်းပေးရတာ။ မာနယ်ပလောစတူဒီယိုဆို တာလည်းရှိသေးတယ်။ ကျနော်မှတ်မိသလောက် DVB အတွက် သတင်းထောက်သင်တန်းတက်ထားကြသူ ၂၀ ကျော်ရှိပေမယ့် ကိုငြိမ်းဝေရယ်၊ ကိုစိုးဝင်းညိုရယ်၊ ကိုစိုးဟန်ရယ်၊ ကျနော်ရယ်ပဲသတင်းရေးဖြစ်ကြတာပါ။ အခု VOA သတင်းထောက် မအေးအေးမာဆို အဲဒီတုန်းက သတင်းကိစ္စကို စိတ်မ၀င်စားအားသေးပါဘူး။ ကျနော်တို့ အားလုံးက VOA ဦးဝင်းအောင်ရဲ့ တပည့်တွေလေ။
ပြောရရင် လွမ်းစရာ့သတင်းထောက်ဘ၀ပါဗျာ။ သတင်းယူစရာနေရာကလည်း အကန့်အသတ်များ။ လုံခြုံရေးကလည်းမရှိ။ ယုံကြည်မှုကိုလည်း မခံစားရ။ အများဆုံးဆို သော်လဲထဈေးလောက်မှာတင် သတင်းသွား လိုက်ရတယ်။ နောက် … ရှေ့တန်းကပြန်လာတဲ့ ရဲဘော်တွေကို အသံသွင်းခန်းထဲသွင်း၊ အတွေ့အကြုံလေးတွေ ပြောပြခိုင်းပြီး သတင်းယူရတယ်။ သူတို့က နေရာဒေသအနှံ့မှာ လှုပ်ရှားကြရတာဆိုတော့ သတင်းစုံကြတယ်လေ။
ကျနော်ရေးဖြစ်ခဲ့တဲ့ သတင်းဆောင်းပါးတွေအထဲ “ခင်ညွှန့်ဆရာမ”ဆိုတဲ့ ခေါင်းစဉ်နဲ့ တပုဒ်ကိုတော့ အမှတ်ရနေသေးတယ်ဗျာ။ ဗိုလ်ချုပ်ခင်ညွှန့်အလိုကျ ရွေးပို့လိုက်တဲ့ အလယ်တန်းပညာအဆင့်လောက် အင်းသူ (၅)ယောက်ကို၊ စစ်ကိုင်းဖွံ့ဖြိုးရေးတက္ကသိုလ်မှာ အထူးအစီအစဉ်တွေနဲ့၊ (၆)လလောက် လက်ပူတိုက်သင်တန်း ပေးပြီး၊ ကျောင်းဆရာမတွေအဖြစ် ဖန်ဆင်းပေးလိုက်ကြတယ်။ နောက် … အင်းလေးဒေသကို ပြန်အရောက်မှာ၊ ပညာရေးမှူးတွေ၊ ကျောင်းအုပ်တွေ၊ ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေကို ဒုက္ခပြန်ပေးကြပုံ၊ ပြန်မွှေကြပုံ အကြောင်းလေးတွေပေါ့။ ဒီဆရာမတွေကို ကျောင်းသားတွေက သူတို့နောက်ကွယ်မှာ ချစ်စနိုးနဲ့ “ခင်ညွှန့်ဆရာမ” လို့ ခေါ်ကြသတဲ့။
ဒါပေမယ့်ဗျာ ကျနော့်အဖြစ်က ကိုယ်ရေးတဲ့သတင်းလေးကိုတောင် ရေဒီယိုက ပြန်နားထောင်ခွင့်မရခဲ့ တဲ့ဘ၀။ ကိုယ်ပိုင်ရေဒီယိုကိုလည်း မ၀ယ်နိုင်။ ( မုတ်ဆိတ်ရိတ်ဒါးမ၀ယ်နိုင်လို့ အရှည်ထားနေရချိန်) အဖွဲ့အစည်း ပိုင်ရေဒီယိုကိုလည်း ကိုင်ခွင့်မရ။ စတူဒီယိုမှာနေရတာမို့ စတူဒီယိုသုံးကက်ဆက်နဲ့ပဲ နားထောင်ခွင့်ရှိတယ်လေ။
