Monday, October 20, 2014

“သြော်..၊အဘတို့က ခေတ်သစ်ကိုထူထောင်ကြဦးမတဲ့လား” (မင်းဒင်)


(တစ်)
တကယ်တော့ ကျုပ်ဟာ အယုံလွယ်တဲ့သူမို့ အယုံလွန်ပြီး ငတုံးစာရင်းထဲတောင်ဝင်လောက်ပါရဲ့။
ကြည့်လေ။ ကျုပ်လူပျို ပေါက်အရွယ်၊ ဗမာပြည်မှာ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတာနဲ့ကြုံတုန်း ကလည်း တောင်သူလယ်သမားနဲ့ဆင်းရဲသားကျောမွဲ လူတန်းစားတွေ ကောင်းစားရေးဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ဆိုတာကြီးကိုထူထောင်မယ် ဆိုတော့ ကျုပ်ဖြင့်၊ အလွယ်ယုံလိုက်မိ တာပါပဲ။
   မြန်မာ့နည်း မြန်မာ့ဟန်ဆိုရှယ်လစ်စနစ်ကြီးအောင်မြင်လိုက်ပုံများ ဗမာတစ်ပြည်လုံးဖွတ်ကျောပြာစု၊ ခရုဆံ ကျွတ်၊အမွဲတကာ့ထိပ်ခေါင်၊ဖွတ်မင်းနောင်ဘဝ ရောက်တဲ့ အထိခင်ဗျ။ (၁၉၈၈)ခုနှစ်လူထုအုံကြွမှုကြီးမှာစစ်တပ်ကအာဏာသိမ်းလိုက်တဲ့အခါ၊တို့တာဝန်အရေးသုံးပါးနဲ့အသံကောင်းဟစ်ပြီး ရွှေကိုယ်တော် စစ်ဗိုလ်တွေ တက်လာပြန်တော့လည်း ဟုတ်နိုးနိုးထင်ခဲ့တဲ့သူစာရင်းမှာ ထိပ်ဆုံးကကျုပ်ပါပြန်လေရော။ဒါပေမဲ့၊ ဒါပေမဲ့ဗျာ၊ ကျုပ်တို့ ဗမာပြည်သူတွေ၊နူရာဝဲစွဲ၊လဲရာသူခိုးထောင်း၊ဖွတ်သထက်ညစ်တဲ့အထိ၊ကံဆိုးရှာကြပြီး၊စစ်ဗိုလ်ချုပ်တွေ ကံဇာတာတက်လိုက်ပုံများ၊ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းကို တောင်ဝယ်မလိုလိုဖြစ်တဲ့အထိ ဇဋိလ၊ဇောတိကတို့ကတောင် အဖေခေါ်ရမလောက် ကြီးပွားကုန်ကြပါရောလား။
နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းသာပြောင်းလိုက်ရင် ဗမာပြည်ဟာ စိနနိုင်ငံတော်ရဲ့ပြည်နယ်တစ်ခုစာရင်း ချက်ချင်းဝင်သွားအောင်ကို စွမ်းဆောင်နိုင်ခဲ့ကြပါပေတယ်။
ဗမာပြည်ရဲ့ နောက်မှလာတဲ့မောင်ပုလဲဒိုင်းဝန်ထက်ကဲ၊ဇာတ်လမ်းတွေမှာ ဇာတ်လိုက်ကျော်များဟာ “ငါ့နိုင်ငံတော်၊ငါ့နိုင်ငံသားနှင့် ငါ၏တပ်မတော်အတွက်အသက်ကိုစွန့်လွှတ်ရန်အဆင်သင့်ရှိပါ၏”ဆိုတဲ့၊ အဘအမည်ရဗိုလ်မင်းတွေဖြစ်နေခဲ့တာမို့ ကျုပ်ရဲ့ ထစ်ကနဲ ရှိယုံလိုက်ချင်တဲ့ စိတ်ကမကုန်ဆုံးခဲ့ပါဘူး။
(နှစ်)
