Tuesday, September 30, 2014

ဘာဖြစ်လို့ တရုတ်အကျိုးစီးပွားထိရင် နည်းနည်းမှ သည်းညည်းမခံတာလဲ

Published on: September 28, 2014
Written by: နေထွန်းနိုင်

ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးမှုတွင် ပါဝင်သည်ဟုဆိုကာ တရားစွဲဆို ခံနေရသော မဖြူနှင်းထွေးအား ရုံးထုတ်စဉ် အထက်မြန်မာပြည် ဗကသအဖွဲ့ဝင် များက ပြန် လွှတ်ပေးရေး တောင်းဆိုနေစဉ် (၀ဲ)၊ တောင်စောက်ဓာတ်ငွေ့တွန်းစက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်မှ အရိုချင်းတိုင်းရင်းသားများအား အမ်းမြို့နယ်တရားရုံးတွင် ရုံးထုတ်လာသည် ကို တွေ့ရစဉ် (ယာ)
(၁)
စက်တင်ဘာ ဒုတိယပတ်အတွင်းမှာပဲ မန္တလေးတိုင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဖြူနှင်းထွေးကို ဖမ်းဆီးလိုက်ပြီး ရုံးတင်စစ်ဆေးခဲ့ပါတယ်။ မဖြူနှင်းထွေးကို ဖမ်းဆီးတရားစွဲဆိုရတဲ့ အကြောင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရုတ်အလုပ်သမားနှစ်ဦး ဖမ်းဆီးရာမှာ ပါဝင်ပတ်သက်တာကြောင့်လို့ ဆိုပါတယ်။

မေလမှာဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ မဖြူနှင်းထွေး ပါဝင်ပတ်သက်မှုရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်တစ်ခုလုံးကို ကြိုးကိုင်စီစဉ်ခဲ့သူတော့ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်ပုံက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းဒေသမှာ ကြေးနီစီမံကိန်းက တရုတ်အလုပ်သမားနှစ်ဦးကို ဆည်တဲရွာဒေသခံတွေက တစ်ရက်ကျော်ကြာ ထိန်းသိမ်းခဲ့ပါတယ်။ မရည်ရွယ်ဘဲ ဖြစ်ခဲ့တဲ့ ပုံစံမျိုးပါ။

ဆန္ဒပြဖို့သွားတဲ့ ဒေသခံတွေနဲ့ လယ်ယာမြေတွေကို ခြံခတ်တိုင်စိုက်ဖို့ ရောက်လာတဲ့ တရုတ်ဝန်ထမ်းနှစ်ဦး ထိပ်တိုက်တိုးပါတယ်။ တင်းမာမှုတွေဖြစ်ပြီး တရုတ်ဝန်ထမ်းနှစ်ဦးကို ဆည်တဲရွာဒေသခံတွေက ထိန်းသိမ်းခဲ့တာပါ။ ဒီလို ထိန်းသိမ်းခဲ့ပြီးတဲ့နောက်ပိုင်
း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွာထဲကို မျက်ရည်ယိုဗုံးသုံးပြီး ၀င်ရောက်ဖြိုခွင်းခဲ့တာ ရှိသလို ရွာသားတွေဘက်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်ခုခံခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကားကို ဖျက်ဆီးခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ညှိနှိုင်းမှုတွေလုပ်ပြီး တရုတ်ဝန်ထမ်းနှစ်ဦးကို ရွားသားတွေက ပြန်လွှတ်ပေးလိုက်ပါတယ်။

မေ ၂၂ ရက်မှာ မဖြူနှင်းထွေး အပါအ၀င် ဒေသခံရွာသား ခုနစ်ဦးကို တရားစွဲဆိုခဲ့ပါတယ်။ ဒါပေမဲ့ ငါးဦးကို ပြန်လွှတ်ပေးခဲ့ပြီး မဖြူ နှင်းထွေးနဲ့ ကိုဝင်းကျော်ကို ဆက်ပြီးတရားစွဲခဲ့ပါတယ်။ စက်တင်ဘာ ၁၃ ရက်မှာ မဖြူနှင်းထွေးကို ဖမ်းဆီးလိုက်ပြီး စက်တင်ဘာ ၁၅ ရက်မှာ ပထမဆုံး တရားရုံးထုတ်ခဲ့ပါတယ်။ ကိုဝင်းကျော်က လွတ်မြောက်နေဆဲဖြစ်ပြီး မဖြူနှင်းထွေးက အာမခံမရဘဲ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒေသခံတွေနဲ့ ဒီကိစ္စကို အသေအချာ သိသူတွေရဲ့ ပြောကြားချက်အရ မဖြူနှင်းထွေးက တရုတ်ဝန်ထမ်းနှစ်ဦးကို ဖမ်းတဲ့ကိစ္စမှာ မပါဘဲ ပြန်လွှတ်ဖို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းတဲ့အပိုင်းမှာ ပါခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမှုသွား အမှုလာအရ ကိစ္စရပ်တစ်ခုလုံးကို စီမံခန့်ခွဲခဲ့တဲ့ အဓိကလူအဖြစ် စွဲချက်တင်ခံထားရသလို ဖြစ်နေပါတယ်။

