Thursday, September 25, 2014

ဒေါ်အောင်ဆန်းစုကြည်ဝတ္ထု (မင်းဒင်)



 
 
 
 

(၁)
အမလေး၊ခေါင်းစဉ်ကို ဖတ်ပြီး ကျုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိမှိတ်၊ ဇန်းတင်မဲ့သူလို့ ကိုရင်၊ထင်ရင်ဖြင့် အလွဲကြီး လွဲပါ လိမ့်မဗျာ။ အေးလေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘုန်းတော်ဘွဲ့တွေက ပြည်တွင်းနဲ့နိုင်ငံတကာမှာ ဖတ်လို့မကုန်အောင်ရှိနေပြီပဲ ။အော်၊  ဒေါ်အောင်ဆန်းစုကြည်လို့ နာမည်အပြည့်အစုံ ချရေးလိုက်တာကို၊ ကိုရင် အထွန့်တက်ချင်ပြန်ပြီထင်တယ်။

ကျုပ်က ဗုဒ္ဓဘာသာဝင် ဆို တော့ အသက်အားဖြင့်ကြီးရင့်သူ၊ဂုဏ်အားဖြင့် ကြီးမြင့်သူဆိုရင် ရိုသေသမှုနဲ့ ဦး၊ဒေါ်၊ကို၊မောင် တပ်ခေါ်နေကျမို့ပါကိုရင်ရဲ့။ ကိုရင့် ကိုလည်း ကျုပ်က ဗမာပီပီ၊ဦး၊ကို၊မောင်စသည်ဖြင့် သင့်တော်ရာ၊ရှေ့ဂုဏ်ပုဒ်လေးတပ်ပြီးခေါ်ချင်တာပါပဲ။ခက်နေတာက ကိုရင့်ဖေ့စ် ဘွတ် အကောင့်မှာ ကိုရင့်နာမည်ရင်း၊ဓာတ်ပုံအပါအဝင် ဇာတိပဝတ္တိ၊ဘာတစ်ခုမှ မယ်မယ် ရရ၊အတိအကျဖော်ပြမထားပဲ “အာဂ ယောက်ျား တကဲ့လူ” လို့သာတွေ့ရတာကြောင့်၊ကျုပ်က ဘယ့်နှယ်ခေါ်ရမှန်းမသိတာနဲ့ ကျုပ်တို့အညာအရပ်အခေါ်ကိုရင်လို့ နာမ်စား သုံးလိုက်တာကို ကိုရင်ကျေနပ်မယ်ထင်ပါရဲ့။
နာမည်ဆိုတာ တကယ်တော့ပညတ်ပါကိုရင်။ အမယ်၊စကားမစပ်၊နာမည်ဟာ၊ ပညတ် သာဆိုရတယ် တစ်ချို့ ပုဂ္ဂိုလ်တွေအတွက်တော့ နာမည်မှာ ဘယ်လိုတပ် ခေါ်ခေါ် တင့်တယ်နေတာ၊တစ်ညီတညွတ်တည်း ရိုသေ လေးစားသမှု ရှိနေတာ လည်း သတိပြုစေချင်တယ်မောင်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုပါတော့ ထိန်လင်းခေါ်ခေါ်၊အောင်ဆန်းလို့ရေး ချင်ရေး၊ ဗိုလ်ချုပ်ဆိုတဲ့ နာမ်စားသုံးချင်သုံး ၊သူ့ဂုဏ်ဒြပ်နဲ့ ကောင်းသတင်းပရမတ်ကတော့ မှေးမှိန်မသွားတတ်ဘူးမောင်ရဲ့။
တခုတော့စကားပလ္လင်ခံထားပါရစေမောင်၊ကိုရင်နဲ့ကျုပ်အကြားမှာ အယူအဆကွဲလွဲချက်တချို့ရှိကောင်းရှိနိုင်တာမို့၊တစ်ဖက်နဲ့တစ်ဖက် အနိုင်ရရင်ပြီးရော၊ငါ့စကားနွားရဆိုတာမျိုးတွေ ကျုပ်ဖက်က အတတ်နိုင်ဆုံး ရှောင်ရှားမှာဖြစ်သလို ကိုရင့်ဖက်ကလည်း၊ ထစ်ကနဲရှိ ဒေါသထွက်လာတာမျိုးမဖြစ်စေပဲ၊ စိတ်ကိုဖြူ အောင်ထားစေချင်ပါတယ်။ ကဲပါလေ။ကျုပ်ပြောချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဝတ္ထုလေး စလိုက်ကြပါစို့ရဲ့။
