ချိုတူးဇော် ( ဘာသာရေး ငတ်မွတ်ခေါင်းပါးသူ ) သို့
ဒီနေ့ FB ပေါ်မှာ ညီလေး ရဲမိုး တင်ထားတဲ့ တုန့်ပြန်ထားတဲ့ Status လေး တစ်ခုနဲ့ စာပုံလေးတစ်ခုတွေ့မိတယ်။ စာပုံလေးကို စိတ်ဝင်တစား ဖတ်ကြည့်ဖြစ်တော့ အတော်စိတ်မကောင်း စရာ တွေ့ရ တယ်။ ချိုတူးဇော် ဘယ်သူဆိုတာ ကျွန်တော်မသိပါ။ သိလည်းမသိချင်ပါ။ သူ့ Status လေးဖတ်ကြည့်ပြီး အတွေးအခေါ် အဆင့်အတန်းလွန်စွာ နိမ့်ကျသူဖြစ်မှာ ခန့်မှန်းမိသွား၍ သိလိုစိတ်ကို မရှိတာပါ။
သူ့ရဲ့ သေးသိမ် ညံ့ဖျင်းလှသော အတွေးအခေါ်၊ အဆင့် အတန်းမရှိသော အယူအဆ၊
ပါးရှားလှသော ဗဟုသုတများနှင့် ဆင့်ခြင်ဥာဏ် ကင်းမဲ့လှသော အရေးအသားကို လူမှု
ကွန်ယက်ဖြစ်သော FB တွင်ရေးသားထားချက်အား ခေတ်လူငယ်များဖတ်ရှုမိ၍
ဟုတ်နိုးနိုးဖြင့် အယူတိမ်းပါးကုန် မည်ကို အလွန်အမင်းစိုးရိမ်ကြောင့်ကြ
မိ၍သာ ပြန်လည်၍ ရေးသားလိုက်မိခြင်းသာ ဖြစ်ပါတယ်...
--------------------------------------------------------------
" အို မာဂဏ္ဍိယ ငါသည်သုံးဆောင်သော ပြဿဒ် တို့၌ အတီးအမှုတ် မျိုးစုံတို့ဖြင့် တင့်တယ်စွာ ခံစားစံစားလျက် နေခဲ့၏ " ( မဇ္ဈိမနိကာယ် မာဂဏ္ဍိယသုတ်)
" ရဟန်းတို့ ငါသည် ချမ်းသာစွာ နူးညံ့သိမ်မွေ့စွာ နေရ၏။ မိုးလေးလပါတ်လုံး ပြဿဒ်မှ အောက်သို့မသက်ဆင်းဘဲ နေရ၏ " (အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်- သုခုမာလ သုတ်)
ဆိုလိုသည်က ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသား ဟာ လူ့လောက လူ့ဘဝမှာ ဘုရင့်သား မင်းစည်းစိမ်ကို အပြည့်အဝ ခံစားနေခဲ့ရသူ၊ လိုလေးသေးမရှိ၊ အရာရာ မတောင့်မတ မကြောင့်မကြ နေခဲ့ရသောဘဝ....
တော်ရုံသာမန်လူတို့ စွန့်နိုင်ခဲသောဘဝ... ဥပမာ - ကျွန်တော်တို့ ဘဝမှာ မပြည့်စုံခင် အချိန်က ဆန္ဒများ၊ လိုအပ်ချက်များ ပြည့်စုံကြွယ်ဝလာကြသည့်အခါ ရောက်ရှိသော အဆင့် ရရှိပြီးသော စည်းစိမ်နေရာကနေ လျောကျမှာကို သေမတတ်စိုးရိမ်ကြတယ်... သိဒ္ဓတ္ထ မင်းသားကတော့ ရရှိပြီးသော မင်းစည်းစိမ်ကိုတောင် စွန့်ထားခဲ့သူ...