ထူးခြားတာက ၁၉၉၃ ခုနှစ်ဖွား၊ အသက် ၂၁ နှစ်အရွယ်၊ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်တဲ့ မဖြူနှင်းထွေးကို စွဲချက်တင်နိုင်ဖို့ တပ်ထားတဲ့ပုဒ်မတွေ ဖြစ်ပါတယ်။

(၂)
မဖြူနှင်းထွေးကို စွဲချက်တင်မယ့် ပုဒ်မတွေက ရာဇ၀တ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၃၆၄ နဲ့ ၃၆၈ တို့ဖြစ်ပါတယ်။ ပုဒ်မ ၃၆၄ ဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ ဒါမှမဟုတ် ဆယ်နှစ်အထိ ချမှတ်နိုင်ပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် အပြစ်ပေးနိုင်ပါတယ်။

ပုဒ်မ ၃၆၄ ဖွင့်ဆိုချက်မှာ “မည်သူမဆို၊ တစ်ဦးတစ်ယောက်သောသူအား သတ်ရန်သော်လည်းကောင်း၊ အသတ်ခံရမည့် ဘေးရောက်အောင် စီမံခန့်ခွဲနိုင်ရန်သော် လည်းကောင်း ခိုးယူလျှင်၊ သို့တည်းမဟုတ် သွေးဆောင်ဆွဲခေါ်လျှင်၊ ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” လို့ ဖော်ပြထားပါတယ်။

ပုဒ်မ ၃၆၈ မှာတော့ “တစ်ဦးတစ်ယောက်သောသူအား ခိုးယူခဲ့ကြောင်း၊ သို့တည်းမဟုတ် သွေးဆောင်ခေါ်ယူခဲ့ကြောင်းကို သိလျက်နှင့် မည်သူမဆို၊ ထိုသူကို မတရားသဖြင့် ၀ှက်သိမ်းလျှင်၊ သို့တည်းမဟုတ် ချုပ်နှောင်ထားလျှင် မိမိကိုယ်တိုင်က ၀ှက်သိမ်းရန်၊ သို့တည်းမဟုတ် ချုပ်နှောင်ထားရန် အကြံဖြင့်သော် လည်းကောင်း၊ ထိုသို့ဝှက်သိမ်းသည်ကို၊ သို့တည်းမဟုတ် ချုပ်နှောင်ထားသည်ကို သိလျက်နှင့်သော် လည်းကောင်း၊ ထိုသို့ဝှက်သိမ်းရန် သို့တည်းမဟုတ် ချုပ်နှောင်ထားရန် ကိစ္စအလို့ငှာသော် လည်ကောင်း ခိုးယူဘိသကဲ့သို့၊ သို့တည်းမဟုတ် သွေးဆောင်ခေါ်ဘိသကဲ့သို့ ထိုသူကို ထပ်တူပြစ်ဒဏ် ချမှတ်ရမည်” လို့ ဖွင့်ဆိုပါတယ်။

လက်ပံတောင်းဖြစ်စဉ်၊ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တရားစွဲဆိုမှုတွေမှာ အခုပုဒ်မတွေက အပြင်းထန်ဆုံးလို့ ဆိုရမှာပါ။

၂၀၁၃ ခုနှစ်တုန်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်ရေး ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ဒေါ်နော်အုန်းလှကို ချမှတ်ခဲ့တဲ့ အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ်နှစ်နှစ် ဖြစ်ပါတယ်။ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ)တွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်နှစ်နှစ် ချခဲ့ပေမဲ့ သိပ်မကြာခင်အချိန်မှာပဲ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အခြားနိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ ဒေါ်နော်အုန်းလှ ပြန်လွတ်ခဲ့ပါတယ်။ ဒေါ်နော်အုန်းလှလိုပဲ လက်ပံတောင်းတောင်အရေး လှုပ်ရှားခဲ့တဲ့ ကိုဟန်ဝင်းအောင်က လက်ပံတောင်းဒေသကို ပြန်မလာတော့ပါဘူး။ ပုဒ်မတပ်ခံထားရတဲ့ အခြားဒေသခံတွေရဲ့ အမှုဖြစ်စဉ်တွေ လုံးဝပြီးပြတ်ခြင်း မရှိသေးဘူး ဆိုပေမဲ့ သူတို့တပ်ခံရတဲ့ ပုဒ်မတွေက ၁၈၊ ၅၀၅(ခ)၊ ၄၄၇၊ ၃၅၃ အစရှိသဖြင့် ပုဒ်မတွေ ဖြစ်ကြပါတယ်။

