Monday, October 20, 2014

နာယကအခြေခံဥပဒေ

“ ဆရာတော်ဘုရား ... နာယကဂုဏ် ၆ ပါး၊ မိတ်ဆွေကောင်းတို့ ၏လက္ခဏာများ (သို့ ) ဂုဏ်ပုဒ် များ၊ မင်းကျင့်တရား ၁၀ ပါး တို့ ကို လင်္ကာ အပါအ၀င် သင့်သမျှအကျယ်နှင့်တကွ တပည့်တော် သိလို၊ မှတ်လိုပါသဖြင့် တပည့်တော်၏ အီးမေးဖြင့် ရှင်းလင်းသင်ပြပေးပါရန် လက်ဆယ်ဖြာဦးထက်မိုးလျှက် ရှစ်ခိုးကန်တော့ တောင်းခံအပ်ပါတယ်ဘုရား။ ”
ဖင်လန်နိုင်ငံ ကူအိုပီအိုမြို့  ဒကာကြီးဦးဇော်ဝင်းမှ မိမိအားအထက်ပါအတိုင်း ဖေ့စ်ဘုတ်ပေါ်မှ လျှောက်ထားတောင်းခံလာပါသည်။ “ အခွင့်သင့် အလျဉ်းသင့်သလို ရှင်းပြပေးပါမည် ဒကာကြီး ” ဟု မိမိက လက်ခံသည့်အနေဖြင့်ဖေ့စ်ဘုတ်ပေါ်မှပင် အကြောင်းပြန်ထားခဲ့သည်။ မိမိသည် သင်ယူလေ့လာစရာနှင့်အခြားဖတ်မှတ်စရာများစွာရှိသော်လည်း ဤကဲ့သို့ ဒကာ/ဒကာမများက သိလိုရေးဖြင့်မေးမြန်းလာသော အချက်များကို မေတ္တာနှ လုံးသွင်း၍
လက်ခံဖြေဆိုပေးခြင်းသည်လည်း ရဟန်းတော်တစ်ပါးအတွက်လျော်ကန်သင့်မြတ်သော အလုပ်ပင်ဖြစ်သည်ကတကြောင်း၊ အများသူငါသိသင့်သိထိုက်သော မေးခွန်းဖြစ်သည်လည်းတကြောင်းကြောင့်ကိုယ်ပိုင်အလုပ်ချိန်
များမှ အချိန်ကိုအကျိုးရှိရှိဖဲ့ယူသုံးစွဲကာ ဖြေဆိုလိုက်ပါသည်။

အထက်ပါအမေးတွင် ၁။ နာယကဂုဏ်ခြောက်ပါး၊ ၂။ မိတ်ဆွေကောင်းတို့၏ လက္ခဏာများ (သို့) ဂုဏ်ပုဒ်များ၊ ၃။ မင်းကျင့်တရား (၁၀) ပါး ဟူ၍ သိလိုသောအချက် သုံးချက်ပါဝင်ပါသည်။ အဆိုပါ သုံးချက်စလုံးသည် အဓိပ္ဗါယ်ရှိရှိ အနှစ်သာရပြည့်ဝစွာဖြင့်ရှင်သန်လိုသောလူသားတစ်ယောက်အနေဖြင့် သိသင့်သိထိုက်သော အရေးကြီးသည့်ဘဝစည်းကမ်းနည်းလမ်းများပင်ဖြစ်သည်။ သက်ဆိုင်ရာဘဝအသီးသီးအတွက် လမ်းညွှန်တရားဟုလည်း ဆိုနိုင်သည်။ နာယကဖြစ်သူမှာ နာယကတို့လိုက်နာရမည့်စည်းကမ်းများ ကျင့်ထုံးများကိုသိဖို့လိုအပ်သလို လူမှုအပေါင်းအသင်းနှင့်
ကင်းကွာ၍ မရနိုင်သောလူသားတစ်ဦးအနေဖြင့်လည်း မိတ်ဆွေကောင်းနှင့်မိတ်ဆွေယုတ်တို့၏ သဘောလက္ခဏာများကို ကွဲပြားစွာနားလည်ထားဖို့လိုအပ်လှသည်။ မင်းဖြစ်သူသည်လည်း မင်းနှင့်ဆိုင်သော ကျင့်ဝတ်များကို သိဖို့နှင့်အမှန်တကယ်လိုက်နာဖို့အရေးကြီးကြောင်းမှာ ပြောပြစရာမလိုအောင်ပင်ထင်ရှားလှသည်။ အချက်ပါသိလိုသောအကြောင်းအရာသုံးမျိုးတွင် နာယကဂုဏ်ခြောက်ပါးကို ဦးစွာဖြေဆိုပါမည်။
နာယကဂုဏ်ခြောက်ပါး
ခမာ ဇာဂရိ ယုဋ္ဌာနံ၊ သံဝိဘာဂေါ ဒယိက္ခဏာ။
နာယကႆ ဂုဏာဧေတ၊ ဣစ ၦိတဗၺာ သတံ ဂုုဏာ။
( လောကနီတိ ဂါထာနံပါတ် ၁၁၉ )
