Wednesday, September 3, 2014

အရောင်လေး တစ်ခု လိုနေသည်



ကျွန်တော် အခန်းတံခါးဝတွင် ရပ်လိုက်သည်၊ အတွင်းသို့လှမ်းကြည့်လိုက်သော အခါ စားပွဲတွင် ထိုင်နေသော မောင်ထူးလေးက လုပ်လက်စ အလုပ်ကို ရပ်လျှက် ငြိမ်နေသည်။
ထို့နောက် လှည့်မကြည့်ပါပဲ မျက်နှာ ပြုံးရောင်သန်းလာသည်၊
`` အစ်ကို ၀င်လာပါ ´´
`` ဟဲဟဲ... မင်းတော်တော် သိတယ်နော်... အခု ဘာလုပ်နေတာလဲ ´´


မောင်ထူးလေးက နားကျပ်ကလေးကို ဖြုတ်ကာ စားပွဲပေါ် ပြန်တင်ရင်း
`` စာကျက်နေတာအစ်ကို ´´
`` စာကျက်နေတာဆိုရင် ခြေသံ မကြားဘူးလေ ဘယ်လိုသိတာလဲ၊ မင်းအိမ်ကအဖွဲ့တွေရော တစ်ယောက်မှ မတွေ့ပါလား´´
`` အစ်ကို့မှာ ကိုယ်ပိုင် အနံ့တစ်မျိုးရှိတယ်၊ နောက်ပြီး အသံမကြားပေမယ့် လှမ်းလာတဲ့ ခြေလှမ်းတွေမှာလည်း ကိုယ်ပိုင်ဟန်တွေ ရှိတယ်.. ကျွန်တော်သိနေတယ်လေ၊ ဖေဖေနဲ့ မေမေကတော့ အပြင်သွားကြတယ်... ဒေါ်အေးက ဘယ်သွားလဲ မသိဘူး... စာကျက်နေလို့ သတိမထားမိလိုက်ဘူး...´´
`` မိုက်တယ်ကွာ ´´ ပြောရင်း မောင်ထူးလေး ပုခုံးကို ကျွန်တော် ပုတ်လိုက်သည်။
`` ထမင်းရော စားပြီးပြီလား ´´
`` မစားသေးဘူး အစ်ကို ထမင်းတော့ ပြင်ထားပြီးပြီ´´
`` ဟုတ်လား ဘာဟင်းချက်လဲ ´´
`` ကြက်သား ဘူးသီးနဲ့ ကန်စွန်းရွက်ကြော်... ငါးပိရည်၊ တို့စရာက ဒညင်းသီးနဲ့ မြင်းခွါရွက်တို့ဘာတို့ပေါ့... ဒါနဲ့ အစ်ကို ဆေးလိပ်တော်တော်များနေပြီနော်... ကိုယ်နံ့နဲ့ ဆေးလိပ်နံ့ ရောနေတယ် ´´
`` အင်းပါကွာ... လျှော့ပါ့မယ် ´´ ပြောရင်း ကျွန်တော် မောင်ထူးစားပွဲလေးပေါ်မှ စာဖတ်ကိရိယာ ကီးဘုတ်လေးကို ဘေးသို့ တွန်းရွှေ့ရင်း ပါလာသည့် အထုပ်ကလေးအားတင်လိုက်သည်။
`` ငါးကင်လား ကြက်ကင်လား အစ်ကို´´
`` မင်းဘာထင်လဲ ´´
`` အင်း ကြက်ကင်ပဲ ထင်တယ်... ဒါကျွန်တော်ကြိုက်တယ်လေ..´´
`` ဟုတ်ပ... ဒီကြက်ကင်ကို ခဲစက္ကူနဲ့ ပတ်ထားတာ မင်းက ဘယ်လိုသိတာလဲ ´´
`` အင်း အဲဒီ ခဲစက္ကူမှာကိုက အနံ့ တစ်မျိုး ရှိတယ် အစ်ကိုရဲ့... ကျွန်တော်ကတော့ သိတယ် ပြောမပြတတ်တာ တစ်ခုပဲ ´´
`` ဟုတ်လား ငါတော့ မသိဘူးကွ´´
`` အော်..... အစ်ကိုက အမြင်အာရုံကောင်းတာကိုး ဘယ်သတိထားမိမတုံး၊ ကျွန်တော်တို့တွေမှာကျတော့ အမြင်အာရုံအစား အကြားအာရုံရယ်... အနံ့ခံအာရုံရယ်.. အထိအတွေ့ လှုပ်ရှားမှုရယ်.. နောက်ပြီး မပြောပြတတ်တဲ့ အာရုံတစ်မျိုးလည်း ရှိသေးတယ် အဲဒါတွေမှာတော့ ထူးခြားပြီး အားကောင်းလာတတ်တယ်...´´
