Tuesday, October 21, 2014

အမှုဆောင်အရာရှိများနှင့် အင်တာနက် ခင်မောင်ညို(ဘောဂဗေဒ)


မကြာမီက နယူးယောက်ကာ( Newyorker) မဂ္ဂဇင်း၌မျောက်သုံးကောင်နှင့်ပတ်သက်သည့် ကာတွန်းတစ်ခုပါလာ သည်။ တစ်ခုမှာ နားကြပ် တပ်ထားသည့်မျောက်တစ်ကောင်ဖြစ်ပြီး၎င်းကို “မကောင်းတာမှန်သမျှအကုန်ကြားရသည်”ဟု စာတန်းထိုးထားသည်။ နောက်မျောက်တစ်ကောင်ကရုပ်မြင်သံကြား၊ ကင်မရာတစ်ခုကိုကိုင်ထားကာ “မကောင်းတာမှန်သမျှ အကုန်မြင်သည်”ဟု စာတန်းထိုးထားသည်။နောက်ဆုံးတစ်ကောင်သည်  လက်တော့ကွန်ပြူတာတစ်လုံးကိုင်ထားသည့်မျောက်ဖြစ်ပြီး အောက်၌ “မဟုတ်တာမှန်သမျှအကုန်ရေးတင်သည်”ဟု ရေးထားသည်။
ယနေ့ခေတ်အထက်လူကြီးများအနေဖြင့် စာနယ်ဇင်းလောကကမျောက်မိုက် သုံးကောင်နှင့်ပတ်သက်၍ စိုးရိမ်ပူပန် စရာရှိသည်။ ယခုအခါ၎င်တို့၏ဘဝများကိုTwitterပေါ်က ဒေါသကြီးဌက်များ၏ အန္တရာယ်နှင့်ရင်ဆိုင်ရနေရသည်။ ဒစ်ဂျစ် တယ်တော်လှန်ရေးကြောင့် အမှုဆောင်အရာရှိများသည် ယခုအခါ၌ ဖန်လုံအိမ် များအောက်တွင် နေနေကြရသည်။ စကား တစ်ချက်မှားသည်နှင့် ကမ္ဘာတစ်ဝှန်းသို့ရောက်ရှိသွားသည်။
အားလုံးကိုပြန်လိုက်Return all သည့်စာတစ်စောင်သည်ပြိုင်ဘက်တစ်ယောက်ထံသို့ရောက်သွားနိုင်ပြီးအရေးပါသည့်သတင်းအချက်အလက်များ ပေါက်ကြားသွားနိုင်သည်။အကြပ်အတည်းတစ်ခုကြုံနေချိန်၌ အမှတ်တမဲ့ညည်းတွားလိုက်သည့်စကားတစ်ခွန်းကြောင့် ဒုက္ခ ရောက်သွားနိုင်သည်။မက်ဆီကိုပင်လယ်ကွေ့၌ ရေနံများဖိတ်သည့်အခါက ဘီပီကုမ္ပဏီ၏အကြီးအကဲဒုက္ခရောက်သွားခဲ့ဖူးသည်။


ဒစ်ဂျစ်တယ်တော်လှန်ရေးကြီးကြောင့် အာဏာချိန်ခွန်လျှာသည်ကုမ္ပဏီကြီးများ၏လက်မှ ဝေဖန်သူများ၏လက်သို့ ပြောင်းရွေ့သွားခဲ့သည်။ ကုမ္ပဏီကြီးများကပြည်သူ့ဆက်ဆံရေးများကြိုးစားပမ်းစားဆောင်ရွက်နေသော်လည်း တယ်လီဖုန်း နှင့် ဆိုရှယ်မီဒီယာကွန်ယက်ရှိကြသူများသည်ကမ္ဘာ့ပရိသတ်ထံသို့ ရောက်အောင်သွားနိုင်ကြသည်။ ယခင်က သတင်းပေါက် ကြားရန်ဆောင်ရွက်သူများသည်စာရွက်စာတမ်းများကို မိတ္တူကူးခြင်း၊ ဘောင်းဘီအောက်တွင်ဖွက်၍ သယ်ဆောင်ကြရခြင်း တို့ပြုလုပ်ရသည်။ယခုအခါ၌ အီးမေးလ်တစ်စောင်ပို့လိုက်ယုံဖြင့် ကမ္ဘာအနှံပြန့်သွားသည်။ ရေထဲသို့ ဘဲများလှိမ့်ဆင်းလာသကဲ့သို့ ကုမ္ပဏီဆန့်ကျင်ရေးလုပ်ငန်းများသည်လည်း ဒစ်ဂျစ်တယ်လောကသို့ဝင်ရောက်လာကြသည်။NGOအဖွဲ့အစည်း များက ကုမ္ပများ၏မကောင်းသတင်းကို ရှာဖွေရာ၌ထူးချွန်ပြောင်မြောက်ကြပြီးကမ္ဘာကြီးကို၎င်းတို့၏ လူမှုရေးကွန်ရက်မှ တစ် ဆင့်ဖြန့်ကြသည်။ အခွင့်အရေးယူတတ်သူများကလည်းအင်တာနက်လောကကိုဝင်ရောက်လာခဲ့ကြသည်။ စတော့ရှယ်ယာ တစ်ခုဈေးကျတော့မည်ဟု သတင်းလွှင့်ကာဒစ်ဂျစ်တယ်အားသုံး၍ မုန်တိုင်းတိုက်သည့်သဖွယ် ဈေးကိုဖျက်ဆီးပစ်စေနိုင် သည်။

တစ်ဖက်၌ ကုမ္ပဏီများအနေဖြင့် ပြုပြင်ပြောင်းလဲရန်ဝန်လေးနေကြသည်။အချို့ကုမ္ပဏီများကမိမိတို့၏ လုပ်ငန်း များကို အများပြည်သူတို့သိရှိရန် ကြိုးပမ်းသည့်အခါတွင်အများအားဖြင့်ဝိုင်းဝန်းလှောင်ပြောင်သော စကားများအောက်တွင် ရောက်ရှိ နစ်မြှပ်သွားကြသည်။ဗြိတိန်ရေနံ လုပ်ငန်းက ၄င်း၏ဈေးနှုန်းတက်ရသည့်အကြောင်းကို ဆွေးနွေးရန်ကြိုးပမ်းသည့်အခါ “လောဘကြီးသည်၊ သေကြောင်းကြံသည်” ဟူသော တုန့်ပြန်ချက်များကိုသာရရှိခဲ့သည်။
သုတေသီတစ်ယောက်က ယခုကဲ့သို့ ကုမ္ပဏီကြီးများနောက်က အမှီပြေးလိုက်နေရခြင်းမှာ အကြောင်းတရား နှစ်ခု ကြောင့်ဖြစ်သည်ဟု ထောက်ပြသည်။ပထမတစ်ခုမှာ အင်တာနက်၏ သဘောသဘာဝကြောင့်ဖြစ်သည်။ အင်တာနက်သည် အရှုပ်တော်ပုံများ၊ အင်အားကြီးသူများ၊အာဏာရှိသူများ၏ပြဿနာများကို ခံတွင်းတွေ့လေ့ရှိသည်။ မီဒီယာလောကတွင် အနည်းဆုံးအရင်းအမြစ်နှစ်ခုမှရရမှသာထိုသတင်းကို အတည်ပြုနိုင်ရန်ကြိုးစားကြသည်။ ယခုအခါ အပျော်တမ်း ပုဂ္ဂိုလ် များအနေဖြင့်သူတင်ချင်သမျှအားလုံးကို အတည်ပြုချက်ရှာဖွေရန်မလိုဘဲ တင်နိုင်သည်။ သို့သော်လည်းသူတို့သည်လည်းတစ်နေ့တွင် တရားစွဲဆိုခံရနိုင် သည့် အလားအလာရှိသည်။ အယ်ဒီတာများသည် အင်တာနက်like များ၏လွမ်းမိုးမှုကိုခံရ သည်။ ၄င်းတို့ရေးသားသော သတင်းများလူကြိုက်ပိုများလျှင် အလုပ်အကိုင်မြဲမည့်အလားအလာပိုများသည်။သုံးလအတွင်း