(၃)
လက်ပံတောင်းဖြစ်စဉ်မှာ အပြင်းထန်ဆုံး ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့အထိ ပုဒ်မတပ်ခံရတာက မဖြူနှင်းထွေး ဖြစ်ပါတယ်။ ဗကသကျောင်းသူ ဖြစ်သလို ငယ်ရွယ်တဲ့ မိန်းကလေး ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီး၊ ရုံးတင်တဲ့ ဖြစ်စဉ်က အလျင်စလိုနိုင်တာ တွေ့ရပါတယ်။

စက်တင်ဘာ ၁၃ ရက်မှာ ဖမ်းတယ်။ ၁၅ ရက်မှာ ရုံးထုတ်ပါတယ်။ ရမန်ယူပြီးတော့ စက်တင်ဘာ ၂၃ ရက်မှာ ရုံးချိန်းပြန်ခေါ်ပါတယ်။ ဒုတိယအကြိမ် ရုံးထုတ်မှုမှာ အာမခံလျှောက်ပေမဲ့ ပယ်ချခံရပါတယ်။ စက်တင်ဘာ ၃၀ မှာ ရုံးချိန်းပြန်ခေါ်ထားပြီး အမှုစွဲချက်တင်သင့်၊ မတင်သင့်ကို ဆုံးဖြတ်ဖို့ ရှိနေပါတယ်။

မဖြူနှင်းထွေးရဲ့ အမှုဖြစ်စဉ်ဟာ ငြိမ်သက်နေတဲ့ လက်ပံတောင်းအရေးကို တကျော့ပြန် ဆူပွက်စေမယ့်ပုံစံ ဖြစ်လာပါတယ်။ နိုင်ငံ့အရေး မဟုတ်တာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်ပံတောင်းအရေးကို စိတ်ဝင်စားမှု လျော့ကျနေပါတယ်။ ဒေသခံ ပြည်သူတွေက  ကိုယ့်ဒေသအလိုက် တရားမှုတွေကို ဖော်ထုတ်တောင်းဆိုနေပါတယ်။ ဒီအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်လက်အောက်ခံ ပြည်နယ်တစ်ခု မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်အချုပ်အခြာအာဏာ ရှိပါတယ်။ ကိုယ့်အချုပ်အခြာအာဏာ ရှိနေပါလျက် ကိုယ့်နိုင်ငံထဲမှာ တရုတ်တွေနဲ့ ပတ်သက်လာရင် သူတို့ကို သက်ညှာပြီး ကိုယ့်နိုင်ငံသားတွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူနေတာ ဘာသဘောလဲလို့ အစိုးရ မေးခွန်းထုတ်ချင်ပါတယ် . . . . .
ဆည်တဲရွာဖြစ်စဉ်ကို ပြန်ကြည့်ရင် တရားမမျှမှုအတွက် တရားမျှတမှုရဖို့ ဒေသခံတွေ တောင်းဆိုတာပါ။ ဒါပေမဲ့ ဆည်တဲရွာဖြစ်စဉ်ကို အကြောင်းပြုပြီး အရေးယူဖို့လုပ်ခဲ့တဲ့ ပုံစံက ပြင်းထန်လွန်းပါတယ်။ သာမန်ဒေသခံတွေကို လွှတ်ပေးလိုက်ပြီး မဖြူနှင်းထွေးကို  ပြင်းထန်တဲ့ပုဒ်မတွေတပ်၊ တရားရင်ဆိုင်စေခဲ့တာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

မဖြူနှင်းထွေးကို တရားစွဲဆိုခဲ့ခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေ နှစ်ခုရှိပါတယ်။ တစ်အချက်က အမျိုးသားပညာရေး ဥပဒေကြမ်း ကန့်ကွက်လှုပ်ရှားမှုနဲ့အတူ အားကောင်းလာတဲ့ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ)ကို ဖြိုလှဲချင်တာ ဖြစ်နိုင်ပါတယ်။ နှစ်အချက်က တရုတ်အကျိုးစီးပွားနဲ့ ပတ်သက်လာပြီဆိုရင် သည်းခံမှာမဟုတ်ဘဲ ပြင်းထန်တဲ့ထောင်ဒဏ် ချမှတ်မယ်ဆိုတဲ့ အစဉ်အလာကို ဆက်လက်ပုံဖော်ချင်တာ ဖြစ်နိုင်ပါတယ်။