မောင်ထူး ပြောပြနေသော အကြောင်းများကို နားထောင်ရင်း သဘောကျနေမိသည်၊ မျက်လုံး မမြင်သော မောင်ထူးလေးကို ကျွန်တော်ခင်သည်၊ ကရုဏာ စိတ်လည်း မဖြစ်မိ၊ သာမန်လူတစ်ဦးကဲ့သို့ပင် ရင်းနှီးနေသည်၊
`` ဒါနဲ့ စာမေးပွဲက ဘယ်လောက်လိုသေးလဲ ´´
`` မတ်ခ်ျလမှပါ... ´´
`` အင်းအင်း အခု မင်းနဲ့ ထမင်းစားမယ်၊ ပြီးရင် အပြင်ခဏထွက်လည်မယ်ကွာ... လဘက်ရည်လေး ဘာလေးသောက်မယ်... ငါက မကြာခင် အလုပ်နဲ့ ခရီးသွားရမှာ လပိုင်းလောက်ကြာမယ်လေ..´´
`` အော်... ဒါဆိုကျွန်တော် ပျင်းနေတော့မှာပေါ့ ´´
`` ဖုန်းဆက်မယ်လေ... ငါမဆက်ဖြစ်တဲ့နေ့ မင်းလည်း ဖုန်းဆက်ပေါ့´´
`` ဟုတ်... ဟော မေမေပြန်လာပြီ ကားသံကြားတယ်´´ စကားပြောနေစဉ် ကားဝင်လာသံကြားလိုက်ရသည်။
`` ဟင်... ပြောတော့ မင်းအဖေနဲ့ အမေ အတူတူ သွားတာဆို´´
`` ဟုတ်တယ်လေ..အခုပြန်လာတော့ ဖေဖေပါမလာဘူး.. လီဗာနင်းတာနဲ့ ကားရပ်တာ ကြမ်းတယ် အဲဒါ မေမေ မောင်းတာ... ဖေဖေက မိသားစုပါရင် ကားကို ဖြည်းဖြည်းလေးပဲ မောင်းတယ်..´´
`` ဟား တယ်ဟုတ်ပါလားကွာ ´´
`` ဒါနဲ့ ဆက်ပြောရဦးမယ်... အစ်ကိုကြက်ကင်ထုပ်ထားတဲ့ ခဲစက္ကူ ကလေ...´´
`` အင်း ဘာဖြစ်တုံး ´´
`` အနံ့ခံခွေးတွေတောင် အနံ့ မခံနိုင်ဘူး´´
`` ဟုတ်လား... တကယ်လား´´
`` တကယ်ပေါ့ အနံ့မရတာ မဟုတ်ဘူးနော်. ခဲစက္ကူအနံ့ကို ခွေးတွေ မခံနိုင်တာ... ´´
`` အခုမှ ကြားဘူးတော့တယ် ´´
`` ကျွန်တော်လည်း မူးယစ်စုံထောက်ကားထဲမှာ သိရတာ...´´
`` ဟင်.. မင်းက စုံထောက်ကား ဘယ်လိုကြည့်တာလဲ´´
`` မြင်တော့ မမြင်ဘူးပေါ့ဗျာ.. ဒါပေမယ့် ဖွင့်ထားတာကို နားထောင်နေရတာပေါ့... နိုင်ငံခြားကားတွေမှာ အသံပြုလုပ်ချက်တွေ အရမ်းကောင်းတယ်..´´
`` ဟင် ´´
`` ကျွန်တော် ဆိုနားထောင်နေရင်းကို ဇာတ်လိုက်ကိုရော... မင်းသမီးကိုရော... ဗီလိန်တွေကိုရော ရုပ်ကိုခန့်မှန်းပြောလို့ရတယ်.. နောက်ပြီးနေရာတွေ.. ဇာတ်ဝင်ခန်းထဲက အခြေအနေတွေကို ပြောပြနိုင်တယ်... အဲသလောက်အထိ သဘာဝကျပြီး ထူးချွန်တာ ´´
`` ဟုတ်တယ်ကွ သူတို့က အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်တာ... ပရိသတ်ရဲ့ ငွေကို လိမ်ပြီး မယူဘူး... တတ်နိုင်သမျှ အပြည့်လုပ်ပြီးမှ တန်ရာတန်ကြေး ယူကြတာ... စီးပွါးရေးအရ အတုယူသင့်တာတွေပေါ့ကွာ..´´
