Wednesday, September 17, 2014

ပုဝါတစ်ထည် အမြန်အလိုရှိသည်


သစ်ပင် ပန်းပင် စိမ်းစိမ်းစိုစိုနဲ့ အဲဒီပန်းခြံလေးမှာ ညနေတိုင်းစာအုပ်တစ်အုပ် ကော်ဖီတစ်ခွက်နဲ့ ကျွန်မ လာထိုင်နေကျ… အဲဒီညနေက မိုးအုံ့နေမှန်း သိသိကြီးနဲ့လာခဲ့မိတာ။ ထီးဆောင်လေ့မရှိသူတစ်ယောက်မို့ မိုးစက်မိုးပေါက်တွေ ကျလာတော့ အမိုးလေးရှိတဲ့နေရာကို အပြေးလာပြီး မိုးခိုရတယ်။ ကံကောင်းစွာနဲ့ အမိုးလေးအောက်မှာ ထိုင်စရာ နေရာ တစ်နေရာရခဲ့တယ်။ ကိုယ့်လို မိုးခိုနေတဲ့ သူတွေလည်း ရှိနေတယ်။
မိုးခိုနေရင်း လက်ထဲက စာအုပ်ကို  ဖွင့်ဖတ်မယ် အလုပ်မှာ စကားသံတစ်ခုက နားထဲကို စူးစူးရှရှထိုးဖေါက် ၀င်ရောက်လာခဲ့တယ်။

“ဒီမှာရှင့်…ဒီမှာ… ခုနက ပြောလက်စ စကား ဆက်ရအုံးမယ်… ကျွန်မပြောနေတာ ရှင်ကြားရဲ့လား နားထောင်နေရဲ့လားသေသေချာချာ နားထောင်စမ်းပါရှင်…

မျက်လုံးထောင့်ကနေ အသာ ခိုးကြည့်လိုက်တော့ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်၊ ကြည့်ရတာ လင်မယား နှစ်ယောက်ဖြစ်ပုံရပါတယ်။ ပြီးတော့ ကျွန်မလိုပဲ ဒီနေရာမှာ လာခိုရင်း မိုးအတိတ်ကို စောင့်နေကြပုံပါ။

“ဒီမှာကျွန်မကိုယ်ပေါ်မှာ ကျွန်မ အမုန်းဆုံးနေရာ တနေရာရှိတယ် အဲဒါ ဘယ်နေရာ ဖြစ်နိုင်လဲ သိလား…

ဘုရားရေ… ကျွန်မ စိတ်ထဲကနေ ဘုရား တ လိုက်မိပါတယ်…။

“မေးနေတယ်လေ... မေးနေတာ ဖြေပါအုံး… ရှင်နဲ့ စကားပြောရရင် ဒီလိုချည်းပဲ ဘာမေးမေး ဘာပြောပြော သိသလိုလိုမသိသလိုလိုနဲ့ ပြီးတော့ တယောက်တည်း စကားပြောနေရသလိုလို စကားမပြောတတ်တဲ့ သူတယောက်နဲ့ စကားပြောနေရသလို၊ ဘေးကလူကိုလည်း အားနာပါအုံး… ခက်များ ခက်ရချည်ရဲ့ရှင်…

“ဒီမယ်…ကျွန်မကိုယ်ပေါ်မှာ ကျွန်မ အမုန်းဆုံးနေရာက လည်ပင်း ရှင့် လည်ပင်း… သိရဲ့လား…

