Saturday, October 25, 2014

"ဝမ်းနည်းမှတ်တမ်း”

“နေကောင်းတယ်နော်။ ဟဲ ဟဲ။ကျွန်တော် မောင်ပါကြီးပါ။ ဒါ ကျွန်တော့်သား သန်းဖေလေ။ တွံတေးသိန်းတန် အသံကလေး နားထောင်ပြီးဝင်လာတာ။ စားလို့ရပြီ ဟုတ်လား။ စားမယ်နော်။”

          အရင်တုန်းကတော့ ရုပ်ရှင်ထဲက ဖိုးပါကြီး နဲ့ သန်းဖေလေးတို့ အလှူတကာလိုက်စားတဲ့ အခန်းကလေး တွေးမိရင် စိတ်ထဲက သဘောကျပြီး ရယ်လို့မဆုံးဘူး။ ကိုယ်တိုင်လည်းအလှူ မင်္ဂလာဆောင် ဖလာကျိတ်ပြီး ကုန်းဆင်းတဲ့အခါတိုင်း “ကျွန်တော် မောင်ပါကြီးပါ။” လို့ပဲနှုတ်ဆက်တယ်။ အနောက်က လိုက်လာတဲ့သူ ရှိရင် ကျွန်တော့်သား သန်းဖေ ဖြစ်ပြီသာမှတ်။ အခုတော့“မောင်ပါကြီး” အသံနားထဲမှာ အခါခါ ကြားလျက်သားနဲ့ စိတ်ထဲမှာ မရယ်နိုင်ဘူး။ ငိုချင်လာတယ်။ အမယ် သူက သူများ ပါကြီးတာနဲ့ လိုက်ပါကြီးနေတယ်။ သူဖြင့် ပါကြီး အထီးမှန်းအမမှန်းတောင်သိတာ မဟုတ်ပဲနဲ့။ ဟိုတခါ အိုအိုင်စီက ခေါင်းမြီးခြုံကြီးတွေကို “ငိုချင်းသည်မ မရွှေလှ”လို့ ခနဲ့ဖူးတဲ့ ဝဋ်တွေလည်ကုန်ပြီ။ အဲ့လိုတော့လည်း မဖြစ်သေးပါဘူး။ ငိုမယ့်ငိုမှတော့ဘယ်သူဘယ်ဝါ ဘယ်ရောဂါနဲ့ မရဏာမင်းနောက်သို့ လှမ်းလေတယ် ရေရေရာရာ သိပြီးမှ အော်ဟစ်ပစ်ခတ်ငိုမှာပေါ့။ ငိုတာတော့ ငိုရမှာပဲ။
ဒါ ရယ်စရာ မဟုတ်ဘူး။ ငိုကိုငိုရမယ့် ကိစ္စ။ ငိုလို့မရသေးဘူးလား။စာသာဆုံးအောင် ဆက်ဖတ်။ မျက်ရည်တောက်တောက်ကျလာအောင်ကို ရေးပစ်လိုက်ဦးမယ်။ ရော့ တစ်သျှူးးလေးဆောင်ထား။