စကားပြောနေစဉ် မောင်ထူး မေမေ ၀င်လာသည်။
`` ဟော ကိုကွန်ရောက်နေတာကိုး ဘာမှလည်း မတွေ့ဘူး... လမ်းလျှောက်လာတာလား ´´
`` ဟုတ်တယ် အန်တီ ကြက်ကင်လေး ၀ယ်လာတာ မောင်ထူးနဲ့ ထမင်းတူတူ စားမလို့ ကျွန်တော်က တစ်ရက် နှစ်ရက်နေရင် ခရီးသွားရတော့မှာလေ.. တစ်လကျော်ကျော်လောက် ကြာနိုင်တယ် ဒါကြောင့်ပါ..´´
`` အော် ... အေး အေး လာလေ တူတူစားကြတာပေါ့ ´´
ပြောရင်း အတွင်းခန်းသို့ ၀င်သွားသည်...
`` ကဲ... အစ်ကို ထမင်းစားကြမယ် ´´
`` အိုကေဗျာ. ´´
ကျွန်တော် ရှေ့မှ လျှောက်ရင်း အခန်းဝတွင် ကြောင်လေး အိပ်နေသဖြင့် ကျော်လိုက်ပြီး မောင်ထူးကို စောင့်ရင်းလှည့်ကြည့်လိုက်သည်။ နင်းမိမည်စိုးသဖြင့် ဖြစ်ပါသည်။
မောင်ထူးလည်း ကြောင်လေးနား ရောက်သောအခါ ကျော်လိုက်သည်၊
`` ကြောင်လေး ရှိတာ မင်းဘယ်လို သိတာတုံး ´´
`` မသိပါဘူး.. အစ်ကို့ခြေသံက ဒီနားမှာ နည်းနည်း လေးသွားလို့ တစ်ခုခု ရှိမှာပဲ ဆိုပြီး ကျွန်တော် ကျော်လိုက်တာ..´´
`` ဟား... လေးစားတယ်ကွာ ´´
`` ဟဲဟဲ ´´
ထမင်းစားကြသောအခါ အန်တီက တစ်ဘက်တွင်ထိုင်ပြီး မျက်နှာချင်းဆိုင်တွင် မောင်ထူးနှင့်ကျွန်တော်က ဘေးချင်းကပ်ထိုင်သည်။
ဟင်းခပ်စားသောအခါ မောင်ထူးက ဇွန်းကို စမ်းစရာမလိုပဲ ကိုင်နိုင်သည်၊ ကျွန်တော်မေးကြည့်သောအခါ သူ၏ ညာဘက်တွင် ကျွန်တော်ထိုင်ကြောင်း၊ ကျွန်တော် ဟင်းခပ်သည့်အခါ ဘယ်ဘက်ဖြင့်ခပ်၍ ပန်းကန်၏ ဘယ်ဘက်နှုတ်ခမ်းတွင်သာ ဇွန်းကို မှောက်လျှက်တင်ထားတတ်ကြောင်း......
ထမင်းဝါးလျှင်လည်း ပါးစပ်ပိတ်ကာ အံသွားဖြင့် အားရပါးရ တဂျွတ်ဂျွတ် ၀ါးစားတတ်ကြောင်း၊ ဟင်းရည်ကိုလည်း နှုတ်ခမ်းဖျားတွင် ဇွန်းတေ့ကာ ရှူးကနဲ ဆွဲသောက်တတ်ကြောင်း၊
ထိထိမိမိလုပ်ကိုင်ဆောင်ရွက်တတ်ရုံမျှမက ပြုံးရွှင်ရွှင် ရယ်ရယ်မောမောနှင့် စကားကို ပြေပြေပြစ်ပြစ် ပြောဆိုတတ်သော်လည်း စိတ်မာပြီး စိတ်ဓါတ် ပြင်းထန်သူတစ်ဦးဖြစ်ကြောင်း ပြောပြခဲ့သည်။ မျက်စိနှစ်ကွင်း အလင်းရနေသောကျွန်တော်က မောင်ထူးအကြောင်းကို ကောင်းစွာ မသိသော်လည်း မျက်စိမမြင်ရသော မောင်ထူးသည် ကျွန်တော့်အကြောင်းကို ခရေစေ့တွင်းကျ ပြောနိုင်နေသည်။