ထိုသို့ စွန့်ရာတွင် အဓိက အကြောင်း အချက်ကြီး များရှိသည်-
" ရဟန်းတို့ ငါသည် ဘုရားမဖြစ်သေးမီ ပထမအရွယ်က ဤသို့ကြံ၏။ မသိနားမလည်သော သာမန်လူသည် မိမိကိုယ် တိုင် တစ်နေ့တွင် အိုရဦးမည် ဖြစ်ပါလျက် သူအိုတစ်ဦးကို မြင်လျှင် စိတ်မသက်မသာ ရွံရှာခြင်း ဖြစ်တတ်၏။ ငါသည် ဤသို့ဖြစ်ရန် မသင့်လျော်ပါတကား ။ ဤသို့တွေးတောရင်း ငါ၏ပျိုမြစ်သော အရွယ်၌ တက်ကြွနေသောစိတ်သည် ကျဆင်းကွယ်ပျောက်ခဲ့၏ " ( အင်္ဂုတ္တရနိကာယ် တိကနိပါတ်၊ သုခုမာလသုတ် )
" ရဟန်းတို့ ငါသည် ဘုရားအဖြစ်သို့ မရောက်မီက ဤသို့ အကြံဖြစ်၏ ။ အဘယ်ကြောင့် ငါသည် ဇာတိသဘောရှိသည် ဖြစ်ပါလျက် ညစ်ညူးခြင်းသဘော ရှိသည်ဖြစ်ပါလျက် ထိုညစ်ညူးခြင်း သဘောကိုသာလျှင် ရှာဘိသနည်း။ ငါသည် ဇာတိမရှိရာ ၊ မအို ၊ မနာ ၊ မသေရာ မြတ်သောနိဗ္ဗာန်ကို ရှာအံ့ ဟူ၍ အကြံဖြစ်၏ " ( မဇ္ဈိမနိကာယ်၊ အရိယပရိယေသန သုတ် )
" ရဟန်းတို့ ငါ့အား ဤသို့အကြံဖြစ်၏။ အိမ်ရာထောင် သော လူတို့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းကျပ်တည်း ၏။ မြူမှုန်ထူသော ခရီးနှင့်တူ၏။ အိမ်၌နေသောသူသည် စင်စစ် မြတ်သောအကျင့်ကို ကျင့်ရန်မလွယ်ကူချေ။ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးသော် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ရုံ၍ ရဟန်းပြုရမူ ကောင်းလေစွတကားဟု အကြံဖြစ်၏ " ( မဇ္ဈိမနိကာယ်၊ မဟာသစ္စကသုတ်နှင့် အခြားသုတ်များ )
ထိုသို့သောအကြောင်းအချက်များသည် ဘာကိုရည်ရွယ်ပါ သနည်း ၊ တစ်ဦးတစ်ယောက်တည်းအတွက်လား အများအတွက်လား ဆိုတာယနေ့မျက်မှောက်ခေတ်ကာလ အထိသက်ရောက်လျက်ရှိသော သမထ ဝိပဿနာ အကျိုးကျေးဇူးများက အများသတ္တဝါတွေအတွက် ကြီးမားသော အဖိုးမဖြတ်နိုင်သည့် အထောက်အပံ့များပေး နေဆဲဖြစ်သည်က သက်သေပင်....
သိဒ္ဓတ္ထမင်းသားသည် ဘုရားအဖြစ်ကိုရရန် စွန့်နိုင်ခဲသော စွန့်ခြင်းကြီးတို့အား -
သုမေဓာ ရှင်ရသေ့ ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌
(၁) ရွှေ ငွေ ဆင် မြင်း အစရှိသည်ကို လှူဒါန်းခြင်း ဒါနပါရမီ
(၂) ခြေ၊ လက်၊ နား၊ နှခေါင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ
(၃) ကိုယ့်အသက်ကို လှူခြင်း ဒါနပရမတ္ထ ပါရမီ
အစရှိသော ပါရမီ သုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့သည်။
ထို့အပြင် အလွန်စွန့်နိုင်ခဲစွာသော-
(၁) ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာကို စွန့်ခြင်း ဓန ပရိစ္စာဂ၊
(၂) သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊
(၃) မယားကိုစွန့်ခြင်း ဘရိယ ပရိစ္စာဂ၊
(၄) ခြေ၊ လက်၊ နား၊ နှခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂ ပရိစ္စာဂ၊
(၅) ကိုယ့်အသက် ကိုယ်စွန့်ခြင်း ဇီဝိတ ပရိစ္စာဂ၊
ဟုဆိုအပ်သော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့်တော်မူခဲ့သည်။
( ဗုဒ္ဓဘာသာကောင်း တစ်ယောက် - သာ ထွန်း ပြန့် )
သိဒ္ဓတ္ထ မင်းသားဟာ တောထွက်ပြီး ၆ နှစ်အကြာ သက်တော် ( ၃၅ ) နှစ်မှာ
(၁) ရှေးက နေခဲ့ ( ဖြစ်ခဲ့) ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ် သိတတ်သော " ပုဗ္ပေနိဝါသ နုဿတိဉာဏ် "
(၂) နတ်တို့၏ မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကို မြင်တတ်သော " ဒိဗ္ဗစက္ခုဉာဏ် "
(၃) အာသဝေါတရား လေးပါးတို့၏ ကုန်ခြင်းကိုပြုတတ် သော " အာသဝက္ခယဉာဏ် " တို့ကို ရတော်မူခဲ့တယ်..