          ပထမဦးဆုံး ကိုပါကြီးအကြောင်း ကြားဖူးလိုက်တုန်းက မတရားသဖြင့်အဖမ်းခံရတဲ့ သတင်းထောက်လူငယ်ကလေးတဲ့။ ဘယ်ခေါ်သွားမှန်းမသိဘူး။ အဆက်အသွယ်လည်း မရဘူး။ဖမ်းသွားတဲ့လူကိုယ်တိုင်က သိဘူးလေ လုပ်နေတယ်ဆိုပဲ။ ဒါများ အဆန်းလုပ်လို့ဟယ်။ မတရားသဖြင့်ပဲဖြစ်ဖြစ်တရားသဖြင့်ပဲဖြစ်ဖြစ် အဖမ်းအဆီးခံရတယ်ဆိုတာ တို့တိုင်းပြည်မှာ ဘာဆန်းသလဲ။ ဆားလေးတစ်ပွင့်နဲ့တော့သမုဒ္ဒရာကြီးလည်း ထူးငန်မသွားပါဘူး။ ဒါပေသိ သူက သေနတ်နဲ့ အပစ်ခံရလို့ သေသွားတယ်ဆိုတဲ့သတင်းတက်လာတော့ လူတွေအားလုံး မျက်စိထဲ ပြေးမြင်ကြတာက အိုင်အက်စ်တွေ အမေရိကန်သတင်းထောက်ကိုလည်လှီးတဲ့ သတင်းမှတ်တမ်းတွေပါ။ ကိုယ်တို့ဆီမှာလည်း စစ်မြေပြင်သတင်းထောက်တွေ အသက်ကိုဖက်နဲ့ထုပ်နေရပြီလားပေါ့။ ဂျပန်သတင်းထောက်ကလေးတစ်ယောက် အသတ်ခံရတဲ့ ဓါတ်ပုံလည်း လူတကာမြင်ဖူးထားတာကိုး။ဒါကြီးတော့ မဖြစ်သင့်ဘူးလေ။ တိတိကျကျ ပြောရရင် ထပ်ကာထပ်ကာ မဖြစ်သင့်ဘူး။ အောင်မယ်မင်းအံတကျိတ်ကျိတ် ထိတ်များထိတ်ပါဘိတော့တယ်။ ကိုပါကြီးအတွက် မဖြစ်သင့်ဘူး ဆိုပြီး စစ်တပ်ကိုကလော်တုပ်နေတာ မှတ်မနေနဲ့။ ခင်ဗျားတို့ တပ်မတော်ကြီးအတွက် ပြောနေတာ။ မှတ်သားမိတဲ့ သူများစတေးတပ်စ်ကလေးကိုကူးပြမယ်။ “သတင်းထောက် တစ်ယောက်ကို သေနတ်နဲ့ ပစ်လိုက်တယ်။ လူ ငါးသိန်း သေသွားတယ်။”တဲ့။ မှတ်ပလား။

         ထိုးစစ်ရှိရင် ခံစစ်လည်း ရှိရမှာပေါ့လေ။ ကိုပါကြီးကို သတင်းထောက်ပါဆိုပြီးပွဲလှန့်ဇမ်းတင် လုပ်ချင်သူတွေအတွက် သူတို့ဘက်မှာ စံနစ်တကျ လေ့ကျင့်တာဝန်ပေးအပ်ထားသောဇာနည်မောင်ဘွား စစ်သည်များ ရှိပါတယ်။ ဘယ်သူပြောသလဲ သတင်းထောက်ဆိုတာ။ ဘယ်မလဲ သူ့သတင်းစာတိုက်။ဘယ်မလဲ သူ့သတင်းတွေ။ လူထုအော်သံထဲတောင် မဖတ်ဖူးဘူး။ အစရှိသည်ဖြင့် ခြေခြေမြစ်မြစ် လိုက်လံဖော်ထုတ်ပေးသူများ ပေါ်လာပါတယ်။ မြန်မာအသင်း ဖျက်တယ်ခင်ဗျ။ မရသေးပါဘူးခင်ဗျာ။ ဘောလုံးဟာ တဘက်လူဆီရောက်သွားပါတယ်။ သတင်းထောက်ဆိုတာ စစ်ဗိုလ်သမီး ခရိုနီတွေ အိပ်ထဲထိုင်ရေးမှ သတင်းထောက်လို့ ခေါ်တာ မဟုတ်ဘူးတဲ့။ ဘယ်သူ့လော်ဘီမှ မလုပ်ချင်လို့ အလွတ်တန်းသတင်းထောက်တွေ အများကြီးရှိတယ်။ မသိရင်မှတ်ထားဦး အင်္ဂလိပ်လို Freelance Reporter ဆိုပဲ။ သည့်ထက်ပိုပြီး ခိုင်လုံအောင်ပြောရရင် ပါကြီးက အဖမ်းခံရမှ အသတ်ခံရမှ သတင်းထောက်ကဒ်ပြား ထုတ်ပြတာ မဟုတ်ဘူး။ မြန်မာပိစ်စင်တာကလုပ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် သတင်းယူဖို့ ရှေ့တန်းစစ်မြေပြင်ကို ရောက်နေတာတဲ့။ ကိုင်းဒါဆိုရင်တော့ ရှင်းနေတာပဲဗျာ။ သူပြောတဲ့အတိုင်းမှန်ရင် ဘဘဦးအောင်မင်းဆီက လူတွေ သူ့ကိုသိကိုသိရမှာပေါ့။ တွေ့တဲ့အခါ မေးကြည့်လိုက်လေဗျာ။

