Tuesday, October 21, 2014

စံပြလင်မယား အဖိုး နဲ့ အဖွား (ပြဇာတ်)

ဟိုးအရင် လူက လိမ္မာတုန်းက ဘာသာရေး အတော်လုပ်ဖြစ်တယ် ဆရာတော်တွေဟောလည်း တရားလည်း အတော်နာဖြစ်တယ်။ ဒီလို နာဖူးတဲ့ ဖတ်ဖူးတဲ့ တရားတော်တွေထဲ ၀ိဿာသကအရာ၌ ဧတဒဂ်တစ်ဦးနှင့်တစ်ဦး ယုံကြည် ရင်းနှီးအကျွမ်းဝင်မှု (mutual trust and harmony) ရှိရာတွင် အသာဆုံး, အမြတ်ဆုံး ဇနီးမောင်နှံ ဖြစ်တဲ့ နကုလပိတာ နဲ့ နကုလမာတာ တို့ အကြောင်း ကလေးတွေအတွက်ရေးဖို့  ဆရာတော် ဦးဥတ္တမ က မိန့်တော်မူတယ်။
ဘုန်းဘုန်းဥဂ် တို့ ကို ကူညီပေးချင်တာ တစ်ကြောင်း ဒီ နကုလပိတာတို့ အကြောင်း သဘောကျတာ တစ်ကြောင်း ဘာသာရေးစာတွေ မရေးတာ ကြာခဲ့ပြီဖြစ်လို့ ရေးလိုက်ပါတယ်။ အမှားတွေ ပါရင် ထောက်ပြဝေဖန်ကြပါ။ ဒီစာကို ရေးဖို့ ခွန်းအား ရလာတာကတော့ သံသရာအဖော် ခြူး ကြောင့်ဖြစ်ပါတယ်။ တခါမှ မရေးဖူးတဲ့ ပြဇာတ်ပုံစံကို စရေးတာမို့ လိုအပ်တာများရှိရင် ပြောပြပါနော်။


အခန်း (၁)
ဘုရားရှင်ဟာ ငါတို့သား

ဘဂ္ဂတိုင်းသုသုမာရဂိရိမြို့လယ်ဗဟိုမဏ္ဍပ်တွင် ဆွမ်းစားပြီးစီးသည့်နောက် မြတ်စွာဘုရားရှင် တရား ဟောပြောမယ့်အချိန်တွင် ဘုရားရှင် ရှေ့မှောက် တွင်အသက်ရာကျော် အဖိုးကြီးအိုနဲ့ အဖွားကြီးအို လင်မယား ရောက်ရှိလာပြီး။ ဘုရားရှင်ကို သာအရင်းသဖွယ်ချစ်ခင်ရင်းနှီးသည့်စိတ် ဖြစ်ပေါ်လာ၍ ဘုရားရှင်ကို စကားဆို၏။
အဖိုးအို အဖွားအို။ ။      သားငါ့သားကြီး သည့်လောက်ကြာအောင် အဖေတို့ အမေတို့ကို ပစ်ထားရက်တာ သားရယ်ဘယ်ဆီတွေများရောက်နေလဲ အခုမှပဲတွေရတော့တယ် သားရယ်။

(အနီးထံပါးရှိဘုန်းတော်ကြီးများနဲ့ ဒါယကာ ဒါယကာမတွေက ဒီအဖိုးကြီးအို အဖွားကြီးအို သူငယ်ပြန်တယ်ထင်မှတ်ကာ ပြုံးကြ၏ ရယ်မောကြ၏)

ဘုရားရှင်။  ။            လှောင်ပြောင်ရယ်မောခြင်းမပြုနဲ့ ရဟန်းတို့ ရှေးလွန်လေအတိတ်ဘဝက ဒီဖိုးဖိုးနဲ့ ဒီဖွားဖွားဟာ ဆက်တိုင် ဘဝ ၅၀၀လောက် အဖေဖြစ်ဖူး အမေဖြစ်ဖူး၊ ဦးလေး ဒေါ်လေးဖြစ်ဖူး၊ ဦးကြီးဖြစ်ဖူးဒေါ်ကြီးဖြစ်ဖူးကြတယ်။