(၄)
မဖြူနှင်းထွေးဟာ မြန်မာနိုင်ငံအထက်ပိုင်း ကျောင်းသားသမဂ္ဂ လုပ်ငန်းတွေမှာ အားကိုးလောက်သူဖြစ်ပေမဲ့ ဆည်တဲရွာဖြစ်စဉ်ကို ဦးဆောင်စီမံခန့်ခွဲနိုင်သူတော့ မဖြစ်နိုင်ပါဘူး။ တရုတ်ဝန်ထမ်းနှစ်ဦးကို ဆည်တဲရွာသားတွေ ထိန်းသိမ်းခဲ့တာကလည်း မရည်ရွယ်ပဲ ဖြစ်ခဲ့တာပါ။ အာဏာပိုင်တွေ စွပ်စွဲနေသလို ပြန်ပေးဆွဲတယ်ဆိုတာ မဟုတ်ကြောင်း ဒေသခံတွေက ရှင်းလင်းပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ဆည်တဲရွာဖြစ်စဉ်အပြီး သုံးလကျော်ကြာမှ မူလတရားစွဲထားသူတွေထဲက ငါးဦးကို ချန်ထားပြီး မဖြူနှင်းထွေး တစ်ဦးတည်းကို ဖမ်းဆီး၊ တရားစွဲခဲ့တာဟာ ရည်ရွယ်ချက်ပါသလို ဖြစ်နေပါတယ်။

အမျိုးသားပညာရေး ဥပဒေကြမ်း ကန့်ကွက်လှုပ်ရှားမှုတွေနဲ့အတူ အားကောင်းလာတဲ့ ဗကသရဲ့ လှုပ်ရှားမှု၊ ကျောင်းသားထုရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်သွားစေဖို့ ဆည်တဲရွာကိစ္စကို အကြောင်းပြုပြီး မဖြူနှင်းထွေးကို ပြင်းထန်တဲ့ပုဒ်မတွေ တပ်ခဲ့တာလား။ ဒီလိုဆိုရင် လက်ရှိအာဏာပိုင်တွေဟာလည်း ဦးနေ၀င်းတို့၊ ဦးခင်ညွန့်တို့ လုပ်ခဲ့သလို ကျောင်းသားတွေကို ဖိနှိပ်ဦးချိုးပြီး ပညာရေးစနစ်ကို ရိုက်ချိုးချင်သူတွေ ဖြစ်သွားမှာပါ။

တစ်ဖက်မှာလည်း အခုစွဲချက်တင်ဖို့ လုပ်နေတဲ့ ပုဒ်မတွေနဲ့ ပြစ်မှုပြစ်ဒဏ် မျှတမှုမရှိဘဲ မဖြူ နှင်းထွေးကို အရေးယူ ထောင်ချလိုက်မယ်ဆိုရင် တစ်နိုင်ငံလုံးက ကျောင်းသားထုရဲ့ အုံကြွမှု ဖြစ်လာနိုင်ပါတယ်။

(၅)
ဒုတိယအချက်ဖြစ်တဲ့ တရုတ်အကျိုးစီးပွားကိုထိရင် ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်တတ်တာကလည်း မဖြူနှင်းထွေးအတွက် စိုးရိမ်စရာကောင်းပါတယ်။

စက်တင်ဘာ ပထမအတွင်းမှာပဲ အမ်းမြို့နယ်မှာ တရုတ်အလုပ်သမားတွေနဲ့ စကားများရန်ဖြစ်ခဲ့တဲ့ ချင်းတိုင်းရင်းသား မြန်မာအလုပ်သမား ၁၇ ဦးကို ထောင်ဒဏ် ၆ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်လိုက်ပါတယ်။

မူလဖြစ်စဉ်က ဒီနှစ်ဆန်းပိုင်းမှာ ဖြစ်ခဲ့တာပါ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်းတောင်အုပ်စု တရုတ်-မြန်မာ ရေနံပိုက်လိုင်း ကြားခံစခန်းတစ်ခုမှာ အတူလုပ်ကိုင်နေတဲ့ မြန်မာ၊ တရုတ် အလုပ်သမားတွေ စကားများပြီး မကျေမနပ်ဖြစ်ကြရာက အဆောက်အဦတစ်ချို့ကို ဖျက်ဆီးမှု၊ မီးရှို့မှုတွေ ဖြစ်ခဲ့ပါတယ်။ တရုတ်အလုပ်သမားတွေဘက်က ရန်စသလိုဖြစ်တဲ့ အပြုအမူကတဆင့် ဒီကိစ္စတွေ ဖြစ်ခဲ့တာပါ။