သက်တော် ၃၅ ကနေ သက်တော် ၈၀ အထိ ၄၅ ဝါ ကာလပါတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို နေ့ ည မလပ် ဆောင်ရွက်တော်မူခဲ့တယ်...
ထိုသို့ စွန့်လွှတ်စွန့်စား အားထုတ်ကြိုးကုတ်ခဲ့ရခြင်းများသည် တိုင်းပြည်တစ်ပြည် ၊ လူမျိုးတစ်မျိုး ၊ မိသားစုတစ်ခု လောက်အတွက်သာ ကြည့်တတ်မြင်တတ်သူတို့အဖို့ နားလည်ခံစားနိုင်မည်မဟုတ်သော်လည်း အနန္တ စကြာဝဠာ မဟာ ဉာဏ်တော်ကြီး ပိုင်ရှင်၏ အမျှော်အမြင်ကို သိမြင် နိုင်ရန်ကား လွန်စွာ ခက်ခဲမည်မှာ မုချမသွေပင်...
တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး ၊ မိသားစုတစ်ခု လောက်ကို ဦးစီးလုပ်ကျွေးရုံ လူသာမန်အဖြစ်ကတော့ ဘုရင့်သားဖြစ်သည့် သိဒ္ဓတ္ထ အတွက်ကတော့ စိတ်ကူးထဲတောင်ထည့်စရာ မလို... သံသရာ တစ်လျှောက် စုန်ချည် ဆန်ချည် စီးမျောရင်း အချိန်ပြည့် အို နာ သေ တို့နှိပ်စက်ခံနေရသော အနန္တ သတ္တဝါ အပေါင်းတို့အား တပြေးညီသော မေတ္တာ ကရုဏာတော်ကြီးဖြင့် ဦးဆောင်ကယ်တင် လိုသော မဟာလုပ်ငန်းစဉ်ကြီးကို ဆောင်ရွက်ခြင်း ဖြစ်သည်ကို.... တုံးအ နုံနဲ့ သိမ်ဖျဉ်းသော အတွေး အမြင် ဉာဏ်လောက်သာရှိသော ချိုတူးဇော် အနေနှင့် တတ်နိုင်သလောက် နားလည်အောင် ကြိုးစား ကြည့်စေချင်သည်...
" လောက၌ ကာမဂုဏ်ခံစား၍ နူးညံ့သောနေရာ အိပ်ရာ၌အိပ်ရသော်လည်း ကိလေသာမီး တောက်လောင် နေသောသူသည် ချမ်းသာစွာ အိပ်ရမည်မဟုတ် ၊ မိမိမှာ ကိလေသာရာဂမီး ပယ်သတ်ပြီး ဖြစ်၍ မည်သည့်နေရာ မျိုး၌မဆို ချမ်းသာစွာ အိပ်စက်ရသည် " ဟု ဟတ္ထာ အာဠာဝက မင်းသားအား ရင်းတိုက်တောတွင် သီတင်းသုံး စဉ် မိန့်တော်မူသည် ( အင်္ဂုတ္တရ နိကာယ်၊ ဟိတဒဟတ္ထာဠ ဝကသုတ် )
အိမ်ယာတည်ထောင် လူတို့ဘောင်ဆိုသည့်အတိုင်း လူသဘောသဘာဝအရ သိဒ္ဓတ္ထ မင်းသားဟာ ယသော်ဓယာ မင်းသမီးနဲ့ အိမ်ယာထူထောင်၍ သားတော် ရာဟုလာကို ဖွားမြင်ခဲ့သည်။ အိမ်ယာထူထောင်မှု သည်လောကသဘာဝ အရ ကာမဂုဏ် အာရုံကြောတွင် နစ်မြောခြင်း သက်ဆင်းခြင်းပင် ဖြစ်သည်။ အိမ်ယာကို စွန့်ခြင်း သားသမီးကို စွန့်ခြင်း၊ တိုင်းပြည်ကို စွန့်ခြင်း၊ အမျိုးကိုစွန့်ခြင်း
အသက်ကိုစွန့်ခြင်းတို့သည် လုပ်ဆောင်ရန် လွယ်သည် ထင်ပါသလား အစမတင် ရှည်လျားလှသော သံသရာစဉ်ဆက် ခံစားရသော ကြီးမားလှသည့် ဒုက္ခသစ္စာ အတွင်းမှ သတ္တဝါအများ လွတ်မြောက်ရန် ကယ်တင်ရေး နှင့်ယှဉ်လာလျှင် မြင်မိုရ်တောင်နှင့် နှမ်းစေ့ပမာ လောက်သာ...