          နိုင်ငံရေး နဲ့ ပတ်သက်လာရင် ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကြွယ်သတဲ့။သူ့ဘာသူ အလွတ်တန်း သတင်းထောက် ဟုတ်ချင်ဟုတ်မယ်။ မဟုတ်ချင် မဟုတ်ဘူး။ ကြည့်ချင်သပဆိုဟောသမယ် စစ်ယူနီဖောင်းနဲ့ သူပုန်စစ်တပ်ထဲမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေ ကြည့်တော်မူ။ သူ့နံမယ်ကိုပါကြီး မှ မဟုတ်တာ။ ဗိုလ်ကြီးအောင်နိုင်တဲ့။ KKO တပ်မှာPR ဆက်ရှင်ကို ကိုင်တယ်။ တွေ့လား။ မျက်နှာဖုံး ကွာကျသွားပြီ။ ယူသန် ယူသန်။ လို့ ဂျိမ်းစဘွန်းကားထဲကလိုအလန်းမ်ကြီးမြည်ပြီး ဆွဲစိပလိုက်ပြီ။ ဒီအခါမှာ ကိုယ်လို ဘုမသိ ဘမသိ မြို့ပေါ်နေ တိမ်ညွန့်စားတွေနားဝေတိမ်တောင် ဖြစ်နေမစိုးလို့ သေသေချာချာတောင် ဇာတ်ကြောင်းပြန်ရှာတယ်။ KKO ဆိုတာအရင်က DKBA တွေကို နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းပေးလိုက်တဲ့အခါ နဂိုနံမည်အတိုင်းဆက်မထားတော့ပဲ KKO အဖြစ် ပြောင်းခေါ်တာတဲ့။ (ဒါပေမယ့် KNDA ရော KKO ရော ပါကြီးဟာ သူတို့နဲ့ဘယ်လိုမှ မပတ်သက်ပါဘူးလို့ ငြင်းချက်ထုတ်တာနော်) အဲသည်အရပ်က ပန်းပဲမောင်တင့်တယ်တို့နယ်မြေမှာ အရောင်အသွေးမျိုးစုံနဲ့ လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံရှိတယ်။ အဲဒါကြောင့်မောင်ရင်လေးကိုပါကြီးလည်း မိုးသီးဇွန်တို့နဲ့ ပုလင်းတူဗူးစို့ နေတဲ့ ဓါတ်ပုံတွေပါ တက်လာတယ်။တွေ့ပြီနော်။ သတင်းထောက် သတင်းထောက်ဆိုပြီး ဝိုင်းအာဖို့ မစဉ်းစားနဲ့။ သူက ခင်ဗျားတို့လိုအဖြူထည်ကလေး မဟုတ်ဘူး။ အရောင်အသွေးတွေမှ စုံလို့။ နိုင်ငံရေးသမားတိုင်း နှပ်သုတ်တဲ့လက်နှီးစုတ်ဖြစ်နေပြီ။ ဟုတ်ကဲ့။ မြန်မာအသင်း ပြန်ဖျက်တယ်ခင်ဗျ။ ဒါပေမယ့် လူပေးမှားတယ်ခင်ဗျာ။

         သူတို့က အပုတ်ဖော်ချင်လို့ မောင်ပါကြီးကို မယ်မယ်ဖျားနဲ့ တွဲပြီးဓါတ်ပုံတွေ တင်တာပါ။ ဒါပေမယ့်လည်း ကိုယ်တွေက အဲသည်အချိန်ကျတော့မှ မောင်ပါကြီးဟာ မနေ့တနေ့ကမှနေစရာ စားစရာ မရှိလို့ နိုင်ငံရေးလုပ်စားနေတဲ့ အာဝါဒါးတစ်ယောက် မဟုတ်မှန်း သိသွားတယ်။သူက “သုံးရောင်ခြယ်” ကလေ။ သုံးရောင်ခြယ်ဆိုတာ ဒေါ်စုအနားမှာ ဘယ်သူမှ မရှိခင်ကတည်းက သူ့ခြံထဲသွားနေပြီးအနီးကပ် လုံခြုံရေးစောင့်ရှောက်ပေးတဲ့ အိုးပစ်အိမ်ပစ် အမေချစ်သူ ကျောင်းသားလူငယ်တွေထဲကလာတယ်။သူတို့ထဲမှာ ပါတီထောင်မယ့်သူ မပါဘူး။ နိုင်ငံရေး လုပ်စားမယ့်သူ မပါဘူး။ သူတို့အမေလုံခြုံရေးကို စိတ်မချလို့ ထောင်မကြောက် တန်းမကြောက် အမေ့နောက် တကောက်ကောက် လိုက်နေသူတွေ။သူက မိုးသီးဇွန်နဲ့ တောထဲမှာ တော်တော်ရင်းနှီးတယ်။ ABSDF နဲ့လည်း ရောရောထွေးထွေး။ ဒါနဲ့များတောင်ဟော်လန်မရောက်၊ ဒီဗီမပေါက်၊ ပိစ်စင်တာတောင် ရောက်မသွားသေးဘူးဆိုတော့ ၂၀၁၀တုန်းက “ကျွန်တော်ကျောင်းသားခေါင်းဆောင် လုပ်ခဲ့ဖူးပါတယ်” လို့ စီဗီထဲလိမ်ဖြည့်ပြီး ဝင်အရွေးခံခဲ့တဲ့သူတွေနဲ့စာရင်အများကြီးကို အထင်ကြီးလေးစားမိသွားပါတယ်။ သူတို့သရုပ်ဖော်သလို သာရာစီးပြီး သူပုန်တောထဲမှာလုပ်စားနေတဲ့ နိုင်ငံရေးသမား အရှုပ်ထုပ်တစ်ယေက်လို့ မမြင်နိုင်ပဲ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ(Activist) တစ်ယောက် အဖြစ်သာ မြင်မိပါတယ်။

