Sunday, September 21, 2014

စစ်မှန်သော ငြိမ်းချမ်းရေးဆီသို့



ခုတလော ကျွန်မတို့ပတ်ဝန်းကျင်မှာ မကြာခဏကြားနေရတဲ့စကားလုံးက ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးသုံးလုံးပါပဲ ။ စကားလုံးသုံးလုံးတည်းဆိုပေမဲ့ အကျိုးသက်ရောက်ခြင်းများစွာပါဝင်နေတဲ့ ငြိမ်းချမ်းရေး ကို လူတိုင်းတောင်းတနေကြပါတယ် ။ မငြိမ်းချမ်းတဲ့ နေရာဒေသတစ်ခု ၊ မငြိမ်းချမ်းတဲ့ မိသားစုတစ်ခုမှာ ဘယ်သူမှ မနေပျော်တတ်ကြပါဘူး ။
ငြိမ်းချမ်းရေးကို အဓိကနှောင့်ယှက်ဖျက်ဆီးနေတာတွေကတော့ ပဋိပက္ခတွေကနေ ဖြစ်ပေါ်လာတဲ့အကြမ်းဖက်ခြင်းတွေ ၊ စစ်ပွဲတွေပါပဲ ။ မငြိမ်းချမ်းဘူးဆိုကတည်း ဘယ်သူမှ စိတ်မချမ်းသာရတော့ပါဘူး ။ ငြိမ်းချမ်းရေးဆိုသည်မှာ နိုင်ငံတိုင်း ၊ လူမျိုးတိုင်းလိုချင်တဲ့ အရာပါ ။ ငြိမ်းချမ်းတယ်ဆိုတာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ကြခြင်းပါ ။ ကျွန်မတို့တိုင်းပြည်မှာလည်း ငြိမ်ချမ်းရေးလိုအပ်နေတဲ့ နေရာတွေ အများအပြားရှိနေပါတယ် ။ အထူးသဖြင့် နှစ်ပေါင်းများစွာ တော်လှန်ရေးဒဏ်ခံနေရတဲ့ ကရင်ပြည်သူတွေ ၊ စစ်ပွဲတွေကြောင့် ပြေးလွှားနေရတဲ့ ကချင်ပြည်နယ်က ပြည်သူတွေ ငြိမ်းချမ်းရေးကို ပိုမို ငတ်မွတ်နေကြပါပြီ ။ စစ်မှန်သော ငြိမ်းချမ်းရေးကို သူတို့တစ်တွေ အရုးမူးလိုချင်နေကြမယ်ဆိုတာ အသေချာပါပဲ ။ စစ်ပွဲတွေ အဆုံးသတ်မယ့်နေ့ကို မျှော်လင့်တောင်းတနေကြတယ် ။
ကိုယ်အိမ်လေး သာယာနေယုံနဲ့ လုံလောက်ပြီလို့ တွေးလို့မရနိုင်ပါဘူး ။ ရပ်ကွက်တစ်ခုအတွင်း တခြားနေရာတွေ မငြိမ်းချမ်းနေရင် အေးချမ်းနေတဲ့ ကိုယ်အိမ်လေးသည်လည်း မကြာခင်ကာလတစ်ခုမှ မငြိမ်းချမ်းခြင်း၏ ကူးစက်မှု့ကိုခံစားရမှာပါပဲ ။ ပြည်တွင်းစစ်၊ ပြည်တွင်း ငြိမ်းချမ်းရေး မတည်မငြိမ် ဖြစ်နေရခြင်း အကျိုးဆက်ကြောင့် ငြိမ်းချမ်းရေးအရသာ အစစ်အမှန်ကို မသိရပဲ လူလားမြောက်လာခဲ့ရတဲ့ စစ်ပွဲတွေကြားက ကလေးငယ်တွေရဲ့ ဘ၀တွေကို မြင်နေရခြင်းမှာ သိပ်ကိုရင်နာစရာကောင်းလှပါတယ် ။ သူတို့လေးတွေအတွက် ကျည်ဆံခွံ့များက ဆော့စရာ ။ ဗုံးသံတွေက သားချော့တေးပမာ ဖြစ်ခဲ့ရလေပြီ ။