ဟုတ်ပါ့ဗျာ။ဒီလိုနဲ့(၂၀၀၈)လို ဟန်မကျပန်မကျဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တက်လာခဲ့တဲ့လက်ရှိ၊ကြံခိုင်ရေးဗဟိုပြု၊စစ်ဗိုလ်တစ်ပိုင်းအစိုးရ မင်းများ ဟာ၊ဒီမိုကရေစီ လမ်းကြောင်းပေါ်တက်လာပါပြီလို့ နောက်ကျမဲခေါင်းစဉ်တပ်ထားတဲ့မဲလိမ်တွေစာရင်းပြပြီး မရှက်မကြောက်၊ လိပ်ကျော ကြောင်ကော်၊ပြောင်ချော်ချော်မျက်နှာတွေနဲ့၊ရသေ့ရှစ်သောင်းဇာတ်ခင်းခဲ့ ပြန်ရောခင်ဗျ။
ကျုပ်ဆိုတဲ့ကောင်ကလည်း ကိုယ့်ကိုယ်ကို ခန္တီပါရမီကြီးသယောင်ယောင်ထင်တစ်လုံးအပြင် အာရပ်နွေဦးလို သတ်ဟယ်ဖြတ်ဟယ်၊သေဟယ်ကျေဟယ်ဆိုတာတွေ နားလေစမျှ မကြားလိုတာကြောင့်ဒီတစ်ခါတော့ အတည်ကြံတာထင်ပါရဲ့ ဆိုတဲ့အတွေးနဲ့ ယုံချင်သလိုလိုဖြစ်မိပြန်ပါရောခင်ဗျ။ဒါပေမဲ့ သုံးလေး ခါသေဖူးခဲ့ပြီမို့ “ဗိုလ်မင်းအဘတွေ တိုင်းပြည်ကြီးကို ဘယ်လိုများပြန်လည် ထူထောင်ကြမှာပါလိမ့်”ဆိုတဲ့ သတိသမ္ပဇဉ် လေး ကပ်ပြီး စောင့်ကြည့်မိတဲ့ အချက်ကတော့ထူးခြားချက်လို့ဆိုရမယ်။
ဇာတ်လမ်းကတော့ မသန်းပါပဲခင်ဗျ။နိုင်ငံတော်သစ်ဆီချီတက်ရာမှာလည်း အသွင်ပြောင်းစစ်ဗိုလ်များဟာ၊ဓားပြဗိုလ်တပိုင်းစိတ်ထင်တိုင်း ကြဲပြီးမိုက်ကြေးခွဲသလို စစ်တပ်ကြီးရဲ့အသုံးစားရိတ်ကို တိုင်းပြည်ဘဏ္ဍာတဝက်ကျော်သုံးသတဲ့ဗျာ။ စစ်တပ်အင်အားကို အဓိက ဖြုန်းတီး နေတဲ့ နေရာကတော့ပြည်တွင်းလက်နက်ကိုင်တွေနဲ့ရင်ဆိုင်တဲ့နေရာမှာပါပဲ။ အားမနာစတမ်းပြောရရင် ကျုပ်တို့နိုင်ငံစစ်တပ်ဟာ အိမ်နီးနား ချင်းဘယ်နိုင်ငံကို အနိုင်တိုက်နိုင်တဲ့အင်အားရှိလို့တုန်း။တိတိကျကျပြောရရင် ဘင်္ဂလားဒေ့ရှ် ကိုတောင်နိုင်ဖို့ မသေ ချာလှပါ ဘူး။
ဘယ်မှာလာသေချာပါ့မတုန်း၊ဗမာစစ်တပ်ကိုဗမာလူထုက အယုံအကြည်မှမရှိပေကပဲ။
ဒီနေရာမှာကျုပ်သတိရမိတာကတော့ တရုတ်ပညာရှိကြီးကွန်ဖြူးရှပ်ရဲ့နိုင်ငံတော်နဲ့အစိုးရလုပ်ငန်းဆိုင်ရာအဆိုအမိန့်တစ်ခုပါပဲ။
