Thursday, October 30, 2014

Because of Green (စိမ်းနေခြင်းကြောင့်သာ)


နာမည်ကျော် ဒရမ်မာစီးရီး ကားတစ်ခုဖြစ်တဲ့ Love Story In Harvard ဇာတ်ကားထဲ ဇာတ်ဝင်ခန်းတစ်ခုကိုမျက်စိထဲပြန်မြင်နေရတယ် ။ ဟားဗက်ဥပဒေကျောင်းရဲ့ တရားရုံးပုံစံငယ်တစ်ခုမှာ
အပြင်မှာဖြစ်ပွားခဲ့တဲ့ အမှု တွေကို အုပ်စု ၂ စုခွဲပြီး တရားလိုဘက် ၊ တရားခံ ဘက် ရှေ့နေလိုက်ကြရင်း ဥပဒေပိုင်းဆိုင်ရာတွေဆွေးနွေးငြင်းခုန်နေတာပါ ။ လူမည်းအမျိုးသမီးတစ်ယောက်က
စူပါမားကတ်မှာဈေးဝယ် ရင်း ပစ္စည်းခိုးတယ်လို့ စွတ်စွဲခံရတဲ့အတွက် ရှာဖွေခြင်းခံရပါတယ် ။ အဲဒီအတွက် အရှက်ရပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါတယ် ။
ဝမ်းနည်းနာကျည်း မှုတွေနဲ့ နှလုံးရောဂါအခံပေါင်းစပ်ပြီး လူမည်းအမျိုးသမီး ဟာ သေဆုံးခဲ့ရပါတယ် ။ ဒါကြောင့် လူမဲအမျိုးသမီး ရဲ့ ပက်သက် သူတွေ ဟာ စူပါမားကတ်ကိုတရားစွဲဆိုခဲ့တယ်။
ဒါပေမဲ့ စူပါမားကတ်တွေမှာ မယုံသင်္ကာဖြစ်လျှင် စစ်ဆေးခွင့်ရှိတာကြောင့် တရားလိုသေဆုံးမှု မှာ စူပါမားကတ်နဲ့မသက်ဆိုင်ဘူးလို့ တရားရုံးကဆုံးဖြတ်ချက်ချပြီး စူပါမားကတ်ပိုင်ရှင်ကို အနိုင်ပေးခဲ့တယ် ။


အဲဒီအမှုကို Kim Hyun-woo ဦးဆောင်တဲ့ ဟားဗက်ဥပဒေကျောင်းသားများအဖွဲ့က တရားရှုံးသွားတဲ့ မစ်စ်ဆူဇန် ရဲ့ ဘက်ကနေ ရှေ့နေ အဖြစ် တရားရင်ဆိုင်ခဲ့ပါတယ် ။
ပုံစံငယ် တရားရုံးမှာ ဥပဒေကျောင်းသားလေး Kim Hyun-woo က လျှောက်လဲချက်ပေးရင်း တရားသူကြီးပါမောက္ခ တွေကို ဗီဒီယိုဖိုင်လေး တစ်ခုဖွင့်ပြပါတယ် ။
" ဒါဟာ သာမန်ချိန် စူပါမားကတ်မှာ ဈေးဝယ်သူတစ်ယောက်ကို မသင်္ကာတဲ့ခါ လုံခြုံရေးတွေက စစ်ဆေးတဲ့ ပုံစံ ဗီဒီယိုဖိုင် လေးဖြစ်ပါတယ် ။ မည်သူ့ကို မျှ ဝတ်လစ်စလစ် ချွတ်ပီး မစစ်ဆေးကြပါဘူး။
ဒါပေမဲ့ လူမည်းအမျိုးသမီးကို မသင်္ကာလို့ စစ်ဆေးတဲ့ခါမှာတော့သာမန် စစ်ဆေးတဲ့ ပုံစံမျိုး မဟုတ်ပဲ လူတစ်ယောက် အရှက်ရလောက်အောင် ၊ ဂုဏ်သိက္ခာထိခိုက်လောက်အောင် ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်လောက်အောင် တစ်ကိုယ်လုံးဝစ်လစ်စလစ်ချွတ်ပြီး