---------------------------------------------------------------
ဗုဒ္ဓသည် မိဘများကို ပြုစုစောင့်ရှောက်မှု ၊ ဆွေမျိုးသားချင်း များကိုကူညီထောက်ပံ့မှု နှင့် သားမယားလုပ်ကျွေးမှုကို ချီးမွမ်း၍ လူ့လောက၌ မိသားစုစိတ်ဓာတ်ထွန်းကားသည်ကို မြင်တော်မူလို၏ ။ အိမ်ရာထောင်သောလူ့ဘောင်၌ မိန်းမများ၏ အရေးပါမှုကို အသိအမှတ်ပြုတော်မူကြောင်း ကို ဇာတ်အဋ္ဌကထာ များ၌တွေ့ရပြီး ဗုဒ္ဓ၏ ကြင်နာမှု၊ စိတ်နှလုံးမြင့်မြတ်မှု၊ မိသားစုစိတ်ဓာတ် တန်ဘိုးကို နားလည်မှု စသည်တို့ကို စဉ်းစားဆင်ခြင်နိုင်သည်။ ( ဦးအေးမောင် ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ- စာ ၅၈/၅၉ )
B. Saint Hilaire: The Buddha and His Religion , pp.11 တွင် စာရေးသူသည် ဗုဒ္ဓဝါဒကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်သောသူ ဖြစ်သော်လည်း " ဗုဒ္ဓ၏ ငယ်ဘဝဖြစ်စဉ်သည် အပြစ်အနာအဆာ ကင်း၏။ ဗုဒ္ဓသည် အာဇာနည်စိတ်ဓာတ်ရှိမှု၊ ကိုယ်ကျိုးမငဲ့ကွက်မှု၊ မေတ္တာဓာတ် ကြီးမားမှုနှင့် စိတ်နှလုံးနူးညံ့သိမ်မွေ့မှု တို့တွင် စံပြပုဂ္ဂိုလ် ဖြစ်ပေသည် " ဟု ဝန်ခံရေးသားခဲ့၏။
အဒေါ့ထောမတ်သည် ဂျာမန် ခရစ်ယာန်ဘုန်းကြီး တစ်ပါးဖြစ် သည်။ ဗုဒ္ဓဝါဒကို အမေရိကန်မြို့ကြီးများသို့ လှည့်လည်၍ ကဲ့ရဲ့ ရှုတ်ချ ဟောပြော၏။ သို့သော် ဗုဒ္ဓကိုကား
" ဗုဒ္ဓသည် စိတ်နှလုံးမြင့်မြတ်၍ သိမ်မွေ့နူးညံ့၏။ မိမိယုံကြည်ချက် အတွက် ဘာမဆိုစွန့်ရဲသော ယောကျာ်း အာဇာနည်တို့၏ နှလုံးရည်နှင့် ပြည့်စုံ၏။ သီလ သမာဓိနှင့် ဥာဏ်ပညာအရာ၌ အခြားသူများထက် မြင့်မြတ်၏ ။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ငါးရာကျော်က ပေါ်ထွက်ခဲ့သော ဗုဒ္ဓသည် ၁၉ ရာစုခေတ် သိပ္ပံပညာရှင်တို့ တွေ့ရှိခဲ့သော အချက်များကို ကြိုတင်သိမြင်ခဲ့၏။ လွတ်လပ်စွာ တွေးခေါ်မှုကို လိုလား၍ ယခုကာလ သိပ္ပံပညာရှင်တို့ကဲ့သို့ လွတ်လပ်စွာ ဆင်ခြင်သုံးသပ်၏ " လို့ ချီးကျူးဟော ပြောခဲ့သည်
------------------------------------------------------------------
E.A.Burtt: The Teaching of The Compassionate Buddha, pp.22 တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားသည်-
" ဂေါတမ ဗုဒ္ဓသည် လောက၌ အတူတွေ့ရခဲသော ဂုဏ် အင်္ဂါနှစ်ပါးကို ထူးခြားလေးနက်သော အသွင်လက္ခဏာဖြင့် တွဲဖက်၍ ရုပ်လုံးဖော်ထားသော ပုဂ္ဂိုလ် သူမြတ်ဖြစ်၏ ။