(၂)
တကယ်တော့ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာဆိုတဲ့လူမှုကွန်ယက်စာမျက်နှာတွေနဲ့ ကျုပ်တယ်ပြီးအကျွမ်းမဝင်လှပါဘူး။ဒါပေသည့် ကျုပ်ဟာ ဇာတိနိုင်ငံကနေခွဲခွာပြီးတရပ်တကျေးလည်းရောက်နေ၊စကားပြောဖော်မိတ်ဆွေသင်္ဂဟကလည်း ရှားသမို့ လူမှုကွန်ယက် စာမျက်နှာပေါ် ကျုပ် ရောက်လာတာပါပဲ။ရောက်တယ်သာပြောရတယ်၊အမှန်အတိုင်းဝန်ခံရရင်၊ဖေ့စ်ဘွတ်မှာ မိတ်ဆွေအချင်းချင်းဘယ်လို ဘယ်ပုံ ချိတ်ဆက်မှုရှိ ကြတယ်ဆိုတာ အခုထက်ထိ၊အသေးစိတ်၊ဂဃနဏကျုပ်မသိသေးပါဘူး။ဖေ့စ်ဘွတ်သုံးခါစကဆို ကျုပ်ရဲ့စာမျက်နှာ မှာ ဘာတစ်ခုမှမရေးရဲခဲ့တဲ့အထိ။ဟုတ်တယ်လေ။လောကကြီးမှာ ကိုယ်ထင်မြင်ယူဆနေတာဟာ မှန်လှချည့်ရဲ့ဆိုပြီး ပြောလို့မသင့်ဘူး မဟုတ်ဘူးလား။ဇရာထောက်နေပြီဖြစ်တဲ့ကျုပ်ဓာတ်ပုံကိုတင်ဖို့ဆိုတာလည်း၊ဝေလာဝေးပေါ့။
ဒီတော့ ဖေ့စ်ဘွတ်မှာကျုပ်အရင်ဆုံးလုပ် ခဲ့တဲ့အလုပ်ခဲ့အလုပ်ကတော့ တွေ့သမျှစတေးတပ်(Status)တွေလျှောက် ဖတ်တဲ့အလုပ်ပဲကိုရင်။ရေးတင်ကြတဲ့အကြောင်းအရာတွေ၊ ဓာတ်ပုံတွေက တော့ ကိုရင်သိတဲ့အတိုင်း စုံစီနဖာသဗ္ဗသနံပေါင်းပါပဲ။
အဲဒီအထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမေ၊မေမေ၊မိခင်၊မေစု၊အန်တီစုဆိုတဲ့ ချစ်စနိုးလေသံတွေနဲ့ ဂုဏ်တင်ချီးမြှောက်ပြီး ရိုသေလေးစားသမှုလှိုင်လှိုင်ကြီးပြုကြတာကိုလည်း ကျုပ်သတိထားမိပါရဲ့။အင်း၊လူပုဂ္ဂိုလ်တစ်ဦးကို အခြားသူတွေက ချစ်ခင်ချီးမြှောက် နေကြတာဟာ တစ်ဦးမေတ္တာတစ်ဦးမှာဆိုတဲ့သဘောမို့ ကျုပ်စိတ်ထဲမှာတော့ မင်္ဂလာတစ်ပါးလို့သာမြင်ပါတယ်။ ကျုပ်ကိုယ်တိုင်အနေ နဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုသဲသဲလှုပ်ကောင်းချီးပေး၊စတေးတပ်တွေရေးတင်တဲ့ သူစာရင်းမှာတော့ မပါခဲ့ပါဘူး။
တချို့ သောသူ တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမြတ်နိုးကြပုံမရဘူးဆိုတာသူတို့ရေးတင်တဲ့စာသားတွေက ဖော်ပြနေကြ လေရဲ့။
