Sunday, October 5, 2014

နားဆင်မှတ်သားမိသမျှ ခင်မောင်ညို (ဘောဂဗေဒ)



          ဟိုတစ်လောတုန်းက အိန္ဒိယနိုင်ငံသွားတဲ့ခရီးစဉ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံက ပညာရှင်တွေနဲ့တွေ့ပါတယ်။ သူတို့က ဘင်္ဂလားဒေ့ရှ်ကို ရောက်ဖူးသလားဆိုတော့မရောက်ဖူးပါဘူးဆိုတာဖြေရပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့သူတွေ ဘယ်လိုနေကြ၊ ထိုင်ကြသလဲ၊ဘယ်လောက်ဒုက္ခရောက်ကြသလဲ၊ ဆင်းရဲကြတာတွေလာကြည့်စမ်းစေချင်တယ်ဆိုပြီးတော့ ပြောသွားပါတယ်။ကျွန်တော်ကလည်း “မင်းတို့လည်း မြန်မာနိုင်ငံကိုလာကြည့်စေချင်တယ်။ ပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသဘောထားကြသလဲ၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေဘယ် လောက်ပျက်စီးနေသလဲ၊ ယုံကြည်မှုတွေပျက်စီးပြီး အမှန်းတရားတွေ ဘယ်လောက်ပွားများနေသလဲဆိုတာလာကြည့်စမ်း စေချင်တယ်၊ အပြင်ကမြင်တာတွေ၊ ထင်တာတွေနဲ့ တခြားစီဖြစ်နေလိမ့်မယ်”လို့ ပြောဖြစ်ပါတယ်။


 မကြာသေးမီကတော့ မြန်မာနိုင်ငံက သုတေသနဌာနတစ်ခုကိုလာရောက်တဲ့ ဘင်္ဂလားဒေ့ရှ်ပညာရှင်များနဲ့ မြန်မာနိုင်ငံကအငြိမ်းစား သံအမတ်ကြီး များပါဝင်တဲ့ပညာရှင်တွေတွေ့ကြ၊ ဆုံကြ၊ ဆွေးနွေးကြပါတယ်။ သူ့အမြင်၊ ကိုယ့်အမြင်ပြောကြတာပါပဲ။ ဒါပေမယ့် သံအမတ်တွေ၊သံအမတ်ဟောင်းတွေဆိုတော့လည်း သိပ်ပြီးပြင်းပြင်းထန်ထန်အငြင်းပွားကြတဲ့ အခြေအနေမျိုးမဟုတ်ပါဘူး။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ပြောကြတာပါပဲ။ ဧည့်သည်တွေ အားလုံးလိုလိုက အနောက်တိုင်းမှာ လေ့ကျင့်သင်ကြားမှုများပြီး အနောက်တိုင်းအတွေးအခေါ်တွေ လွှမ်းမိုးတယ်ဆိုတာ သတိထားမိပါတယ်။တချို့ ပညာရှင်တွေကတော့ အနောက်တိုင်းမှာပညာသင်လာပြီးတော့ အနောက်တိုင်းဆန့်ကျင်အတွေးအခေါ်တွေရှိနေတယ်ဆိုတာလည်း သတိပြုမိပါတယ်။
 သူ့သဘောထားတွေ၊ကိုယ့်သဘောထားတွေ ဘယ်လို ပြောနေနေ၊ အရေးကြီးတာက ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွားပါပဲ။နောက်ဆုံးကျတော့ သူတို့လည်းသူ့တို့နိုင်ငံရဲ့အကျိုးစီးပွားဖက် ကရပ်တည်ပြောတယ်။ ကျွန်တော်တို့လည်းကျွန်တော်တို့အကျိုးစီးပွားဖက်က ရပ်တည်ပြီးပြောတာပါပဲ။ စိတ်ဝင်စားစရာတစ် ခုကတော့ သူ့တို့ကပညာရှင်တွေဖြစ်နေပင်မဲ့ပညာရှင်ဆန်တဲ့အသုံးနှုန်းတွေမသုံးဘဲနဲ့ သာမန်လူပြိန်းနားလည်တဲ့ အပြော အဆိုတွေ ပြောတာကိုသတိထားမိပါတယ်။နောက်တစ်ခုက ကျွန်တော်တို့ရဲ့အာရှတိုက်က ပုံပြောတဲ့အလေ့အထကျယ်ပြန့် တော့ သူ့တို့လည်းပုံပြောတာဆန်ဆန်၊ကဗျာတွေ၊ ဇာတ်ကြောင်းတွေ၊ ဇာတ်တော်တွေကို တော်တော်လေးကိုးကားပြီးပြော တာ သတိပြုမိပါတယ်။ကိုယ်တောင်မှ ဂန္ဓဝင်ကဗျာတွေ၊ သမိုင်းအကြောင်းတွေ ပြန်ဖတ်ရမယ်၊ နိုင်ငံတကာကထင်ရှားတဲ့ဇာတ်လမ်းတွေ၊ ဝထ္ထုတွေပြန်ဖတ်ရမယ်ဆိုတာ သတိပြုမိပါတယ်။

