Saturday, September 20, 2014

* ဥယျာဉ်မှူးတစ်ယောက်အကြောင်း * ကွန်ဆူးမား


..... ဒီ တပည့်လေးက ဆိုးတယ်။ စာမရလို့ လက်ကိုဖြစ်ဖြစ်၊ တင်ပါးကိုဖြစ်ဖြစ် ရိုက်ရင်လည်း ရုပ်တည်နဲ့ပဲ။
ရှက်အောင် ခုံပေါ်ထရပ်ခိုင်းလည်း ဒီအတိုင်းပဲ။ အတန်းရှေ့မှာ ထွက်ရပ်ခိုင်းလည်း ဒီအတိုင်းပဲ။ အိမ်စာတွေကို ဘယ်တော့မှ လုပ်မလာဘူး။ အတန်းလည်းမကြမကြာ နောက်ကျတယ်၊ ကျက်စာတွေလည်း သိပ်မရ။ တွက်စာတွေတော့ တော်သေးတယ်လို့ပြောရမယ်။ နောက်ပြီး သပ်သပ် ရပ်ရပ်လေးလည်း မနေဘူး။ သူငယ်ချင်းတွေနဲ့လည်း သိပ်ရင်းရင်းနှီးနှီးမနေဘူး။
လှစ်ကနဲဆို ကျောင်းအရင်ဆင်းတယ်။ ဖော်ဖော်ရွေရွေလည်း မရှိဘူး။
ကျောင်းသားရေးရာ ကိစ္စတွေမှာလည်း သူပါခဲတယ်။ အားကစားလည်း ဘာမှမလုပ်ဘူး၊ ကျောင်းဆရာတစ်ယောက် အနေနဲ့ကတော့ ဒီကောင်လေးကို Bအဆင့် ကျောင်းသားတစ်ယောက်လို့ပဲ စိတ်ထဲမှာ မြင်နေတယ်။ ယုတ်စွအဆုံး ပြုံးတာတောင် မမြင်ဖူးတဲ့ ကောင်လေးပါပဲ။ အထက်တန်း ကျောင်းသားတစ်ယောက် ဖြစ်နေပြီဆိုတော့ အရွယ်မရောက်တစ်ရောက်လေး၊ ရှက်လည်း မရှက်တတ်ဘူးလားလို့။
သူ့နဲ့ပတ်သက်ရင် ကျွန်တော် မကြာခဏ စိတ်တိုရတယ်။ တစ်ခါတစ်လေ နေ့တစ်ဝက်လောက်လည်း ကျောင်းမတက်တော့ဘူး၊ နှစ်ကြိမ်သုံးကြိမ်ဖြစ်လာတော့ ကျွန်တော်ခေါ်မေးတယ်။ ခပ်တည်တည်ပဲ ဘာမှမပြောဘူး။ အောက်ကိုပဲ ငုံ့ကြည့်နေတယ်။
ကျွန်တော် အားနဲ့အင်နဲ့ကို ရိုက်ပစ်ချင်လာတယ်။ ကျွန်တော်က တပည့်တွေကို သပ်သပ်ရပ်ရပ် ရည်ရည်မွန်မွန်လေးနဲ့ စာတော်တဲ့ ကလေးတွေဖြစ်စေချင်တယ်လေ။ ဒါကြောင့် ကျွန်တော် အချိန်ရတဲ့အခါ ကလေးတွေအားရင် စာခေါ်ခေါ်ပြပေးတယ်။ ကြိုးစားတဲ့ ကလေးတွေရှိသလို ဒီကောင်လေးက အချိန်ပိုခေါ်သင်ရင် ဘယ်တော့မှမလာဘူး။
ဒါနဲ့ကျွန်တော် ကျောင်းအုပ်ကြီးဆီကို မတင်ပြသေးဘဲနဲ့ သူ့မိဘတွေကို ခေါ်လိုက်တယ်။ ဒီကောင်လေးအကြောင်း ဆွေးနွေးမလို့။ စာကိုလည်း သူ့ကို ကိုယ်တိုင်ပေးလိုက်တယ်။ နောက်နေ့မှာကျွန်တော်နဲ့ လာတွေ့ဖို့ပါ။
ဒါပေမယ့် မလာဘူး။ သူ့ကိုကျွန်တော်ခေါ်လိုက်တယ်။