ဒါလည်းပြဿနာမဟုတ်ပြန်ဘူးကိုရင်။လောကမှာ ကဲ့ရဲ့ပြစ်တင်ခံရခြင်းကင်းတဲ့သူဆိုတာ ဟိုးအရင်ကလည်း မရှိခဲ့။အခုလည်းမရှိ၊ နောင် လည်းရှိမှာမဟုတ်ဘူးလို့ “ဓမ္မပဒ”ကဆိုတယ်မဟုတ်လား။ကျုပ်စိတ်ထဲမှာ အထူးအဆန်းဖြစ်မိတာက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် နှစ်သက်ခြင်းမရှိတဲ့ လူတချို့ဟာ မောင်နဲ့နှမ၊သားနဲ့အမိကြားမှာ မကြားဝံ့မနာသာဖြစ်တဲ့အသုံးအနှုံးအဆဲအဆို၊ညစ်ညမ်းတဲ့စကားလုံး တွေနဲ့ရေးနေကြတဲ့ကိစ္စပဲကိုရင်ရဲ့။
ဟုတ်ပါ့ဗျာ။ကိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆဲတဲ့အထဲမှာ တစ်ဂဏန်းကနေစာရင်းဝင်နေလေရဲ့။ဒိထက်ထူးဆန်းတာကတော့ ကျုပ်မိတ်ဆွေတစ်ယောက်ရဲ့မှတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကိုဆဲနေတဲ့ စာမျက်နှာတွေဟာ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့ တစ်ခုအနေနဲ့ ဆဲနေကြတာဆိုတဲ့အချက်ပါပဲ။ကျုပ်ကပဲ တောသားမို့ ရိုးလွန်းအလွန်းနေရော့သလားမဆိုနိုင်ဘူး။ အံ့သြလွန်းလို့ သေ တော့မယ်ဆိုပြီးခေတ်မီမီညည်းချင်းချရမလိုပါပဲ။
ကျုပ်တို့ဗမာပြည်ကြီးမွဲတေပြာကျနေချိန်၊ ဗမာပြည်တိုးတက်ရာတိုးတက်ကြောင်းဝိုင်းဝန်းကြံဆကြရမဲ့အချိန်မှာ အစိုးရအတိုက်အခံ ပါတီခေါင်းဆောင်ဗမာအမျိုးသမီးကြီး တစ်ယောက်ကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုသက်သက်ကြောင့်၊ ဗမာစာဗမာစကားနဲ့ ပယ်ပယ်နယ် နယ်ဆဲဆိုနေကြတာကိုဖြင့် ကျုပ်နားမလည်နိုင် တာအမှန်ပဲကိုရင်။
အဆန်းတကာ့အဆန်းဆုံးကတော့ ကျုပ်ဟာ ချပ်ဘောက်ကနေ ကိုရင်ဟာဘယ်လိုလူမျိုးပါလိမ့်ဆိုတာသိချင်စိတ်နဲ့ “မင်္ဂလာပါ”လို့လည်း နှုတ်ဆက်လိုက်ရော၊ ကိုရင်က ချက်ချင်းဆိုသလို “အန်ကယ်ကျနော့်ကိုဘလော့လိုက်ပါ၊ကျနော်ဟာ လူကောင်း မဟုတ်ပါဘူး”ဆိုပဲ။ ဘယ့်နှယ် မကောင်းတာကို မကောင်းမှုမှန်းသိနေတဲ့လူငယ်တစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီဘဝရောက်နေရ သတုန်း။ဒီမှာတင် ကိုရင့်ကိုခေါင်းတည်ပြီးဒီစာလေး ရေးဖို့အကြောင်းပေါ်လာရောဆိုပါတော့။
(၃)
