Saturday, September 27, 2014

ဗဟုသုတနည်းသူ နွားနဲ့တူ


ဒို့ဘုရားရှင်က
အပ္ပဿုတာယံ ပုရိသော၊ ဗလိဗဒ္ဓေါဝ ဇီဝတိ။
အယံပုရိသော၊ ဤယောက်ျားသည်၊ အပ္ပဿုတော၊ ဗဟုသုတနဲတယ်၊
ဗဟုသုတနဲတာ့ မြတ်စွာဘုရားက ကဲ့ရဲ့တော်မူတယ်။ ဘယ်လောက်ကဲ့ရဲ့
သလဲဆိုရင်.. ဗလိဗဒ္ဓေါဝ ဇီဝတိ-နွားလားကြီးလိုပဲ အသက်ရှင်နေတယ် တဲ့။
နွားတွေ မြက်စားပြီးတော့ ဝတာပဲ ရှိတယ်၊ ဘာဗဟုသုတမှ မရှိဘူး။

အဲသလိုကို မြတ်စွာဘုရားက ဗဟုသုတမရှိတဲ့သူတွေကို ဗလိဗဒ္ဓေါဝ ဇီဝတိ- အဲဒါ
ကဲ့ရဲ့တော်မူတာ၊ အသားတွေသာ တိုးနေတာ၊ ဘာပညာမှ မတိုးဘူး။ လောကီပညာ
လဲ မတိုးဘူး၊ လောကုတ္တရာပညာလဲ မတိုးဘူး၊ အဲသလို ကဲ့ရဲ့တော်မူတယ်။

မင်းတို့ လောကီဗဟုသုတ လောကုတ္တရာဗဟုသုတ စွယ်စုံပြည့်စုံနေအောင်လို့ ရှာဖွေ
ရတယ်၊ အဲ လောကုတ္တရာဗဟုသုတ မင်းတို့ အခု စာတွေ သင်နေတာ နောင်ကျရင်
အဋ္ဌကထာ ဋီကာတွေထဲမှာ အင်မတန် ဗဟုသုတ ရဘွယ်ရာတွေ အများကြီးပါတယ်၊
အဲဒါတွေ သိလာမယ်။

လောကီဗဟုသုတ ထွက်နေတဲ့ စာအုပ်တွေ သတင်းစာတို့ ဂျာနယ်တို့ မဂ္ဂဇင်းတို့
စသည် အားလပ်တဲ့ အချိန်တွေမှာ ကိုယ့်ဘဝကို အထောက်ကူပြုမယ့် စာပေမျိုးတွေကို
ရွေးချယ်ပြီးတော့ ဖတ်ရတယ်၊ စာဖတ်တယ်ဆိုတာ အချိန်ကတော့ကုန်မှာဘဲ၊ မိမိ အား
လပ်ချိန်မှာ စာဖတ်တော့ အသိညာဏ်တိုးတာပေါ့၊
အချိန်ကုန်တာချင်းတူတူ ကိုယ့်ဘဝကို အကျိုးပြုမယ့် စာပေမျိုးကို ရွေးပြီးတော့ ဖတ်ရ
တယ်၊ ငါက စာဖတ်တာကို မင်းတို့ အပြစ်မတင်ပါဘူး။ ငါကိုယ်တိုင်လဲ ခုထိ ဖတ်နေ
တုန်းပဲ။
မင်းတို့ သိပ္ပံမောင်ဝက အောက်စဖို့ တက္ကသိုလ်မှတ်တမ်းဆိုပြီးတော့ ရေးသွားတယ်၊
သူ့စာအုပ်ထုတ်တာ ဘယ်လောက်ကြာပြီလဲဆိုရင် ငါ့အသက်နဲ့ အညီအမျှ(၁၂၉၅)ခုနှစ်
က ထုတ်တာ၊ ငါကလဲ ၁၂၉၅ ခုနှစ်က မွေးတာ၊ အဲဒီစာအုပ် အဲဒါ သိပ္ပံမောင်ဝ က
အောက်စဖို့တက္ကသိုလ်ကို သွားပြီးတော့ ပညာသင်တာ။ သူက မှတ်တမ်းစာအုပ် တအုပ်
ရေးသွားတယ်၊ ဒိုင်ယာရီ သဘောမျိုး ရေးသွားတယ်။ အဲဒီ အောက်စဖို့တက္ကသိုလ်မှတ်
တမ်းထဲမှာ...