ပြဿနာက DVB အသံကလည်း ပျောက်လိုက် တိုးလိုက်။ သတင်းနားထောင်ချင်သူကလည်း ရှားပါး။ စတူဒီယိုက ဇာတ်လမ်းတို့၊ သီချင်းတို့သွင်းတဲ့အလုပ်ကလည်းရှိ။ နိဂုံးချုပ်ရရင်တော့ ကျနော်ရေးခဲ့တဲ့ သတင်းနဲ့ သတင်းဆောင်းပါး အပုဒ် ၂၀ ကျော် ၃၀ ရှိပေမယ့် တပုဒ်ကိုမှ ပြန်မကြားခဲ့ရပါဘူးဗျာ။ ဘုရားကိုစူးရစေရဲ့။
VOA နဲ့ BBC တို့ကိုတောင်မှ သူများရေဒီယိုမှာ သွားကပ်နားထောင်နိုင်မှ … ။ ရေဒီယိုအတွက် သတင်းနဲ့ သတင်းဆောင်းပါးရေးတယ်ဆိုတာက အပြောအရေးနဲ့ရေးရတော့ ရေဒီယိုများများနားထောင်နိုင်ဖို့ လိုတယ်လေ။ ကျနော်တို့က ကောင်းကောင်းလေ့လာခွင့်လည်း ရခဲ့တာမဟုတ်၊ နီးစပ်ခွင့်ကလည်း သိပ်ရှိခဲ့တာမှ မဟုတ်တာ။
ဝမ်းသာစရာ သတင်းစကားသဲ့သဲ့တော့ ကြားရဖူးပါရဲ့။ DVB က ရေဒီယိုကက်ဆက်အလုံး ၂၀ လောက် ကျနော်တို့ စတူဒီယိုအတွက်ချပေးတယ်တဲ့ ။ ရကြတဲ့အထဲမှာတော့ ကံကောင်းထောက်မစွာ ကျနော်မပါခဲ့ရပါ ဘူးဗျာ။
ဒီလိုနဲ့ ၁၉၉၅ - မှာ မာနယ်ပလောကျ။ ဒေါင်းဂွင်လည်းကျတော့ ကျနော် သတင်းထောက်သက်တမ်း ၂ နှစ်လောက်နဲ့တင် ပင်စင်ရခဲ့ပေါ့။ မှတ်မှတ်ရရဆို အဲ့ဒီတုန်းက ကျနော်တို့ပြန်ကြားရေးဌာန တာဝန်ခံလေ၊ ခု DVB မှာ ဒါရိုက်တာဆိုလား။
(ဂ)
ကျနော့်နာမယ်က “လူဗိုလ်”ဆိုပေမယ့် “လူပို”လို့ပဲ လူသိများကြပါတယ်။ စာလုံးပေါင်းကို အသေအချာ ရှင်းပြနိုင်မှ လူဗိုလ်ဖြစ်ရတာ။
နာမယ်နဲ့ပတ်သက်ပြီး ကျနော်တောခိုစ။ ပအိုဝ့်ပြည်မှာ … ။ အင်းနီဆိုတဲ့ရွာ ကျနော်တည်းတဲ့အိမ်က အဖွားကြီးလေ ကျနော့်ကို “ကိုလူပျို” “ကိုလူပျို” နဲ့ခေါ်ဖူးတယ်။ ကျနော်တို့ရဲဘော်တွေ အိမ်ရှေ့မှာ လာလာခေါ် ကြတာကို သူဒီလိုပဲကြားတယ်တဲ့။ ဟုတ်တယ်။ အဲဒီတုန်းက ကျနော်လည်း လူပျိုပဲလေ။