ကျုပ်တို့အမျိုးသားခေါင်းဆောင်ကြီးမှာ သားသမီးသုံးဦးပွားစီးခဲ့တဲ့အနက် တဦးသောရင်သွေးဟာ ဒေါ်အောင်ဆန်းစုကြည်ပဲဆိုတာ ကျုပ်ကလေးဘဝကတည်းက သိခဲ့ပေမဲ့ ကိုယ်တိုင်ကိုယ်ကျဆုံဖို့အခွင့်အရေးဖြစ်လာတာကတော့ (၁၉၈၈)ခုနှစ်သြဂုတ်လ (၂၆)ရက်ပဲ မောင်။ဟုတ်တယ်ကိုရင်ရ။အဲဒီနေ့က ရွှေတိဂုံအနောက်ဖက်မုဒ်မှာ လူထုအစည်းအဝေးပွဲကြီးလုပ်တော့ ဗိုလ်ချုပ်ရဲ့သမီးဒေါ်အောင်ဆန်း စုကြည်တရားဟောမယ်ဆိုတဲ့သတင်းလည်းကြားရော ၊လာပြီးအားပေးလိုက်ကြတာ ကျုပ်တစ်သက်နဲ့တစ်ကိုယ်၊ဒီလောက်များတဲ့ လူထု ပရိသတ်ကြီးကိုမြင်ရတာ ပထမဆုံးအကြိမ်ပါပဲ။
သူဟောတဲ့တရားက အရှည်ကြီးမဟုတ်သလို ထူးထူးခြားခြားရယ်လို့လည်း ကျုပ်စိတ်ထဲ မထင်မိပါဘူး။သူပြောတာ၊ကျုပ်နားလည်သလောက်တော့ “ချွတ်ခြုံကျနေတဲ့ ကျုပ်တို့တိုင်းပြည်ကြီးကို ပြန်လည်ထူထောင်ဖို့ ဒီမိုကရေစီ စနစ်ကိုထူထောင်ကြရမယ်”ဆိုတာပါပဲ။
အဲဒီအချိန်ကာလနဲ့မရှေးမနှောင်းမှာပဲ ဗမာ့တပ်မတော်ကြီးဟာ တိုင်းပြည်ကိုချောက်ထဲမကျအောင် ကယ်တင်တယ်ဆိုလား၊အထွေထွေ အကြပ်အတည်းကလွတ်အောင်ဆိုလား အာဏာသိမ်းလိုက်ပါလေရော။ဒီမှာတင်ဒေါ်အောင်ဆန်းစု ကြည်ဟာ ပုဒ်မအမျိုးမျိုးအတပ်ခံရပြီး နှစ်ရှည်နေအိမ်အကျယ်ချုပ်ကျခံရတော့တာပါပဲကိုရင်။ နိုင်ငံရေးဆိုတာ တိမ်တွေပေါ်ကအရုပ်တွေ လိုအပြောင်းအလဲမြန်တယ်၊ နား လည်ရခက်တယ်ဆိုတာ ကျုပ်ကြားဖူးပေမဲ့၊ကျုပ်စိတ်ထဲ ထူးဆန်းနေတဲ့အချက်ကတော့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဟာ အပတ် တကုပ်ကြိုးစားပမ်းစား၊မအိပ်မနေတိုင်းပြည်ကိုထူထောင်နေကြရင်း ထားစရာမရှိအောင်၊ ကျိကျိတက်တက် ကြီးပွားကုန်ကြတဲ့ အချက် ပဲကိုရင်။
အဲဒီခေတ်အဲဒီအချိန်တုန်းက ဒေါ်အောင် ဆန်းစုကြည်ရှုတ်ချပွဲတွေကို မြန်မာ့အသံနဲ့ရုပ်မြင်သံကြားတွေကနေ တခမ်းတနားလွှင့်ခဲ့ဖူး တာလည်း ကျုပ်မှတ်မိနေသေးတယ်။ရှုတ်ချပွဲ ဆိုတာထက်ဆဲပွဲဆိုတာကပိုမှန်ပါလိမ့်မယ်မောင်။ကြည့်လေ။ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမယား၊မျက်နှာဖြူမယား၊ပြည်ပအားကိုး အမျိုးဖျက်သူ၊ပုဆိန်ရိုး၊အို..၊စုံလို့ပါပဲကိုရင်။အဲဒီဆဲပွဲ တွေနဲ့ပတ်သက်လို့ တပ်မတော် အရာရှိဟောင်းတစ်ယောက်ရဲ့သဘောထားမှတ်ချက် တစ်ခုကိုကြားရတော့ ကျုပ်ဖြင့် ပါးစပ်အဟောင်းသာတောင်ဖြစ် သွားမိတဲ့အထိ။