မောင်ထူးသည် လေ့လာ မှတ်သားမှုကောင်းမွန်ပြီး အားနည်းချက်ကို တတ်နိုင်သမျှ ကောင်းမွန်စွာ ဖာထေးနိုင်သူဖြစ်ကြောင်း သိခွင့်ရခဲ့သည်။ ထုတ်မပြောဖြစ်သော်လည်းအံ့သြ လေးစားရပါသည်။

ထမင်းစားပြီးသော အခါ အပြင်ထွက်လည်ရန် အစီအစဉ်အစား အင်းစိန် မျက်မမြင်ကျောင်းသို့ ပို့ဆောင်ပေးရန် ပြောခဲ့သည်။

`` အစ်ကို အချိန်ရရင် အင်းစိန် မျက်မမြင်ကျောင်းကို ပို့ပေးပါလား´´

`` ဟင်... ဘာလုပ်မှာတုံး´´

`` ဒီနေ့ နေ့လည် နှစ်နာရီမှာ စာရေးဆရာတွေ၊ ဆရာမတွေ ကျောင်းမှာ ကလေးတွေကို စာပေဆိုင်ရာ ဒါန လာလုပ်မှာလေ...ညနေစာလည်း အတူစားကြမယ်.. ကျွန်တော် နားထောင်ချင်တယ်.. ပြီးတော့ ကလေးတွေ ပြုံးပျော်နေကြတာလေး ကြားချင်လို့.... ´´

`` အေးအေး ပို့ပေးမယ် ငါလည်း မကြုံဖူးဘူးကွ ၀င်လေ့လာရမယ် အတော်ပဲ ´´

`` ဟုတ် အ၀တ်အစားလဲလိုက်ဦးမယ်... စပို့ရှပ် အနီနဲ့ ဘောင်းဘီ နက်ပြာဝတ်မယ် ဂျင်းပျော့ ဟဲဟဲ ´´