“ကောင်းကျော် မင်းကို ဆရာ မနေ့က မိဘခေါ်လာဖို့ စာပေးခိုင်းလိုက်တယ်၊ မင်းအိမ်မှာပေးလိုက်လား”
မျက်နှာကို မကြည့်ပဲနဲ့ပြန်ဖြေတယ်၊ ခပ်ပြတ်ပြတ်အသံနဲ့
“ဟုတ်ကဲ့ဆရာ”
ကျွန်တော်ကြည့်ရင်းနဲ့ စိတ်တိုလာတယ်။
“ဒါဆို ဘာလို့မလာလဲ မင်း မိဘတွေ”
သူ ကျွန်တော့်ကို မော့ကြည့်တယ်၊ ပြီးတော့ တုံးတိဖြေတယ်။
“ကျွန်တော့်မှာ အဖေမရှိတော့ဘူး” တဲ့။
စိတ်ထဲ ထွေကနဲဖြစ်သွားတယ်၊ ကရုဏာစိတ်လိုလိုပါပဲ။
“ဒါဆို အမေရော ဘာလို့မလာလဲ”
ဘာမှ ပြန်မပြောဘူး၊ ခေါင်းငုံ့ထားတယ်၊
“ပြောလေကွာ”
ဘာမှ ပြန်မပြောဘူး၊ ကျွန်တော်စိတ်တိုသွားပြီ ဒီကောင်လေး သူ့အမေကို စာ မပေးဘူးထင်တယ်၊
“မင်း ဟိုဘက်လှည့်စမ်း”
“ဖြောင်း ဖြောင်း”
ကျွန်တော် ကြိမ်လုံးနဲ့ တင်ပါးကို နှစ်ချက် ရိုက်လိုက်တယ်။ ပြီးတော့ ..
“မင်းတို့ကို မင်းတို့မိဘတွေက ကျောင်းထားပေးကြတယ်၊ စာတတ်အောင် ပညာတတ်ဖြစ်အောင် ပြီးရင် သင့်တော်တဲ့ ဘ၀ရပ်တည်မှုအတွက် အဆင်ပြေအောင်၊ ဒါက သူတို့အပိုင်း၊ ငါတို့က မင်းတို့ကို စာတတ်အောင် သင်ပေးရတယ် စာရိတ္တကောင်းအောင် သင်ပေးရတယ် ခေတ်နဲ့အညီ အတွေးအခေါ် မြင့်မားအောင် သင်ပေးရတယ်၊ ဒါကငါတို့အပိုင်း၊ မင်းတို့လုပ်ရမှာကကျောင်းစာ ရအောင်လုပ်ရမယ် စည်းကမ်းလိုက်နာရမယ် သမဂ္ဂစိတ် အဖွဲ့အစည်းစိတ်ဓါတ်နဲ့ ပူးပေါင်းဆောင်ရွက်တတ်ရမယ် ကျန်းမာသန်စွမ်းအောင်လည်း ဂရုစိုက်ရမယ် မင်းဘာအသုံးကျလဲ ပြောစမ်း”
ကောင်လေး ကျွန်တော့်ကို မော့ကြည့်လာတယ်၊ မျက်လုံးတွေနီရဲလို့။ ကျွန်တော် သူ့မျက်လုံးတွေကို သေသေချာချာကြည့်မိတယ်။ မကျေနပ်တာ မဟုတ်ပေမဲ့ အားငယ်နေတယ်လို့ ခံစားလိုက်ရတယ်၊
ကျွန်တော်ကြိမ်လုံးနဲ့ ရိုက်လိုက်တာ သူတော်တော်နာသွားမယ်လို့တော့ သိနေခဲ့ပါတယ်။
တပည့်တွေကို ရိုက်နှက် ဆုံးမပြီးရင် ကျွန်တော်တကယ် စိတ်မကောင်းပါဘူး။ ကျွန်တော် ပြန်လာပြီးတော့လည်း စိတ်မကောင်းဖြစ်နေတာက မပျောက်ဘူး။ ကျွန်တော် ကောင်းကျော်ရဲ့ မျက်လုံးတွေထဲမှာ တစ်ခုခု ပြောသွားတယ်ဆိုတာ သိနေသလိုပါဘဲ။ ဒီလိုလည်း တစ်ခါမှ မရိုက်ခဲ့ဖူးဘူးလေ။
