ကဗျာတစ်ပုဒ်ဟာ ကျွန်တော့်ဘ၀ထက်ပိုပြီး ကွဲရှခဲ့ပါတယ်
(က)
သည်နေရာလေးပေါ့။
‘၀မ်းနည်းဝမ်းသာ’ ဇာတ်ကားထဲက ကဗျာဆရာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးမြတ်လေး တုံးလုံးလှဲပြီး မိုးကောင်းကင်ကိုမော့ကြည့်ရင်း ကဗျာတွေရွတ်နေခဲ့တာ။ ဒီနေရာလေးမှာပဲ ညငှက်မလေးအဖြစ် သရုပ်ဆောင်တဲ့ ရုပ်ရှင်မင်းသမီးကြီး မြင့်မြင့်ခင်က တုံးလုံးလှဲပြီးကဗျာရွတ်နေတဲ့ ကဗျာဆရာကို ၀င်တိုက်မိတာ။ ကဗျာဆရာနဲ့ ညငှက်မလေးတို့ စတင်သိကျွမ်းကြရတာ။
ပုလိပ်တွေရန်က ပုန်းရှောင်ဖို့ကြိုးစားရှာတဲ့ ညငှက်မလေးကို ကဗျာဆရာက အကာအကွယ်ပေးခဲ့တဲ့တာဟာ သည်နေရာလေးပေါ့။
လူတွေ ဟိုမှသည်မှ သွားလာနေတာကိုကြည့်ပြီး သူ့စိတ်တွေဟာ ခေတ်ကာလ တနံတလျားကို ဖြတ်ကူးနေခဲ့ပါသေးတယ်။
ကျဆုံးသွားတဲ့ ချေဂွေဗားရားအကြောင်း ကျောင်းနံရံကပ်စာစေါင်မှာ ပုံနဲ့တကွဖေါ်ပြပြီး ဆောင်းပါးရေးရပါ့မလားဆိုပြီး ကျောင်းအုပ်ဆရာကြီး ဦးအေးမြင့်က ရုံးခန်းထဲခေါ်ပြီး ကျောင်းထုတ်ပစ်မယ်လို့ ကြိမ်းမောင်းခံခဲ့ရတာကိုလည်း တွေးဖြစ်အောင် တွေးမိပါသေးတယ်။
ဒီတုန်းက သူက အသက် ၂၀ တောင်မှမပြည့်သေးဘူးလေ။ အခု သူဘေးနားမှာ ရပ်နေကြတဲ့ လူငယ်လေးတွေလို လောကကြီးကို သူ့လက်ဖ၀ါးလောက်တောင် မကျယ်ပြန့်ပါဘူးဆိုတဲ့ စိတ်ဓါတ်မာနနဲ့ ကိုယ်ဖြစ်ချင်လုပ်ချင်တာတွေအားလုံး အိပ်မက်မက်ပစ်နိုင်စွမ်းတဲ့ အရွယ်မှာပေါ့။
ဟိုး မြို့တော်ခန်းမအဆောက်အဦးကြီးရဲ့နောက်က မိုးကောင်းကင်မှာတော့ မိုးသားတွေ ညို့ဆိုင်းနေပါတယ်။ ဒီ လွတ်လပ်ရေးကျောက်တိုင်ကြီးအောက်မှာ ကဗျာရွတ်ဖို့ရောက်လာနေတဲ့သူ့စိတ်တွေက ညငှက်မလေးနဲ့ ကဗျာဆရာတစ်ဦးတို့ရဲ့ ဇာတ်လမ်းအစကို တွေးနေမိတယ်။ ခေတ်ကြီးတစ်ခေတ်ရဲ့ အနံ့အသက်တွေကို သူရနေပြီပေါ့။ သူ့ခေတ်သူ့ဘ၀ရဲ့ တန်ခိုးအာဏာစက် မိုးသံလေသံတွေကို သူ ကြားနေရပြီပေါ့။ သူက ချစ်ခြင်းမေတ္တာ နတ်ဒေ၀ဒါများကို ပင့်ဖိတ်လိုက်ပါတယ်။ သူ ကဗျာရွတ်တော့မယ်မဟုတ်လား။ သူ ကဗျာ စတင်ပြီးရွတ်တော့ မိုးစက်တချို့ သူ့ပခုံးပေါ် ကျလာခဲ့ပါသေးတယ်။
စက်တင်ဘာလ ၂၁ ရက်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့။ မဟာဗန္ဓုလပန်းခြံ၊ လွတ်လပ်ရေးကျောက်တိုင်ကြီးအောက်မှာ သူဟာ ‘ ပြန်လာခဲ့ပါ ရွှေကြိုးကြာ ’ ကဗျာကို ရွတ်နေပါတယ်။
(ခ)
ဒသမဌာန အညာမြစ်စဉ်တ၀ိုက်က
တိတ်ဆိတ်တဲ့ မြက်ခင်းတွေ
အေးမြတဲ့ တောင်ခြေတောအုပ်တွေ
မာနတစ်စက်မှမရှိတဲ့ တဲအိမ်လေးတွေဟာ
မင်းရဲ့အရေပြားပေါ်က မီးလောင်ဖုတွေလား….