          ဘုမသိဘမသိ ရမ်းသမ်းမငိုချင်လို့ မောင်ပါကြီးကို ဘူလေးလဲလို့ လိုက်စုံစမ်းမိပါတယ်။သပွတ်အူကို လိုက်နေတာပဲ။ သူကဘာလဲဆိုတာ သူနဲ့ ဘယ်လို ပတ်သက်ခဲ့ဖူးသလဲ ဆိုတဲ့အပေါ်မှာတည်ပါတယ်။ သူ့မိန်းမအတွက်တော့ သူဟာ ချစ်ဦးကိုကို ဖြစ်ချင်ဖြစ်မှာပေါ့။ (အမည်တူရှိကခွင့်လွှတ်ရန်) သူ့ကလေးတွေအတွက်ဆို မွေးသဖခင်။ တို့မေကြီးအတွက်က သားငယ်လေး။ ထားပါတော့KKO က ဗိုလ်ကြီး။ ကိုမိုးသီးအတွက်က သယ်ရင်း။ကိုဟိုဒင်းတွေ အားလုံးကတော့ ငါမင်းကို သတ်ချင်တယ် ဖြစ်နေတာ ဘယ်လိုအကြောင်းတွေများ ရှိလို့ပါလိမ့်။ဒါနဲ့ပဲ လက်လှမ်းမီသမျှ သတင်းထောက်ပါကြီးအကြောင်းကို သတင်းထောက်ရပြန်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်တပတ်ပတ်ပြီး သူများရေးသမျှ သစ်ထူးလွင်၊ အေးချမ်းမွန် လုပ်ခဲ့တယ်တော့ မထင်နဲ့နော်။ သူ့ကိုဖမ်းသွားတာကျိုက်မရောမှာပါ။ တိတိကျကျ သိချင် သူ့မိန်းမကိုမေး။ သက်သေတွေ ရှိသတဲ့။ (သနားပါတယ်။သူ့ခမျာ သေတာကျ သက်သေမှ မရှိတာ။ ဘယ်လိုလုပ် ယုံမတုန်း။) သူဘာဖြစ်သွားသလဲဆိုရင်တော့အလွယ်ဆုံးပြောရရင် ဆွမ်းခံရင်း ငှက်သင့်တယ် လို့ပဲ ပြောရမယ်။

           ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ဘဘစိန်အောင်မင်းကြီးက “စီးပွားရေးရယ်ကြီးပွားရေးရယ် သမီးရီးစားအရေးလည်း အောင်ပါစေ။” ဆို ပွဲသိမ်းမလို့ ခါးပုံစကလေး ပြင်ရုံရှိသေးKNU အဖွဲ့သားများက “ကန့်လန့်ကာကြီးရယ် နေပါဦး ကလို့ ကောင်းနေတုန်း။” ဆို ကန့်လန့်ထတိုက်ပလိုက်တာတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကြီးက လက်မှတ်ထိုးကာနီးမှာ ဟတ်ကော့ကြီး ဖြစ်သွားတယ်။သတိုးအရူးပေါင်းလည်း မနည်းတော့ဘူး။ ခုထက်ထိလည်း သောင်ပြင်ပေါ်က သစ္စာပြုပွဲကြီးကလည်းပြင်လို့ကို မပြီးနိုင်သေးပဲကိုး။ ဇွဲတော့ မလျှော့ပါဘူး။ ဆယ်ခါပြိုရင် ဆယ်ခါပြန်ဆောက်ရုံပ။အဲသလိုနဲ့ ကရင်နယ်စပ်ပတ်ဝန်းကျင်မှာ သူတို့ပြောသလို အောက်ခြေမှာ ထိတွေ့မှု အနည်းငယ်နဲ့အထက်ပိုင်းမှာ ဆွေးနွေးမှု ခပ်စိပ်စိပ်ကလေး သက်ဝင်လှုပ်ရှားလာကြတယ်။ မြဝတီကလူတွေတင်တဲ့စတေးတပ်စ်တွေမှာ ဒိုင်းဒုန်းဒိန်းသံ ရွာလုံးညံသည် မိုးယံပဲ့တင်ထပ်သတည်း တို့ ဘာတို့တွေ့လိုက်တယ်။ အဲသည်ဘက်က ဗုံးဆန်မှန်တဲ့ လွှဲလူနာတချို့ ကိုယ့်ဆေးရုံကို ရောက်လာတယ်။အဲသည်ကာလအတွင်းမှာ ကရင်လက်နက်ကိုင်အချင်းချင်း အကျိတ်အနယ် ညှိနှိုင်းဆွေးနွေးနေကြတာသတင်းတွေထဲဖတ်ရတယ်။ အဲသည်သတင်းတွေကို အဲသည်အချိန်ကြီး ရအောင်လိုက်နိုင်တာ ပါကြီးလိုလူတွေပဲရှိလိမ့်မယ်။ ဒါကြောင့် ပါကြီးသတင်းယူဖို့ အဲသည်နေရာရောက်နေတာ သူ့ဘက်က အမှား မဟုတ်ဘူး။

           ဒါပေသိ ငြိမ်းချမ်းရေးလာဆွေးနွေးတဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေဟာမြို့ပေါ်ဝင်ရင် လက်နက်တွေ သယ်လာလို့မရဘူး။ တနေရာရာမှာ ထားခဲ့ရမှာပဲ။ ထားခဲ့တဲ့ လက်နက်တွေကိုသတင်းပေးတဲ့သူကပေး၊ သွားသိမ်းတဲ့သူကသိမ်း၊ ထိတွေ့မှုဖြစ်၊ ဆုတ်ခွာ၊ အရီးညွန့်တွေ ထွန်းညွန့်တွေအပြီးမှာအဲသည်လက်နက်တွေ ဘယ်ရောက်သွားမှန်းမသိဘူးတဲ့။ (ကြားတဲ့အတိုင်းပြောတာနော်။ ယုံချင်ယုံမယုံချင်နေ) ကံဆိုးသူ မောင်ပါကြီးခမျာ အဲသည်အချိန် အဲသည်နေရာမှာ မသင်္ကာဖွယ်ရာ အဖမ်းခံရပါသတဲ့။မယ်သီတာ စည်းအပြင်ထွက် ဆွမ်းလောင်းမိသလိုပါပဲ။ ပါကြီးခမျာ ကာလုံရဲ့နယ်ထဲကို ကျွံသွားတယ်။နောက်လထဲကျရင် မေကြီးကားက လူညိုထွားကြီးလာမယ်။ အိုင်အက်စ်ကလူတွေက အတိအလင်း ခြိမ်းခြောက်ထားတယ်။တောင်ကြီးမှာ ဗုံးတွေမိတယ်။ သည်လက်နက်တွေ ပြန်ရှာမတွေ့ရင် သိပ်အန္တရာယ်ကြီးတယ်။ ပါကြီးကိုခေါ်ပြီး“ကျွန်မကိုချစ်တာ ဘယ်သူတဲ့လဲ။” လို့ မရမချင်း မေးရင် ပါကြီးလည်း “အချစ်ရှုံးသမား ဒသဂီရိ” လို့ပဲဖြေစရာ ရှိမယ် ထင်ပါတယ်။ နို့ သိမှ သိပဲကို။ ဘဝဆိုတာ ဗီဒီယိုအခွေတစ်ခွေလို Pause နှိပ်ထားလို့ရရင်ပါကြီးဇာတ်လမ်းကိုလည်း အဲသည်အနားမှာတင် ရပ်ထားလိုက်ချင်ပါရဲ့ကွယ်။