          ဘင်္ဂလားဒေ့ရှ်ကမိတ်ဆွေတွေနဲ့ ဆွေးနွေးတဲ့အထဲမှာစိတ်ဝင်စားစရာတစ်ခုက သူ့တို့ဟာ လျင်လျင် မြန်မြန် စက်မှု၊ လက်မှုတိုးတက်နေတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ဒါပေမယ့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းက လွတ်မြောက်အောင် မကြိုးစားဘူး။ သူတို့ကိုစက်မှုနိုင်ငံဖြစ်နေပြီ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံမဟုတ်ဘူးလို့ပြောတာတောင်မှ သူ့တို့ကလက်မခံဘဲနဲ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတစ်ခုအနေနဲ့ရတဲ့ အခွင့်အရေးတွေ၊ ချေးငွေတွေ၊ အကူအညီတွေကိုဆက်လက်ပြီးတော့ရယူခံစားနေ တယ်ဆိုတာ ပြောပြပါတယ်။
 ကျွန်တော်တို့တစ်တွေက နိုင်ငံရဲ့အနောက်ဘက်ကနိုင်ငံတွေနဲ့ထိတွေ့မှုနည်းပါတယ်။ အခုလို နည်းတာလည်း အကြောင်းအမျိုးမျိုးရှိပါတယ်။ ဥပမာ - ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံကိုကြည့်တဲ့အခါမှာ မြန်မာဖက်ကရောင်း ပေမယ့် ဘင်္ဂလားဒေ့ရှ်ကမဝယ်ဘူး။ မြန်မာဖက်ကဝယ်တဲ့ဟာကလည်း ဘင်္ဂလားဒေ့ရှ်ကမဟုတ်ဘူးဆိုတာမျိုးတွေရှိပါတယ်။ ဒါတွေကတော့ စီးပွားရေးသဘောတွေပိုဆန်ပါတယ်။ ဆက်နွယ်မှုကိုပြောတဲ့အခါမှာ ကုန်သွယ်မှု၊ သယ်ယူပို့ဆောင်ရေး၊ ရင်းနှီးမြှပ်နှံမှုသာမကယဉ်ကျေးမှု၊ လူအချင်းချင်းဆက်နွယ်မှု ဒါတွေလည်းလိုအပ်တယ်ဆိုတာ ဆွေးနွေးဖြစ်ကြပါတယ်။ အထူးသဖြင့်တော့မြန်မာအကြောင်းကို ဘင်္ဂလားဒေ့ရှ်ကမသိသလို၊ ဘင်္ဂလားဒေ့ရှ်အကြောင်းကိုလည်း ကျွန်တော်တို့ကမသိပါဘူး။ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိရင် ပိုပြီးတော့နားလည်မှုရမယ်လို့ စဉ်းစားစရာဖြစ်ပါတယ်။

ဘင်္ဂလား ဒေ့ရှ်ရဲ့တိုးတက်မှုမှာအဟန့်အတား(၂)ခုရှိပါတယ်။ တစ်ခုကတော့ သူ့တို့ကမြေနေရာကျဉ်းမြောင်းတာနဲ့ လူဦးရေထူထပ်နေတာပါပဲ။ နောက်တစ်ခုကတော့ သူ့ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာလိုအပ်တဲ့ စွမ်းအင်ကိစ္စပဲလို့ကျွန်တော်တို့သိရှိရပါတယ်။ ကျွန်တော်တို့ရဲ့ အထည်ချူပ်လုပ်ငန်းတွေအကြောင်းကိုလည်း စိတ်ဝင်စားပါတယ်။သူတို့ကတော့ လွယ်လွယ် ဥပမာပြောရ ရင်တော့ ဝတ်ရည်ရှိရင်တော့ ပျားတွေလာမှာပဲဆိုတဲ့သဘောကိုပြောပါတယ်။ ကျွန်တော်တို့က သူများထက်ထူးထူးခြားခြား ပေးနိုင်တာ၊ ထူးထူးခြားခြားထုတ်လုပ်နိုင်တာရှိရင်ရင်းနှီးမြှပ်နှံမှုတွေ၊ ကုန်သွယ်မှုတွေ တိုးပွားလာမှာပဲဆိုတာပြောပြပါတယ်။ မက်လုံးနဲ့အခြားနိုင်ငံတွေကို ဆွဲဆောင်တဲ့အခါမှာ တစ်နိုင်ငံကသဘောကျပြီး တခြားနိုင်ငံကသဘာမကျ တာလည်းရှိတတ်ပါတယ်။ ဥပမာ- တောင်ကိုရီးယားနိုင်ငံ ကသဘောကျပြီးတော့ အမေရိကန်က သဘော မကျတာမျိုးလည်းဖြစ်နိုင်ပါတယ်။