ပရိသတ်တို့ …… လက်ရှိဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် မတွေဖူး မမြင်ဖူး မသိဖူးကြပေမဲ့မြင်မိတဲ့ ခဏမှာပဲ ခင်မင်မိတာက ရှေးအတိတ်ဘဝများမှာ တွေ့ဖူး မြင်ဖူး သိကျွမ်းဖူးတာကြောင့်ဖြစ်တယ်။

(ဘုရားရှင်ကဒီလို အသိမှတ်ပြုမိန့်မှာလိုက်တာကြောင့် အဖိုးကြီး အဖွားကြီးလင်မယားဟာ အလွန်တရာမှဝမ်းသာပျော်ရွှင်သွားပြီး နောက်နေ့မှာ ဘုရားရှင်ကို သူတို့ အိမ်မှာ ဆွမ်းဘုန်းရန်ဖိတ်ကြားလိုက်တယ်)

===================================================


အခန်း(၂)
သံသရာအဆက်ဆက်လက်တွဲမပျက်

နကုလအဖိုးအဖွားတို့အိမ်တွင် ဘုရားရှင် ဆွမ်းဘုန်းပေးပြီး နကုလအဖိုးအဖွားတို့နဲ့ စကားစမြည်ပြောဆိုနေ၏။

အဖိုးအဖွား။   ။          သား ဘုရားကို မေးလျောက်ရအုန်းမယ် အဖေတို့အဖေတို့ က
ငယ်ငယ်တည်း က တစ်ယောက်ကို တစ်ယောက် ချစ်လို့ ခင်လို့ လက်ထပ်လိုက်ပြီးအတူတူနေခဲ့တဲ့ သက်ထမ်းတလျောက် ကိုယ်ထိလက်ရောက် သစ္စာဖောက်ဖို့ မဆိုထားနဲ့စိတ်လေးနဲ့တောင် သစ္စာတရား မဖောက်ပြားပဲ ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြပါတယ် ဘုရား။နောက် သေလွန်တဲ့အခါ နောက်ဘဝများ ရောက်ခဲ့လည်းလည်း ပြန်ပြီး ဒီလင် ဒီမယားပဲပြန်လည်းတွေ့ဆုံးချင်လှတယ် ဘုရား ဒီလို တွေဆုံနိုင် အောင် ဘာလို့ အရာတွေပြည်စုံရမလဲ ဘုရား။

(မြတ်စွာဘုရားရှင်ပြန်လည်ဖြေကြားပါတယ်)

ဘုရားရှင်။    ။           အခုဘဝလည်းချစ်ချစ်ခင်ခင်နေမယ် နောက်ဘဝလည်း ပြန်လည်

ဆုံဆည်း ချင်တယ်ဆိုရင်တော့-

၁။တူညီပြီး မျှတနဲ့ ယုံကြည်မှု(သမသဒ္ဓါ)
၂။တူညီမျှတတဲ့ ကျင့်ဆောင်မှုစောင့်ထိန်းမှု (သမသီလာ)၊
၃။တူညီပြီး မျှတတဲ့ စွန့်လွတ်မှု(သမစာဂါ)၊
၎။ တူညီပြီး မျှတတဲ့ အသိဥာဏ်အမြော်အမြင် (သမပညာ)
ဒီလိုအချက်တွေ တစ်ယောက်နဲ့တစ်ယောက် တူညီအောင် ကျင့်မယ်ဆိုရင် အခုလက်ရှိ ဘ၀တွင် သာမကနောက်ဘဝမှာပါ အတူတကွ ဆုံဆည်း နိုင်တယ်လို့ ဖြေကြားတော်မူ၏။

======================================================



အခန်း(၃)
ကိုယ်သာနာပစေစိတ်မနာလေနဲ့

တစ်နေ့တော့နကုလပိတာဟာ အိုမင်းမစွမ်းဖြစ်ပြီး ရောဂါဝေဒနာတွေ ခံစားနေရတယ်။ ဒီလိုနာမကျန်းဖြစ်နေတဲ့နကုလပိတာဆီ ဘုရားရှင်က လူနာကို သတင်းစကားမေးရန် နကုလပိတာ တို့ အိမ်ကိုရောက်ရှိလာပါတယ်။ ဘုရားရှင် ကြွချီတော်မူလာတာကို မြင်တဲ့ နကုလပိတာကအိပ်ယာပေါ်မှနေကာ ခံစားနာကျင်နေရတဲ့ ဒုက္ခတွေကို ဘုရားရှင်းကိုမေးမြန်းလျောက်တင်တယ်။