အောက်စဖို့တက္ကသိုလ်ဆိုတာ မန္တလေးမြို့က မစိုးရိမ်တိုက်ကြီးလိုပါပဲတဲ့။ ဒို့ မစိုးရိမ်တိုက်
တည်တာ အဲဒီတော့ သိပ်မကြာသေးဘူးကွ၊သူသွားတဲ့ အချိန်မှ မစိုးရိမ်တိုက်ကြီး တည်ပြီး
တာ။ အလွန်ဆုံးရှိမှ(၁၅)နှစ် ဒီလောက်ပဲ ရှိဦးမယ်၊ အဲဒီ (၁၅)နှစ်အတွင်းမှာ မစိုးရိမ်တိုက် ဟာ တော်တော်လေး မြန်မာပြည်မှာ နာမည်ကြီးနေပြီဆိုတာ ထင်ရှားတယ်။ ဘာဖြစ်လို့
တုန်းဆိုတော့ သူက မစိုးရိမ်တိုက်ကြီးနဲ့ ဥပမာပေးပြီး ရေးကတည်းကိုက ဒါမစိုးရိမ်တိုက်
တည်ထောင် ပြီးစ (၁၅)နှစ်၊ အနှစ်(၂၀)တွင်းမှာဘဲ နာမည် တဟုန်ထိုးတက်လာတဲ့ သ
ဘောရှိတယ်၊ အောက်စဖို့ တက္ကသိုလ်ဆိုတာ မန္တလေးက မစိုးရိမ်တိုက်ကြီးလိုပါဘဲ၊
သူက မစိုးရိမ်တိုက်ကြီးနဲ့ နှိုင်းယှဉ်ပြီးတော့ ရေးသွားတာ၊ အဲဒီအောက်စဖို့ဒ်တက္ကသိုလ်မှာ သူတို့ နေတဲ့အချိန်တုန်းက ကျောင်းသားပေါင်း လေးငါးထောင်၊ တခါတလေ စာပေ
ဟောပြောပွဲတို့ စကားရည်လုပွဲတို့ စသည်လုပ်တယ်၊ အဲသလိုလုပ်လို့ရှိရင် ကျောင်းသား
တွေက လာပြီတော့ နားထောင်ကြတယ်၊ ဟောခန်းကြီးတဲ ရောက်သည်နဲ့ တပြိုင်နက်ထဲ
အသံကို တိတ်လို့ အပ်ကျတာတောင် ကြားရတယ်တဲ့။

