Sunday, October 5, 2014

ဒီအနားကတရားစီရင်ရေး


၂၀၀၈ လောက်တုန်းက ထိုင်းရဲဆရာဝန်တစ်ယောက်က မြန်မာပြည်သား သုံးယောက်ကို သတ်ပြီး သူ့နာနတ်ခင်းထဲ မြှုပ်ထားခဲ့တဲ့ကိစ္စ နောက် ၃ နှစ်အကြာမှာ ပေါ်လာတယ်။ ဒါပေ့ အဲဒီ့ရဲဒေါက်တာကို ဘယ်လို တရားစီရင်လိုက်သလဲဆိုတဲ့ နောက်ဆက်တွဲသတင်းကိုတော့ ဘယ်သူမှ မကြားကြရဘူး။

ပြီးခဲ့တဲ့ ၂၀၁၂ လောက်ကပဲ မြန်မာပြည်သားတစ်ယောက်က ထိုင်းလူမျိုးတစ်ယောက်ရဲ့ (လမ်းမပေါ် ထွက်ဟောင်နေတဲ့) ခွေးကို ထိုင်းလို သွားဆဲမိလို့ ခွေးပိုင်ရှင်က အိမ်ပြင်ထွက်ပြီး သေနတ်နဲ့ပစ်သတ်တာ ခံရဖူးတယ်။ လူသတ်သမားကို တရားဘယ်လို ဆက်စီရင်လဲ ဘယ်လိုလုပ်ပြီး သိကြမလဲ။
၂၀၁၀ မှာ ကျွန်တော်နဲ့ ညီအကိုလိုနေတဲ့ ဘော်ဒါတစ်ယောက် ယာဉ်တိုက်မှုနဲ့ ကန်ကျနဘူရီမှာ ထောင်ကျတယ်။ ဘတ် ၂ သိန်းလောက်အကုန်ခံပြီး ဘာညာဘာညာ လုပ်လိုက်တော့ ထောင်ကျပြီး ၅ ရက်လောက်မှာ အာမခံနဲ့ လွတ်လာတယ်။ သူ ထောင်တွင်းအတွေ့အကြုံ ပြန်ပြောတာအရ... ထောင်ထဲမှာ မြန်မာပြည်သားတွေ တောင်ယာအလုပ်မှာ ဝင်လုပ်ရင်း ဘာမသိညာမသိနဲ့ မီးရှို့မှုနဲ့ စွပ်စွဲခံရပြီး ထောင် ၁၀ နှစ်ကျခံရသူတွေလည်း တွေ့ခဲ့ရသတဲ့။
ကြားရတာ ဝမ်းနည်းလည်း ဘာမှ မတတ်နိုင်ဘူး။
၂၀၀၉ ခုနှစ်က ဆာထွန် ၁ လမ်းမှာ အင်တာနက်ဆိုင်ဖွင့်တော့ ကော်ပီရိုက်တ်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း ထိုင်းရဲတွေနဲ့ ရင်ဆိုင်ရဖူးတယ်၊ ဘတ် ၂၅၀၀၀ ပေးပြီး လတ်တလော ပြဿနာကို ဖြေရှင်းလိုက်ရင်းက တစ်ဖက်ကလည်း မတရားလုပ်ခံရတာကို မကျေနပ်လို့ ရဲတွေကို တရားစွဲဖို့ လုပ်တယ်။ ဒါပေ့ မအောင်မြင်ပါဘူး။ အချိန်အရ ငွေကြေးအရ ကိုယ်ကမှ သူ့နိုင်ငံအဖွဲ့အစည်းကြီးနဲ့ လိုက်မတုနိုင်ပဲကိုး။
နောက်ဆုံးမှာ သဘောပေါက်လာတာတစ်ခုက တကယ်တော့ ထိုင်းတစ်နိုင်ငံထဲမှာမှ မဟုတ်၊ လောကကြီးမှာ ဘယ်နေရာမဆို မတရားအနိုင်ကျင့် ခံရတာတွေ ရှိနေကြတယ်ဆိုတာပါပဲ။
မယုံမရှိနဲ့၊ မြန်မာ့ရဲက ထိုင်းရဲထက် အများကြီးဆိုးတယ်။ ဒီကေဘီအေက ထိုင်းစစ်တပ်ထက် ပိုရိုင်းစိုင်းတယ်။
ကျွန်တော့်အတွေ့အကြုံအရ အရမ်းကံဆိုးတဲ့ ဖြစ်ရပ်မျိုးကလွဲရင် ထိုင်းနိုင်ငံမှာက မြန်မာပြည်မှာထက် ထုခွင့်ချေခွင့် ရှင်းပြခွင့်ရသေးတယ်။ ပြည်တွင်းမှာ လွတ်လပ်တဲ့ကြားခံအဖွဲ့ဆိုတာ လုံးလုံး မရှိဘူး။
ဘာပဲဖြစ်ဖြစ်ပါ။ အထက်က ပြောခဲ့သလိုပါပဲ။ ဒီအနားတိုင်းပြည်တွေမှာ အမိမြေမြေ၊ ပထွေးမြေမြေ၊ ဆင်းရဲသူတွေ ခံရလေဦးမယ်။ ဘယ်သူမှ ဘာမှ တတ်နိုင်ကြမှာ မဟုတ်ဘူး။ ( မြန်မာသံရုံးကလူတွေဆိုတာ ဆင်းရဲလို့မှ ထိုင်းမှာ အလုပ်လာလုပ်ရသူတွေဆီက ပတ်စ်ပို့ကာဗာ ဘတ် ၅၀ တန်ကို ၁၅၀ ပေးပြီး မဝယ်ရင် ပတ်စ်ပို့ မပေးဘူးလို့ ပြောတဲ့လူတွေ၊ ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ဖူးတာပဲ။)
အခု မြန်မာပြည်သားတွေ အေးအေးလူလူ ဂစ်တာတီးနေရင်းက မုဒိန်းမှု၊ လူသတ်မှုတွေနဲ့ သေဒဏ်ပေးခံရတော့မယ့် အဖြစ်အပျက်မျိုးတွေ ရင်ဆိုင်ကြရတော့မယ်။ ဘယ်သူမှ ဘာမှ မတတ်နိုင်ကြဘူး။ ဆိုတော့ ဒီအဖြစ်အပျက်တွေကနေ ကျွန်တော် ထောက်ပြလိုတာတစ်ခုက လူတိုင်း နိုင်ငံတွေ အစိုးရတွေ သံရုံးတွေကို အရမ်းတော့ အားမကိုးကြပါနဲ့။ ဒါတွေဟာ အလကားတွေပါ။
ဖြစ်နိုင်ရင်တော့...
ဟစ်တလာလို၊ ပိုပေါ့လို၊ ဦးသန်းရွှေလို အိုဘားမားလို အာဏာ ရှိအောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...