Friday, October 24, 2014

နှလုံးသား အများကြီးနဲ့လူ .....


`` ဖေဖေ လူတွေမှာ မွေးကတည်းကနေ သေဆုံးချိန်အထိ အမြဲတမ်း အလုပ်လုပ်နေတာ ဘာလဲ ´´
`` ဟေ ´´
သားငယ်လေးက ဒီနှစ် တတိယတန်းတက်နေတယ်...၊ အမေးအမြန်းလည်း အင်မတန်ထူတယ်...
ထူးခြားတာက ဘယ်သူဘာပြောပြော ဖအေနဲ့ ပြန်ဆွေးနွေးတယ်..
ဖအေဆီကနေ အတည်ပြုချက်ရယူတယ်...
မရှင်းတာကို ဖအေ ပြန်ရှင်းပြမှ လက်ခံတာသူ့အကျင့်... နောက်ပြီး ဒီအရွယ်လေးနဲ့ ဘာသာရေးကိုလည်း စိတ်ဝင်စားတယ်... သမိုင်းကိုလည်း စိတ်ဝင်စားတယ်... ဒါတွေက သားငယ်လေးနဲ့ ပတ်သက်ပြီး ကျွန်တော်ကျေနပ်နေခဲ့တဲ့ အရာတွေပါပဲ...

အခုလည်း ကြံကြံဖန်ဖန် မေးလာပြန်ပြီ...

သူအမေးကြောင့်ခဏ ငြိမ်ပြီး စဉ်းစားနေဖြစ်တယ်... မေးပုံမေးနည်းအရ သူ့မှာ အဖြေရှိနေပြီ ဆိုတာရယ်.. ကိုယ်တိုင်လည်း ရုတ်ကနဲ မဖြေတတ်လို့...

`` အင်း... ဖေဖေ မသိဘူး သားရဲ့ ပြောပြပါဦး ´´ ကျွန်တော့် အဖြေကြောင့် သားငယ်လေးက ပြုံးပြီး...

`` အသက်ရှူခြင်းနဲ့ နှလုံးခုန်ခြင်းပေါ့ ဖေဖေ ရဲ့ ဟဲဟဲ ´´

`` ဟေ... ဟုတ်သားပဲ သားက ဘယ်လိုသိတာလဲ ´´

`` သားကို မနေ့က ဘုန်းဘုန်း အိမ်ကိုကြွရင်း ပြောပြသွားတာ... ´´

`` ဟုတ်လား မနေ့က ဘုန်းဘုန်း ကြွလာသေးလား ´´

`` အိမ်ကို ကြွလာတာတော့ မဟုတ်ဘူး.... လမ်းကြုံလို့ ခဏ၀င်လာတာ ´´

`` အော်... သားနဲ့ ဘာတွေ ပြောဖြစ်ကြသေးလဲ ´´

`` အိမ်မှာ လူကြီးတွေ မရှိတော့ သားပဲ ဘုန်းဘုန်းကို အအေးကပ်ရင် ဧည့်ခံရတာပေါ့ စကားတွေတော့ အများကြီး ပြောဖြစ်ပါတယ် ဘုန်းဘုန်းက ပြောတာ၊ သားက မေးတာ ´´

ကျွန်တော် ကြိုသိပြီးသားပါ...
သားငယ်က ပေါက်ကရတွေ မေးမယ် ဘုန်းဘုန်းကလည်း ကလေး နားလည်အောင် ချင့်ချင့်ချိန်ချိန် ပြောပြရတော့မယ်ဆိုတာပေါ့...

`` သားက ဘာတွေ မေးတာလဲ ´´

`` သားကလား.. အင်း သားက ဘုန်းဘုန်းကိုမေးတာ... ငရဲသားဖြစ်အောင် ဘယ်လို လုပ်ရသလဲလို့´´

`` ဟေ.....´´ ကျွန်တော် ပါးစပ်က အာမေဋိတ်သံထွက်တဲ့ အထိ အံ့သြသွားမိတယ်၊ ဒီကောင်ဘယ်လိုက ဘယ်လို ဒီအတွေး ၀င်ပါလိမ့်...

`` အဲဒီတော့ ဘုန်းဘုန်းက ဘာပြန်ပြောလဲ ´´ ကျွန်တော်လည်း မသိတဲ့ အကြောင်းအရာ တစ်ခု ဖြစ်နေလို့ ခပ်တည်တည်နဲ့ပဲ မေးလိုက်ရတယ်... ကျွန်တော်လည်း သိချင်တယ်လေ..

`` ဘုန်းဘုန်းက ပြောတယ်... လူ့ပြည် နတ်ပြည်ရောက်အောင်တော့ သီလစောင့်ထိန်းရမယ်.. မိဘကို လုပ်ကျွေးရမယ်... လူတွေ သတ္တ၀ါတွေကို မေတ္တာ ပို့ရမယ်.. ကောင်းမှုကုသိုလ်တွေ လုပ်ရမယ်တဲ့ သားကိုလည်း ဘာလို့ သိချင်တာတုန်းတဲ့ ´´

`` အဲဒီတော့ သားက ဘာပြန်ပြောလိုက်လဲ ´´

`` သားက ငရဲခန်းတွေမှာ ငရဲကျတဲ့သူတွေကို ငရဲသားတွေက နှိပ်စက်နေတာ မြင်လို့ပါလို့´´

`` အဲဒီတော့... ´´

`` အဲဒီတော့ ဘုန်းဘုန်းက ပြောတယ်.. မင်းစဉ်းစားကြည့်ကွာ ငရဲသားအလုပ်က ကောင်းသလားတဲ့´´

`` အင်း ဆက်ပြောပါဦး ´´

`` မကောင်းဘူး ဘုန်းဘုန်းလို့ ဖြေလိုက်တာပေါ့...´´

`` ဒီတော့ ´´

`` ဘုန်းဘုန်းက ဆက်ပြောတယ်.. ယမမင်းဆိုတာ ဝေမာဏိကလား ဘာလား အဲဒီနတ်ပြိတ္တာတွေပဲတဲ့ ´´

`` အင်း ´´

`` ငရဲသားတွေကလည်း နေ့နေ့ ညည သူများကို ညှင်းပန်း နှိပ်စက်နေရတာ.. ရက်ရက်စက်စက် လုပ်နေရတာ ကောင်းသလားတဲ့... ဒီတော့ ကုသိုလ်ကောင်းမှုနဲ့တော့ ဒီနေရာကို မရောက်ဘူးတဲ့.. ငရဲသားဖြစ်နေတော့ ကောင်းမှုကုသိုလ်ကိုလည်း မလုပ်နိုင်ဘူး၊ မေတ္တာလည်း မပို့နိုင်ဘူး စိတ်လည်း မချမ်းသာဘူးတဲ့...´´

`` အင်းပေါ့ ဟုတ်တာပေါ့... ´´

`` အပယ်လေးဘုံဆိုတာ ငရဲ... ပြိတ္တာ... တိရိစ္ဆာန် ပြီးတော့ ဘာလဲ... ဟိုဟာ လေ ´´

`` အသူရကာယ်... အသူရကာယ်...´´ ကျွန်တော် ၀င်ထောက်ပေးလိုက်တော့..

`` ဟုတ်တယ် ဟုတ်တယ် အသူရကာယ် အဲဒါတွေ ဖြစ်တယ်တဲ့ ´´

`` အင်း ´´

`` အဲဒီတော့ ငရဲကျတာရော... ငရဲသားဖြစ်တာရော... ငရဲဘုံထဲမှာ ပါတဲ့အတွက် မကောင်းဘူး.. အကုသိုလ် အလုပ်ပဲတဲ့ ´´

`` အဲဒီတော့ သားက ဘာဆက်ပြောလိုက်လဲ ´´

`` ငရဲသားတွေက အဲသလို နှိပ်စက်နေတာ ထပ်ပြီး ငရဲမကြီးဘူးလားလို့ မေးတာပေါ့ ´´

`` ဟေ... လုပ်ပြန်ပြီကွာ ´´

`` ဟီး ´´ ကျွန်တော့်ရဲ့ စိတ်ပျက်တဲ့ အပြောကြောင့် သားငယ်လေး ရယ်လိုက်တယ်...