အဲဒီလောက်ထိအောင် တခန်းလုံး တိတ်ဆိတ်ပြီးတော့ နေတယ်၊ သိပ် အတုယူစရာ
ကောင်းတယ်ပေါ့၊ သူက အဲဒါလဲ ထည့်ရေးသွားတယ်၊ ဒို့ ဗမာပြည်နဲ့ တခြားစီပေါ့၊ ဒို့
ဗမာပြည်ကတော့ ဟောခန်းထဲ ရောက်တယ်ဆိုရင် ကြွက်စီကြွက်စီနဲ့ စကားပြောတာ
ဆူညံလို့၊ ဟိုမှာက အဲဒီလို မဟုတ်ဘူးတဲ့။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အင်မတန်ကို စည်း
ကမ်းရှိတယ်ပေါ့။
အဲဒါ တိုင်းပြည် အမျိုးမျိုးက လာပြီးတော့ ပညာသင်ကြတဲ့ ကျောင်းသားတွေ အဲဒီအ
ချိန်တုန်းက ကျောင်းသူတွေ လက်မခံဘူး၊ ကျောင်းသားပဲ လက်ခံတယ်။ အဲဒါလဲပဲ
သူက မစိုးရိမ်တိုက်ကြီးနဲ့ တူတဲ့အကြောင်း၊ မစိုးရိမ်တိုက်ကြီးကို သွားလျှောက်ပါ တဲ့၊
ဒကာမတွေ စာလိုက်ပါရစေလို့ လျှောက်ရင် ဘယ်နည်းနဲ့မှ ဆရာတော်တွေက လက်ခံ
မှာမဟုတ်ဘူးတဲ့၊ အဲသလိုပဲပေါ့ အောက်စဖို့ဒ် တက္ကသိုလ်ကြီးမှာလဲ ကျောင်းသူတွေ
လက်မခံသေးဘူးပေါ့၊ အဲ သူတို့နေတဲ့ ခေတ်တုန်းက ကျောင်းသူတောင် လက်မခံသေး
ဘူး၊ အဲဒီကျောင်းသားတွေဟာ သိပ်ကို စည်းကမ်းရှိတယ်၊ ဆိုပြီးတော့ အင်မတန်လဲ
အတု ယူစရာကောင်းတယ်လို့ သူ့အောက်စဖို့ဒ်တက္ကသိုလ် မှတ်တမ်းထဲမှာ ရေးသွား
တယ်။
အဲဒီလို စာအုပ်မျိုးတွေကို ဖတ်၊ အဲဒါမှ ဗဟုသုတဆိုတာ တိုးတယ်၊ သူတို့ အဲဒီလို စည်း
ကမ်းရှိတော့ အဲဒီနိုင်ငံတွေ တိုးတက်တာပေါ့၊ ဒို့ဆီက စည်းကမ်းမရှိတော့ မတိုးတက်ဘူး။
သူများနိုင်ငံနဲ့ ယှဉ်ကြည့်ရင် ရှက်စရာ ကောင်းလောက်အောင်ကို ဖွံ့ဖြိုးတိုးတက်မှု နှေး
ကွေးတယ်၊ မင်းတို့ လူထုအနေနဲ့ သံဃာထုအနေနဲ့ ဗဟုသုတကလဲ အင်မတန်ကို နဲပါ
တယ်။ အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။

ဗဟုသုတနဲတော့ကို ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊ ရန်ဖြစ်အောင် တကယ် ရန်တိုက်ပေး
ရင် တကယ်ရန်ဖြစ်တယ်၊ စဉ်းစားကြည့် ရှူးတိုက်တိုင်း ကိုက်တယ်ဆိုတာ ခွေးတွေပဲ ရှိတယ်
ကွ။

အဲဒါ အဲဒီလို ရန်ဖြစ်အောင် တိုက်ပေးရင် ရန်ဖြစ်တယ်ဆိုကတည်းက မင်းတို့ရဲ့ အသိဉာဏ်
က အဲဒီ သုနခ (ခွေး)လောက်ပဲ ရှိတာ။ အဲဒါ မှတ်ထား။

နောက်ကို ရန်ဖြစ်အောင် တိုက်ပေးတိုင်း ရန်မဖြစ်ရဘူး။ ဆူပူအောင် လုပ်တိုင်း မဆူပူရဘူး၊
ကိုယ်က ဗဟုသုတရှိထားမှ ဒါ တမင်သက်သက် ဆူပူအောင် လုပ်နေတယ်၊ အဲဒီလို သိတာ
ပေါ့၊ အဲဒီလို သိအောင် ခုနက ပြောသလိုပဲ ဗဟုသုတရှိအောင်လို့ ဆည်းပူးရတယ်၊

စိန်ရတု သြဝါဒ-မှ
-----------------
ကျေးဇူးတော်ရှင်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...