ဆရာ ဇာဂနာရေးတဲ့ စာလေးတစ်ခု ကျွန်မဖတ်ဖူးတယ် ။ ဖတ်နေရင်း မျက်ရည်ကျမိတယ် ။ * ကျွန်တော်၊ ဖဒိုကွယ်နှင့် ဒေါက်တာဆလိုင်းတို့၏ စကားတွေကို နားထောင်ရင်း ရုပ်ရှင်ပုံရိပ်တွေလို မြင်ကွင်းတွေ တဖျပ်ဖျပ် ပြေးသွားသည်။ သေနတ်သံတွေ ဆူလို့ညံလို့။ ဗုံးတွေ၊ အမြောက်ဆန်တွေ တ၀ုန်းဝုန်း။ ဒရောသောပါး ပြေးလွှားနေသော ကလေးငယ်များ၊ အမယ်ကြီးအိုများ။ သွေးသံ အလိမ်းလိမ်းနှင့် ဝေဒနာသည်များ။ ဒီမြင်ကွင်းတွေ ရပ်စေချင်ပါပြီ။ ဒီအသံတွေ တိတ်စေချင်ပါပြီ။ လူလူချင်း လေးစား အသိအမှတ်ပြုသော၊ နေရာထား ဆက်ဆံသော၊ လူမှု အဆောက်အအုံကြီး ဖြစ်ခွင့်ပေးပါတော့။*လို့ရေးထားပါတယ် ။ ဟုတ်ပါတယ် ကျွန်မတို့တစ်တွေ အေးချမ်းနေတယ် ။ ဒါပေမဲ့ တခြားသောနေရာတွေမှာ မအေးချမ်းဘူး ။ ငိုသံတွေ ပြည့်နှက်နေတယ် ။ ပြေးလွှားနေကြရတယ် ။ ဘယ်အချိန်ထပြေးရမလဲဆိုတဲ့ စိုးထိတ်မှု့တွေနဲ့ သူတို့ရဲ့ ညတွေ အိပ်ရေးပျက်လှပေါ့ ။ ဘယ်အချိန်မှာ ဘယ်လိုအန္တာရာယ်ဆိုးတွေ ပေါ်လာအုံးမလဲဆိုတဲ့ စိုးထိတ်စိတ်တွေနဲ့ အချိန်ပြည့် ပူပင်သောက ရောက်နေကြရတယ် ။ လောင်နေတဲ့ မီးတောက်ကို ငြိမ်းအောင်သတ်ဖို့မကြိုးစားကြဘဲ နောက်ထပ်နေရာတွေကို ထပ်ကာထပ်ကာ မီးတွေမွှေးနေကြတယ် ။ ရှိနေတဲ့ အက်ကြောင်းကို စေ့အောင်မကြိုးစားကြဘဲ အက်ကြောင်းတွေ များသထက်များအောင် ဖန်တီးနေကြပြန်တယ် ။
အက်ကြောင်းလေး တစ်ခုဟာ တစ်ဘက်နဲ့ တစ်ဘက်ကို ကွာဟစေတဲ့ အကြီးမားဆုံး ရန်သူပါပဲ ။လူတစ်စုနဲ့ တစ်စု ကြားကွာဟနေမှုလေးတွေဟာ မထင်မှတ်တဲ့ အခြေနေ အချိန်အခါတခုမှာပြသနာရယ်လို့ ဖြစ်လာတတ်တယ် ။ ပြသနာဆိုတာ ကောင်းတဲ့အရာ မဟုတ်ပါ။ ပြသနာတိုင်းသည် လူကို ပူလောင်စေသည့် အပြင် လောင်မြိုက်ဝါးပြိုစေနိုင်တဲ့ အဆိုးရွားဆုံးသော လက်နက်တစ်ခုပါပဲ ။ မလေးရှားမှာ မကြာခဏဖြစ်ပေါ်နေတဲ့ အဖမ်းဆီး ပြသနာတွေ ၊ တရားမ၀င်မြန်မာအလုပ်သမားတွေကို နေရာအနှံ့ပြား ဖမ်းဆီးနေတဲ့ သတင်းတွေ ၊ ဖမ်းဆီးရင်းကြောက်ကြောက်လန့်လန့် တိုက်ပေါ်က ခုန်ချလို့ သေဆုံးသွားတဲ့ အသက်နှစ်ဆယ်အရွယ် မြန်မာကောင်လေးသတင်းတွေကို ကြားရတဲ့အခါ တကယ်ဘဲ ရင်ထဲမကောင်းမိပါဘူး ။ ကာကံယရှင်များသာမက နီးစပ်သူအားလုံးကို စိုးရိမ်ထိတ်လန့်စေရပါတယ် ။