ဖြစ်စဉ်ကို ပြန်ကြည့်ရင် အလုပ်သမားအချင်းချင်း မကျေမနပ်ဖြစ်ရာက ဖြစ်ပွားတဲ့ သာမန်ပဋိပက္ခလို့ ဆိုရမှာပါ။ ရန်ကုန်မှာဖြစ်နေတဲ့ အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခ ပုံစံမျိုးပါပဲ။ ညှိနှိုင်းဖြေရှင်းပြီး ကျေအေးလို့ ရပါတယ်။ ဒါပေမဲ့ အရေးယူမှု လုပ်ခဲ့ပါတယ်။

အရေးယူတဲ့အခါ တရုတ်အလုပ်သမားတွေကို တရုတ်နိုင်ငံကို ပြန်လွှတ်လိုက်ပါတယ်။ ချင်းတိုင်းရင်းသား မြန်မာအလုပ်သမားတွေကို အကျိုးစီးပွားဖျက်ဆီးမှု၊ မီးရှို့မှု၊ အုပ်စုဖွဲ့ အားပေးကူညီမှုတွေဖြစ်တဲ့ ပုဒ်မ ၄၂၅၊ ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၁၁၄ တွေတပ်ပြီး အရေးယူခဲ့ပါတယ်။

စက်တင်ဘာ ၅ ရက် အမိန့်ချမှတ်မှုမှာ ချင်းတိုင်းရင်းသား မြန်မာအလုပ်သမား သုံးဦးကို ထောင်ဒဏ် ၁၀ နှစ်၊ ကျန်တဲ့ ၁၄ ဦးကို ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်ပါတယ်။ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတမှုမရှိဘူးလို့ ဆိုရမှာပါ။

အမ်းကိစ္စမှာ ပါဝင်ခဲ့တဲ့ မြန်မာအလုပ်သမားတွေကို အရေးယူဖို့ စတင်စွဲချက်တင်ကတည်းက ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မတွေ တပ်ခဲ့ပါတယ်။ ပုဒ်မတွေအတိုင်း ပြစ်ဒဏ်ကြီးကြီး ချလိုက်ပါတယ်။

မြန်မာနိုင်ငံထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စ ဆိုပေမဲ့ တိုင်းရင်းသား မြန်မာတွေက ကြီးလေးတဲ့ထောင်ဒဏ် ချခံခဲ့ရပြီး စတင်ရန်စသလို ဖြစ်ခဲ့တဲ့ တရုတ်အလုပ်သမားတွေကျ အိမ်ပြန်ပို့ခံရတာကလွဲပြီး ဘာမှမဖြစ်ခဲ့ပါဘူး။

အခု မဖြူနှင်းထွေးကိုလည်း ကြီးလေးတဲ့ထောင်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်နိုင်ဖို့ လုပ်နေပါတယ်။

(၆)
အမ်းမြို့နယ်နဲ့ ဆည်တဲရွာ ဖြစ်စဉ်နှစ်ခုလုံးဟာ တရုတ်အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ နှစ်ခုစလုံးက တရုတ်စီမံကိန်းတွေ။ တရုတ်ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေပါတယ်။ အမ်းမြို့နယ်ဖြစ်စဉ်မှာ တရားဥပဒေဘောင်အတွင်းက ဖြေရှင်းခဲ့တာတောင် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားတွေက ပြစ်ဒဏ်ကြီးကြီး ကျခံခဲ့ရပါတယ်။

ဒီလိုဖြစ်အောင် ဘယ်သူတွေက လုပ်နေသလဲ။ ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘယ်သူတွေက စေခိုင်းနေသလဲဆိုတာ ဆန်းစစ်ကြရမှာပါ။
အခုဖြစ်နေတဲ့ အခြေခံရင်းမြစ်က မတရားမှုတွေကနေ စတင်နေတာပါ။ ပြည်သူတွေဟာ နိုင်ထက်စီးနင်း ပြုခံရနေရတယ်။ တရားသဖြင့် လုပ်ခံနေရတယ်။ မတရားသဖြင့် လုပ်ခံနေရတာတွေကို အဆုံးစွန် မတရားမှုတွေနဲ့ ဆက်ပြီးတုံ့ပြန်လာမယ်ဆိုရင် တစ်တိုင်းပြည်လုံး ပေါက်ကွဲသွားနိုင်ပါတယ်။ အဲဒီလို ပေါက်ကွဲသွားတဲ့အချိန်မှာ ဒါဟာ မဖြူနှင်းထွေးကိစ္စ မဟုတ်တော့ပါဘူး . . . . .
ဒီနှစ်ထဲမှာပဲ ဗီယက်နမ်မှာ တရုတ်-ဗီယက်နမ် တင်းမာမှုတွေဖြစ်ပြီး တရုတ်စက်ရုံတွေ မီးရှို့ဖျက်ဆီးခံရ၊ တရုတ်အလုပ်သမားတွေ လုယက်၊ ရိုက်နှက်ခံရတာတွေ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖန်ဘင်းမင်းတို့ နေပြည်တော် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ သီးသန့်တွေ့ဆုံပါတယ်။ ဗီယက်နမ်မှာဖြစ်နေတဲ့ ကိစ္စတွေကို အသေအချာ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အရေးယူမှုတွေလုပ်ဖို့ ဖိအားပေးခဲ့ပါတယ်။