နယူးယောက်တိုင်းသတင်း စာတွင်ဖော်ပြခဲ့သည့် စောင်းပါး(၇၀၀၀)ကျော်ကို စနစ်တကျလေ့လာရာ၌သူများဒေါသဖြစ် အောင် (သို့မဟုတ်) ကြောက် လန့်အောင်ဖန်တီးနိုင်သည့် ဇာတ်လမ်းများကိုလူကြိုက်အများဆုံးနှင့် ပေးပို့ မျှဝေမှုအများဆုံး ဖြစ်ကြောင်းတွေ့ရသည်။ ဒုစရိုက်မှုလုပ်နေသောအမှုဆောင်အရာရှိကြီးများနှင့်ပတ်သက်သော ဇာတ်လမ်းများသည် လူကြိုက်အများဆုံးသောဇာတ်လမ်းများဖြစ်ကြသည်။

ဒုတိယအချက်မှာ ကုမ္ပဏီများ၏ သဘောသဘာဝနှင့်ပတ်သက်သည်။၎င်းတို့သည် ၄င်းတို့၏လူကြီးများ အရှုပ်တော် ပုံတွေလုပ်နေသည်ကိုကာကွယ်လိုခြင်းမရှိဘဲမိမိတို့၏လုပ်ငန်းများ စီးပွားရေးလောကတွင် ဆက်လက်နေထိုင်နိုင်ရန်အတွက် တည် ဆောက်ထားခြင်းဖြစ်သည်။အရပ်ဖက်အဖွဲ့အစည်းများ၊ ရှေ့နေများကပို၍သက်လုံကောင်းကြသည်။ အမေရိကန်နိုင်ငံ တွင် တရားရုံး၌ဖြစ်ပွားသောအမှုတစ်ခုကြောင့် အစိုးရနှင့်စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုကို ရပ်တန့်သွားမည်မဟုတ်ပေ။အစားထိုး၍ရနိုင်သော မန်နေဂျာများတန်းစီနေချိန်၌ အမှုဆောင်အရာရှိချူပ်တစ်ယောက်ကို မည်သည့်ကုမ္ပဏီကမျှကာကွယ်စောင့်ရှောက်မည်မဟုတ်ပေ။ တစ်ချိန်က အရည်အချင်းပြည့်မန်နေဂျာများဟု မြင်ခဲ့ကြသော်လည်း၎င်းတို့ နာမည် ထွက်လာ သောအခါ ချက်ခြင်းဖယ်ရှားခြင်းခံရသည်။

စီးပွားရေးလောကက ခေါင်းဆောင်များသည်လည်းထိုခြိမ်းခြောက်မှု များကို သဘောပေါက်နားလည်လာကြသည်။ ၂၀၁၃ခုနှစ်က အမှုဆောင်အရာရှိချူပ်များကိုပြုလုပ်ခဲ့သည့်စစ်တမ်း တစ်ခု၌ နာမည်ထိခိုက်နိုင်မည့်အလားအလာသည် အကြီးမားဆုံးသော အန္တရာယ်ဖြစ်သည်ဟုဖော်ပြထားသည်။ဆယ်စုနှစ် ပေါင်းများစွာ တည်ဆောက်ခဲ့ရသည့် နာမည်ကောင်း တစ်ခုသည် ရုတ်တရက်ချက်ခြင်းပျောက်ပျက်သွားနိုင်သည်။စတော့ရှယ်ယာ ဈေး ကွက်ကလည်း ထိုနာမည်တွေကိုယခင်က ထက်ပို၍ ဂရုစိုက်လာကြသည်။