          “နင်က အဲသလောက်တောင် အစုံအစိ အကုန်သိလုပ်နေရအောင် နတ်ကတော်ကြီးလားဟင်။လေချွန်နတ်နဲ့ ပါကြီးခေါ်ပြီး မေးရင်တောင် နင့်လောက် သိမှာ မဟုတ်ဘူး။”   လို့ ပြောမယ့်သူတွေ အသင့်ရှိတယ်ဗျ။ “သိဘူး။ သိဘူး။မို့ ဘာမှ သိဘူး။ သူများလာပြောတာလေးတွေကိုပဲ အရင်းတိုင်း ဖောက်သည်ချတာ။ သွားမယ်နော်။အာ့လာပြောတာ။”  လို့ပဲ ပြန်ပြောရမှာပဲ။ အပေါ်ကအထိပြောလာခဲ့သမျှက အခင်းအကျင်း၊ အဲသည်နောက်မှာ မီးပြတ်သွားတယ် လို့ သဘောထား။ ဟော မီး ပြန်လာပြီ။ကြားထဲမှာ ဘာတွေ ဖြစ်တယ် မသိ။ ပါကြီးတော့ သေနေပြီ။ ဘယ်သူပြောသလဲ။ စစ်တပ်ကပြောတယ်လေ။အသေဖမ်းဆီးရမိတဲ့။ ဘယ်တုန်းကပြောတာလဲ။ တစ်လကြာမှ။ ဘာပြောသွားသေးလဲ။ သူ့မိန်းမကို သနားလို့ထောက်ပံ့ကြေးတောင် ပေးဦးမှာတဲ့။ ဟုတ်လို့လား။ ဘယ်မလဲအလောင်း။ ရှိတော့ဘူးလေ။ ဟယ် အတ်လိုလုပ်လို့ရလား။ရတယ်လေ။ ဒါ မြန်မာပြည်။ ကဲ ရွာစားရေ။ ဗျိုင်းတောင်လေးနဲ့ ပို့စမ်းပါဗျာ။ အခုမှ ငိုချင်းချရတော့မယ့်အခန်းရောက်တယ်။

           စစ်မြေပြင်မှာ လုံခြုံရေးအရ ခေါ်ယူစစ်ဆေးမေးမြန်းတယ်ဆိုတာဥပဒေမဲ့ လုပ်တာ မဟုတ်ဘူး။ တာဝန်အရ ဆောင်ရွက်တာ။ အဲသလို မေးတဲ့မြန်းတဲ့အခါမှာ အမေရိကန်စစ်တပ်ကြီးလည်းမြန်မာစစ်တပ်ကြီးက မေးတဲ့အတိုင်း မေးမှာပဲ။ ဘာသာစကားပဲ ကွာခြားလိမ့်မယ်။ ဒါပေမယ့် အမေရိကန်စစ်တပ်ကြီးပဲဖြစ်ဖြစ် မြန်မာ့တပ်မတော်ကြီးပဲ ဖြစ်ဖြစ် ကိုယ့်လက်ထဲဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတစ်ယောက်ကိုဘယ်လိုဆက်ဆံရမယ်ဆိုတာ ဂျီနီဗာကွန်ဗန်းရှင်းဆိုတာကြီး ရှိသတဲ့။ သတင်းထောက်ကို ဘယ်လိုဆက်ဆံရမယ်။ သံတမန်ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာတွေ အကုန်ပါတယ်တဲ့။ ကိုတတ်ပ မတတ်ပကြီးတွေဆီကမှတ်သားရပါတယ်။ သိပ်ဟုတ်တာပေါ့။ သိပ်မှန်တာပေါ့။ ဒါပေသိ အဲသဟာကြီးကို ဘယ်သူမဆို လစ်ရင်လစ်သလိုခိုးလုပ်ကြတယ်ဗျ။ ကိုယ်တို့ဆီကလူတွေ မလုပ်ပဲနေပါ့မလား။ ပြောချင်ဘူး။ ပြောချင်ဘူး။ သည်တခါမှာတော့ထိုင်းက ကလေးနှစ်ကောင် မျက်စိထဲ ပြေးမြင်တာပဲ။ ထိုင်းရဲတွေ အနိုင်ကျင့်တာ၊ ထိုးကျွေးတာ၊ပိုက်ဆံညှစ်တာ နည်းနည်းလေးမှ မထူးဆန်းတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်။ ဒါပေမယ့်လည်း သည်ကလေးနှစ်ယောက်နဲ့ကျမှတစ်ကမ္ဘာလုံးသိကုန်ပြီး မုန်လာဥလုပ်မရတော့တာ။ အမှန်ဆိုရင် သူတို့က ကိုင်းဖျားကိုင်းနားရယ်။ကိုပါကြီးလည်း ထိုနည်းလည်းကောင်းပါပဲ။ “မေးစရာလေးရှိလို့ လိုက်ခဲ့ပါဦး” ဆို ခေါ်သွားတဲ့သူတွေအိမ်ပြန်မလာတာ ကိုယ်တွေဆီမှာ မဆန်းဘူး။ “မင်းအမျိုးသား သူငယ်ချင်းလေးအပေါ်မှာ ကိုယ်လုပ်လိုက်မိတဲ့အဖြစ်ဟာ”   ဆို ဦးချစ်ကောင်း နဲ့  S A I ဖွင့်ပြလိုက်ရင် မသာတောင် ကျိတ်ငိုခဲ့ရတဲ့သူတွေချည့်ပဲ။အခု ပါကြီးက “ရပ်ကွက်ထဲမှာ သည်လိုပဲ ရှိတယ်” ဆို ကမ္ဘာက သိအောင် ပြသွားရော။

