Saturday, September 27, 2014

#သျှိုးလိုက် ရတု

Ven Vilasaggalankara

"အင်္ကျီကိုယ်ကျပ် မဲကုံးစပ်နှင့် ရေခပ်လာတာမြင်…………… သျှိုး
အပျိုလှလှ ကြုံတွေ့ရ၍ ခဏ စာမသင်ချင်ဘူး …………… သျှိုး
ကိုရင်ဝတ်က ဇွတ်တရွတ် ခွာတော့ဆို …………… သျှိုး
ထဘီကိုမ ဒူးကိုကြွ သူကဘာလိုလိုနှင့် …………… သျှိုး
ပြုံးချိုချိုငယ် ခင်ပျိုကြိုက်ဟန်ဆောင် …………… သျှိုး
မျက်နှာသနပ်ခါး နွားနက်ကျားလို အသားမဲနက်ရောင်နှင့် …………… သျှိုး
ကွမ်းတောင်ကိုင်ရင်း နောက်ဖယ်တွင်းက ချက်ခြင်း သေးတွေပါ …………… သျှိုး
အင်္ကျီပိတ်ပါး ဝတ်ကာသွားသည် ရည်စား ကျုပ်ကညာတည့် …………… သျှိုး
အပျိုဆောင့်ကြွား၊ သူ့ဒူးကြားမှာ ဂျီးများတစ်ပိဿာနှင့် …………… သျှိုး
ကတ္တိပါမျက်ခမ်း ပါတုရမ်းငယ် သောက်ကန်းသူက ဆဲလို့လေး …………… ဟေ့ ဟေ့ ဟေး ဟေ့ ဟေ ဟေး"

Coldplayရဲ့ A Sky Full Of Starsကို ခဏခဏနားထောင်ဖြစ်တယ်။ ကြိုက်လွန်းသာလား?ဆိုတော့ မဟုတ်ပြန်ဘူး။ DJ Aviciiရဲ့ တီးကွက်တွေက ကောင်းလွန်းလို့လား?ဆိုတော့လည်း မဟုတ်ပြန်ဘူး။ လူအမျိုးမျိုး နတ်အမျိုးမျိုး ဘုရားရှိခိုး အမျိုးမျိုးဆိုတော့ ကြိုက်မိကြိုက်ရာပြောရမှာပ။ နားထောင်ဖြစ်တဲ့ ဗားရှင်းက တူရိယာတွေ ကျောက်ကုန်းပေါ်မှာ အကုန်ပိုးထားပြီး လမ်းလျှောက်ရင်း ဆို၊ တီးသွားတဲ့ ပြကွက်ကြီးပါ။ အဲဒါဗျာ။ အဲသလောက် ကောင်းတဲ့ အဆိုရှင်ရော အတီးရှင်ရောကို မကြိုက်ပါပဲ သူတို့နဲ့ အတူ ဘေးကနေ ကပ်လိုက်ပြီး “ခုန်ပေါက် ခုန်ပေါက်”နဲ့ ပျော်နေတဲ့ အင်္ကျီအဖြူနဲ့ လူကြီးကို ကြိုက်လွန်းလို့ ခဏခဏနားထောင်နေတာတဲ့။