`` ဟင်... မင်းကလည်း စတိုင်ထုတ်တာပဲလား ´´

`` ထုတ်တာပေါ့ အစ်ကိုရဲ့ မျက်မှန်တပ်ထားတယ်၊ အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ထားတယ်၊ အဲဒီတော့ သူများတွေက ရုတ်တရက် မျက်မမြင်မှန်း မသိတော့ဘူးပေါ့... နောက်ပြီး ကျွန်တော်က အတူသွားတဲ့ လူပါရင် သူ့ခြေလှမ်းတွေအတိုင်းပဲ ခပ်တည်တည်နဲ့ လိုက်တာ.. ဟဲဟဲဟဲ´´

ပြောရင်း အ၀တ်ဘီရိုထဲမှ သူပြောသော အ၀တ်အစားများကို အမှားအယွင်းမရှိ ရွေးဝတ်နိုင်သည်၊ မောင်ထူး စကားကြောင့် ကျွန်တော် စိတ်မကောင်းလည်း ဖြစ်မိသည်၊ အခြားမျက်မမြင်ကလေးများကိုလည်း မောင်ထူးလိုပင် ဖြစ်စေချင်မိသည်။
မောင်ထူးသည် နေ့စဉ် ကြိုးခုန်သည်၊ ဒိုက်ထိုးသည်၊ ဘယ်ရီရိုက်သည်၊ ပလက်ဘားဆွဲ စသည့် ကိုယ်လက်လှုပ်ရှားမှု လုပ်သည်၊ ရေမိုးချိုးကာ သန့်သန်ရှင်းရှင်းနေထိုင်သည်၊ ထို့ကြောင့် မကောင်းသော အနံ့အသက်များလည်း ကင်းပါသည်။

သူ့ပစ္စည်းများကိုလည်း မှတ်မှတ်သားသားထားသည်၊ စနစ်တကျ ကိုင်တွယ် အသုံးပြုသည်။

ပုံမှန် စာကျက်သည်၊ တရားနာသည်၊ သီချင်းလည်း နားထောင်သည်၊ ဂစ်တာလည်း တီးပြီး သီချင်းလည်း ဆိုသည်။

သူ လုပ်နေကိုင်နေသည်များမှာ မျက်မမြင်တစ်ဦးနှင့်မတူသည့်အပြင် စိတ်ဓါတ်ကျဆင်းခြင်းလည်း မရှိ...

ထို့အပြင် ဘ၀တူ မျက်မမြင်ကလေးများကိုလည်း ပုံပြောပြခြင်း၊ အတန်းငယ်လေးများကို စာသင်ပေးခြင်း၊ ဗဟုသူတများ မျှဝေပေးခြင်း၊ သီချင်းဆိုပြခြင်း စသည့် တတ်နိုင်သမျှ စေတနာထား၍ လုပ်ကိုင်ဆောင်ရွက်ပေးတတ်သည်။

မောင်ထူးကိုကြည့်ရင်း ကျွန်တော် နားမလည်သော ဘာသာရပ်ဖြစ်သည့် ``မျက်မမြင်လေးများ ပြန်လည် မြင်တွေ့နိုင်စေရန် မည်သို့လုပ်ရမည်´´ ဟူသော အတွေးလေးကို တွေးနေမိသည်။

ပညာရပ်ကို နားလည်၍မဟုတ်ပါ၊ ပြန်လည်မြင်တွေ့စေလိုသော စေတနာသက်သက်သာ ဖြစ်ပါသည်။

ကျွန်တော် မောင်ထူးလေးကို မေးဘူးသည်၊ မျက်လုံးထဲတွင် မည်သို့ တွေ့နေရသနည်းဟု.... အမြဲ ဖြူပြီး လင်းနေသည်ဟု မောင်ထူး ပြန်ပြောခဲ့ဘူးသည်။

တကယ်တမ်း ကျွန်တော်တွေးခဲ့ဘူးသည်မှာ မျက်မမြင်များသည် စက္ခုနှစ်ကွင်း အလင်းမရခြင်းကြောင့် မှောင်မဲနေသော အမြင်ကိုသာ မြင်တွေ့နိုင်သည်ဟု....