စစ်ဆေးခဲ့ပါတယ် " ။ " တရားသူကြီးမင်းတို့ခင်ဗျာ ။ အဲဒါဟာ ဘာကြောင့်လို့ ထင်ပါသလဲ ။ တူညီတဲ့ဖြစ်စဉ်တစ်ခုမှ ဘာလို့ ဆောင်ရွက်မှုတွေ မတူညီရတာပါလဲ ။ အဖြေကရှင်းပါတယ် ။ "
"Because .... of .... B L A C K " ။ သူတို့ ဟာ လူမည်းဖြစ်နေလို့ပါပဲ ... တဲ့ ။
ခုတလောမှာ ဟော့ ဖြစ်နေတဲ့ အကြောင်းရာက သတင်းထောက်ကိုပါကြီး အကြောင်းဖြစ်မယ်ထင်ပါတယ် ။ အဘယ်သို့သောအကြောင်းကြောင့်ဖြစ်စေ လူတစ်ယောက်သေဆုံးတာဟာ
ဝမ်းမြောက်စရာမဟုတ်ပါဘူး ။ မည်သူပင် ဖြစ် ပါစေ လူတစ်ယောက် လူ့လောကထဲက ပျောက်ကွယ်သွားတာ ၊ ဇနီးသည်တစ်ယောက်အတွက် ခင်ပွန်းဆုံးရှုံးသွားတာ ၊ သားသမီးတွေအတွက် ဖခင်တစ်ယောက်
ဆုံးရှုံးသွားတာ ဟာ အသေအချာ ဖြစ်ပါတယ် ။ သေဆုံးသူ ကိုပါကြီးရဲ့ ဇနီးသည် တရားစွဲဆိုတာ ၊ အမှုဖွင့် တာ ဟာလည်းဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ် ။ ခင်ပွန်းတစ်ယောက်လုံးဆုံးရှုံးသွားတဲ့
သူ့အတွက် တရားမျှတ မှု ၊ သိသာထင်ရှားမှု လိုအပ်ပါတယ် ။ အမှု ဖွင့် ၊ သက်ဆိုင်ရာ မှုခင်းဆရာဝန် ၊ စုံစမ်းစစ်ဆေးရေးရဲအရာရှိတွေ က စစ်ဆေး ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာဖော်ထုတ်
တရားရုံး က အချက်လက်တွေ ရယူ ၊ တရားခံ ၊ တရားလိုဘက်က ပစ္စည်းသက်သေ ၊ လူသက်သေတွေ ရဲ့ ထွက်ဆိုချက်တွေကို စစ်ဆေး ကြမယ် ။ တကယ်လို့ သတင်းထောက်ကိုပါကြီးဟာ
တပ်မတော်က ပြောသလို KKO အဖွဲ့က လက်နက်ကိုင်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင် ဒါဟာ လူသတ်မှု ဖြစ်ပါတယ် ။ လူသတ်မှု ဥပဒေပုဒ်မတွေအတိုင်း ပစ်ခဲ့တဲ့စစ်သည်ကိုအရေးယူ ၊ တာဝန်ရှိတဲ့
တပ်ခွဲမှူး ၊ တပ်ရင်းမှူးတွေ ကို စစ်ဘက်ဥပဒေ လုပ်ထုံးလုပ်နည်းတွေ အတိုင်း တာဝန်ရှိမှု အတွက် အပြစ်ပေး ။ တကယ်လို့ ကိုပါကြီး ဟာ သတင်းထောက်အပြင် လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ယောက်