တိုက်ဆိုင်မှု ရှိလို့ ကြိုက်တာပနော။ အလကား ကြိုက်ပါ့မလား။ “နတ်ကရာ ကျီးမော့”ဆိုသလိုပဲ သူများတွေ ဆိုကြ၊ တီးကြ၊ ကကြ၊ ခုန်ကြတဲ့ နေရာတွေမှာ အရည်မရ အဖတ်မရ နောက်ကနေလိုက်ပြီး နားထောင်မိတာတွေ၊ ကူ ဆိုပေးမိတာတွေ၊ ပျော်လွန်းလို့ မြှောက်ကြွ မြှောက်ကြွဖြစ်နေတာတွေ ရှိခဲ့ဖူးတယ်။ အခု မဟုတ်ပါဘူး။ ကျောင်းသားဘဝ ရွာမှာနေစဉ်က။ ရွာဘက်မှာတော့ "သျှိုးတိုက်”ခေါ်တာပဲ။ ရှင်ပြု အလှူပေး ရှိပြီဆိုရင် လိုက်ရပြီ “သျှိုးတိုက်”။ ပျော်သာ။ တစ်ပုဒ်မှလည်း ဟုတ်တိ ပတ်တိရတာမဟုတ်။ အာပူခံ လည်ချောင်းအချောက်ခံပြီး “သျှိုး၊ သျှိုး၊ သျှိုး”အော်နေရရင်ကို ကမ္ဘာကြီးကို မေ့နေတာ။ အလှူ့ရှင်ကလည်း ငှက်ပျော်သီး အပိုကုန်မှာကြောက်တော့ ကလေးတိုင်းကို မခေါ်ပါဘူး။ မခေါ်လည်း ဘာအရေးလဲ။ ကိုယ်အော်ချင် လိုက်အော်မှာပ။ အဲသလို ကိုယ်လည်း သူများနောက် လိုက်ပြီး “ခုန်ပေါက် ခုန်ပေါက်”လုပ်ဖူးလို့ ကိုးပလေးသီချင်းထဲက အင်္ကျီအဖြူနဲ့ လူကြီးကိုပဲ ကြိုက်မိတာပါ။

ရွာမ−အလယ်တန်း ကျောင်းသားဘဝရောက်လာတော့ ဆုတောင်းတွေ ပြည့်ပ။ အခစား၊ တရားဝင် “သျှိုးတိုက်” လိုက်ရပါပြီ။ ကျောင်းအုပ်ကြီး နာမည်က ဦးမိုးအောင်တဲ့။ မုံရွာသား။ အရင်ကတော့ တောသားထင်ပါရဲ့။ သူ့စိတ်ကူးတွေက အတော်ကောင်းတာကိုး။ ငါးတန်း၊ ခြောက်တန်းကျောင်းသားတွေက "သျှိုးတိုက်”လိုက်၊ ခုနစ်တန်း၊ ရှစ်တန်းကျောင်းသားတွေက "ရှင်လောင်းထမ်း”လိုက်။ ရလာတဲ့ အခကြေးငွေကို စုထားပြီး တိုးချဲ့ကျောင်းဆောင်ကြီး ဆောက်တာပါ။ အခု ရွာမ−အထက်တန်းကျောင်းထဲက အဆောင်သစ်ကြီးပေါ့။ ကျောင်းသားတွေ “သျှိုးတိုက်၊ ရှင်းလောင်းထမ်း”လိုက်လို့ ရတဲ့ ပိုက်ဆံနဲ့ချည်း ဆောက်ခဲ့တာပါ။ ဆရာကြီး ဦးချစ်ညိုလက်ထက်မှာ ပြီးသွားတာပါ။ ဘယ်သူ့အကူအညီမှ မပါပါဘူး။

ငါးတန်းနှစ်−ခြောက်တန်းနှစ်၊ နှစ်နှစ်တိတိ သျှိုးတိုက်လိုက်ခဲ့ရတယ်။ ခုနစ်တန်း−ရှစ်တန်း၊ နှစ်နှစ်တိတိ "ရှင်းလောင်းထမ်း”ခဲ့ရတယ်။ အလှူတကာ လှည့်လည်ကျက်စားခဲ့ရတာဆိုတော့ "သျှိုးလိုက်ရတု”တွေနဲ့ အတော်ရင်းနှီးခဲ့တယ်။ တစ်ချို့ရတုတွေ အလွတ်ဆိုတတ်လာတယ်။ ဘာတဲ့−

"အလှူဒကာများ သတိထားဖို့ ရတုသွား သီဆိုပြန် …………… သျှိုး”

အဲဒီရတုက အတော်ကောင်းတာကိုး။ အခုလား အကုန်အလွတ်မရတော့ပါဘူး။ ဘုရားသံ၊ တရားသံပါတဲ့ ရတုကောင်းတွေက ရှင်းလောင်း စလှည့်ကာစ မဏ္ဍပ်က စထွက်ကာစလောက်ပဲ ဆိုတာပါ။ ကျက်သရေ မင်္ဂလာယူတာပေါ့လေ။ ရွာထဲကထွက် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့ နေရာရောက်ပြီဆိုရင် စပါပြီဗျာ တို့ကျောင်းသားဇာတိ−