ဘာတဲ့။ “ကျနော်တော့ ရုပ်မြင်သံကြားမှာအဲဒီဆဲပွဲတွေ လွှင့်တဲ့အချိန်ဆိုရင် စက်ကိုထပိတ်ထားလိုက်တယ်ဗျ။ဒေါ်စုကို ချစ်လို့ တော့မဟုတ်ဘူး။စကားလုံးတွေက မကြားဝံ့မနာသာ၊ ရုန့်ရင်း ကြမ်းတမ်းလွန်းလို့ ကျနော့်သားသမီးတွေအတုယူခိုးမှားကုန်မှာစိုးလို့၊ ဘယ်နှယ့်ဗျာ၊လူငယ်တွေကို ယဉ်ကျေးအောင်ဆုံးမပဲ့ပြင်ပေး ကြရမဲ့ ထိပ်တန်းပညာတတ်ပါမောက္ခတွေ၊ကထိကကြီးတွေ ကိုယ်တိုင် စင်ပေါ်တက်ပြီးဒေါ်စုကို ပျစ်ပျစ်နှစ်နှစ်ဆဲနေလိုက်ကြတာများ ကျနော်ဖြင့် အံ့သြလို့မဆုံးဘူး” တဲ့ မောင်ရဲ့။အဆဲကြမ်းတဲ့အဖြစ်များ ကိုယ့် လူတောင်သူ့ဘက်သားဖြစ်ရတဲ့အထိ။
(၄)
အံ့သြစရာတွေကတော့ ပြောမကုန်နိုင်ပါဘူးမောင်ရယ်။ဟိုခေတ်ဟိုအခါက ဒေါ်အောင်ဆန်းစုကြည်ဆဲပွဲတွေကို ဦးဆောင်ကျင်းပခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ လက်ရှိဒီမိုကရေစီခေတ်မှာ လွှတ်တော်ထဲရောက်နေပြန်ပြီကိုရင်။အမယ်၊အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို “အမကြီး” “အမကြီး”ဆိုပြီး လုပ်နေကြပြန်လေရဲ့။ဒါပေမဲ့ခက်နေတာကို သူတို့နှုတ်က အခေါ်အဝေါ်သာပြောင်းတာ သူတို့ ရဲ့မသမာ တဲ့နည်းနဲ့ကိုယ်ကျိုး ရှာချင်တဲ့စရိုက်၊အမူအကျင့်တွေကတော့ဒုံရင်းကဒုံရင်းဖြစ်နေတုန်းပဲဆိုတာကိုရင် ကျုပ်ထက်ပိုသိပါလိမ့်မယ်။ မှန်ကန်တဲ့ခံယူချက်မရှိပဲ၊ လူကြီး လူကောင်း နာမည်ခံပြီး လိုတစ်မျိုးမလိုတစ်မျိုး ပြောတာတော့ ကျုပ်တယ်ပြီး သဘောမတွေ့ လှဘူး မောင်။ဗမာတပြည်လုံးတက်တက်စင်၊ပြောင်သလင်းခါအောင် နည်းမျိုးစုံနဲ့ကိုယ်ကျိုးရှာခဲ့ပြီးတာတောင် မျက်နှာပြောင်ဆက်တိုက်နေကြ ဆဲ၊သူခိုးဓားပြထက်ဆိုးတဲ့သူတွေကို ကျုပ်အမုန်းဆုံးပဲ။
ဒီနေရာမှာကျုပ်လေးလေးနက်နက်စဉ်းစားနေမိတာက မကောင်းမှုကိုသိနေတဲ့ကိုရင့်လိုလူငယ်တစ်ယောက်ဟာ အဲဒီခေတ်ဟောင်းက စစ်ခေါင်း ဆောင်ဟောင်းတွေနဲ့တစ်နည်းနည်းနဲ့များပတ်သက်နေသလားဆိုတဲ့အချက်ပါပဲ။
ဒါကြောင့်စကားမစပ် ပုံပြင်လေးတစ်ပုဒ်ပြောပြချင်သေးတယ်ကိုရင်။