           ပွဲသိမ်းကာနီးလေ။ ကစားကွက်တွေက ကြမ်းလာလေ။ သတင်းထောက် မဟုတ်ဘူး။နိုင်ငံရေးသမား လို့ သက်သေပြလည်း လူပေးမှားလို့ ဟီးရိုးဖြစ်ရုံပဲ ရှိမယ်။ ပါကြီး ဘယ်လိုသေရသလဲဆိုအပိုင်ဂိုးရှူးးလိုက်ကာမှ “အဲ့ဒါ ကိုယ့်ဂိုးကိုယ်ရှူးးတာ” လို့ ဝမ်းသာလုံးဆို့ပြီး အချင်းချင်းပြေးနမ်းနေကြတဲ့ ဘောသမားလေးတွေ အမောဆို့သွားအောင် စကိုးတင်လိုက်ပါဦးမယ်။ ပါကြီးကိုဝှက်ထားတဲ့ လက်နက်တွေ လိုက်ပြပေးခိုင်းတုန်း သေနတ်ကို လုပြေးတာကြောင့် မလွှဲမရှောင်သာပစ်သတ်လိုက်ရပါတယ်တဲ့။ စိတ်တော့ မကောင်းဘူးပေါ့နော်။ ကိုယ်တွေလည်း မလုပ်ချင်ပါဘူးပေါ့ဟုတ်လား။ သေလေ သေ။ အဲ့ဒါ ဘယ်တုန်းက ဓါတ်ပြားဟောင်းကြီးလဲ သိလား။ မသိရင်မှတ်ထားဦး။ချေဂွေဗားရားကို သတ်တုန်းက အဲ့ဇာတ်ညွှန်းအတိုင်း ရိုက်သွားတာ။ နောက်ကွယ်က ကြိုးကိုင်သူအမေရိကန်ကြီးတောင် အဲသည်ဇာတ်လမ်းစမိရင် ခေါင်းမဖော်ဝံ့ဘူး။ ပါကြီးဟာ လက်လွန်ခြေလွန်ဖြစ်လို့သေတာ မဟုတ်ရင် အာနက်စတိုကြီးလို ယုတ်မာကောက်ကျစ်သော စစ်အစိုးရက လက်စတုံး သုတ်သင်ဖျောက်ဖျက်ခံရလို့တော်လှန်ရေးအတွက် အသက်စွန့်သွားတယ်လေ။  ပါကြီးငိုစရာမလိုဘူး။ သူ့မိန်းမ ငိုစရာမလိုဘူး။ ခင်ဗျားတို့ ငိုရမှာ။ ဘာသိက္ခာမှ ကုန်းကောက်စရာမကျန်တော့ဘူး။ နောက်ဆို “ဖိုးမောင်လာပြီ” ကဗျာအစား “ပါကြီးလာပြီ” ကဗျာတွေ ထွက်လာမယ်။