ထူးတာက ကျနော့်ကို ကိုလူပျိုလို့ခေါ်တဲ့အဖွားကြီးက ကျနော့်အမေနဲ့ တော်တော်ဆင်တယ်။ လူမျိုးအရ ကျနော့်အမေက မွန်။ အဖွားကြီးက ပအိုဝ့် မို့လို့သာ အမျိုးစပ်မရတာ။ ကျနော့်အတွက်က အမေနဲ့ဝေးနေချိန်မှာ အလွမ်းပြေပေါ့။ ကျနော် အဲဒီရွာကိုရောက်တိုင်း အမေနဲ့တူတဲ့ အဖွားကြီးအိမ်မှာပဲတည်းတယ်။ ကျနော်တခြား အိမ်မှာ သွားတည်းရင်လည်း အဖွားကြီးက မရအရလိုက်ခေါ်တတ်တာ။
ကျနော်က အဖွားကြီးကို “မိုးဖြား” လို့ခေါ်တယ်။ ပအိုဝ့်လိုခေါ်လိုက်တာ “အမေ” လို့။
တချို့ရင်းနှီးသူများကျတော့ “ကိုလူပွား” လို့ခေါ်ကြသဗျ။ လူ့အဖွဲ့အစည်းအကြောင်းတို့၊ နိုင်ငံရေးအ ကြောင်းတို့နဲ့ပတ်သက်ပြီး ဘာသာစကားတူသူတွေနဲ့တွေ့ရင်လည်း ပြောချင်ဆိုချင်စိတ်တွေက ဇောတငမ်းငမ်းနဲ့ မို့ တားမရဘူးကိုး။ ဒါကြောင့်ပဲ ဖြစ်မယ်ထင်ပ။
ခုတော့ကျနော်လည်း “ဦးလူအို”ဖြစ်သွားပါပြီ။ မိသားစုဘ၀နဲ့။ သားတွေ သမီးတွေနဲ့ပေါ့။ ဒါပေမယ့် ဒုက္ခ သည်ဘ၀။ သတင်းထောက်ဘ၀၊ ABSDF ဘ၀က ပင်စင်စားလိုက်ရတဲ့အပြင်၊ ကျောင်းဆရာဘ၀ကိုလည်း ရောဂါ ထူလွန်းလို့ ပင်စင်ထပ်ယူလိုက်ရပြန်ပါပြီ။ လူ့ဘ၀က ပင်စင်ယူဖို့ပဲကျန်တော့တယ်။
(ဃ)
ခုတလော ကျနော်တို့နို့ဖိုးဒုက္ခသည်စခန်းမှာ ရေဒီယိုပရိုဂရမ်းတွေ အရမ်းခေတ်စားနေတယ်။ DVB တို့ RFA တို့နဲ့ အလုပ်လုပ်ကြတာတဲ့။ ရေဒီယိုတခုခုနဲ့ချိတ်မိရင် ဒေါ်လာစားဘ၀ နေ့ချင်းညချင်း တန်းရောက်တာပဲ။ သတင်းတပုဒ် ဒေါ်လာ ၁၀၀ ဆိုတော့ … ။ ကျနော်တို့ သတင်းထောက်ဘ၀တုန်းကရတဲ့ နှုန်းနီးနီးပေါ့။ သတင်း ထောက်ဘ၀ကိုလည်း ပြန်မဖြစ်ချင်တော့ပါဘူးဗျာ။ ဘက်စုံအခြေအနေတွေအရ ပြန်စဖို့မလွယ်မှန်းရိပ်မိပါတယ်။
ဒါပေမယ့်ဗျာ တခုကိုတော့ ကြိုးစားချင်စိတ်ဖြစ်မိသေးသဗျ။ တေးရေးဘ၀က ပင်စင်မယူရသေးတော့ ကျနော့်သီချင်းလေးတွေကို New Version ပြန်လုပ်ချင်တယ်။ ထုတ်ခဲ့တာလည်း ၁၅ - နှစ်ရှိပြီဆိုတော့ … ။ ဟိုး တုန်းက မပြည့်မစုံနဲ့သွင်းခဲ့ကြရတာလေ။ ကျနော် သတင်းထောက်ဘ၀မှာတင် ဒေါင်းဂွင်စတူဒီယိုက သီချင်း ၄ ခွေလောက် ထုတ်ခဲ့ဖူးတယ်။ မိုးမခအတ္တုပ္ပတ္တိ၊ ခေတ်သစ်ကောင်းကင်ပျံမည့်ငှက်များ၊ စစ်ချီတေးစု၊ ဒေါ်အောင် ဆန်းကြည်ဂုဏ်ပြုတေးစတဲ့ နာမယ်တွေနဲ့ပေါ့။ ဒီအထဲမှာ ကျနော့်သီချင်း ၂၀ ကျော်ပါတယ်။ ဒီသီချင်းခွေတွေ ထဲက၊ ကျနော်ရေးထားတဲ့သီချင်းတွေထဲက ကောင်းနိုးရာရာနဲ့ မထုတ်ရတဲ့ ရေးပြီးသား အသစ်တချို့ကိုပေါင်းပြီး လက်ရွေးစင် ပြန်ထုတ်ချင်တာ။