အကြောင်းအမျိုးမျိုးကြောင့် တရားမ၀င်အလုပ်သမားဘ၀တွေကို ရောက်ခဲ့ကြရတယ်။ကိုယ့်အကြောင်းကိုကိုယ်သာ အသိဆုံး ဖြစ်ပါတယ် ။ မဖြစ်သာလို့ တရားမ၀င်ဘ၀နဲ့ ရင်တထိတ်ထိတနေနေကြရတဲ့ သူတွေချည်းပါပဲ ။ဒီလိုအခြေနေမျိုးမှာ အရမ်းတမ်းတမိတာလေးတစ်ခုရှိပါတယ် ။ဒို့မြန်မာပြည်ကြီး တိုးတက်ထွန်းကားပါစေဆိုတဲ့ ဆန္ဒတစ်ခုပါပဲ ။ မြန်မာပြည်ကြီးကို အလွန်ပဲ တိုးတက် ဖွံ့ဖြိုးစေချင်မိပါတယ် ။အဲဒီလိုတာဖြစ်ခဲ့မယ်ဆို မိသားစုတွေလည်း နွေးထွေးစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ကြမယ် ။ မိသားစု ထမင်းဝိုင်းလေးတွေ ပြန်လည်စိုပြည်လာမယ့် မြင်ကွင်းလေးတွေကို ကြည်ကြည်နူးနူး တွေ့မြင်နိုင်ကြမှာဖြစ်ပြီး ခုလိုစိုးရိမ်ထိတ်လန့်စရာတွေနဲ့ ကျီးလင့်စာ စားနေရတဲ့ ဘ၀တွေက ကင်းဝေးကြရမှာပါ ။မိသားစု တစ်ခု ၊ တိုင်းပြည်တစ်ပြည် တိုးတက်ထွန်းကားဖို့ ဆိုတာ အတူတကွအေးချမ်းစွာ လက်တွဲလုပ်ဆောင်ဖို့ဟာ အရေးကြီးတဲ့ အဓိကအချက်ထဲမှာပါဝင်ပါတယ် ။ သူတစ်မျိုး ငါတစ်ပေါက် နဲ့ လုပ်နေလို့ကတော့ အင်အားတစ်ရပ်ကိုကျွန်မတို့ ရနိုင်မှာ မဟုတ်ဘဲ ချိနဲ့ပြိုယိုင်ပျက်ဆီးခြင်းကိုဘဲဦးတည်သွားမယ်ဆိုတာ အားလုံးနားလည်ကြမှာပါ ။
ငြိမ်းချမ်းရေး ရဲ့ဆန့်ကျင်ဘက်ဟာ အကြမ်းဖက်ခြင်းပါပဲ ။ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အမျိုးမျိုးသော အကြမ်းဖက်ခြင်းတွေအားလုံးကို ပပျောက်ကင်းဝေးစေချင်မိတယ် ။ အဖွဲ့စည်း တစ်ခုနဲ့ တစ်ခုကြားထားရှိနေတဲ့ ဒေါသမာန်မာနတွေ ၊ အမုန်းတရား အာဃာတတွေအားလုံး မရှိတော့ရင် သိပ်ကောင်းမှာပဲလို့ မကြာမကြာ တွေးမိပြန်တယ် ။ငြိမ်းချမ်းဖို့ဆို ဘာတွေ လိုအပ်မလဲ ။ ဆောင်းပါးတစ်ခုမှာ ဖတ်ဖူးတယ် ။ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူ ညီမျှမှု၊ သွေးစည်းမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ အခြေခံ လူသား လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှု စတာတွေဖြည့်ဆီးပေးနိုင်မယ်ဆို ငြိမ်ချမ်းရေးဆိုတာ ရှိလာမှာပါ ။ဖတ်ဖူးတဲ့ စာလေးထဲမှာ ရေးထားပါသေးတယ် ။ (၁၉၉၉) ခုနှစ်၊ UN Declaration on a Culture of Peace မှာ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုတာ လူ့ဘ၀ကို လေးစားတန်ဖိုးထားခြင်း၊ အကြမ်းဖက်မှုများအားရပ်စဲခြင်း၊ အကြမ်းမဖက်ရေး သဘောတရား များကို ပညာပေးစည်းရုံးမှု၊ ဆွေးနွေးအဖြေရှာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကျင့်သုံးခြင်း၊ အခြားနိုင်ငံများ၏ နိုင်ငံတော် အချုပ်အခြာအာဏာ၊ နယ်မြေပိုင်နက်ကို လေးစားတန်ဖိုး ထားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ ကျားမ တန်းတူညီမျှ အခွင့်အရေးများအား လေးစား တန်ဖိုးထား၍ မြှုင့်တင်ခြင်း၊ ပဋိပက္ခပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် စသော အခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ လွတ်လပ်မှု၊ တရားမျှတမှု၊ သည်းခံခွင့်လွှတ်မှု၊ သွေးစည်း ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အများ သဘောဆန္ဒအား လေးစားမှု၊ ဆွေးနွေးအဖြေရှာမှု၊ အပြန်အလှန် နားလည်မှုစသည့် သဘောတရားများ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများအကြားတွင် ပျံ့နှံ့ လာခြင်း စတဲ့ သဘောတရားတွေ အပေါ်မှာ အခြေခံတဲ့ စံနမူနာတန်ဖိုး သတ်မှတ်ချက်တွေ၊ ပြုမူဆောင်ရွက်မှုတွေ၊ ဘ၀နေထိုင်မှုတွေ ဖြစ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားခဲ့ပါတယ်။
စစ်မှန်သော ငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေးဆီသို့ ဦးတည်နိုင်ဖို့အတွက် ကျွန်မတို့ဘာတွေ ပြင်ဆင်ကြမလဲဆိုတာကိုတွေးကြည့်ဖို့ လိုနေပါပြီ ။ ကျွန်မတို့လိုချင်တောင်းတနေတဲ့ စစ်မှန်တဲ့ ငြိမ်းရေးဆိုတာကြီးကို ပိုင်ဆိုင်ဖို့ အကြမ်းဖက်မှုတွေ လျော့နည်း ပပျောက်အောင် လုပ်ဆောင်ကြရမယ် ။ တရားမျှတခြင်းတွေ ရှိဖို့ကြိုးစားရမယ် ။ တစ်ဦးနဲ့တစ်ဦး မှန်ကန်သော နည်းလမ်းတွေနဲ့ သွေးစည်းကြရမယ် ။