ဒီနောက်ပိုင်း ဗီယက်နမ်မှာ တရုတ်အလုပ်သမားတွေ ရိုက်နှက်ခံရတာတွေ၊ လုယက်ခံရတာတွေအတွက် ဗီယက်နမ် အလုပ်သမားတွေကို ဘယ်လိုပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ သိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ အဲဒီတွေ့ဆုံမှုအပြီး ရက်ပိုင်းအတွင်း စီရင်ချက်ချခဲ့တဲ့ မြန်မာနိုင်ငံ အမ်းကိစ္စမှာတော့ မြန်မာအလုပ်သမားတွေ ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

(၇)
တရုတ်က သူနိုင်ငံရဲ့ အကျိုးစီးပွား၊ သူ့လူမျိုးတွေရဲ့ အကျိုးစီးပွားကို လုံးဝအထိခိုက်မခံပါဘူး။ သူ့နိုင်ငံပြင်ပမှာ ထိခိုက်တဲ့ ကိစ္စတွေ ဖြစ်လာရင်လည်း ပြင်းပြင်းထန်ထန် အရေးယူဖို့ တစ်ခြားနိုင်ငံတွေကို ဖိအားပေးလေ့ ရှိပါတယ်။

မူးယစ်ဂိုဏ်းခေါင်းဆောင်ကြီး မဟုတ်ဘဲ ဆက်ကြေးကောက်နေတဲ့ သာမန်ဘိန်းသောင်းကျန်းသူ အဆင့်ပဲရှိတဲ့ စိုင်းနော်ခမ်း ကိစ္စမှာတောင် တရုတ်ဟာ တင်းတင်းမာမာ ကိုင်တွယ်ခဲ့ပါတယ်။ ထိုင်း၊ မြန်မာ၊ တရုတ်၊ လာအို လေးနိုင်ငံလုံးက အလိုရှိခဲ့တဲ့ စိုင်းနော်ခမ်းကို တရုတ်နဲ့မဆိုင်တဲ့ ရွှေတြိဂံဒေသမှာ လာအိုစစ်တပ်က ဖမ်းခဲ့တာပါ။ ဒါကို တရုတ်က သူတို့ဆီခေါ်ယူ အမှုစစ်ဆေးပြီး သေဒဏ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် တာချီလိတ်မှာ လှုပ်ရှားနေတဲ့ စိုင်းနော်ခမ်းဟာ မြန်မာနိုင်ငံသားတစ်ဦးပါ။ မြန်မာအစိုးရက တောင်းဆိုပြီး ဒီမှာ ပြစ်ဒဏ်စီရင်မယ်ဆိုရင် သေဒဏ်ဆိုဦးတော့ မြန်မာနိုင်ငံရဲ့ စနစ်အရ စိုင်းနော်ခမ်းဟာ တစ်သက်တစ်ကျွန်း ပုံစံမျိုးပဲ ဖြစ်မှာပါ။  ဒါပေမဲ့ မြန်မာအစိုးရက ပြန်မခေါ်ခဲ့ပါဘူး။

စိုင်းနော်ခမ်း အမှုဖြစ်စဉ်မှာ မူးယစ်ဆေးဝါးကိစ္စတွေကြောင့် အပြစ်ပေးတယ်ဆိုပေမဲ့ တရုတ်နိုင်ငံသားတွေကို သတ်ခဲ့တဲ့ကိစ္စက အဓိကကျပါတယ်။ စိုင်းနော်ခမ်းနဲ့အဖွဲ့ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာတုန်းက တရုတ်သင်္ဘောနှစ်စင်းကို ပြန်ပေးဆွဲပြီး တရုတ် ၁၃ ဦးကို သတ်ခဲ့တယ်လို့ သံသယဖြစ် ခံခဲ့ရပါတယ်။ သူ့ကို သေဒဏ်စီရင်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း ဒီကိစ္စက ပိုအဓိကကျခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တရုတ်ဟာ သူ့နိုင်ငံသားတွေကိုထိရင် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်တတ်တာကို တွေ့ရမှာဖြစ်ပါတယ်။

စိုင်းနော်ခမ်းဖြစ်စဉ်မှာ မြန်မာအစိုးရရဲ့ ၀င်ရောက်ပါဝင် ကိုင်တွယ်မှု အားနည်းတဲ့အတွက် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပျောက်ဆုံးသလို ဖြစ်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