နကုလပိတာ။    ။                 အရှင်ဘုရား တပည့်တော်သည် အိုမင်းပြီး ဘ၀ရဲ့
နောက်ဆုံးအချိန်ကို တဖြည်းဖြည်းနဲ့ရောက်နေပါပြီ၊
ကိုယ်ခန္ဓာကလည်း နာကျင်ပြီး ပြုပြင်နှိပ်စက်ပြီးကိုယ်လိုသလို ဖြစ်လို့မရ ရှိလို့မရတဲ့ ကိုယ်ခန္ဓာက မကျန်းမမာ ဖြစ်နေပါတယ်။ ဘုရားရှင်နဲ့ အတူ ယုံကြည်လေးစားကြည်ညိုဖွယ်ကောင်းတဲ့ရဟန်းတော်တွေကို အမြဲ ဖူးမြင်နိုင်ဖို့ မဖြစ်နိုင်တော့ပါ။ တပည့်တော်ကို နောက်ဆုံးအနေနဲ့သံသရာအဆက်ဆက် အကျိုးရှိစေနိုင်မည့်တရားတော်များအား ဟောကြား ဆုံးမတော်မူပါ။

ဘုရားရှင်။     ။                   ဟုတ်တယ် နကုလပိတာ။  ရုပ်ခန္ဓာကြီးက အမြဲ လိုသလို မဖြစ်ပဲ
ဖောက်လွဲဖောက်ပြန်တွေ ဖြစ်နေတာပဲ။ ဒီခန္ဓာကိုယ်ဟာ ထိခိုက်နာကျင်လွယ်ပြီးလေးလံလှတယ်။ ဒီလို ခန္ဓာကိုယ် ကို သယ်ပိုးထားပြီး ခဏလေးဖြစ်ဖြစ် ကျန်းမာတယ်ပြောသူဟာ အတော်ကို အသိဥာဏ်မဲ့တာပဲ။ဒီကိုယ်ခန္ဓာကို က အမြဲ ပျက်စီး နေတယ်။ ဒီလို နာကျင်လွယ်တဲ့ နာကျင်နေတဲ့ ကိုယ်ရှိနေမဲ့ စိတ်ကိုတော့ မနာကျင်အောင် ကျင်ဆောင်ရမယ်။ ကိုယ်သာနာရင် နာပါစေ စိတ်တော့မနာစေနဲ့။

(ဘုရားရှင်ကဒီလို ဆုံးမလိုက်ပြီး ဘုရားရှင်နဲ့ အတူ လိုက်ပါလာတဲ့ ရှင်သာရိပုတြာ မထရ်အရှင်မြတ်ပြီးက နကုလပိတာ ပိုနားလည်အောင် ကိုယ်သာနာရင် နာပါစေ စိတ်တော့ မနာစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ကို ထပ်ပြီးရှင်းလင်းဟောကြားပါတယ်)

ရှင်သာရိပုတြာ။       ။          
ကိုယ်သာနာရင် နာပါစေစိတ်မနာစေနဲ့ ဆိုတာသိမြင်ခံစားမှတ်သားတဲ့ အရာတွေဟာ ကိုယ်နဲ့မကြိုက်ရင်ဖြစ်ဖြစ် ကြိုက်ရင်ဖြစ်ဖြစ် လိုသလို မဖြစ် မရလာခဲ့အခါ ကိုယ်လည်းမချမ်းသာ စိတ်လည်း ဆင်းရဲတတ်တယ်။ ဒီလို အဖြစ်ဟာ ကိုယ် မချမ်းသားလို့ မြားတစ်စင်းစူးဝင်ပြီးတာ ကို နောက်ထပ် စိတ်ဆင်းရဲခြင်း မြားတစ်စင်း ထပ်မံ စူးဝင်တာကိုလက်ခံလိုက်တာနဲ့ အတူတူပဲ။ ဖြစ်သမျှ ခံစားသမျှ သိမြင်သမျှ အရာတွေ ကို ကြိုက်ခြင်းမကြိုက်ခြင်းများနဲ့ မဆုံးဖြတ် မသုံးသပ် တွေပဲ စွဲလမ်း ငြိတွယ်တာတွေ မရှိတော့ရင်ထားမရတဲ့ ကိုယ်နာကျင်နေပေမဲ့ ထားလို့ရနိုင် တဲ့ စိတ်နာကျင်မှုတွေ မကျရောက်တော့ဘူးဒါကာကြီး နကုလပိတာ

နကုလပိတာဘုရားရှင် နဲ့ ရှင်သာရိပုတြာဟောကြားတဲ့ ကိုယ်နာရင် နာပစေ စိတ်တော့ မနာစေနဲ့တရားတော်ကို နားကြားပြီးနောက် ငြိမ်းအေးသော တရားရှုမှတ်မှုနဲ့ ငြိမ်သက်စွာလှဲလျောင်းကာ ကျောင်းသင်္ခမ်းသို့ ပြန်လည်ကြွချီတော့မယ့် ဘုရားရှင်နဲ့ တပည်သာဝကများကိုကိုယ်ရောစိတ်ပါ ညွတ်ကိုင်းဦးချ နှုတ်ဆက်လိုက်ပါတယ်။

ကားလိပ်ချ
===================================================
အခန်း(၄)
စံပြဇနီး

ဘုရားရှင်ကနကုလပိတာကို တရားဟောပြောဆုံးမပြီး နောက် နကုလပိတာရဲ့ အနာရောဂါဟာ မသက်သာပဲတစ်နေ့တခြား တိုးသထက်တိုး ဆိုးသတက်ဆိုးလာပါတယ်။ ဒီလို အနာရောဂါတွေ ဆိုးဝါးလှပေမဲ့ဘုရားရှင်ဟောကြားထားတဲ့ ကိုယ်နာရင်နာပါစေ စိတ်မနာပါစေနဲ့ တရားကိုယ် နှလုံး သွင်းကာစိတ်မနာအောင် နေတယ်။ ဒီလို စိတ်မနာအောင် နေ နေပေမဲ့ တစ်ချက် တစ်ချက် မှာတော့ သူသာသေဆုံးမယ်ဆိုရင် ကျန်ရစ်ခဲ့မယ့် နကုလမာတာ ကို စိုးရိမ်နေမိတယ်။ ဒီလို စိုးရိမ်နေတာကို ရိပ်မိတဲ့ နကုလမာတာ က ယောကျာင်္ဖြစ်သူ သေဆုံးခါနီး ဘဝကူးကောင်းအောင် စိတ်အေးအောင်အားပေးစကားပြောကြားပါတယ်။

နကုလမာတာ။     ။


ရှင်ဆုံးပါးသွားခဲ့ရင် ကျွန်မက အိမ်ထောင်ကို ကောင်းကောင်း မထိန်းသိမ်းနိုင်တော့ဘူးလို့ထင်ပြီး စိတ်မပူပါနဲ့ ယောကျာင်္းရယ်။ ကျွန်မက သိုးမွေးတွေ ချည်တည်တွေ ကောင်းဗိုင်းငင်တတ်တယ်။ ဒီအလုပ်တွေ လုပ်ပြီး ရှင့် သားမြေးတွေကို စောင့်ရှောက်မှာပါယောကျာင်္းရယ်

ရှင်ဆုံးသွားပြီးကျွန်မနောက် အိမ်ထောင်ပြုမှာလည်း မစိုးရိမ်ပါနဲ့ ကျွန်မတို့ နှစ်ယောက် သွေးသားဆန္ဒမပါပဲ မောင်လို နှမလို နေလာတာ ၁၆ နှစ်တောင်ရှိနေပြီလေ။

ရှင်ဆုံးခဲ့ရင်ကျွန်မ ဘုရားရှင်နဲ့ သံဃာတော်မြတ်တွေကို ဖူးမြော် ပူဇော်တာတွေ လုပ်တော့မှာမဟုတ်ဘူး ဆိုပြီးလည်း မစိုးရိမ်ပဲနဲ့ တရားသံဝေဂတွေ ရင်မှာပိုက်လို့ ဘုရားရှင်နဲ့သံဃာတော်တွေ ကို ပိုပိုပြီး ဖူးမြော်မယ် ပူဇော်ပါမယ်။