မှတ်မှတ်ရရ၊ DVB အတွက်လည်း သီချင်းတပုဒ်ရေးခဲ့ဖူးတယ်ဗျ။ “ဒီမိုကရက်တစ်မြန်မာ့အသံ မိုးယံထိုး ဖောက်၊ တလှမ်းချင်းလျှောက်ခဲ့ပြီ။ တော်လှန်သူတို့တေးသံ၊ ၀ဲပျံလွင့်လို့ အလှသစ်မာန်တွေချီ”ဆိုတဲ့ စာသားလေး နဲ့ အဖွဲ့လိုက်သီချင်းလေးပေါ့။ ကြားရတဲ့သူတိုင်းလည်း ကြိုက်ကြတယ်ဗျ။ ဆိုကြ၊ တီးကြ၊ တိုက်ကြနဲ့ သွင်းဖို့အ တွက် အဆင်သင့်ဖြစ်ကာမှ အပယ်ခံလိုက်ရတယ်ဗျာ။ ကိုမွန်းအောင်ရေးထားတဲ့ သီချင်းတပုဒ်ကို ရွေးထားပြီး သားမို့လို့တဲ့။ တပုဒ်ပဲရှိသင့်လို့တဲ့။ အခုDVB အဖွင့်မှာ လွှင့်လွှင့်နေတဲ့သီချင်းပေါ့။
နို့ဖိုးမှာလေ ဒုက္ခသည်စခန်းဆိုပေမယ့် ခုဆို အသံသွင်းစတူဒီယိုတောင်ရှိနေပြီ။ သီချင်းသွင်းမယ်ဆို အတီးပညာရှင်တို့၊ အဆိုပညာရှင်တို့ကလည်း အဆင်သင့်။ ထွက်လာတဲ့အခွေတွေကို နားထောင်ကြည့်တော့ လည်း မဆိုးဘူးဗျ။ အဆင့်ရှိတယ်။ တန်းလည်းဝင်တယ်။
ငွေကြေးကုန်ကျမှုအတွက် DVB ကိုဆက်ပြီး ကြိုးစားကြည့်ဖို့ စိတ်ကူးရမိတယ်။ အတိတ်က ပတ်သက်ခဲ့ ဖူးတဲ့ လုပ်ငန်းအဆက်နဲ့ အဆင်ပြေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ဗျာ။ ကျနော်တို့ ပြန်ကြားရေး တာဝန်ခံ ဟောင်းကတဆင့် စွန့်စွန့်စားစား ဆက်သွယ်လိုက်ပါတယ်။ အကြောင်းပြန်လာတယ်ဗျာ။ သက်ဆိုင်ရာတာဝန်ခံ ကို မိတ်ဆက်ပေးခြင်းဆိုတာနဲ့အတူပေါ့။
“ ကိုလူဗိုလ်ရေ … ဖျော်ဖြေရေးတာဝန်ခံနဲ့ တိုက်ရိုက်ဆက်သွယ်ပါ ” တဲ့။
တိုက်ရိုက်ဆိုတော့လည်း တိုက်ရိုက်ပေါ့ဗျာ။ ၃ ခါတိတိကို တိုက်ရိုက်လိုက်ပါတယ်။ မရှိမဲ့ရှိမဲ့ဈေးဖိုးထဲက အင်တာနက်ဖိုးလေးကို ဖျစ်ညှစ်ထုတ်ရင်းပေါ့။
ပြန်မလာကားပါပဲခင်ဗျာ။ ဘာအကြောင်းပြန်တာကိုမှ ထပ်မကြားရတော့ပါဘူး။ ဘာကြောင့်များပါလဲ လို့ တွေးမဆုံးနိုင်အောင်ပါပဲ။ အနည်းဆုံး ဖြစ်နိုင်၊ မဖြစ်နိုင်လောက်တော့ တာဝန်အရအကြာင်းပြန်သင့်ပါတယ်ဗျာ။ အပြန်အလှန်လေးစားသမှုနဲ့ပေါ့။