ကွန်ဖြူး ရှပ်က အစိုးရအတွက်အရေးပါတဲ့ကိစ္စသုံးရပ်ဟာ နိုင်ငံစားနပ်ရိက္ခာဖူလုံမှု၊စစ်လက်နက်ပြည့်စုံမှုနဲ့ အစိုးရအပေါ်ပြည်သူ့ယုံကြည်မှုပဲ လို့ဆိုပါတယ်။အားလုံးကိုမဖြည့်ဆီးနိုင်လို့ တစ်ခုခုကို စွန့်လွှတ်ရမယ်ဆိုရင် ပထမဆုံးစွန့်လွှတ်ရမဲ့ အရာဟာ စစ်လက်နက်ပစ္စည်းတဲ့ ခင်ဗျ။ ဒုတိယစွန့်လွှတ်သင့်တဲ့အရာကတော့ စားနပ်ရိက္ခာဖြစ်ပါသတဲ့။ဘာကြောင့်တုန်းဆိုတော့ ပြည်သူလူထုရဲ့ယုံကြည်မှုဟာ အစိုးရ တစ်ရပ်အတွက် မရှိမဖြစ်လို့ပါတဲ့ဗျာ။ကျုပ်လိုငတုံးတောင်ဒီအချက်ကိုသိနေရင် ဒင်းတို့မသိပဲနေပါ့မလားဗျာ။
(သုံး)
ဒီတော့ ကျုပ်တို့အစိုးရမင်းများ ဘယ်ခြေလှမ်းလှမ်းနေတယ်ဆိုတာ၊ဆင်ခြေရာနဲ့ပြောင်းခင်းတပ်အပ်ဆိုသလို မည်သူမဆို၊အဝေးက ပင်မြင်နေကြရပါပြီ။စစ်တပ်ကြီးစိုးတဲ့ခေတ်တုန်းဆီက စစ်တိုင်းမှူးများဟာ၊နယ်စားပယ်စားပဒေသရာဇ်တွေလို ထင်ရာစိုင်းခဲ့သလိုပဲ၊အခု လက် ရှိပစ္စက္ခအချိန်မှာလည်း ပြည်နယ်တိုင်းဝန်ကြီးချုပ်တချို့ဟာ ရုံးတစ်ရုံးဓားတစ်စင်းထင်တိုင်းကြဲနေတုန်းပါပဲဗျာ။
မြင်သာ အောင်တည့်တည့်ထောက်ပြရရင် ရန်ကုန်မြို့ကို ဒလဖက်ဆီတိုးချဲ့မဲ့စီမံကိန်းကိုသာကြည့်ကြပါလေတော့။ ဘယ်လောက်များ လျှို့ဝှက်သိုသိပ်ခဲ့သလဲဆိုရင် ဒီမိုကရေစနစ်ကျင့်သုံးနေပါတဲ့အချိန်ကြီးမှာ၊အဲဒီမဟာစီမံကိန်းကြီးအကြောင်း လွှတ်တော်ကတောင် မသိလိုက်ပါဘူးတဲ့ခင်ဗျာ။ဟစ်တဲ့လေသံကတော့ တိုင်းပြည်ဖွံ့ဖြိုးရေး၊မြို့တော်ကြီး စည်ပင်စိုပြေလာရေးဆိုတဲ့ ထူးမခြားနားလေသံပါပဲ။ တကယ့်လက်တွေ့မှာတော့ အများသိတော်မူပြီးဖြစ်ကြတဲ့အတိုင်း တရုတ်လက်သိပ် ထိုး၊မဲပြာပုဆိုး အစီအမံ ဖြစ်နေပါရောလားဗျာ။
အေးလေ၊အစိုးရမင်းများရာထူးအသီးသီးခွဲဝေယူကြကတည်းက “တိုင်းပြည်ဖွံ့ဖြိုးစေရမဟဲ့”ဆိုတဲ့ စိတ်ကောင်းစေတနာမှ မရှိကြတာ ကလား။ ရမ်းသမ်း ပြီး စွပ်စွဲတာမဟုတ်ရပေါင်ဗျာ။အစိုးရအဖွဲ့တက်လာပြီဆိုကတည်းက ဝန်မင်းများရဲ့ဓနဥစ္စာကြွယ်ဝမှုကို စာရင်းလေး တို့ထားပြီး ရာထူးသက်တမ်းကုန်တဲ့အခါ၊ပြန်စိစစ်ကြည့်ဖို့ တင်တဲ့အဆိုဟာ လွှတ်တော်မှာ ခွက်ခွက်လန်အောင်ရှုံးခဲ့ပါပြီ ကော။ ဒီအချက်ကိုကြည့်ရင် စစ်ဗိုလ်တဖြစ်လဲဝန်မင်း၊စစ်ဗိုလ်တွေရဲ့သြဇာနည်းနာကို၊တနည်းနည်းနဲ့၊မလွန်ဆန်နိုင်တဲ့အရပ်သားဝန်မင်းတွေဟာ ရာထူးကိုအသုံးချပြီး စီးပွားရှာချင် ရှာနိုင်တယ်ဆိုတဲ့ အကျင့်ပျက်လိုင်စင်ချပေးထားသလိုဖြစ်မနေဘူးလားဗျာ။ဝန်မင်းများကတော့ ရှက်ရကောင်းမှန်းတောင် သိကြဟန်မတူ ပါဘူး။