ဘုရားရေ… ဒုတိယအကြိမ် ကျွန်မ ဘုရား တ မိပါတယ်။ လည်ပင်းဆိုပါလား… လည်ပင်းဆိုတာ အသက်အန္တရာယ်နဲ့ အနီးဆုံး၊ တစ်ခု တစ်ခု လုပ်ကြံဖို့ အလွယ်ကူဆုံး နေရာမဟုတ်လား။ ရုပ်ရှင်တွေထဲမှာ လူဆိုးတွေ ချကြ နှက်ကြတဲ့အခါ လည်ပင်းညှစ်သတ်တဲ့ အခန်းတွေမှာ မျက်လုံး အပြူးသားနဲ့ လျှာကြီး ထွက်ပြီး သေသွားတဲ့ ဇာတ်လိုက်တွေကို ကျွန်မ မြင်ယောင်မိတယ်။ ဒီမိန်းမ ဘာများ လုပ်တော့မလို့ပါလိမ့်…။

“ရှင် ဘာဖြစ်လို့ကျွန်မကို မျက်လုံး အပြူးသားနဲ့ ပြန်ကြည့်နေရတာလဲ ကျွန်မပြောနေတာ နားမလည်လို့လား ဟောဒီမှာလေ လည်ပင်း တွေ့သလား… အဲဒီလည်ပင်းကို ကျွန်မ အမုန်းဆုံးရှင့်…

ပြောပြောဆိုဆိုနဲ့ အဲဒီမိန်းမ သူ့လည်ပင်းကို သူ ပွတ်နေတာ မျက်လုံးထောင့်ကနေမြင်နေရတယ်။ စိတ်ထင်လို့ပဲလား မသိ၊ တစ်ချက်တစ်ချက်မှာ လည်ပင်းကို သူ့လက်နဲ့သူ ညှစ်လိုက်သယောင်ယောင်။ ကိုယ့်ကိုယ်ကိုယ်တော့ လည်ပင်းကို ညှစ်ရင်း သေကြောင်းမကြံတတ်ရာ လို့ စိတ်ထဲက တွေးနေမိတယ်။

“မေးချင်လည်း ပွင့်ပွင့်လင်းလင်း ပြန်မေးလိုက်ပါတော့လား... မိန်းမရေ… ဘာဖြစ်လို့ မင်း လည်ပင်းကို မင်းမုန်းရသလဲ လို့ ပြန်မေးလိုက်ပါတော်… အခုတော့ တကတည်းမှပဲ၊ မပွင့်တပွင့်၊ မလှုပ်မယှက်နဲ့ ကျွန်မကို အထူးတဆန်း ပြန်ကြည့်နေရတယ်လို့… မှန်း… ရှင့်လည်ပင်းရော…  ဘယ်လိုနေသလဲ…

အဲဒီမိန်းမ လက်ကလည်း မြန်လိုက်တာ လွန်ပါရော၊ ဘေးနားက အမျိုးသားရဲ့လည်ပင်းကို မြင်ရဖို့ ရှပ်အင်္ကျီကော်လာစကို ဆွဲဖယ်နေတာ ရိပ်ကနဲ လှမ်းတွေ့လိုက်တယ်။ စိတ်ထဲမှာလည်း ထင့်သွားတယ်။ ကျွန်မ လိုအပ်ရင် ကူညီစရာရှိရင် ကူညီဖို့အတွက် လက်ကိုင်ဖုန်းကို ခပ်တင်းတင်းကိုင်ထားရင်း အသင့်အနေအထားနဲ့ ကိုယ်ကို ခပ်မတ်မတ် ပြင်ပြီး ထိုင်လိုက်တယ်။ အဲဒီအချိန်မှာပဲနားထဲကို စကားသံတွေ ရောက်လာခဲ့ပြန်တယ်။