တစ်ခါတုန်းက အမှန်တရားရှာဖွေသူတစ်ဦးဟာ အယူလွဲနေတဲ့ နာမည်ကြီး ဆရာ တစ်ဦးထံမှာ တပည့်ခံမိနေသတဲ့။ဒါပေမဲ့သူဟာ အမှန်တရားကိုဟောပြောသွန်သင်နိုင်မဲ့သူကို၊ ဆက်ရှာနေရာက တစ်နေ့၊ အယူအဆအတွေးအခေါ်မှန်တဲ့ဆရာတစ်ဦးကိုတွေ့တဲ့အခါ အဲဒီဆရာထံမှာတပည့်ခံပြီးသူ့ဆရာကြီးကိုပါ အပါခေါ်နိုင်ဖို့ အားထုတ်စည်းရုံးတော့ အဲဒီဆရာကြီးက “ငါ့တပည့်လောကကြီးမှာ လူလိမ်မာနဲ့လူမိုက်ဘယ်ဟာပိုများသတုန်း”လို့မေးသတဲ့ကိုရင်။ ဒီတော့ တပည့်လုပ်သူဟာ “လူမိုက်ပိုများပါတယ်”လို့လည်းဖြေရော၊”အေး၊ဒါဆို မင်းကဆယ်ဝင်အိုးတဲ့တူတဲ့လူလိမ္မာမို့ ဆရာကောင်း ဆီသွားပေတော့၊ရာဝင်အိုးကြီးနဲ့တူတဲ့ငါ့ဆီကို လူမိုက်တွေ ထပ်ပြီးလာကြလိမ့်မပေါ့”ဆိုပဲ။
အမယ်၊ကိုရင်က ဘယ်ဆိုးလို့တုန်း၊ဒီပုံပြင်ဟာ ရှင်သာရိပုတ္တရာရဲ့ဘဝဇာတ်လမ်းဆိုတာတောင် သိနေပါကလား။ဟုတ်ပါတယ်ကိုရင်ရယ်။ ကိုရင့်ဆရာသမားစစ်ဗိုလ်ချုပ်တွေဟာ နိပါတ်တော်ထဲက သိဉ္စည်းဆရာကြီးလောက်တောင် စိတ်ထားမဖြူစင်ပါကလား။ စာသံပေသံ လေး နဲ့ဆွေးနွေးရရင်လောကကြီးမှာ မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊စိတ်ကိုဖြူအောင်ထားဆိုတာဘုရားရှင်အဆက်ဆက်၊ အတို ချုပ် ဆိုဆုံးမချက်ပါပဲ။
ကိုရင်က ဒေါ်အောင်ဆန်းစုကြည်ကိုမထောက်ခံဘူးဆိုရင်လည်း မထောက်ခံခွင့်ရှိပါတယ်မောင်။သို့သော် မထောက်ခံဘူး ဆိုတဲ့ခံယူချက်တစ်ခုနဲ့တော့ မစော်ကားသင့်ဘူးထင်ပါတယ်။မထောက်ခံလို့စော်ကားမယ်ဆိုရင် ကိုရင်ဟာရင့်ကျက်သူ စာရင်းမှာဘယ်ပါ ပါတော့မတုန်း။ချစ်ခြင်းမုန်းခြင်းဆိုတာလူတိုင်းမှာရှိသော်ငြား တိုတောင်းလှတဲ့ လူ့ဘဝမှာ လူမသမာအဖြစ်နဲ့ နိဂုံး မချုပ်သင့်ဘူးပေါ့။ကိုရင် ဟာလူမသမာတွေရဲ့ သူခိုးသေဖော်ညှိတာကိုခံနေရသလားဆိုတာ ကိုယ်တိုင်ဆန်းစစ်စေချင်လှစမ်းပါဘိ။
(၅)
ပုထုဇနောဥမ္မတကောဆိုတဲ့ဗုဒ္ဓတရားတော်အတိုင်းဆိုရင် လူတွေဟာအားလုံးအရူးပဲတဲ့ကိုရင်ရေ။ဗိုလ်ချုပ်အောင်ဆန်းကိုကြည့်ပါကိုရင်။ သူ့ခေတ်သူ့အခါက မြို့အုပ်မြို့ပိုင်ရာထူးတွေမမက်မောပဲ ဗမာပြည်လွတ်လပ်ရေးအတွက်ရူးသွပ်ခဲ့သူပေါ့။ဒေါ်အောင်ဆန်းစုကြည်လည်း ဘာထူးတုန်း၊လင်သားနဲ့သေကွဲအကွဲခံ၊သားတွေကိုပစ်ပြီး ဗမာပြည်၊ဗမာလူမျိုးလူစဉ်မီရေးမှာ အရူးထနေတာပဲ။ဒီလိုပုဂ္ဂိုလ်မျိုးတွေ ကျုပ်တို့ တိုင်းပြည်အတွက် မလိုဘူးလားမောင်ရယ်။ဗမာပြည်မှာ၊အာဏာရူးတွေကတော့၊လိုတဲ့ဦးရေထက်ပိုနေပါပြီကိုရင်။အော်၊ကိုရင်က ကျုပ်ဘက်လိုက် တယ်ထင်နေပြန်ပါပြီ။