 ကမ္ဘာ့ကုန်သွယ်မှုမှာတော့ စီးပွား ရေးအရ ကူးသန်းရောင်းဝယ်မှုတွေထက်တန်ဖိုးထားမှုတွေ၊ ဒီပစ္စည်းထုတ်လုပ်တဲ့နိုင်ငံရဲ့ အခြေအနေ၊ လူ့အခွင့်အရေး၊ ပဋိပက္ခဖြစ်မှုတွေကိုပါ သတိထားပြီးတော့ ရောင်းဝယ်လာကြတယ်ဆိုတာ သူတို့က သတိပေးသွားခဲ့ ပါတယ်။ ပါမောက္ခတစ်ယောက်ကတော့ကမ္ဘာဆန်လာတဲ့လမ်းကြောင်းမှာ ကောင်းတာတွေရော၊ ဆိုးတာတွေရောပါတယ်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ၊မှုခင်းတွေလည်း ပါတယ်ဆိုတာ အဓိကထားပြီးတော့ ဆွေးနွေးပါ တယ်။

          ဘင်္ဂလားဒေ့ရှ်ကမိတ်ဆွေများနဲ့ နောက်တစ်ကြိမ်ထပ်တွေ့ပါတယ်။ဒါပေမယ့်လည်း နှစ်ထပ်ရှိတော့ မှတ်မိဆိုတဲ့ သဘောပါပဲ။ ပထမအခေါက်ကကြားရတာတွေ နှစ်ခေါက်နားထောင်ရတဲ့အခါကျတော့ပိုပြီးတော့နားလည် သဘောပေါက် သွားပါတယ်။
နောက်တစ်ရက်မှာလည်းဂျာမန်ကသံအမတ်ကြီးနှင့် ဆွေးနွေးပွဲကို နားထောင်ရပါတယ်။ ဒီမိုကရေစီဆိုတာ အမိန့် ပေးလို့မရဘူး။အမိန့်ပေးရတဲ့ကိစ္စ မဟုတ်ဘူး။ ကျင့်ကြံနေထိုင်ရတာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်လေးနဲ့စထားပြီးတော့အတိုက်အခံတွေကို ရန်သူလို့ သဘောမထားရဘူး။ ရှုံးနိမ့်မှုတွေ၊ အားနည်းချက်တွေကိုလည်း လက်ခံဖို့လိုတယ်လို့ပြောပါတယ်။သူက မကြာခဏ “စမ်းသပ်လိုက်၊ မှားလိုက်၊ ပြင်လိုက်”ဆိုတဲ့ ပုံစံကို ပြောပြပါတယ်။ တစ်ခါတည်းတစ်ကြိမ်တည်းနဲ့ အမှန်ကိုမရနိုင်တော့မှားလိုက်၊ ပြင်လိုက်နဲ့လုပ်ရမှာပဲလို့ ပြောပြတာတွေ့ရပါတယ်။

မြန်မာနိုင်ငံဟာအင်အားအလွန်ကြီးမား တဲ့ နိုင်ငံဖြစ်တဲ့အတွက်၊ ကျယ်ဝန်းတဲ့နိုင်ငံဖြစ်တဲ့အတွက် ဆုံးရှုံးဖို့ကျဆုံးဖို့မဖြစ်ပါဘူး။ Too Big To Failလို့ပြောပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့မှာသဘာဝသယံဇာတတွေရော၊ လူ့စွမ်းအားတွေရောရှိနေတယ်ဆိုတာ မမေ့ဖို့ထပ်ကာတစ် လဲလဲ သတိထားပေးပါတယ်။စာနယ်ဇင်းတွေ၊ စာနယ်ဇင်းသမားတွေဆိုတာ သင်ကြားပေးရမယ့်သူတွေဖြစ်တယ်။ ထောင် ထဲမှာထားရမယ့်သူတွေမဟုတ်ဘူးဆိုတဲ့အချက်ကိုလည်း ထောက်ပြသွားပါတယ်။
 ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ စိတ် ဝင်စားစရာကောင်းတာကတော့ပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုတာ ဈေးနှုန်းတစ်ခုရှိတယ်။ အဲဒီဈေးနှုန်းကိုပေးရမယ်။ အများအားဖြင့် ကြိုတင်ပြီးတော့ ပေးရတယ်။ ရတဲ့ ရလဒ်တွေကတော့ ဒီခေတ်၊ ဒီလက်ထက်မှာမပေါ်ဘဲနဲ့ကောင်းကျိုး ဖြစ်ဖြစ်၊ ဆိုးကျိုးဖြစ်ဖြစ် နောင်လာနောင်သားများခံစားရမယ့်ကိစ္စဖြစ်တယ်ဆိုတာပြောပြသွားခဲ့ပါတယ်။