“အင်း…ရှင့်လည်ပင်းကတော့ သူလို ကိုယ်လို လည်ပင်း ပါပဲ… ဘာမှ သိပ်မထူးခြားလှပါဘူး…

အမျိုးသမီးရဲ့ ကောက်ချက်ချ စကားအဆုံးမှာ ကျွန်မ နည်းနည်း စိတ်သက်သာရာရသွားတယ်။ သူလို ကိုယ်လို လည်ပင်း ဆိုတဲ့စကားကိုတော့ တအား စိတ်ဝင်စားပေမယ့် ကျွန်မ မော့မကြည့်ရဲဘူး။ ကျွန်မရော ဘယ်လို လည်ပင်းမျိုးကို ပိုင်ဆိုင်နေပါသလဲ။ အိတ်ထဲမှာ အသင့်ပါလာတဲ့လေးထောင့် ပေါင်ဒါဘူးထဲက မှန်ကို ထုတ်ကြည့်ချင်စိတ်ကို ချိုးနှိမ်ရင်း ဆက်ပြောလာမယ့်စကားသံကို အာရုံစိုက်နေမိတယ်။

 “ဒီလိုရှင့်… မိန်းမတွေရဲ့ အသက်ကို မှန်းချင်ရင်လည်ပင်းကို ကြည့်ရတယ် တဲ့… လည်ပင်းတွေကတော့ အမျိုးအစား အများကြီးရှိတာပေါ့တော်…

ဗုဒ္ဗေါ… သူ့စကားအဆုံးမှာ အခုနက တွေးနေတဲ့ အသက်အန္တရာယ်အကြောင်း ဘာညာတွေအားလုံး ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပြီး ကျွန်မ အရမ်းရယ်ချင်သွားတယ်။ သို့သော်လည်း နှုတ်ခမ်းကို နာနာကိုက်လို့ မရယ်မိအောင် ကြိုးစားရင်း ဆက်ပြောလာမယ့် စကားတွေကိုနားစွင့်နေလိုက်တယ်။

 “ကြက်ခြေထောက်တွေလို အရစ်အရစ်ထနေတဲ့ လည်ပင်း၊ ဆင်နှာမောင်းလိုကြီးမား တုတ်ခိုင်နေတဲ့ လည်ပင်း၊ အဆီတထပ် အသားတထပ်နဲ့ ဘူဇွာလို ၀နေတဲ့ လည်ပင်း၊ အရေပြားတွေရော့ရဲ ပျော့တွဲကျနေတဲ့ လည်ပင်း၊ အသားအရေတွေ သွေ့ခြောက်ပြီး ပတ်ကြားအက်နေတဲ့ လည်ပင်း၊ ပိန်ညောင်ညောင် အရိုးဂေါက်ဂက်နဲ့ ပုလွေရိုးလို လည်ပင်း… မဲတူးတူး ညစ်ထေးထေး လည်ပင်း…အမလေး ပြောရရင် ဆုံးမှာကို မဟုတ်ဘူး။ အဲဒီလိုလည်ပင်းတွေကို ကြည့်ပြီး မိန်းမတွေရဲ့အသက်ကို မှန်းလို့ရတာတဲ့… ရှင် သိရဲ့လား…

ကျွန်မ အသက်ရှူဖို့ ခဏ မေ့သွားတယ်။ ပြီးတော့ အိတ်ထဲက ပေါင်ဒါဘူးလေးကိုအသာ စမ်းနေမိတယ် ကျွန်မ မှန် အရမ်းကြည့်ချင်နေပြီ။

 “မိန်းမတစ်ယောက် မျက်နှာက မိတ်ကပ်ကောင်းကောင်းနဲ့ ဖုံးထားလို့ ဘယ်လောက်ပဲ နုနေ လှနေပေမဲ့ အဲဒီလို လည်ပင်းတွေ ရုပ်ပျက်နေပြီဆိုရင်၊ ဒါမှမဟုတ်လည်ပင်းတွေကို လူမမြင်အောင် တစ်နည်းနည်းနဲ့ ဖုံးကွယ်လာပြီဆိုရင် အဲဒီမိန်းမဟာ အသက်လေးဆယ်ထဲဝင်စ ပြုနေပြီတဲ့ရှင့် သိရဲ့လား၊ နောက်ပြီးတော့ မိန်းမတွေကလည်း မျက်နှာလေးပဲ လူမြင်ကောင်းရုံ လိမ်းခြယ်ကြတာ လည်ပင်းကျ ဘယ်သူမှ ကောင်းကောင်း ဂရုစိုက်ကြတာ မဟုတ်ဘူး၊ မျက်နှာက ဖွေးဖွေးရေးရေး နှုတ်ခမ်းနီ ပါးနီတွေ ခြယ်လို့၊ ဟော… လည်ပင်းကျ ညစ်ထပ်ထပ်နဲ့… လည်ပင်းနဲ့ မျက်နှာ အရောင်တွေကွာနေတာ အတော်ကို ကြည့်ရ ရုပ်ဆိုးတာရှင့်…