"ဖြူဖြူဖွေးဖွေး နို့ကလေးကို တံတွေးဆွတ်ကာ ဆွတ်ကာ ဆွဲ၏…………… သျှိုး
အသာဆွဲပါ့ မောင်ကျောင်းသားရယ် နို့ဖျား နာလှချေရဲ့ …………… သျှိုး"

ဟုတ်က ဟုတ်ကတွေချည်းပဲ။ ဘုန်းကြီးကျောင်းနား ဝင်တော့မယ် ဆိုရင်တော့ လေသံ ပြောင်းရသပ။ မပြောင်းလို့ ဘုန်းကြီးက ကြိမ်လုံးနဲ့ စီးတွယ်ရင် ရွာမကျောင်းသားတွေ နာမည်ပျက်ရချေရဲ့။ နာမည်ပျက်ရင် နောက်တစ်ခါ ဘယ်သူ ငှားတော့မလဲ။ ဘယ်သူမှ မငှားရင် ကျောင်းဆောင်ကြီး ဘယ်လို ဆောက်မလဲ။ ပြောင်းဟေ့ ရတု၊ ချိန်းဟေ့ လေသံ၊ ဆိုဟေ့ ရတုကောင်း−

“မြသက်တင်သွေး နုနုရေးသည် ညွှတ်ကွေး သူ့အတောင် …………… သျှိုး
သန္တာနှုတ်သီး ရှုမငြီးသည် ကျေးကြီးသားချစ်မောင်ငဲ့ …………… သျှိုး”

ဘုန်းကြီးကျောင်းက ပြန်ထွက် “နတ်စဉ်ပြ” ရောက်ပြီဆိုရင် တို့ကျောင်းသားတို့ ခတ်ကွင်းပေကိုး။ တစ်ချို့ရတုတွေက အတော်ကြမ်းတာပါဗျာ။ ကျောင်းသားဆိုတော့ ဘယ်သိမလဲ။ နုသည်။ ကြမ်းသည်။ ပျော်ရ ပြီးတာကိုး။ တစ်ချို့အလှူတွေမှာ "ရတုပြိုင်”ဆိုတာ ရှိသေးတယ်။ "အလှူ့အမ"ကလည်း “လျှိုးတိုက်” တစ်ဖွဲ့ပါတယ်။ "အလှူနောက်လိုက်”ကလည်း တစ်ဖွဲ့ပါတယ်။ (အလှူ့အမ= မတည် အလှူရှင်။ နောက်လိုက်= မိမိစွမ်းနိုင်သလောက် ထည့်ဝင်၍ လှူဒါန်းသူ)။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင် ရတုဆိုရတာကိုး။ ဘုရားသံ တရားသံ သံဝေဂသံတွေများ ပြိုင်မယ် ထင်သလား။ ဝေးသေး။ နားထောင်ကြည့်ပါဦး သာယာပျော်အီ နားဝင်ပီယံ ဖြစ်လှပါသော "ရတုပြိုင်”လေး−

“မောင်ရင့် အမေ မျက်ချေးတွေနှင့် ပေပေညစ်ညစ် နှပ်တစ်လစ်ငယ် စစ်စေးအသားရောင်…………… သျှိုး
ဆံပင်ပွေရှုပ် တစ္ဆေရုပ်လို အာပုပ်တဟောင်ဟောင်နဲ့…………… သျှိုး
မောင်ရင့် အရီး အအိပ်ကြီးသည် ဇီးကွက် အောက်ကရှို၍…………… သျှိုး
"မောင်ရင့်အဖိုး ကြက်ကိုပိုး၍ ရွာရိုး ကြက်ဝိုင်းရှာ၏…………… သျှိုး
ဥပုသ်စောင့်ရင်း အိပ်မက်တွင်းမှာ ပုလင်းနိမိတ်ထင်လို့လေး…………… ဟေ့ ဟေ့ ဟေး ဟေ့ ဟေ ဟေး”