အဓိပ္ဗါယ်မှာ ၁။ သည်းခံခြင်း၊ ၂။ နိုးကြားခြင်း၊ ၃။ လုံ့လဝီရိယရှိခြင်း၊ ၄။ ခွဲဝေပေးကမ်းခြင်း၊ ၅။ သနားကြင်နာခြင်း၊ ၆။ အမျှော်အမြင်ရှိခြင်း တို့သည် အဖွဲ့ အစည်း၏အကြီးအကဲဖြစ်သူ မိဘဖြစ်သူနှင့်အစိုးရလုပ်သူတို့၏ ဂုဏ်ကျေးဇူးများဖြစ်သည်။ ရှိထား သိထား ကျင့်သုံးရမည့် စည်းကမ်းနှင့် နည်းလမ်းတို့ဖြစ်သည်။ သူတော်ကောင်းတို့ နှစ်သက်မြတ်နိုးသော စည်းကမ်းနည်းလမ်းများဖြစ်သည် ဟုဆိုလိုပါသည်။
အနည်းငယ်ချဲ့ ပါမည်။ ဤနေရာ၌ နံပါတ် ၁။ ခမာ၊ သည်းခံခြင်းဟူသည် ဘုရားအလောင်းတော်ခန္တီဝါဒီရှင်ရသေ့အား ကလာဗုမင်းက ကြမ်းတမ်းရိုင်းပြစွာပြောဆို ရိုက်နှက်ညှင်းဆဲပြီးလျှင် လက်ဖြတ် ခြေထောက်ဖြတ် နှာခေါင်းဖြတ် နားရွက်ဖြတ် ခေါင်းဖြတ်ခြင်းခံရသည်ကို ရှင်ရသေ့မှ ဘာမျှမခုခံ မတုန့်ပြန်ဘဲ သေသည်အထိ သည်းခံသွားသည့် သည်းခံခြင်းမျိုးကိုမဆိုလိုပါ။ ထိုကဲ့သို့ သော သည်းခံခြင်းမျိုးသည် ခန္တီပါရမီကို ဖြည့်ဆည်းတော်မူသော ဘုရားအလောင်းတော်တို့၏ သဗ္ဗညုတဥာဏ်တော်ရရှိရေး ကျင့်စဉ် လမ်းစဉ်သာလျှင်ဖြစ်သည်။
ဤနေရာ၌ “ဆိုလိုသောသည်းခံခြင်းဟူသည် မိသားတစု သို့မဟုတ် အဖွဲ့ အစည်းတစ်ခုခု သို့မဟုတ် နိုင်ငံတနိုင်ငံကိုဦးဆောင်ရသည့်အခါ လက်လောက်ငယ်သားများ၏အထင်အမြင်လွဲမှားမှုကြောင့်
ဖြစ်စေ သို့မဟုတ် ပြိုင်ဘက်များ၏ မလိုလားမှုကြောင့်ဖြစ်စေ ဝေဘန်ပုတ်ခတ်ပြောဆိုသံများကို သည်းခံရမည်။ ဟုတ်လျှင်ဟုတ်မှန်သည့်အတိုင်းဝန်ခံရမည်။ မဟုတ်လျှင် မဟုတ်သည့်အတိုင်း တရားမျှတသောဥပဒေဘောင်အတွင်းမှ တည်ငြိမ်စွာရှင်းလင်းပြောကြားရမည်၊ မှန်ကန်စွာသတင်းထုတ်ပြန်ပေးရမည် ” ဟုဆိုလိုပါသည်။ အကြောင်းမှာ ပုထုဇဉ်တို့၏ဥာဉ်အရ အကြီးအကဲဖြစ်လာလျှင် “ ငါက ဥက္ကဋ္ဌပဲ အတွင်းရေးမှုးပဲ ဝန်ကြီးချုပ်ပဲ သမ္မတပဲ ” ဟု မသိစိတ်တွင် မထင်မရှားဖြစ်စေ၊ ထင်ထင်ရှားရှားဖြစ်စေ အတ္တမာနစိတ်ကား ဝင်ရောက်လာတတ်စမြဲဖြစ်သည်။ ထိုအတ္တစိတ်ကလေးကား ကြာလာသည်နှင့်အမျှ ရင်တွင်းသန္တာန်ဝယ် နူးညံ့သိမ်မွေ့ သည့်အဆင့်မှ ခိုင်မာပြင်းထန်သောအဆင့်သို့ရောက်ရှိလာတတ်သည်။ အချို့ ကလည်း နူးညံ့စွာရက်စက်တတ်သည့်အခြေအနေသို့ရောက်ရှိလာတတ်သည်။ မည်သို့ဆိုစေ အသိဥာဏ်သာရှေ့ သွားမပြု ဦးမစီးပါက ထိုပြင်းထန်ကြမ်းတမ်းရက်စက်တတ်သောအဆင့်သို့
အလွယ်တကူပင်ရောက်ရှိတတ်လေသည်။