ဒီတခါတော့ ကိုယ့်ကိုယ်ကိုယ်ထက် အဲဒီမိန်းမရဲ့ လည်ပင်းကို ကြည့်ချင်မြင်ချင်စိတ်က ပိုများနေပြန်တယ်။ တွေးနေတုန်းမှာ အဲဒီမိန်းမက ပြောပြောဆိုဆိုနဲ့ သူ့မှာအသင့်ပါလာတဲ့ ပုဝါ ခပ်ပါးပါးတစ်စကို ထုတ်ယူပြီး လည်ပင်းမှာ ရော့တိ ရော့ရဲ ပတ်ချည်လိုက်တယ်။ သူ့လည်ပင်းကို ကျွန်မ တွေ့မြင်ခွင့် မရလိုက်ဘူး။ ပြီးတာနဲ့ ထိုင်နေရာကနေ ဆတ်ကနဲ ထရပ်ရင်း သူ့အမျိုးသားကို “လာ…သွားကြစို့… မိုးတိတ်နေပြီ… လို့ ပြောလိုက်တယ်။ အေးစက်စက် မျက်နှာသေနဲ့ ကိုအ၀ှာလည်း ထိုင်ရာက ထပြီး ပုဝါစ တလွင့်လွင့်နဲ့ သူ့မိန်းမနောက်ကို လိုက်သွားတယ်။ ဟုတ်တယ် အပြင်ဖက်မှာ မိုးကလည်း စဲသွားပြီ။

သူတို့နှစ်ယောက် ထွက်သွားတာကို လိုက်ကြည့်နေရင်း ကျွန်မ ရယ်ချင်စိတ်တ၀က်နဲ့ ကျန်ခဲ့ပေမဲ့ အိတ်ထဲက မှန်ကို ထုတ်ကြည့်ဖို့ မရဲဘူး ဖြစ်နေပြန်တယ်။ စိတ်ထဲမှာတော့ မိန်းမနဲ့ယောက်ျား မတူညီကြတဲ့ သဘာဝရယ်၊ သူ ပုံဖေါ်သွားတဲ့ လည်ပင်းတွေ အကြောင်းရယ် ကျန်ရစ်ပြီး လက်တစ်ဖက်က ကိုယ့် လည်ပင်းကို အသာ စမ်းရင်း၊ ပါလာတဲ့ ပေါင်ဒါဘူး ဖွင့်ပြီး လည်ပင်းကို ပွတ်လိမ်းရတော့မလို… အခုချက်ခြင်း ပုဝါတွေပဲ ပြေးဝယ်ရတော့မလို… လည်ပင်းကို လိမ်းစရာ မိတ်ကပ်အရည်တွေပဲ ထပ်ဝယ်ရတော့မလို… ယောက်ယက်ခတ် အတွေးတွေနဲ့…။



သေချာတာကတော့ အပြန်လမ်းမှာ ကျွန်မ ပုဝါ တစ်ထည် (မဖြစ်မနေ)၀ယ်ဖြစ်ပါလိမ့်မယ်…။
ဘာဖြစ်လို့ဆို ကျွန်မအသက်က လေးဆယ်ကို အတော်လေး စွန်းနေခဲ့ပြီကိုး…။

သက်ဝေ
(၈ မေ ၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...