အဲဒီတော့ကျွန်တော် တို့အနေနဲ့ နိုင်ငံတကာနှင့်ဆက်ဆံတယ်ဆိုတဲ့အခါမှာနိုင်ငံတကာကအတွေ့အကြုံတွေ ရယူဖို့လိုသလို၊ ကိုယ့်အခြေအနေနဲ့ ကိုက်အောင် အသုံးပြုဖို့လိုပါတယ်။ဒီလိုပါပဲ အဝေးကသင်ခန်းစာတွေယူနေရသလို၊ အနီးနားကသင်ခန်းစာတွေကို ယူနေရ တယ်ဆိုတာသတိထားမိပါတယ်။အုပ်ချူပ်ရေး၊ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုတာ အလွန်ခက်ခဲတဲ့အကြောင့်ဘာပဲဖြစ်ဖြစ် ဥပဒေအရ၊ စည်းမျဉ်းစည်းကမ်းအရလုပ်ဆောင်ကြရမယ်ဆိုတာ အရေးကြီးတဲ့ အကြောင်းပြောပြသွားပါတယ်။  စီးပွားရေးလုပ်ငန်းပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာရေရှည် အကျိုးစီးပွားနဲ့၊ ရေတိုအကျိုးစီးပွားတွေကိုပေါင်းစပ်ဖို့လည်း ဆွေးနွေးသွားခဲ့ပါတယ်။အလုပ်အကိုင်တွေရရှိဖို့၊ အခြေခံ စားဝတ်နေရေးလိုအပ်ချက်တွေပြည်စုံဖို့ လိုအပ်တယ်။
 အများအားဖြင့် ပြည်သူလူထုဆိုတာ ဖွံ့ဖြိုးတိုးတက်မှုတွေကိုဆန့်ကျင် တတ်ကြတယ်။ အဲဒီတော့ သူတို့အကျိုးစီးပွားနှင့် သူတို့စိတ်ဝင်စားမှုတွေကိုပါပေါင်းစပ်ပေးဖို့လိုတယ်။ အထူးသဖြင့်တော့ တစ်ဖက်နဲ့ တစ်ဖက်ယုံကြည်မှု နည်းလို့မဖြစ်ပါဘူး။ယုံကြည်မှုနည်းတာတွေ ယုံကြည်မှုမြင့်မားလာအောင်တည်ဆောက်ဖို့ လိုတယ်ဆိုတာ တင်ပြသွားတာကြားသိရပါတယ်။
မြန်မာနဲ့ ဂျာမနီနဲ့ဟာ အေးစက်တဲ့ကာလတွေ ကြုံခဲ့တယ်။ ဒါပေမယ့် လုံးဝအဆက်အသွယ်ဖြတ်ခဲ့တာမဟုတ်ဘူး။ အရေးအကြောင်းမှာ အကူအညီပေးတဲ့မိတ်ဆွေမှ တကယ့်စစ်မှန်တဲ့မိတ်ဆွေဖြစ်တယ်။ဒါကြောင့် မြန်မာ နှင့် ဂျာမနီဟာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်လို့ဆိုသွားခဲ့ပါတယ်။ ကျောင်းသူတစ်ဦးကရခိုင်မှာဖြစ်နေတဲ့ အရေးအခင်းနဲ့ပတ်သက်လို့ မေးမြန်းရာမှာတော့ သူ့ကဒီပြဿနာတွေဟာ ကိုယ့်ကြောင့်မဟုတ်ပေမယ့်ကိုယ်မလိုချင်ပေမယ့်ရှိနေတာပဲ။ ရှိနေတာကိုတော့ လက် ခံဖို့လိုတယ်။ ဒီပြဿနာတွေနဲ့ပတ်သက်ရင်ဘယ်သူမှားတယ်လို့ ပြောလို့မရဘူး။ အားလုံးက သူ့ဖက်နဲ့သူမှန်နေတယ်။ ဒီတော့ ပြဿနာဖြေရှင်းဖို့ထက်ပြဿနာကို နိုင်နိုင်နင်းနင်းစီမံခန့်ခွဲဖို့က အရေးကြီးတယ်။ တစ်ဖက်နဲ့တစ်ဖက် ရန်လိုနေကြတာတွေ၊ မှန်းတီးနေကြတာတွေ ဒါတွေကို လျော့ပါးအောင်လုပ်ဖို့ အရေးကြီးတယ်လို့လည်း ဆွေးနွေးသွားတာမှတ်သား မိပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...