`` အဲဒါနဲ့ ဘုန်းဘုန်းက ဆက်ရှင်းပြတယ်.. ငရဲသားက ငရဲကျတဲ့သူတွေကို နှိပ်စက်တာ ထုထောင်းရိုက်နှက်နေတာတွေက မုန်းလို့လည်း မဟုတ်ဘူး... ရန်စ ရှိလို့လည်း မဟုတ်ဘူး... သေစေချင် နာစေချင်လို့လည်း မဟုတ်ဘူး... သူ့ရဲ့ မကောင်းမှုကြောင့် သူ့အလုပ်ကို သူလုပ်နေရတာတဲ့ ´´

`` အော်.. တော်သေးတာပေါ့ကွာ ဘုန်းဘုန်းမို့လို့ ဖေဖေဆိုရင် အဲဒါတွေ မသိဘူး ´´

`` ဟင် ဖေဖေက မသိဘူးလား... ဖေဖေက စာရေးဆရာဆို ´´

`` အာ... စာရေးဆရာတိုင်း အကုန်သိမလား သားရဲ့ စာရေးဆရာလည်း လူပဲလေ.. များများလေ့လာ စာများများဖတ်၊ တွေ့တာ မြင်တာလေးတွေ စဉ်းစားနေမှ အကြောင်းအရာလေးတွေ ပေါ်လာပြီး စိတ်ကူးထဲက အတိုင်း ရေးရတာပေါ့ ´´

`` အော်... အဲဒီလိုလား သားတို့ ဆရာမကတော့ စာရေးဆရာတွေက အကုန်သိတယ်၊ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် စာရေးဆရာတွေက သူများတွေသိအောင် စာနဲ့ ရေးပြတတ်တယ် ဆိုလို့ပါ´´

`` အဲဒါက ကြုံမှ တွေ့မှ သိမှပေါ့ သားရယ်... အခုဟာက သားမို့လို့ မေးတာ ဖေဖေဆိုရင် တွေးတောင် မတွေးမိခဲ့ဘူး ´´

`` ဟုတ်လား သားက ပေါက်ကရ ဖြစ်နေတာလား ´´

`` အဲလိုတော့ မဖြစ်ပါဘူး... သားက တော်ပါတယ်.. စဉ်းစားရမှာပေါ့.. ကိုယ်မသိတာကိုလည်း မေးရမှာပေါ့... ကောင်းတာလေးတွေဆိုရင် မှတ်ထားရမှာပေါ့... သူတစ်ပါးကိုလည်း ပြန်ပြောပြနိုင်ရမှာပေါ့... နောက်ပြီး အတုယူသင့်တာကို အတုယူပြီး ကိုယ်တိုင် လိုက်လုပ်ရမှာပေါ့.. နော် ´´

`` ဟုတ်ဖေဖေ အဲဒါနဲ့ သားဆက်ပြောပြဦးမယ်.. ´´

`` အင်းပါ ပြောပါကွာ.. ´´

`` ဘုန်းဘုန်းက သားကို ပြန်မေးတယ်.. လူတွေမှာ မွေးကတည်းကနေ သေဆုံးချိန်အထိ အမြဲတမ်း အလုပ်လုပ်နေတာ ဘာလဲတဲ့ ´´

`` အင်း ´´

``သားက မသိတော့ ဘုန်းဘုန်းက ရှင်းပြတာ နောက်ပြီး ဆက်ပြောသေးတယ်... အသက်ရှူခြင်းနဲ့ နှလုံးခုန်ခြင်းက ကိုယ့်နဲ့ အတူ ကိုယ်အသက်ရှင်ဖို့ သူတို့က မွေးတဲ့ အချိန်ကနေ သေဆုံးချိန်အထိ အလုပ်လုပ်ပေးရတယ်တဲ့´´

`` အင်း... ဆက်ပြောပါဦး ´´

`` ဒါကြောင့် အသက်ကို တန်ဘိုးရှိအောင်ရှူရမယ်... နှလုံးသားလေးကိုလည်း ကျန်းမာနေအောင် လှပနေအောင် ထားရမယ်တဲ့ ´´

`` ဟုတ်လား ဖေဖေတောင် မကြားဘူးသေးဘူး ပြောပါဦး သားရဲ့ ´´

`` အသက်ကို တန်ဘိုးရှိအောင် ရှူရမယ်ဆိုတာက ဘာသာတရားကို ကြည်ညိုတဲ့သူ၊ သူများကို ကူညီစောင့်ရှောက်တဲ့သူ၊ အများအကျိုး သယ်ပိုးတဲ့သူ၊ မိဘဆရာသမားတွေကို လုပ်ကြွေးပြုစုတဲ့သူ၊ စိတ်ထားကောင်းပြီး အကျင့်ကောင်းတဲ့ သူတွေက တန်ဘိုး မရှိဘူးလားတဲ့...