အဗ္ဗဒူကလမ်ဆိုသူပုဂ္ဂိုလ်ကြီးဟာ (၂၀၀၇)ခုနှစ်မှာ အိန္ဒိယသမ္မတကြီးအဖြစ်ကနေ အနားယူသွားတဲ့အချိန်မှာ သမ္မရာထူး လက်ခံစဉ်က၊ပါလာခဲ့တဲ့ စာအုပ်သေတ္တာနှစ်လုံးကို ဆွဲပြီး သမ္မတအိမ်တော်ကနေ ပြန်လည် ထွက်ခွာခဲ့တာကို ဗမာအစိုးရမင်းများ အတုယူ ရကောင်းမှန်းမှ၊သိပါလေစ။
နိုင်ငံတစ်ကာကုန်သွယ်မှုတွေလုပ်နေတဲ့ ကျုပ်မိတ်ဆွေတစ်ယောက်ရဲ့မှတ်ချက်ကတော့ မှတ်သားစရာကောင်းလှပါတယ်။ဗီယက်နမ် လည်းဗမာပြည်လို ပြုပြင်ပြောင်းလဲရေးလုပ်နေတာပါပဲတဲ့။ဒါပေမဲ့ ဗီယက်နမ်နဲ့ ဗမာကွာတဲ့အချက်ကတော့ ဗီယက်နမ်ဟာ၊လုပ်ပိုင်ခွင့်ကို အာဏာရှင် ဆန်ဆန်ချုပ်ကိုင်မထားပဲ တတ်သိပညာရှင်တွေရဲ့သဘောအတိုင်း ဆုံးဖြတ်လုပ်ကိုင်ခွင့်ရှိခြင်းပဲတဲ့ဗျာ။ ပိုပြီးမှတ်သား စရာကောင်းတာကတော့ လာဘ်ပေးလာဘ်ယူကိစ္စမှာ၊ဗမာက ဘယ်ပန်းချီရေးမမီအောင်ကို ဗီယက်နမ်ထက်သာလွန်ပြောင် မြောက်ပါသတဲ့။
(လေး)
တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာ အသက်တမျှအရေးပါလှတဲ့ဘဏ်စနစ်ကိုပြန်ကြည့်ကြအုံးစို့ရဲ့ဗျာ။ဗမာပြည်မှာ ထိန်းမရ သိမ်းမရဖြစ် နေတဲ့အိမ်မြေဈေးအဆမတန်ကြီးမြင့်နေခြင်းဟာ ဘဏ်စနစ်ဖရိုဖရဲဖြစ်နေခြင်းမှာအရင်းခံပါတယ်။ကျုပ်သိသမျှ အိမ်မြေဈေး ကွက်မှာ ခြယ်လှယ်နေတဲ့ဗမာသူဌေးတွေကတော့၊မူးယစ်ဆေးဝါးအပါအဝင်တရားမဝင်နည်းလမ်းနဲ့ရလာတဲ့ငွေမဲတွေကို အိမ်မြေဈေးကွက်မှာ ခဝါချတယ်။ မြေကွက်ဝယ်လိုက်၊ဘဏ်မှာအပေါင်ထား ငွေထုတ်လိုက်၊မြေကွက်သစ်ထပ်ဝယ်လိုက် နဲ့အလုပ် ဖြစ်နေကြတာပါပဲ။
အချိန်တိုအတွင်း မှာ အဆမတန်ဈေးမြင့်လာတာကြောင့် ဂျာအေးသူ့အမေရိုက်တဲ့ဇာတ်လမ်းဖြစ်လာပါရော။ သိန်းတစ်သောင်း တန်တဲ့မြေကွက်ကိုဝယ်ပြီး ဘဏ်မှာ ခုနစ်ထောင်နဲ့ပေါင်တယ်။ တနှစ်ကြာတော့ မြေကွက်ဈေးက နှစ်သောင်းဖြစ် လာတယ်။ ဘဏ်မှာ ချေးငွေပြန်တင်တော့ တစ်သောင်းလေးထောင်ရတယ်။ ဆက်ဝယ်ဆက်မြတ်၊ အမြတ်သံသရာလည်ပြီးဆင်းရဲသားတွေ၊ နေစရာတဲ စုတ်မရှိလောက်အောင် ငုတ်တုတ် မေ့ကုန်တော့တာပါပဲ။