ထိုနေ့က စာရေးဆရာများနှင့် ဆရာမများ မျက်မမြင်ကျောင်းတွင် ပုံပြင်လေးများ ပြောပြသည်၊ စာလေးများ ဖတ်ပြသည်၊ စိတ်ဓါတ်မြင့်တက်စေနိုင်သော အကြောင်းအရာလေးများကို ဆွေးနွေးပေးကြသည်၊

ကလေးငယ်လေးများ၏ စွမ်းဆောင်နိုင်မှုများကို ဖော်ထုတ်ပေးကြသည်၊ သီချင်းလေးများ၊ ကဗျာလေးများ အတူ ရွတ်ဆိုကြသည်၊ ထမင်း အတူစားကြသည်။ လက်ဆောင်ပစ္စည်းလေးများ ပေးကြသည်။

ကလေးများ ပျော်ရွှင်နေသည်ကို မြင်တွေ့နေရသည်၊ ကြားသိနေရပါသည်။

ကလေးများသည် ထမင်းဝိုင်းတွင်ပင် စကားသံကိုနားထောင်ကာ ဆရာ မည်သူ၊ ဆရာမ မည်သူ ဖြစ်သည်ကို အမည်ခေါ်ကာ စကားပြောနိုင်ကြသည်။ ထိုကာလတစ်လျှောက်လုံး မောင်ထူးလည်း ပြုံးနေပါသည်။

ထိုအချိန်တွင် မျက်မမြင်ကလေးများ၏ နှလုံးသားတွင် အလှပန်းလေးများ ပွင့်လန်းနေကြသည်ကို ဖော်ပြရန်လိုမည် မဟုတ်ပါ။

စေတနာ၏ အလင်းရောင်သည် မျက်မမြင်လေးများ၏ နှလုံးသားသို့တိုင် ထိုးဖောက်ကာ လင်းလက်နေစေခဲ့ပါပြီ.....

သူတို့လေးတွေ အပျော်လေးများကို ခံစားနိုင်ကြသည်၊ ပြန်လည်ဆွေးနွေးမေးမြန်းနိုင်ကြသည်၊ မေးမြန်းသည်များကိုလည်း အရွယ်အစားအလိုက် ကောင်းမွန်စွာ ပြန်လည်ဖြေဆိုနိုင်ကြသည်။

ကျွန်တော် စဉ်းစားဖြစ်ပါသည်... သူတို့လေးများသည် မဲမှောင်နေသော ဘ၀များအတွင်း ကျရောက်နေသည် မဟုတ်ပါ...

အရာအားလုံးနီးပါးကို ထိတွေ့ ခံစားနိုင်ကြပါသည်၊ ထိုသို့ခံစားနိုင်စေရန်လည်း စေတနာရှင်များက သားသမီးများကဲ့သို့ ကိုယ်ချင်းစာကာ ဖေးမလက်တွဲနိုင်ကြသည်။

ထိုနေ့က အပြန်ခရီးတွင် မောင်ထူးကို ကျွန်တော် စကားတစ်ခွန်း ပြောဖြစ်ပါသည်။
ထိုစကားလေးကိုလည်း မောင်ထူးက အပြည့်အ၀ မှန်ကန်ကြောင်း ထောက်ခံခဲ့သည်။

ထိုစကားလေးမှာ....

`` သူတို့အတွက် အရောင်လေး တစ်ခုပဲ လိုတယ် မောင်ထူးရေ...´´ ဟု။

(ကွန်ဆူးမား)(၂-၉-၂၀၁၄)

မျက်မမြင်ကလေးငယ်များအား သားသမီးကဲ့သို့ ကူညီစောင့်ရှောက်နေသူများအား ဂုဏ်ပြုရေးဖွဲပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...