`` အင်း ဆက်ပြောပါဦး ´´

`` အဲဒီတော့ အဲဒီလူတွေ အသက်ရှူတာက တန်ဘိုးရှိတာပေါ့တဲ့ ´´

`` ဟုတ်တာပေါ့ ´´

`` နောက်ပြီး နှလုံးသားလေးလှအောင်ဆိုတာက စိတ်လှတာကို ပြောတာတဲ့.. စိတ်ထားလှရင် နှလုံးသားလေးလှတယ်.. ရုပ်ရည်ကြည်လင်တယ်... လူချစ်လူခင်များတယ် ကြီးပွါး ချမ်းသာတယ်တဲ့´´

`` ဟုတ်တယ်... ဘုန်းဘုန်းပြောတာမှန်တယ် အဲဒီတော့ သားက ဘာပြောလိုက်လဲ´´

`` ဘာမှ မပြောတော့ဘူး... တင်ပါဘုန်းဘုန်း သားသား မှတ်ထားပါ့မယ်လို့ ပြောလိုက်တယ်.. ဘုန်းဘုန်းက သာဓု.. သာဓု.. သားက တော်တယ်လို့ ပြောပြီး ခေါင်းကိုပွတ်ပြီး ပြန်ကြွသွားတယ်´´

`` သာဓု ပါကွာ ဖေ့သားက တကယ်တော်ပါတယ်... ´´ ကျွန်တော်ပြောရင်း သားကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်... သားကပြုံးရင်း မော့ကြည့်ပြီး

`` ဖေဖေရော.... နှလုံသားလေးလှလား လှအောင်နေနော် ခဏခဏ စိတ်မတိုနဲ့.. ´´

`` ဟင်.. ဘာလို့တုန်း ´´

`` ကိုကို့ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေ စိတ်တိုပြီး သွေးတိုးနဲ့ ဟိုတစ်လောက ဆုံးသွားတယ်လေ.. ဖေဖေလည်း သွေးတိုးရှိတယ် မဟုတ်လား ´´

`` သားကို ဘယ်သူပြောလဲ ဖေဖေ သွေးတိုးရှိတယ်လို့ ´´

`` ကိုကိုပြောတာ... ဖေဖေက သွေးတိုးရှိတယ်.. စိတ်ရှုပ်အောင် မလုပ်နဲ့ စိတ်တိုရင် သွေးတက်တတ်တယ်... ငါ့သူငယ်ချင်းအဖေလို သေသွားဦးမယ်တဲ့ ´´

`` ဖေဖေက သွေးတိုးဖြစ်နေလည်း မသေဘူးကွ စိတ်ချ ´´

`` ဟုတ်လား ဘာလို့လဲ သွေးတိုးတာ သေတတ်တာပဲကို ´´

`` ဖေဖေ့မှာ နှလုံးသားတွေ အများကြီးရှိတယ် ´´

`` ဟင်... ဘယ်မှာလဲ လူတစ်ယောက်မှာ နှလုံးသားက တစ်ခုပဲ ရှိတာပါ ဖေဖေကလည်း´´

`` တကယ်ပြောတာ... ရင်ဘတ်ထဲမှာ တစ်ခု... ကိုကိုက နှလုံးသားတစ်ခု၊ သားက နှလုံးသားတစ်ခု ဆိုတော့ နှလုံးသား သုံးခုနဲ့လေ တော်ယုံနဲ့ ဘယ်သေမလဲကွ သားတို့က ဖေဖေ့နှလုံးသားတွေပဲ´´

`` ဟဲဟဲ တကယ်နော်... ဒါဆို မေမေကရော... မေမေက ဘာလဲ ´´

`` မေမေကလား... အင်း မေမေကတော့ နှလုံးသားကြီးပေါ့ကွာ ဟားဟားဟား´´

သားအဖ နှစ်ယောက် သဘောကျစွာ ရယ်နေရင်း သားငယ်ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် နင်သွားမိတယ်...

`` ဟားဟားဟား ဖေဖေလူလည်... မေမေ့ကို ကြောက်လို့ ဖားနေတယ်´´ တဲ့......

ကျွန်တော် ထင်ပါတယ်.. ဘာရောဂါတွေပဲ ဖြစ်ဖြစ် ဒီသားတွေကြောင့် ကျွန်တော် လွယ်လွယ်နဲ့တော့ သေမှာ မဟုတ်ဘူးလို့...

ပျော်ရွှင်ကြပါစေဗျာ.....

(ကွန်ဆူးမား)(၂၂-၁၀-၂၀၁၄)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...