            တကယ်တော့ စစ်မြေပြင်မှာ အသက်ဆုံးရှုံးရတဲ့ မြေစာပင်Collateral Damage ဆိုတာ ဘယ်နိုင်ငံမှာမဆို ရှိတယ်။ ရေတွက်ခန့်မှန်းနိုင်တာထက် အဆပေါင်းများစွာပိုတယ်။ စာနာတွေးတောကြည့်နိုင်တာထက် အဆပေါင်းများစွာ ခါးသည်းတယ်။ ပါကြီးလိုမျိုး ပါကြီးပေါင်းများစွာအသက်စတေးရတယ်။ နိုင်တဲ့ဘက်ပဲဖြစ်ဖြစ် ရှုံးတဲ့ဘက်ပဲဖြစ်ဖြစ် အသက်ချင်းထပ် ဇလုပ်တိုက်သလိုတိုက်ပြီးတင်သမျှ ကျန်ရတယ်။ ပါကြီးလို အဖြစ်မျိုး မဖြစ်စေချင်ရင် ပြည်တွင်းငြိမ်းချမ်းရေး အမြန်ရမှဖြစ်မယ်။ (ရိုက်လိုက်ပါဦး ဘဘဦးအောင်မင်းရယ်) စစ်ဆိုတာ လူတိုင်းမုန်းတယ်။ စစ်တိုက်နေကြတဲ့စစ်သားတွေလည်း မုန်းတယ်။ သေစရာရှိ သူတို့က အရင်သေတာလေ။ ဒါပေမယ့် စစ်ကို သူတို့ရပ်လို့မရဘူး။ရပ်ချင်ရင် အပေါ်မှာညှိ။ ကောင်းပြီလေ။ ဒါဆို အပေါ်တက်ညှိကြည့်တာပေါ့။ ပြောစမ်းပါဦး။ဘယ်သူနဲ့ ညှိရမလဲ။ အစိုးရအဖွဲ့နဲ့လား၊ လွှတ်တော်အတွင်းမှာလား။ ကာ/ချုပ်ကြီးနဲ့လား။ သုံးယောက်လုံးတော့မအားဘူးဗျ။ ဘာတွေလုပ်နေ ပြောနေသလဲသိချင် သတင်းစာမှန်မှန်ဖတ်၊ ဖေ့စ်ဘုတ်မှန်မှန်တက်။
၂၀၁၄ က နှစ်ကုန်တော့မယ်ဗျ။ ဖဲဝိုင်းစကားနဲ့ ပြောရရင် ဝမ်နင်ခေါ်နေပြီ။ထိမ်းထိမ်းသိမ်းသိမ်းရိုက်မလား၊ အပုံပြောင်းရကောင်းမလား ခေါင်းစားနေတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ၂၀၁၆ ကျမှ ပြောကြပါလားဟင်။ မလိုချင်လို့တော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာသည်နေ့ရ သည်နေ့လိုချင်ပါတယ်။ အခုရ အခုချက်ချင်းကို လိုချင်ပါတယ်။ အခုလောလောဆယ် အပြီးသတ်ငြိမ်းချမ်းရေးမရသေးလည်း အပစ်အခတ်လေးတော့ ခဏလောက်ရပ်ထားရ မကောင်းဘူးလား။ ဘွာတေးလေ ဘွာတေး။ ဘတို့မှာ ကိုပါကြီးကို ဆေးထိုးမှားလို့ ပျားတုပ်နေပြီ။ ဘယ်ဘက်ကရုန်းရုန်း အရှုံးချည့်ပဲ။ အမြတ်ထုတ်ချင်သပဆိုတစ်ခုပဲ ရှိတယ်။ သင်ခန်းစာယူဖို့။ ယူသင့်ပြီ မထင်ဘူးလား။ ဘုန်းကြီးရဟန်း နဲ့ဆိုလည်းပစ်ထည့်လိုက်တာပဲ။ သတင်းထောက်ဆိုလည်း တွယ်ထည့်လိုက်တာပဲ။ ဖမ်းဆီးရမိဆိုလည်း ကိုင်ထည့်လိုက်တာပဲ။ဘယ်သူတွေကို လုပ်လို့ရတယ် ဘယ်သူတွေကို လုပ်လို့မရဘူးဆိုတာ သိမှသိကြရဲ့လားဟင်။ မိုးပေါ်ကိုထောင်မပစ်တတ်ရုံနဲ့ စစ်သားကြီးလုပ်တော့မယ်ပေါ့နော်။ လွယ်မယ်ထင်လို့လား။ ပျော်မယ်ထင်ထားလား။တချိန်ချိန်မှာတော့ မင်းငိုမှာ စိုးမိပါတယ်လေ။

(ဟွာလေ။သားသား မလိမ်မိုးမလိမ်မာလေးမို့ ပြောမှားဆိုမှားရှိလည်း ရူးတူးပေါတောလေးလို့ သဘောထားပြီး ခွေးလွှတ်ကြနော်။အာ့ကျန်ခဲ့လို့ ထပ်လာပြောတာ။ လစ်ပြီ ဝှစ် ဝှစ်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...