ဖြစ်ခဲ့တယ် ။ သေနတ်လုခံရလို့ ခုခံကာကွယ်ရင်း သေဆုံးခဲ့ရတယ်ဆိုရင် .... သက်ဆိုင်ရာ စစ်မြေပြင်ဥပဒေ/ တန်းပြည့်စစ်မှုထမ်းချိန်ဥပဒေ များအတိုင်း စစ်သည် ဟာ ဥပဒေရဲ့ အကာအကွယ်ကို ခံစားခွင့်ရရှိရမှာ
ဖြစ်ပါတယ် ။ တရားလိုလည်းရှိနေပြီ ၊ တရားခံလည်း ရှိနေပြီ ၊ အကြောင်းခြင်းရာ မှန်မမှန် စစ်ဆေး ဖို့ သာ လိုအပ်တာဖြစ်ပါတယ်။ အရာအားလုံး ဟာ ရိုးရိုးလေးပါပဲ ။ တပ်မတော် ဟာ ဆင့်ကဲဆင့်ကဲ ကွပ်ကဲမှု
တွေနဲ့ တာဝန်ယူရမှာဖြစ်သလို ၊ တပ်မတော်သားတွေ အနေနဲ့လည်း ဘာမှ ပြောစရာမလိုပါ ဘူး။
တစ်ကိုယ်ရေ အမြင် ကတော့ ကိုပါကြီးဟာ သတင်းထောက်တွေဘက်က ပြောသလို သတင်းထောက်သာဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် တွေ နဲ့ လုံးဝပက်သက်သူ မဟုတ်ဘူးလို့ ကံသေကံမ ထင်ထင်ရှားရှား ရှိမနေသလို ၊
တပ်မတော် က ထုတ်ပြန်သလို လက်နက်ကိုင်တပ်ဖွဲ့ဝင် သာ ဖြစ်တယ်ဆိုတာလည်း သေချာပေါက်ပြောလို့မရပါဘူး ။ ဘာကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ နဲ့ ပက်သက်မနေဘူးလို့ ပြောမရသလဲဆိုရင်
နောက်ကြောင်းရာဇဝင်တွေ နဲ့ ဓာတ်ပုံတွေ ကြောင့်ဖြစ်ပါတယ် ။ ယူနီဖောင်းဝတ်ထားတာ ၊ ကိုပါကြီးဟုတ်မဟုတ် ငြင်းနေတဲ့ ဓာတ်ပုံတွေ ကို ခဏ ထားလိုက်ပါ ။ ဓာတ်ပုံတစ်ပုံ က စစ်ထွက် မိန့်ခွန်း ပြောနေတဲ့ချိန်
ရိုက်ထားတဲ့ပုံ ကို ကိုပါကြီးကိုယ်တိုင်တင်ထားတာဖြစ်ပါတယ် ။ ဘယ်ချိန်မှာ စစ်ထွက် မိန့်ခွန်း ပြောသလဲ စစ်သားတွေသိပါတယ် ။ စစ်ချီမဲ့အချိန် ၊ ခြုံခိုတိုက်ခိုက်မဲ့အချိန် ၊ တိုက်စစ်ဆင်နွှဲမဲ့အချိန် ..အဲဒီအချိန်တွေမှာ
လက်အောက်က စစ်သည်တွေကို ဘယ်ကို သွားမယ် ၊ ဘာလုပ်မယ် ၊ ဘာကိုတော့မလုပ်ကြရဘူးဆိုတာ လက်အောက်ကစစ်သည်တွေကို ညွှန်ကြားချက်ပေးတာဖြစ်ပါတယ် ။ အဲဒီညွှန်ကြားချက် တွေမှာလည်း
အောက်ခြေစစ်သည် သိရမဲ့ အကြောင်းရာ နဲ့ တပ်စုမှူး ၊ တစ်ခွဲမှူး ၊ တပ်ရင်းမှူး စတဲ့ ဦးစီးခေါင်းဆောင်တွေသိရမဲ့ အကြောင်းရာ ဟာ မတူပါဘူး ။ အဲဒီ အကြောင်းရာတွေ ဟာ ကိုယ့်တပ်ရဲ့လုပ်ဆောင်မဲ့ အစီစဉ်တွေဖြစ်လို့