တစ်မျိုးလုံး ကုန်အောင် ပတ်တုတ်ကြတာပါပဲ။ ရတုကောင်းလေးလေးတွေကို သင်ပေးတာက ဆရာမကြီး ဒေါ်စန်းတဲ့။ မြန်မာစာဆရာ။ အင်တောသူ။ ဟဿရတုတွေ သင်ပေးတာက ဆရာဦးကျော်လွင်။ သပြေရင်းသား။ ကာယဗလဆရာ။ မဟုတ်ကဟုတ်ကတွေ သင်ပေးတာက ဆရာဦးစောမြင့်။ သမိုင်းဆရာ။ လယ်ဘုတ်ကြီးသား။ ကျေးလက်သဘာဝ ပကာသနမပါတဲ့ အလှပဒေသာတွေပ။ သူ့ဘက်ကိုယ့်ဘက် ရတုပြိုင်လို့လည်း အားရရော ရှင်လောင်းတန်းကြီးလည်း ရွာထဲဝင်ရော။ "မဏ္ဍပ်ဝင်ရတု"က သီးသန့်ရှိတယ်။ နောက်ဆုံးပိုဒ်ပဲ မှတ်မိတယ်။

"မဏ္ဍပ်ဝင် နှမ်းဖတ်ချင် အပျိုလေးတွေ သူ့လင်ငါ့လင် လု၏လေ …………… ဟေ့ ဟေ့ ဟေး ဟေ့ ဟေ ဟေး”

တောကျောင်းသားဘဝ ပျော်စရာတွေပေါ့ဗျာ။ ရိုင်းတယ်လို့လည်း မဟုတ်ပါဘူး။ ချစ်ခင်ရင်းနှီးမှု့ပ။ တစ်ချို့ရွာတွေဆို တစ်ခါမှ မရောက်ဖူးတဲ့ ရွာတွေပါ။ သို့သော် ရွာမကျောင်းသားတွေ ရိုင်းသာ စိုင်းသာလို့တော့ အပြောမခံရပါဘူး။ အစဉ်အလာကိုး တမင်ကလာမှ ညစ်ပတ်ထားတာ မဟုတ်ပေပဲ။ ပြန်ခါနီးဆို ကျောင်းသားတွေကို ထမင်းကြွေးပါတယ်။ အခကြွေးငွေကိုတော့ အထိမ်းလိုက်လာတဲ့ ကျောင်ဆရာက သိမ်းပေါ့။ အလှူရှင်ပေပဲ။ စေတနာဗလဗွကိုး။ အာချောက်အောင် အော်၊ ပုခုံးပေါက်အောင် ထမ်းလာရှာတဲ့ သူတို့သားအရွယ် ကျောင်းသားလေးတွေဆိုတော့ အပြန်မှာ ငှက်ပျော တစ်ယောက်တစ်ဖီး သီးသန့်ပေးပါတယ်။ ငှက်ပျော်သီးကြည့်ပြီး "ဖီးကြမ်း”ကြီးတွေလား ယဉ်ယဉ်ကျေးကျေးပါပဲ နှုတ်ဆက်ပြန်ခဲ့ကြတယ် ကျောင်းသားတွေကိုး။ နတ်ကတော်တောင် ချွဲကြပ်မယ့် “ငှက်ပျောချင်”လား ယဉ်ယဉ်ကျေးကျေးပါပဲ ကျောင်းသားတွေကိုး။

"အလှူဒကာကြီး ငှက်ပျော်သီး ကြွက်ရီးသာသာ ရှိ၏လေ …………… ဟေ့ ဟေ့ ဟေး ဟေ့ ဟေ ဟေး"

  2 comments:

  1. မောင်ရင်လောင်း သှျိုးလိုက်ရတုကိုတော့ တွေ့မိပါတယ် အခြားရတုတွေ ရှိသေးလား သိချင်တာပါ ဘယ်မှာမှ ရှာမရတာထက် ဘလိုရှာရမလဲ မသိလို့ပါ ရှာကြည့်သလောက် ပြည့်ပြည့်စုံစုံမတွေ့ရလို့ပါ အသံနေ သံထားကိုလည်း သိချင်ပါတယ် အလှူအတန်းတွေက နည်းပါးလာသလို ရတုဆိုတဲ့ ဓလေ့ကလည်း ကြဲလာပါတယ် လူငယ်တွေကို လက်ဆင့်ကမ်းကြတာလဲ မတွေ့ရလို့ပါ အကြယ်တဝင့် ပြန်လည်မျှဝေစေချင်ပါတယ်

    ReplyDelete
    Replies
    1. email - aungmyokyaw.amk.ep@gmail.com

      Delete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...