ကျွန်မတို့ ကိုးကွယ်တဲ့ မြတ်စွာဘုရား လမ်းညွန်ဟောကြားခဲ့တဲ့ တရားဓမ္မ လမ်းစဉ်လေးတွေကို လိုက်နာရင်း မေတ္တာတရားလေးတွေ ထားတတ်ဖို့ လိုအပ်နေပါပြီ။ မေတ္တာဟာ တည်ဆောင်မှုကို ပြုတယ်။ သူနဲ့ ဆန့်ကျင်ဘက်က ရန်လိုခြင်းဖြစ်ပါတယ် ။ရန်လိုခြင်းသည် ပြိုပျက်ခြင်းကိုသာ ပြုတတ်ပါဧ။် ။အဲဒီတော့ ကျွန်မတို့ မြန်မာပြည်ကြီး ကိုတိုးတက်ထိုးကားဖို့ အားလုံးစည်းလုံးဖို့ အချိန်တန်နေပါပြီ ။ အတူတကွ နှစ်ပေါင်းများစွာ ယှဉ်တွဲနေထိုင်လာကြတဲ့ တိုင်းရင်းသား မျိုးနွယ်စုအားလုံး တစ်ဦးနဲ့ တစ်ဦး မေတ္တာတရားနဲ့ လက်တွဲကာ ကျွန်မတို့ တိုင်းပြည်တိုးတက်အောင် လုပ်ဆောင်ကြမယ်ဆိုရင် နောင်လာနောင်သားများအတွက် အလွန်တရာ အကျိုးကြီးမှာ ဖြစ်ပါတယ် ။
ယခုကျွန်မတို့ ရင်ဆိုင်နေရတဲ့ စိုးရိမ်သောကပူပန်မှုတွေကို နောင်လာနောင်သားတွေထိ လက်ဆင့်ကမ်း မမျှဝေချင်တော့ပါဘူး ။ ကျွန်မတို့ရဲ့ နောင်လာနောင်သားများကိုမိမိတိုင်းပြည်မှာ အေးအေးလူလူ လုပ်ကိုင်စားသောက်ခွင့် ရနိုင်ဖို့ ကျွန်မတို့ တိုင်းပြည်ကြီး တိုးတက်အောင် လက်တွဲလုပ်ဆောင်လိုက်ကြရအောင် ။အချင်းချင်းအားကြီးတဲ့ မေတ္တာတရားတွေနဲ့ စိတ်ရှည်သည်းခံပြီး ကိုယ့်အကျိုးထက် သူ့အကျိုးကို ဦးစားပေးပြီး ကြိုးစားလုပ်ဆောင်သွားကြမယ်ဆိုခဲ့ရင် တဟုန်ထိုး မဟုတ်သည့်တိုင် တရိပ်ရိပ်မြင့်တက်လာနိုင်မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါ။လူမျိုးပေါင်း ၁၃၅ မျိုးခန့် ရှိတဲ့ မြန်မာပြည်မှာ တိုင်းရင်းသားများကြားမှာရှိနေတဲ့ ဘယ်လိုကွာဟမှုမျိုးကိုမှ ပမာမပြုဘဲ တစ်ဦးနဲ့ တစ်ဦး စည်းလုံးညီညွတ်စွာလက်တွဲလုပ်ဆောင်ကြမယ်ဆိုရင် အမိတိုင်းပြည်တိုးတက် ယုံသာမက စစ်ရေးစစ်ရာများပါ အေးချမ်းပြီး သာယာတဲ့ လူ့ဘောင်လေးတစ်ခု ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့် ကျွန်မတို့ တိုင်းရင်းသားတွေကြားမှာ ရှိနေတဲ့ အက်ကြောင်းလေးတွေကိုစေ့စပ်ရင်း ကျွန်မတို့ တိုင်းပြည်ကြီး တိုးတက်အောင် လက်တွဲလုပ်ဆောင်လိုက်ကြရင်း စစ်မှန်သော ငြိမ်းချမ်းရေး ပန်းတိုင်ရောက်အောင် လက်တွဲညီညီ လျှောက်လှမ်းကြပါစို့လားရှင် ။

ရေးသားသူ = ခိုင်လေး ( ရွှေတောင် )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...