(၈)
တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ရင် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်၊ ဖိအားပေးတာတွေ လုပ်လေ့ရှိပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က တရုတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

မြန်မာနိုင်ငံထဲ တရားမ၀င် ၀င်လာတဲ့ တရုတ်မှောင်ခိုတွေ၊ သစ်မှောင်ခို လုပ်ခဲ့သူတွေ၊ မန္တလေးကျောက်ဝိုင်းအပါအ၀င် ကျောက်ဝိုင်းတွေမှာ ပြဿနာ ရှာခဲ့သူ တရုတ်တွေ၊ မြန်မာအမျိုးသမီးတွေကို မဖွယ်မရာလုပ် လူကုန်ကူးခဲ့သူ တရုတ်တွေ၊ မြန်မာနိုင်ငံထဲမှာ ပြဿနာရှာတဲ့ တရုတ်အလုပ်သမားတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို လ၀ကဥပဒေနဲ့ အမြင့်ဆုံး ပြည်နှင်ဒဏ်ပေးတာပဲ လုပ်လေ့ရှိပါတယ်။ တခြားဥပဒေတွေနဲ့ အရေးယူ အပြစ်ပေးတာမျိုး မရှိပါဘူး။


ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးမှုတွင် ပါဝင်သည်ဟုဆိုကာ တရားစွဲဆိုခံနေရသော မဖြူနှင်းထွေးအား လွှတ်ပေးရန် အထက်မြန်မာပြည် ဗကသအဖွဲ့ဝင်များက တောင်းဆိုစဉ်
ပိုဆိုးတာက တရုတ်တွေကို အရေးမယူတဲ့အပြင် ဖြစ်စဉ်တွေမှာ ပါဝင်တဲ့ တိုင်းရင်းသား မြန်မာအလုပ်သမားတွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူပါတယ်။

တစ်ဖက်မှာလည်း တရုတ်နိုင်ငံထဲမှာ မတရားသဖြင့် ဖိနှိပ်ချိုးနှိမ်ခံနေရတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာအာဏာပိုင်တွေဘက်က ထိထိရောက်ရောက် ကာကွယ်ပေးတာမျိုး မတွေ့ရပါဘူး။

သမ္မတဦးသိန်းစိန် အားထားခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တရုတ်ကျေးဇူးရှိတယ်လို့ လက်ပံတောင်းတောင်ဒေသမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ တရုတ်ကျေးဇူးရှိတာနဲ့ မတရားသဖြင့် လုပ်နေတဲ့ တရုတ်တွေကို သက်ညှာ၊ ကိုယ့်နိုင်ငံသားတွေကိုတော့ ကြီးလေးတဲ့ပြစ်ဒဏ်ပေးဆိုတဲ့ ပုံစံမျိုးတော့ မဖြစ်သင့်ပါဘူး။

(၉)
မဖြူနှင်းထွေးကို စွဲချက်တင်မှုနဲ့ ဆည်တဲရွာဖြစ်စဉ်ဟာ မြန်မာအာဏာပိုင်တွေအတွက် နောက်ထပ်မေးခွန်းတစ်ခု ဖြစ်လာပါပြီ။

လက်ပံတောင်းကိစ္စဟာ ငြိမ်သက်နေပါတယ်။ ဆည်တဲရွာနဲ့ မဖြူနှင်းထွေးကိစ္စကြောင့် ပြန်လှုပ်လာပါပြီ။ မဖြူနှင်းထွေးကို စွဲချက်တင်ဖို့က အမျိုးသားပညာရေး ဥပဒေကြမ်း ကန့်ကွက်မှု အားကောင်းလာတဲ့ ကျောင်းသားထုကို ချိုးနှိမ်ဖို့လား၊ တရုတ်အကျိုးစီးပွား အတွက်လား။ ဒါမှမဟုတ် မဖြူနှင်းထွေးက အာရုံလွှဲဖို့ ကြိုးစားတဲ့ ကိစ္စရပ်တစ်ခုလား။ အာဏာပိုင်တွေအနေနဲ့ ဘယ်လောက်ပဲ အာရုံလွှဲလွှဲ အဲဒီအာရုံလွှဲဖို့လုပ်တဲ့ အရာတွေဟာ ရွံရှာဖွယ် အမုန်းတရားတွေပဲ ဖြစ်နေပါတယ်။
     
(၁၀)
လက်ပံတောင်းအရေး၊ ဆည်တဲရွာအရေးနဲ့ မဖြူနှင်းထွေးကိစ္စဟာ ဒေသဆိုင်ရာ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒေသခံတွေက သူတို့ မတရားခံနေရတာကို ဒေသအလိုက် တောင်းဆိုလှုပ်ရှားမှု လုပ်ခဲ့တာပါ။ သူတို့ မတရားခံနေရတာကို တရားမျှတမှုရှိဖို့ တောင်းဆိုခဲ့ကြတာပါ။ ဒါကို မတရားတဲ့ နည်းလမ်းတွေနဲ့ မတုံ့ပြန်ပါနဲ့။