၁၉၈၉ခုနှစ်တွင် အက်ဇွန်ကုမ္ပဏီ(Exxon)၏ရေနံယိုဖိတ်မှု ကြောင့် ရှယ်ယာဈေးနှုန်းများ (၃.၉)%ကျဆင်းခဲ့သော် လည်း လျင်မြန်စွာဦးမော့လာခဲ့သည်။၂၀၁၀ မက်ဆီကိုပင်လယ်ကွေ့၌ နှစ်လအကြာ ရေနံယိုဖိတ်မှုဖြစ်ပွားပြီးနောက် ဘီပီ ကုမ္ပဏီ၏ရှယ်ယာများသည်တစ်ဝက်ခန့်ကျဆင်းသွားခဲ့သည်။ စီးပွားရေး လောကမှ ထိပ်တန်း ခေါင်းဆောင်များအနေဖြင့် ထိုသို့အကြပ်အတည်းတွေ့ချိန်မျိုးတွင်မည်သို့လုပ်ဆောင်ရမှန်း မသိကြပေ။ သို့ဖြစ်ရာ လက်တွေ့ကျသည့် အကြံပြုချက် များကို ပညာရှင်များအားမေးမြန်းကြရသည်။
အမှုဆောင်အရာရှိချူပ်များအနေဖြင့် ဆင်ဆင်ခြင်ခြင်ပြောဆိုရန်၊ တယ်လီဖုန်း များ၊ ကင်မရာများ၊ကွန်ပြူတာများကိုပိတ်ထားရန်၊ အီးမေးကိုပြန်သည့်အခါ အားလုံးကိုပြန်သည်မျိုးမဖြစ်စေရန်၊ဒေါသတကြီးရေးထားသည့်စာများကိုပြန်မပို့မီ သေသေချာချာစဉ်းစားရန်အကြံပြုကြသည်။
စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်နှင့်ပတ်သက်၍ဆွေးနွေးသူများက တစ်ဖက်၌အပြောတစ်မျိုး အလုပ်တစ် မျိုးဖြစ်မည်ကို စိုးရိမ်လာကြသည်။ ပြဿနာအာလုံးကိုဖြေရှင်းရန်အခြေအနေသည်အဖြေတစ်ခုတည်းရှိနေသည်မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ပြဿနာကိုမြန်မြန်ဆန်ဆန်ဖြေရှင်းခြင်းကြောင့်ပို၍ကြီးမားလာသည်ကိုတွေ့ရသည်။
ယခုကဲ့သို့ ရုတ်တရက်ချက်ချင်းသတင်းပြန့်သွားသည့်ကာလ၌မိမိလုပ်ငန်းနှင့်ပတ်သက်၍ ပို၍ပြောင်မြောက်ရန် လိုအပ်လာသည်။ တိုက်ဂါးဝုဒ်သည် ၄င်း၏ဘဝပျက်လုနီးနီးအကြပ်အတည်းများကိုနှစ်ပေါင်းများစွာရင်ဆိုင်ရပြီးနောက် Nikie၏ ကြော်ငြာ လုပ်ငန်း၌ “နိုင်ပြီဆိုလျှင်အစစအရာရာအဆင်ပြေသွားပြီ” ဟူသည့် ဆောင်ပုဒ်ဖြင့်ကြော်ငြာတွင် အရွေး ချယ်ခံရသည်။ ကံဆိုးသည်မှာအမှုဆောင်အရာရှိချူပ်အားလုံးအနေဖြင့် ထိုသို့အဆင်ပြေမည်မဟုတ်ပေ။ ပုဂ္ဂိုလ်ရေး အရှုပ် တော်ပုံများရှိသည့်ဂေါက်ကစားသမားတစ်ယောက်အနေဖြင့် မြက်ခင်းပေါ်၌ကိုယ့်ဘဝကို ပြန်လည်တည်ဆောက်နိုင်သည့် အလားအလာနည်းသည်။ပထမအကြိမ်တွင် ကျဆုံးသွားသည့်အထက်လူကြီးတစ်ယောက်သည် ဒုတိယအကြိမ်တွင် ကံကောင်း ရန် အလားအလာနည်းသည်။
Economist.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...