(င)
မျှော်လင့်ချက်အိပ်မက်တခုကို ရှေ့ဆက်မတိုးနိုင်၊ နိဂုံးမချုပ်နိုင်တဲ့ အခြေအနေကို ဘ၀လက်ပမ်းကျချိန် လို့ခေါ်နိုင်မယ်ထင်ပါတယ်။ ဒီလိုအဖြစ်တွေကို ကျနော့်ဘ၀ တစိတ်တပိုင်းကာလ အနှစ်(၂၀) ကျော်အတွင်းမှာ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရဖူးပေမယ့် အဖွဲ့အစည်းနဲ့၊ ယုံကြည်ချက်နဲ့၊ ဂုဏ်သိက္ခာတွေနဲ့၊ အားပေးဖော် ရဲဘော်ရဲဖက် တွေကလည်း အပုံကြီးနဲ့ဆိုတော့ …။
ခုများတော့ဗျာ … သီချင်းကိစ္စအတွက်ဆို အမြဲတမ်းအာပေးနေကျ ကိုတိုက်မောင်းတို့၊ မသက်တို့၊ ဖထီး တို့လည်း တာဝန်ကျေစွာ ကျဆုံးသွားခဲ့ကြပြီ။ ဂီတနဲ့ပတ်သက်လို့ တလျှောက်လုံးတွဲလုပ်ခဲ့ကြတဲ့ သားငယ်တို့၊ မိုးကျော်တို့၊ မျိုးအောင်တို့လည်း အမေရိကားမှာ။ ကျနော့်မှာသာ …။
တယောက်ထဲမို့ အားငယ်ရတော့မှာလား ဗျာတို့… ။ ဟိုးအရင်က သစ်ပင်ပေါ်ကင်းတက်စောင့်ရင်း သီချင်းတွေ ရေးနိုင်ခဲ့သေးတာပဲ။ မာနယ်ပလောကျချိန်မှာတောင် ပြေးရင်းလွားရင်း တောတောင်တွေထဲ သီချင်း ခွေတွေ သွင်းနိုင်ခဲ့သေးတာပဲ။ ခုလိုအိုင်တီခေတ်၊ ကွန်ပျူတာခေတ်ကြီးထဲမှာဗျာ … ။
ကျောမွဲ အနာကျနေချိန်မှာ ကျနော့်ရဲ့ ထမင်းရည်ဒရစ်အစွမ်းနဲ့ နလံထစေခဲ့သလိုမျိုး၊ မက်ဖို့ခက်နေတဲ့ အိပ်မက်ကလေးတွေအတွက် စိတ်အနာကျနေရတဲ့ ကျနော့်ဘ၀ကိုလည်း ဘယ်တယောက်ယောက်က၊ ဘယ်လို ဘယ်လိုများ … ။
ဘာပဲဖြစ်ဖြစ်ဗျာ တချိန်ချိန်တော့ ဒီသီချင်းခွေကို ကိုယ့်ခြေကိုယ့်လက်နဲ့ ပြန်ထုတ်ဖြစ်အောင်ကို ထုတ်ပြ ဦးမယ်။ ကြည့်ထား …။ ငယ်ငယ်ကဖတ်ဖူးတဲ့ ၀တ္ထုရဲ့နာမယ်လေ။ ဘာတဲ့ …။
ဩော် … “ တကောင်ထဲ ဒါပေမယ့် ခြင်္သေ့ ” ဆိုလား …။ ။
(၀၇ . ၁၀ . ၀၉)

ဘာပဲဖြစ်ဖြစ်ဗျာ တချိန်ချိန်တော့ ဒီသီချင်းခွေကို ကိုယ့်ခြေကိုယ့်လက်နဲ့ ပြန်ထုတ်ဖြစ်အောင်ကို ထုတ်ပြ ဦးမယ်။ ကြည့်ထား …။
ReplyDeleteကြည့်နေမယ်နော်...ထုတ်ပြပါ။