စစ်သည်တွေရဲ့ အသက်နဲ့ အတူတူ အရေးကြီးပါတယ် ။ အဲဒီအစီအစဉ် သတင်းကိုသာ တစ်ဖက်ရန်သူ က ကြိုသိလို့ ချေမှုန်းခံခဲ့ရရင် စစ်ပွဲ ရှုံးနိမ့်ပါတယ် ။ အဲလို အချိန်မှာ ကိုပါကြီး ဟာ ဘာကြောင့် အဲဒီနေရာမှာ ရှိနေသလဲ။
သာမန်သတင်းထောက်တစ်ယောက်ကို DKBA တပ်ဖွဲ့ဝင်တွေ/ခေါင်းဆောင်တွေ က အသက်နဲ့ထပ်ပြီးယုံကြည် နိုင်ပါသလား ။ တကယ်လို့ ကိုပါကြီး နေရာမှာ သာ စစ်တပ်သတင်းပေးတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် DKBA တပ်ဖွဲ့တွေ
ဘယ်လို ဖြစ်သွားမယ်ထင်ပါသလဲ ။ ဒါဟာ စဉ်းစားစရာအချက်တွေဖြစ်ပါတယ် ။ နောက် တပ်မတော်ထုတ်ပြန်သလို KKO တပ်ဖွဲ့ဝင်လို့ ကံသေကံမ ပြောလို့ မရတာ က ကိုပါကြီးဟာ သတင်းဆောင်းပါးတွေ ရေးသားပေးပို့ နေသူ
ဖြစ်လို့ပါပဲ ။ လက်ရှိသတင်း ထောက်လုပ်နေပါတယ်လို့ အာမခံနိုင်သူ သတင်းသမားတွေ ရှိနေလို့ပါပဲ ။ ဒါကြောင့် ကိုပါကြီး ဘယ်သူဖြစ်နိုင်သလဲ ဆိုရင် ကျွန်တော့်အတွက်တော့ 50/50 ပါပဲ ။
100 စီ သေချာနေသူတွေလည်းရှိကောင်းရှိနိုင်ပါတယ် ။
ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုး တွေ အနေနဲ့ဖြစ်ပေါ် ခဲ့တဲ့ ကိုပါကြီး ဆန်ဆန် အမှု မျိုးတွေ မြောက်များစွာရှိခဲ့ပါတယ် ။ မြန်မာပြည်မြောက်ပိုင်း မှာ အသတ်ခံ ခဲ့ရတဲ့ ကျောင်းဆရာ၊ ဆရာမတွေ ။ အုပ်ချုပ်ရေးဝန်ထမ်းတွေ ။
ပြန်ပေးဆွဲ ခံ ခဲ့ရတဲ့ နိုင်ငံဝန်ထမ်းတွေ ၊ သိပ်မကြသေးခင် က လက်နက်ကြီးထိမှန်လို့ ဗိုလ်တဲ မှာ သေဆုံးသွားကြတဲ့ သာမန်ပြည်သူတွေ ။ အဲဒီလူတွေ အတွက်ကော တရားမျှတမှု ဆိုတာ မရှိသင့်ဘူးလား ။ သူတို့ကရော ပြည်သူတွေ မဟုတ်ကြလိုလား။
လူတွေ မဟုတ်ကြလို့လား ။ မထူးဆန်းတဲ့ လူ့လောကထဲ အမှု အခင်းတစ်ခုအတွက် ထူးဆန်းနေတာတွေတော့ရှိပါတယ် ။ စံ ဆိုတဲ့ ဖြောင့်မတ်မှု ဟာ မည်သည့်နေရာ ၊ မည်သည့်ချိန်ခါတွင်မှ ချိုင်ခွက် ကောက်ကွေး မနေပါဘူး ။
အထက်ပါ အကြောင်းအရာတွေ တုန်းက ရေငုံ နှုတ်ပိတ် နေခဲ့ကြသူတွေ ဟာ ယခုအခါမှာတော့ စတိတ်မန့်ကိုယ်စီ ထွက်လာကြတာ ပါပဲ ။ နောက် တရားမျှတမှု ဆို ပြီးတောင်းဆိုလာကြတာပါပဲ ။ " လူသတ်ရာမှာ လက်ယဉ်နေပြီးလား" ဆိုတဲ့