ဒီနေ့တော့ ကျောင်းပိတ်ရက် ကောင်းကျော်အိမ်ဘက်ကို ထွက်လာခဲ့တယ်၊ တပည့်တစ်ယောက်ဆီက လိပ်စာစုံစမ်းထားတာ။ သူ့အိမ်က ဆင်ခြေဖုန်း ဆင်းရဲသားရပ်ကွက်လေးထဲမှာလေ။ သူ့အိမ်ရောက်တော့ ကောင်းကျော်က မရှိဘူး။ အပြင်သွားတယ် ပြောတယ်၊ သူ့အောက်က ညီမလေးခြောက်တန်း ခုနစ်တန်းအရွယ်လေးက ထမင်းချက်နေတယ်။ သူ့အမေကတော့ ရင်ကြပ်နေလို့တဲ့။
ထွက်ပြီး ဖျာ အဟောင်းလေးခင်းပေးလို့ ဧည့်ခံစကားပြောတယ်။ သူ့အဖေဆုံးတာတော့ တော်တော်ကြာပြီတဲ့ ရှစ်နှစ်လောက်ရှိပြီတဲ့။ သူ့အမေက အကြော်လည်းရောင်းတယ်။ သူဌေးအိမ်တွေမှာလည်း သန့်ရှင်းရေးလုပ် အ၀တ်လေးလျှော်ပြီး လုပ်ကိုင် စားသောက် နေရတာတဲ့။
ကောင်းကျော်လေးက အရွယ်နဲ့ လိုက်ဖက်တဲ့ ရရာအလုပ်လေးကို မနက်နဲ့ည မခွဲပဲ ကျောင်းချိန် မတိုင်ခင်ရော၊ ညနေကျောင်းဆင်းပြီးရင်ရော လိုက်လုပ်ပြီး အမေကို ထောက်ပံ့တယ်တဲ့ နောက် ညပိုင်းတွေမှာလည်း မုန့်ဖက်ထုပ်လေး လည်ရောင်းသေး တယ်လို့ပြောတယ်။ လိမ်လည်း လိမ်မာတယ်တဲ့။
ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတဲ့အပြင် ကရုဏာလည်း ဖြစ်ရတယ်၊ အရောင်လွင့်နေတဲ့ ကျောင်းဝတ်စုံလေးကလည်း နှစ်စုံထဲ ရှိတယ်လို့ သိခဲ့ရတယ်။
နောက်ပြီး ကောင်းကျော်ရဲ့ ပညာရေးအတွက် ဆွေးနွေးဖို့ ကျွန်တော် မိဘခေါ်တော့လည်း မိခင်ကြီးက ရင်ကျပ်ရောဂါ ထနေလို့ မလိုက်လာနိုင်တဲ့အကြောင်း ကောင်းကျော်ကို ကျောင်းအုပ်ကြီးရုံးခန်း တင်မှာနဲ့ ဆရာစိတ်ဆိုးပြီး ရိုက်နှက်မှာကို သူ စိတ်ပူနေသေးတယ်ဆိုတဲ့ အကြောင်း၊ ပြန်လာမှမေးကြည့်တော့ ဆရာက ဘာမှမလုပ်တဲ့ အကြောင်းနဲ့ ဆူလည်း မဆူတဲ့အကြောင်း ကောင်းကျော် ပြန်ပြောပြခဲ့တယ်တဲ့။ အခု ဆရာကိုယ်တိုင် လိုက်လာခဲ့တဲ့ အတွက် သူ ဆရာ့ကို ကျေးဇူးတင်ပါကြောင်း ပြောပြနေတယ်။
ကျွန်တော်ရှက်လိုက်တာ .....

'ရင်စူးမြား' အမှတ်(၁)မှ ရသစာများ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...