- ပထမ ဂုဏ်အင်္ဂါမှာ သတ္တဝါတို့ကို သနားကြင်နာမှု ၊ ယဉ်ကျေးသိမ်မွေ့မှု ၊ သည်းခံမှု၊ စေတနာမွန်မြတ်မှုနှင့် စိတ်တည်ငြိမ် ကြံ့ခိုင်မှု ဖြင့် ထင်ရှားသောသီလ သမာဓိ ဂုဏ် ဖြစ်၏ ။ လူသတ္တဝါတို့အား သူ၏ခင်မင်ကြင်နာမှု သည် ဖြူစင် ပွင့်လင်း၍ သူသည် ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင်ကြီးများ သာလျှင် ရရှိအပ်သော လူတို့၏ ကြည်ညိုလေးစားမှုကို ရရှိ၏ ။
- ဒုတိယ ဂုဏ်အင်္ဂါမှာ လူ့သမိုင်း၌ ပြိုင်ဘက်ကင်းသော ဥာဏ် အမြင်ရှိမှု ဖြစ်၏။ သူသည် မိမိခေတ်၌ပေါ်ထွန်းနေ သောအတွေးအခေါ်များကို နှိုက်ချွတ် လေ့လာ၍ စိစစ်ပြီး လျှင် ကောင်းမွန်မှန်ကန်သော အယူများကို လက်ခံ၍ မကောင်းသော မှားသော အယူများကို စွန့်လွှတ် သို့မဟုတ် ပြုပြင်ပြောင်းလဲခဲ့၏။ ဤ ဗုဒ္ဓ ဂုဏ်တော် ကြောင့်ပင် ဗုဒ္ဓဝါဒသည် ဘဝပြဿနာကို စနစ်တကျ ဆင်ခြင်သုံးသပ် လေ့လာ အဖြေရှာရာမှ ပေါ်ပေါက်လာသော တစ်ခုတည်း သော ကမ္ဘာ့ဘာသာ ဝါဒကြီးဖြစ်၏။ ဗုဒ္ဓသည် လူသတ္တဝါများ အပေါ်၌ ရှေးဦးလက်မွန် မေတ္တာ ကရုဏာထားသော အသိပညာ ဥာဏ်ကြီးရှင် အာဇာနည် ပုဂ္ဂိုလ် ဖြစ်၏။
" ရဟန်းတို့ ၊ သင်တို့သည် သူတစ်ပါးက ဗုဒ္ဓဓမ္မ နှင့် သံဃာ ကို ကဲ့ရဲ့စကား သို့မဟုတ် ချီးမွမ်းစကား ပြောလျှင် နှလုံးမသာယာခြင်း သို့မဟုတ် စိတ်တက်ကြွခြင်း မဖြစ်ဘဲ အကြောင်း အကျိုး ၊ အကောင်းအဆိုး သိရှိရန် အားထုတ်ကြရာ၏ " ( ဒီဃနိကာယ် ၊ ဗြဟ္မဇာလ သုတ်)
ဆိုလိုချင်သည်မှာ ချိုတူးဇော် သည် ဘာလူမျိုး ဘာ ဘာသာ ဖြစ်သည်ကို မသိ၊ မည်သို့သော ဦးနှောက်လောက်နှင့် Status ကို ရေးသည်မသိ။ သေချာတာကတော့ ငါ့စကားနွားရ အရှက်မရှိ ကိုယ့်အထုပ် ကိုယ်ဖြည်ပြခြင်း သာဖြစ်သည်။ သူအရှက်သိက္ခာမရှိတာက သူ့အပိုင်း သို့သော် ယခုလို ပေါက်တတ်ကရ အရေးအသား အတွေးအခေါ်အား လူမှုကွန်ယက်သို့ တင်၍ မျှဝေခြင်းကြောင့် ဘာသာရေးအသိ နုနယ်သေးသော လူငယ်များ ထင်ယောင်ထင်မှား အဖြစ်မခံနိုင်ပါ ။ သူ့ ပုစွန် ဦးနှောက်အား လူငယ် လူရွယ်များ၏ တန်ဘိုးရှိသော ဦးခေါင်းများအတွင်း အရောက်မခံ နိုင်ပါ။ သူရေးထားသလို သူ့အတွေးသည် ပေတံ တစ်ချောင်းသာဆိုပါလျှင် ကောင်းမွန်သောပေတံ တော့ မဖြစ်နိုင်ပါ။ စုတ် ပြတ် ကျိုး ပဲ့ နေသော အတိုင်းအတာ အမှတ်အသား မပါသော ၊ စံပြု၍မရသော လမ်းဘေးက ကောက်လာသည့် ပေတံကျိုး တစ်ချောင်းသာ ဖြစ်နေပေလိမ့်မည် ။ ။
Photo - ညီ ရဲမိုး ထံမှ ရယူပါသည် ။

0 comments:
Post a Comment