ရှင်ဆုံးခဲ့ရင် ကျွန်မဟာ ဥပုတ်သီလတွေ ဆောက်တည်တော့မှာမဟုတ်ဘူးလို့ မစိုးရိမ်လိုက်ပါနဲ့ ကျွန်မဟာ သီလ အကျင့် မပြတ်ဆောက်တည်တဲ့ဘုရားရှင်ရဲ့ ဥပါသိကာမတစ်ယောက်ပါ။ ရှင် မယုံရင် ဘုရားရှင်ကို မေးလျောက်ကြည့်ပေါ့။

ကျွန်မဟာအငြိမ်းစိတ်နဲ့ အေးငြိမ်းနေမှာ မဟုတ်ဘူးလို့ ထင်မှတ်ကာ မစိုးရိမ်လိုက်ပါနဲ့ကျွန်မဟာ စိတ်အပူတွေ ငြိမ်းနေတဲ့  ဘုရားရှင်ရဲ့ ဥပါသိကာမတစ်ယောက်ပါ။ ရှင် မယုံရင်ဘုရားရှင်ကို မေးလျောက်ကြည့်ပေါ့။

ကျွန်မဟာ ဘုရားရှင်သာသနာတော်ကို အသုံးချပြီး သာသနာတော်နဲ့ထိုက်တန်တဲ့ သူ မဟုတ်ဘူးလို့ မစိုးရိမ်လိုက်ပါနဲ့ ကျွန်မဟာ ဘုရားရှင်ရဲ့အဆုံးအမတော်တွေကို လိုက်နာ ကျင့်ဆောင်ပြီး သာသနာတော်နဲ့ ထိုက်တန်နေတဲ့  ဘုရားရှင်ရဲ့ ဥပါသိကာမတစ်ယောက်ပါ။ ရှင် မယုံရင်ဘုရားရှင်ကို မေးလျောက်ကြည့်ပေါ့။
(ဒီလို အားပေး စကားကိုကြားလိုက်ရတဲ့ အချိန်မှာ မနာကျန်းဖြစ်နေတဲ့ နကုလပိတာ ဟာ ချက်ချင်း ဆိုသလိုကျန်းမာလာပြီး လက်ဆွဲတော် တောင်ဝှေးကို ယူပြီး မကျန်းမာစဉ်က လူနာ သတင်းမေးကြွချီလာပြီး တရားချီးမြင့်ခဲ့တဲ့ ဘုရားရှင် ဆီး ဖူးမြော်ဖို့ ထွက်ခဲ့တယ်။

ဘုရားရှင်ရှေ့တော်မှောက်ကို ရောက်လာတဲ့ အခါ နကုလပိတာ က သူ့ချစ်ဇနီးပြောကြားသွားတဲ့အားပေးစကားတွေကို ဘုရားရှင်ကို လျောက်ထားတယ်။

ဘုရားရှင်း  ။          ။ ဟုတ်တယ် နကုလအဖေ သင်ရဲ့ ချစ်ဇနီး တရားအသိ တကယ်ရှိပြီး သင့်
ကောင်းရာကောင်းကျိုး လိုလားပြီး သင့်ကို တည့်မတ် ဆုံးမပေးနိုင်တဲ့ဇနီး ပဲ ဒီလို ဇနီးမျိုး သင်မှာ ရှိတာ ဘယ်လောက်တောင် ဝမ်းမြောက်ဖို့ကောင်းလိုက်သလဲ နကုလပိတာ….
ဒီလို ဘုရားရှင်က နကုလမာတာကိုချီးကျုး စကားဆိုပြီးနောက်။ နကုလမာတာတို့ လင်မယားဟာ အမြဲမပြတ် ဒလစပ်ဖေါက်ပြန်ပျက်စီနေတဲ့ လောကကို သတိနဲ့ သိမှတ် ပညာနဲ့ ပိုင်းခြား ကာ တစ်ကို တစ်ယောက်အတူဖေးမကူညီပြီး သက်ဆုံးတိုင် ချစ်ချစ်ခင်ခင် နေထိုင်သွားကြတယ်။

မောင်ဥဂ္ဂါ
၀၀း ၄၂နာရီ
၂၂အောက်တိုဘာလ ၂၀၁၄
သီတင်းကျွတ်လပြည့်ကျော်၁၄ ရက် ၁၃၇၆
ဗုဒ္ဓဟူးနေ့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...