အဆိုပါ အဆင့်သို့ရောက်ရှိလာသောအတ္တကို ထိန်းသိမ်းဖို့အရေးမှာ မုန်ယိုသောဆင်တကောင်ပမာ ထိန်းသိမ်းရခက်ပေမည်။ ထိုအခါ လက်အောက်ငယ်သားများ၏ ကျိုးကြောင်းတင်ပြချက်များကိုလည်း အလေးမထား ဂရုမစိုက်ဘဲ “ ငါပြောသည်သာအမှန်၊ ငါတွေးသည်သာအဟုတ်၊ ငါလုပ်သည်သာ ကောင်းကျိုးရှိတယ် ” ဟု မှောက်မှားစွာမြင့်တက်လာသောအတ္တဘဝင်စိတ်ဖြင့် အများတကာကို
နှိပ်စက်မိတော့သည်။ ထိုသို့ အတ္တကြီး၍ သည်းခံခြင်းကင်းလာသောအခါ ဒေါသအလျောက်ပြုမူဆောက်ရွက်တော့သည်။ ဒေါသစိတ်ဖြင့် အကောင်အထည်ဖေါ်တော့သည်။ အပ်/မအပ်၊ ရာ/မရာ၊ သင့်/မသင့်ကိုမချင့်ချိန်တော့။ လက်အောက်ငယ်သားအများ၏ ဆန္ဒကိုမလေးစားတော့။ ထိုသို့ဆင်ခြင်ဥာဏ်ကင်းမဲ့စွာ ငယ်သားများ၏ဆန္ဒကိုလည်းမလေးစားတော့ဘဲ ဒေါသအလိုကျဆောင်ရွက်သည်ကို ဒေါသာဂတိဟုခေါ်ဆိုသည်။ ဒေါသရှေ့ သွားပြု၍ ဆောင်ရွက်ခြင်းလည်းဖြစ်သည်။
ထို့ပြင် သည်းခံစိတ်ကင်းသောအကြီးအကဲသည် အမှားအမှန်နှင့်ကောင်းကျိုးရှိခြင်း မရှိခြင်းကို အလေးမထားတော့ဘဲ သူ၏ပုဂ္ဂလိကဆန္ဒအလျောက် ဆောက်ရွက်တော့သည်။ သူ၏ဆန္ဒသည် မူဝါဒဖြစ်လာသည်၊ ပန်းတိုင်ဖြစ်လာသည်၊ မျှော်မှန်းချက်ဖြစ်လာသည်၊ ဖြတ်ထုံးဖြစ်လာသည်၊ သူတဦးတည်း၏ပုဂ္ဂလိကဆန္ဒကို တရားဥပဒေဆိုသောနာမည်ဖြင့် ကင်ပွန်းတပ်ကာ သတ်မှတ်ပြဋ္ဌာန်းလာသည်အထိပင် ဆန္ဒနယ်နမိတ်ကျော်လွန်လာသည်။ ဤသည်ကို ဆန္ဒာဂတိဟုခေါ်သည်။
၎င်းနောက် ကြာလာသည်နှင့်အမျှ သူ၏ဦးဆောင်မှုအမှားများနှင့်သူ၏ကျူးလွန်မှုများ
အတွက် တရားခံဖြစ်မှာကိုကြောက်လာသည်။ သူကိုယ်တိုင်၏အမှားများအတွက် တာဝန်မခံရဲဖြစ်လာသည်။ တာဝန်ယူလုပ်ခဲ့စဉ်က သည်းခံခြင်းကင်းမဲ့စွာ အတ္တစိတ်များ၊ ဒေါသာဂတိများ၊ ဆန္ဒာဂတိများတို့နှင့်လွဲမှားစွာဆောင်ရွက်ခဲ့မှုများအတွက် တာဝန်ခံချိန်ရောက်လာတော့ ခေါင်းရှောင်ချင်လာသည်၊ တာဝန်ခံရမှာကိုကြောက်လာသည်။ တာဝန်ယူခြင်းနှင့်တာဝန်ခံခြင်း (Responsibility and accountability) တို့ ရှေ့ နောက်မညီဖြစ်လာသည်။ ထိုအခါ မမျှတသော မတရားသောနည်းလမ်းများကို ကကြိုးကုန်အောင်မျိုးစုံသုံး၍ သူ့ကိုယ်သူကာကွယ်တော့သည်။ ယုတ္တိမတန်သောဆင်ခြေများ၊ ခိုင်မာမှုမရှိသောအကြောင်းပြချက်များဖြင့်လှည့်စားဖို့ကြိုးစားလာ
တော့သည်။ တဖက်သားကို အပြစ်ပုံချလာသည်။ ဤသို့ တာဝန်ခံရမည်ကိုကြောက်သောကြောင့် သို့မဟုတ် တရားခံဖြစ်ကာပြစ်ဒဏ်ခံရမည်ကိုကြောက်သောကြောင့် သို့မဟုတ် အထက်နှင့်အောက်စသည်တို့မှ ဖိအားများကိုကြောက်သောကြောင့် အမှန်ကိုကျောခိုင်းကာ လွဲလွဲမှားမှားဆောင်ရွက်သည်ကို ဘယာဂတိဟုခေါ်သည်။

 (ဆက်ပါဦးမည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...