ဗမာဘဏ်သူဌေးတွေတည်ထောင်ထားတဲ့ ဗမာဘဏ်တွေမှာ ဘဏ်လုပ်ငန်းကျွမ်းကျင်တဲ့ ပညာရှင်ဘယ်နှစ်ယောက်များရှိပါလိမ့်။ ဘဏ် အများစုဟာအငြိမ်းစားဘဏ်အရာရှိဟောင်းများနဲ့ ကျားကန်ထားကြပုံရပါတယ်။ခေတ်ဆိုးခေတ်ကြပ်ကြီးထဲမှာ ကြိုးနီစနစ်နဲ့ ခေါက်ရိုး ကျိုးခဲ့တဲ့ အစိုးရဝန်ထမ်းဟောင်း ဘဏ်အရာရှိတွေဟာ အခုလို ခေတ်ပြောင်းချိန်မှာ တကယ်တမ်းအသုံးတည့်ပါ့မလား။တကယ်တော့ နိုင်ငံတစ်ကာအဆင့်မီ ပညာရှင်တွေခန့်ထားတယ်ဆိုရင်တောင် မပြည့်စုံသေးပါဘူး။
လွတ်လပ်စွာ ဆင်ခြင်ပိုင်းခြား ဆုံးဖြတ်နိုင်တဲ့ အတွေ့အကြုံတွေအများကြီးလိုပါတယ်။ဆိုလိုချင်တာက ဘဏ်လုပ်ငန်းပညာရပ်မှာ ထိပ်ထိပ်ကြဲထူးချွန်ပြောင်မြောက်လှ ပါချည့်ရဲ့ ဆိုတဲ့၊နိုင်ငံတကာအဆင့်မီဘဏ်ပညာရှင်တွေတောင် နေ့စဉ်ဘဝမှာနာရီပိုင်းနဲ့အမျှ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရလို့ပါပဲ။
လာအပ်တဲ့ငွေလေးလက်ခံလိုက်၊ပြန်ထုတ်ပေးလိုက်၊ငွေထုတ်ချေးလိုက်၊အတိုးလေးယူလိုက် ဆိုတဲ့အလုပ်မျိုးကတော့ လွန်ခဲ့တဲ့နှစ် ပေါင်း တစ်ရာကျော်လောက်က၊ ချစ်တီးတွေတောင်လုပ်တတ်ပါရဲ့ဗျာ။
ဘဏ်ဝန်ထမ်းဟောင်းအရာရှိတွေကို အထင်အမြင်သေးခြင်း မဟုတ် ရပါဘူး။ သူတို့ဟာ ခြေစွမ်းရှိသလောက်၊ ကစားနိုင်တဲ့အခြေ အနေရှိရဲ့လား။ ထားစရာမရှိတဲ့သူဌေး တွေထင်ရာစိုင်းနေတာ၊ ငွေမဲကို ငွေဖြူလုပ်တာလောက်ကိုသာ၊ဗိုလ်ချုပ်ဟောင်းများရဲ့တရားမဝင်ဓနဥစ္စာတွေကို လုပ်ထုံးလုပ်နည်းနဲ့ညီအောင် လူမိုက်အားပေး လုပ်နေ ကြရလေရော့သလား။ဘဏ်စနစ်ရဲ့အရေး ကြီးပုံကိုတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူတွေ တကယ်တမ်း သိနားလည်ကြ ရဲ့လား။ နိုင်ငံ တကာ ချေးငွေ အတိုးနှုန်းကိုတောင် နားလည်ကြ ရဲ့လား။သိချင်စမ်းပါဘိ။
(ငါး)
တနိုင်ငံလုံးလျှပ်စစ်မီးလင်းဖို့၊ကျုပ်တို့ခေတ်အဆက်ဆက်လည်တဆန့်ဆန့်၊မျှော်ခဲ့ကြပေမဲ့ စစ်အစိုးရအဆက်ဆက် ဘယ်ဆည်ကြီး ဆောက်နေပြီ၊ ဘယ်လောက်မီဂါဝပ်ဘယ်တိုင်းဘယ်ပြည်နယ်ကိုဖြန့်မယ်ဆိုတဲ့ မစားရဝခမန်းသတင်းတွေနဲ့တင်နိဌိတံသွားခဲ့တာ အခုအစိုးရသစ် လက်ထက်မှာလည်း