ဒါဆိုရင်လည်း ပိုပြီးသေချာတဲ့အဖြေထွက်သွားအောင် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ဥစ္စာဓနကြွယ်ဝမှု အတိအကျကို စာရင်းကောက်မယ်လို့ကိုရင်လေသံပစ်ကြည့်ပါလား။ တိုင်းပြည်ကိုချစ်လှပါချည့်ရဲ့ဆိုတဲ့လူကြီးလူကောင်းအမည်ခံတွေ စကားမေးမရတော့ပဲ၊ပါးစပ်ပိတ်ကုန် ကြပါလိမ့်မယ်ဗျာ။ကိုရင့်ကို နားရင်းထမရိုက်ကြရင်တောင် ကံကောင်း။
(၂၀၁၅)မှာဗမာပြည်ရဲ့ရွေးကောက်ပွဲရှိသတဲ့မောင်။ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့တော့ ကျုပ်ဆုမတောင်းပါဘူး။အာဏာရူးတွေ၊ စားဖားတွေဖက်ကနေ ကိုရင့်လို ဘုမသိ၊ဘမသိရပ်တည်ကြမဲ့လူမိုက်တွေမများပါစေနဲ့လို့သာကျုပ်ဆုတောင်းလိုက်ပါတယ်။အခုလို ချိုချိုသာသာစကားတွေပြောနေလို့ ကျုပ်ကိုလည်း လူသူတော်ကောင်းကြီးလို့မမှတ်လိုက်နဲ့ဦးနော်။ဘက်တူရင်လူမရွေးပဲ၊ထစ်ကနဲရှိ လက်ပါချင်တဲ့ငယ်စိတ်နဲ့ဆို ကိုရင်တို့လိုလူမျိုးနဲ့ နောင်ဂျိန်ပလေးတာကြာလှပေါ့။သို့ပေမဲ့ ခံစားချက်ဆိုတာ အမှန်တရားနဲ့ဝေးတတ် တယ်မောင်။
အသက်အရွယ်အတွေ့အကြုံတွေကြီးရင့်လာသလို ဆင်ခြင်တွေးခေါ်မှုတွေလည်းတည်ငြိမ်ရင့်ကျက်သင့်တာပေါ့။ ခေတ်တွေစနစ်တွေကပြောင်းနေပြီမဟုတ်လား။ကျုပ်ကိုယ်တိုင်လည်း ပြင်သင့်တာပြင်ရပေမပေါ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်နဲ့ ကိုယ်ကျင့်တရားအပေါ်ကျုပ်မကြိုက်မနှစ်သက်တဲ့အချိန်ကာလတွေရှိလာနိုင်ပါတယ်။သူ့ကိုယ်ကျိုး အတွက် အာဏာနဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီးတိုင်းပြည်ကိုရောင်းစားဖို့၊လုပ်လာတဲ့တစ်နေ့ ကိုရင်နဲ့ကျုပ် အဆဲ မပါဘဲမဟာမိတ် ပြုကြပါစို့။ ကဲ၊ဒီမှာတင် စကားရပ်ကြစို့ရဲ့။
ကျုပ်ကတော့ ဗမာပီပီ ဆုတောင်းပေးလိုက်ချင်ပါရဲ့။မောင်ကြီးသား “အာဂ ယောက်ျားတကဲ့လူ” ဘုန်းကြီးပါစေသက်ရှည်ပါစေ၊ အနာမျိုးကိုးဆယ့်ခြောက်ပါး ကင်းပါစေ။ သူယုတ်မာတွေနဲ့ လွဲလို့ သူတော်ကောင်း နဲ့ပေါင်းဖက်နိုင်ပါစေ ။ အမှားအမှန်ဝေဖန်သိလို့ ဥာဏ်ရှိသလောက် ကြံတိုင်း မြောက်လို့ နိဗ္ဗာန်ပေါက်အောင် ခရီးဆက်နိုင်ပါစေဗျား ။

၂၆စက်တင်ဘာ၂၀၁၄နေ့ထုတ် သည်လေးဒီးစ်ဂျာနယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...