အာဏာပိုင်တွေ အနေနဲ့လည်း ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို မျက်ကွယ်ပြုဖို့ အမုန်းတရားတွေ ထပ်ဖြစ်စေမယ့် အာရုံလွှဲမှုတွေကို မလုပ်ပါနဲ့တော့။

အခုဖြစ်နေတဲ့ အခြေခံရင်းမြစ်က မတရားမှုတွေကနေ စတင်နေတာပါ။

ပြည်သူတွေဟာ နိုင်ထက်စီးနင်း ပြုခံရနေရတယ်။ တရားသဖြင့် လုပ်ခံနေရတယ်။ မတရားသဖြင့် လုပ်ခံနေရတာတွေကို အဆုံးစွန် မတရားမှုတွေနဲ့ ဆက်ပြီးတုံ့ပြန်လာမယ်ဆိုရင် တစ်တိုင်းပြည်လုံး ပေါက်ကွဲသွားနိုင်ပါတယ်။ အဲဒီလို ပေါက်ကွဲသွားတဲ့အချိန်မှာ ဒါဟာ မဖြူနှင်းထွေးကိစ္စ မဟုတ်တော့ပါဘူး။ ကျောင်းသားအရေး မဟုတ်တော့ပါဘူး။ ဗကသအရေး မဟုတ်တော့ပါဘူး။ တိုင်းပြည်တစ်ခုလုံးရဲ့အရေး ဖြစ်လာပါလိမ့်မယ်။

ဒီဖြစ်စဉ်မှာ လက်ပံတောင်းတောင်အရေးကို တစ်နိုင်ငံလုံးအရေး ဖြစ်လာအောင် မီးထိုးပေးမယ့် မီးစတစ်ခုဖြစ်အောင် လုပ်သလို ဖြစ်နေပါတယ်။

(၁၁)
တရုတ်အကျိုးစီးပွားနဲ့ ပတ်သက်လာရင် အစိုးရ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဟာ အကြီးအကျယ် ကာကွယ်ပေးနေပါတယ်။ တရုတ်စီမံကိန်းတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတာလည်း အခုချိန်ထိ ရှင်းလင်းပြတ်သားမှု အစိုးရဆီမှာ မရှိသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေဟာ ဥပဒေအတိုင်းပဲ ဖြစ်ရပါမယ်။ ဥပဒေဟာ နှစ်မျိုးစီရင်လို့ မရပါဘူး။ အခုဖြစ်နေတာတွေက ဥပဒေအတိုင်း ညီတူညီမျှ စီရင်တာမျိုး မဟုတ်ဘဲ တရုတ်နိုင်ငံသားတွေတော့ သာစေ၊ မြန်မာနိုင်ငံသားတွေတော့ နာစေပုံစံမျိုး ဖြစ်နေပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်လက်အောက်ခံ ပြည်နယ်တစ်ခု မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်အချုပ်အခြာအာဏာ ရှိပါတယ်။ ကိုယ့်အချုပ်အခြာအာဏာ ရှိနေပါလျက် ကိုယ့်နိုင်ငံထဲမှာ တရုတ်တွေနဲ့ ပတ်သက်လာရင် သူတို့ကို သက်ညှာပြီး ကိုယ့်နိုင်ငံသားတွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူနေတာ ဘာသဘောလဲလို့ အစိုးရ မေးခွန်းထုတ်ချင်ပါတယ်။   

ဘာလို့ တရုတ်ကိုထိရင် နည်းနည်းမှ သည်းညည်းမခံတာလဲ။ ပြည်သူတွေကတော့ နောက်ထက်နရသီဟပတေ့မင်းလို မင်းတစ်ပါး ထပ်မလိုချင်တော့ဘူး။
- See more at: http://news-eleven.com/politic/%E1%80%98%E1%80%AC%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF%E1%82%94-%E1%80%90%E1%82%90%E1%80%AF%E1%80%90%E1%80%B9%E1%80%A1%E1%80%80%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%91%E1%80%AD%E1%80%9B%E1%80%84%E1%80%B9-%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%99%E1%80%BD-%E1%80%9E%E1%80%8A%E1%80%B9%E1%80%B8%E1%80%8A%E1%80%8A%E1%80%B9%E1%80%B8%E1%80%99%E1%80%81%E1%80%B6%E1%80%90%E1%80%AC%E1%80%9C%E1%80%B2#sthash.e0mBRkT0.dpuf

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...