ထို့နည်းလည်းကောင်းပါပဲ။တစ်နိုင်ငံလုံးမီးလင်းဖို့မဆိုထားနဲ့။မြို့ကြီးတွေမှာတောင်အခုချိန်အထိ ပုံမှန်မီးမလင်းသေး ပါဘူးဗျာ။ နေပြည်တော်ကတော့ ခြွင်းချက်ဆိုပါတော့။မီးပြတ်တာ ၊ အင်တာနက်ပြတ်တာ နှေးတာကို မိုးကြိုးပစ်လို့ ၊ ဆည်ရေနည်းလို့ ၊ ဆည်ရေကြီးလို့ ၊ ရေအောက် ကေဘယ်ကြိုး ခိုက်မိလို့ ၊ ဓာတ်တိုင် ခွေးသေးပန်းသွားလို့ ၊ ဓာတ်ငွေ့ ပိုက် ကြွက်ကိုက် သွားလို့ စသဖြင့် ပါးစပ်ထဲတွေ့တဲ့ဆင်ခြေတွေပေးနေကြတုန်းပါပဲဗျာ။
စင်္ကာပူမှာနေတဲ့ ကျုပ်မိတ်ဆွေတစ်ယောက်သူ့လုပ်ဖော်ကိုင်ဖက် စင်္ကာပူအင်ဂျင်နီယာတစ်ယောက်နဲ့ဆုံမိကြတုန်း စင်္ကာပူမှာ မီးမ ပြတ်တာကို နှုတ်ကဖွင့်ဟပြီးချီးကျူးမိသတဲ့။ဒီတော့ စင်္ကာပူအင်ဂျင်နီယာက လျှပ်စစ်မီးဟာပြတ်တတ်ပါတယ်၊ပြတ်တာကို သုံးစွဲသူ တွေမသိလိုက် တာပါတဲ့ဗျာ။လျှပ်စစ်ဆိုတာဓာတ်ကြိုးထဲမှာ အမြဲရှိနေရမဲ့အရာမို့၊ခဏခဏပျက်နေတဲ့ ကုမ္ပဏီက လျှပ်စစ်ဓာတ်အားကို ဘယ်သကောင့်သားသုံးစွဲသူက ဝယ်သုံးမှာတုန်းတဲ့။ဒါကြောင့် လျှပ်စစ်ဝန်ဆောင်မှုပေးပြီဆိုတာနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက် သွားရင်၊ ဒုတိယနည်းလမ်းနဲ့ဘယ်လိုဆက်ပေးမယ်။တတိယနည်းလမ်းကိုဘယ်လိုသုံးမယ်ဆိုတာတွေ အဆင့်သင့်ကြိုတင်ပြင်ဆင် ထားရတာမျိုး လို့ဆိုပါတယ်။
ပထမနည်းလမ်းပြတ်တောက်သွားတာနဲ့ အခြားနည်းလမ်းတွေက မိုက်ခရိုစက္ကန့်ပိုင်းအတွင်း၊ချက်ချင်း ဆိုသလို ချိတ်ဆက်မိအောင်စီစဉ်ထားပြီးဖြစ်ပါသတဲ့။လျှပ်စစ်ဓာတ်အားလိုင်းကို မဖြစ်မနေအကြီးစားပြင်ဆင်ရမယ်ဆိုရင်တော့ သုံးစွဲသူတွေကို ကြိုတင်အသိပေးတောင်းပန်ရမယ်ဆိုပါတယ်။ဒါလည်း အလွန်တိုတောင်းတဲ့နာရီပိုင်းမျှသာပါပဲတဲ့။
ဒီတော့ ကျုပ်ရဲ့ဗမာမိတ်ဆွေက “တို့တိုင်းတို့ပြည်မှာ လျှပ်စစ်မီးမလုံလောက်တော့အလှည့်ကျပေးတယ်။ မြို့သစ်တွေတိုးချဲ့ လာ၊လူဦး ရေနဲ့ လျှပ်စစ်သုံးစွဲမှု အဆမတန်ကွာဟလာတော့ လျှပ်စစ်ဓာတ်အားမလုံမလောက်ဖြစ်လာရပါတယ်” လို့လည်း ဆင်ခြေတက် လိုက်ရော၊ စင်္ကာပူလျှပ်စစ်အင်ဂျင်နီယာမှတ်ချက်ပြုလိုက်တဲ့စကားက ဒါဟာလျှပ်စစ်မီးပြဿနာမဟုတ်ပဲ စီမံအုပ်ချုပ်မှု ကွင်းဆက် ပြတ်ခြင်း၊ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုအမှားပါတဲ့ဗျာ။အခုလတ်တလောကာလမှာတင် ဓာတ်လိုက်ပြီး မရှုမလှသေကြရတဲ့ ကိစ္စရပ် အပေါ် လျှပ်စစ်ဌာနတာဝန်ရှိသူရဲ့ မိန့်ကြားချက်ကတော့ ဓာတ်လိုက်မခံရအောင်၊ဓာတ်ကြိုးကိုကြည့်ရှောင်ကြပါတဲ့ခင်ဗျ။
(ခုနစ်)
လက်ကိုင်တယ်လီဖုန်းကိစ္စကိုကြည့်အုံးမလား။ခေတ်ဟောင်းဆီကဆို ဆင်းကဒ်တစ်ကဒ်ရဲ့တန်ဖိုးဟာ ထိုင်းလိုအိမ်နီးနားချင်းနိုင်ငံမှာ တစ် ပတ်ရစ်ကားတစ်စီးဖိုးဖြစ်နေခဲ့လေရဲ့ဗျာ။ခေတ်သစ်ကိုပြောင်းပြီဆိုတော့ ပြည်တွင်းကုမ္ပဏီတစ်ခုကနေ ဆင်းကဒ်တစ် ကဒ်ကို ကျပ်ငါးထောင်နဲ့ရောင်းနိုင်အောင်စီမံပေးပါ့မယ်ဆိုတော့ ဆက်သွယ်ရေးတာဝန်ရှိသူများရဲ့ ရွှေဥာဏ်တော်ထက်မြက်စွာ၊ တုန့်ပြန်ပုံ ကတော့ မဖြစ်နိုင်ဘူးပါတဲ့ခင်ဗျ။
မကြာပါဘူး။နှစ်နှစ်ဝန်းကျင်လောက်နေတော့ ပြည်ပဆက်သွယ်ရေးကုမ္ပဏီတွေကို လိုင်စင်ချပေးလိုက် တော့ ဆင်းကဒ်တန်ဖိုးက ကျပ်တစ်ထောင့်ငါးရာဖြစ်လာတော့မဲ့ဆဲဆဲအချိန်မှာတောင် လိုင်စင်ကိုအချိန်မီချမပေးပဲ ညစ်လို့ရ သလောက်ညစ် လိုက်သေးဗျာ။နောက်ဆုံးတော့သူတို့လည်း တစ်ကဒ်ထောင့်ငါးရာပဲဆိုပြီး အရူးကွက်နင်းပြန်ရော။ အစိုးရမင်းများ ရိုင်းစိုင်းယုတ်မာချက်ကတော့ လက်ကိုင်တယ်လီဖုန်းခေါင်းစဉ်နဲ့လူထုကို နှစ်ပေါင်းများစွာ ဂုတ်သွေးစုတ်ခဲ့တာဟာ ဘယ်နိုင်ငံဘယ်လူမျိုး ကမှ၊တုနှိုင်းမမီအောင်ပါပဲဗျာ။ညံ့ချက်တွေကို ရှေ့ဆက်ရရင်တော့ ပြောမဆုံးပေါင်တောသုံးထောင်ပါမို့၊ရပ်မယ်ကြံကာရှိသေး မူးယစ် ဆေးဝါးတိုက်ဖျက်ရေးမှာ ဗမာပြည်ဟာ ပူးပေါင်း ဆောင်ရွက်မှုမရှိဆုံးနိုင်ငံဖြစ်တဲ့အကြောင်းအသံထွက်လာပြန်ပါပြီ။
တိုတိုပြောရရင်တော့ အစိုးရအဖွဲ့အဓိကတာဝန်ရှိသူတွေအနေနဲ့ မတော်လောဘတိုက်ပြီး၊တိုင်းပြည်အပေါ်ထားတဲ့စေတနာမမှန်ပဲ တိုင်းပြည်ကိုဘယ်လိုလုပ် ပြန်လည်ထူထောင်ကြပါ့မတုန်း။ဗမာပြည်ကို ဦးဆောင်သွားခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ဦးနုတို့လို ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်ဘဏ္ဍာကိုတစိုးတစိမှမထိခဲ့ကြ၊ ရာထူး အာဏာကိုကိုယ်ကျိုးအတွက် မသုံးခဲ့ကြဘူးလို့ ချစ်သူမုန်းသူအားလုံးက အသိအ မှတ်ပြုလက်ခံကြပါတယ်။