ခေါင်းကြီးတွေ နဲ့ ဖော်ပြလာကြတာပါပဲ ။ မတိကျ မသေချာသေးတဲ့ အမှု အခင်းတစ်ခုအတွက် လူစုပြီး ဖိအားပေးလာကြတာပါပဲ ။ ဘာကြောင့်ပါလဲ ။ တူညီသော အကြောင်းရင်းခံတွေမှာ ဘာလို့ တုန့်ပြန်မှုတွေ က
ကွဲပြားနေရတာပါလဲ ။ တူညီတဲ့ ဖြစ်စဉ်တွေမှာ လိုချင်တဲ့ တရားမျှတမှု တွေ ဟာ ဘာလို့ မတူညီရတာပါလဲ ။ အဖြေဟာ သိပ်ကိုရှင်းလင်း ပါတယ် ။
ဟားဗက် ဇာတ်ကားထဲ က Kim Hyun-woo ရဲ့ စကားကို ငှား ပြောရရင် .... " Because Of G R E E N " ။ အမှန်အမှား ၊ တရားမျှတမှု ၊ တရားဥပဒေ ဆိုတာ တွေ ထက် ....ကျူးလွန် ခဲ့ တယ် ဆိုသူတွေဟာ တပ်မတော်သား များ ဖြစ်နေလို့ပါပဲ ။
ညိမ်းညို ရဲ့ ရေချမ်းစဉ် ကဗျာလေးထဲကလိုပါပဲ ...
ငြိမ်းအေးမှုရသနဲ့
ငါ့ကိုယ်ငါ တည်ဆောက်ချင်ခဲ့တာပါ
သိသူဖြစ်စေ မသိသူဖြစ်စေ
ရန်သူမိတ်ဆွေမဟူ ဘက်မတူခဲ့ရင်လည်း
ငါက ကြည်ဖြူမှာပါ
ကိုယ့်အရိပ်လေးထဲ ကိုယ်နေ
ကိုယ့်အကိုင်းအုပ်အုပ်လေးနဲ့ကိုယ် တိမ်မြုပ်
ဘာကိုမှ အရေးမလုပ်ပဲနေနေတာ မဟုတ်ပါဘူး
ခရီးသွားတွေဆိုတာ
ငါ့ရှေ့ကလမ်းကလေးမှာ နေ့စဉ်ဖြတ်သွားကြတာပဲလေ
သူတို့အသံတွေကို ငါကြားနေရတာပေါ့
သူတို့လှုပ်ရှားမှုတွေကို ငါမြင်တွေ့နေရတာပေါ့
အမှန်နဲ့အမှား ဘယ်လိုချို ဘယ်လိုခါးတယ်ဆိုတာ
ရေချမ်းစဉ်လေးအဖြစ်နဲ့လည်း ငါမှတ်သားနေမိပါတယ် ...
အပြစ်ရှိကြောင်း ထင်ရှာ နေတဲ့ တပ်မတော်သားတွေ အတွက် ကျွန်တော်တို့ ဟာ ဘယ်သော အခါမှ ကာကွယ် ပေးမှာ မဟုတ်ပါ ။ ကိုယ့်ခံယူချက် ၊ ယုံကြည်ချက်အတွက် ကိုယ့်ဘဝလေးနဲ့ကိုယ်တိမ်မြုပ်
ကိုယ့် အလုပ်ကို လုပ်ရင်း တာဝန်ကျေနေဦးမှာပါ ။ နောက်လူငယ်တွေအဖြစ် ဒေါသ ၊ အာဃာတ ဆိုတာတွေကို ကျွန်တော် တို့ တတ်နိုင်သလောက် ငြှိမ်းသတ်ထားပါတယ် ။
သို့သော် .... ဘယ်သူတွေ က ဘယ်လိုသဘောထားတယ်ဆိုတာ ကျွန်တော်တို့စိတ်ထဲမှာ တိတ်တိတ် ကလေး မှတ်သားနေပါတယ် ။
ကျွန်တော်တို့ တွေ မှတ်သားနေဦးမှာပါ ။
(ရုပ်ဆိုး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...