အခုတော့ဗျာ။မိုးကျရွှေကိုယ်စစ်ဗိုလ်ဟောင်းတွေဟာ၊ မဆီမဆိုင်မတန်မရာနေရာတွေရ၊ ပြည်သူ့ ဝန်ထမ်းဆိုတဲ့ ရာထူးနဲ့ မတန်မရာ သိန်းထောင်ချီတန်တဲ့ကားတွေ၊ သိန်း သောင်းချီတဲ့နေအိမ်ခြံဝင်းကြီးတွေနဲ့ နေနိုင်ကြပြီး ထားစရာ မရှိအောင် ကြွယ် ဝနေကြတာ ဘယ်ဘိုးဘွားအမွေတွေများပါလိမ့်။တိုင်းပြည်ကိုရောင်းစားပြီး ကြီးပွားနေကြတာလို့ပြောပြန်ရင်လည်း အနာပေါ်ဒုတ်ကျ သလိုဖြစ်ကြအုံးမှာမြင်ယောင်သေးဗျာ။
ငါကြီးပွားဖို့၊ငါရာထူးမြဲဖို့၊ ဂွင်သာအမိဂွင်သာအဖ၊ ငါမသေ ငါ့အာဏာမစွန့်စေရဆိုတဲ့ လူစားတွေကြီးစိုးနေတာကြောင့် ကျောမွဲလူတန်း စားတွေခမျာ၊ ယာထဲချောင်းထဲ၊ နေပူစပ်ခါးမှာတစ်နေကုန်ခါးချိအောင်လုပ်၊မိတကွဲဖတကွဲ၊မိသားစုကိုစွန့်ခွာပြီးပြည်ပထွက် ကျွန်ခံရင်း သေလောက်အောင်လုပ်ရင်တောင် ဗမာပြည်မှာအိမ်တစ်လုံးပိုင်စရာလမ်းမမြင်တော့တဲ့ အခြေအနေမှာ အစိုးရမင်းများကို ကျုပ်ဘယ် လိုလုပ်ယုံနိုင်ပါတော့မတုန်း။
သမ္မတကြီးဟာ စိတ်ရင်းကောင်းတယ်ဆိုတာ ကျုပ်အငြင်းမပွားလိုပေမဲ့ စောရလက်သစ်အများစုနေရာရနေတဲ့ လက်ရှိအစိုးရ အဖွဲ့အနေနဲ့ တိုင်းပြည် ကိုပြန်လည်ထူထောင်ဖို့ဆိုတာ တောင်ထိပ်ကြာပေါက်အနောက်အရပ်ကနေထွက်တာတောင် ရေးရေး
ဘယ်သို့ မမြင်ပါပဲဗျာ။
လူဆိုတာအမှားမကင်းတာမို့ မှားခဲ့ပြီးတာ အပြစ်မဆိုချင်တော့ပေမဲ့၊အမှားတွေတသီတတန်းကြီးကို ဗြောင်ကျကျ မျက်နှာပြောင်တိုက်ပြီးမှင်သေသေအလိမ်ဇာတ်ဆက်ခင်းနေတဲ့ လက်ရှိအစိုးရမင်းများအနေနဲ့ လာမဲ့(၂၀၁၅)ရွေးကောက်ပွဲမှာ သူတို့ကို မဲပေးဖို့ ကျုပ်ကိုများ မျက်နှာချင်းဆိုင်လာစည်းရုံးခဲ့ရင်၊၊ကျုပ်ကတော့ကိုယ့်ရင်ဘတ်ကို၊လက်သီးနဲ့ကိုယ်နာနာထုပြီး
“သြော်..၊ အဘတို့ က ဗမာပြည်ရဲ့ ခေတ်သစ်ကိုထူထောင်ကြဦးမတဲ့လား”လို့၊ဒင်းတို့မျက်နှာကိုစေ့စေ့ကြည့်ရင်း ဒက်ကနဲမေးလိုက်စမ်းချင်ပါရဲ့။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...