မိုးခြိမ်းသံ တစ်ချက်နှစ်ချက်ဟာ သူ့အသံကို မလွှမ်းမိုးနိုင်ပါဘူး။ သူက လူအုပ်ကိုကျော်ပြီး သူ့ကဗျာစကားလုံးတွေကို ဟိုး မြို့တော်ခန်းမကြီးရှေ့ရောက်အောင် ပစ်ပေါက်နေခဲ့ပါတယ်။ စကားလုံးတစ်လုံးချင်းစီ အသေအချာ ချိန်ရွယ်ပြီးမှ လေးညှို့ကို တင်လွှတ်လိုက်တာပါ။ မြို့တော်ခန်းမကြီးရှေ့၊ ဆူးလေဘုရားကုန်းတော်တ၀ိုက်၊ ဘတ်စကား ကားဂိတ်ကြီးအနားမှာ သူ့ကဗျာစကားလုံးတွေဟာ အပြင်းအထန် တစ်လုံးပြီးတစ်လုံး ကျရောက်ပေါက်ကွဲနေပါတယ်။
မြစ်ကြီးနားက
သူ့ ညာဘက်ခြေထောက် လက်နဲ့စမ်းတဲ့အခါ
လိုင်ဇာကိုစမ်းမိ
ညာဘက်ခြေထောက် မရှိဘူး။
လိုင်ဇာက
သူ့ဘယ်ဘက်ခြေထောက် သူပြန်ပြီး လက်နဲ့စမ်းတဲ့အခါ
မြစ်ကြီးနားကိုစမ်းမိ
ဘယ်ဘက်ခြေထောက် မရှိဘူး….
သူက ခန္ဒာကိုယ်ကို တောင့်တောင့်ထား ရင်ကိုပင့်ပြီး ကဗျာရွတ်တဲ့အခါ သူ့ရှေ့ကလူအုပ်က အလိုလို လိုက်ပြီး ခေါင်းတွေကို မော့ထားလိုက်ကြပါတယ်။ ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာရွတ်သံကို အခုလို လတ်လတ်ဆတ်ဆတ်ကြီး ဘယ်သူ ကြားဖူးသလည်း။ ကဗျာရွတ်သံတွေထဲက မိုးခြိမ်းသံတွေ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲလိုက်သံတွေ၊ တင့်ကားတစ်စီး ဖြတ်မောင်းလာသံ၊ တိရစ္ဆာန်တစ်ကောင်ရဲ့ နာကျင်တုန်လှိုက်စွာ အော်ဟစ်ပစ်လိုက်တဲ့အသံမျိုးကို ဘယ်သူ နားနဲ့ဆတ်ဆတ် ကြားဖူးသလည်း။
ကောင်းကင်မှာ ငှက်တစ်အုပ် ပျံသွားကြပါတယ်။ လူတချို့ ကျောက်တိုင်ကြီးကို မော့ကြည့်နေကြပါတယ်။ ပန်းခြုံတစ်ခုဘေးက ချစ်သူနှစ်ဦးက အန္တရယ်တစ်စုံတစ်ရာ ကျရောက်တော့မလားဆိုတဲ့အသိနဲ့ ခန္တာကိုယ်နှစ်ခု တစ်ခုထဲ ဖြစ်သွားကြပါတယ်။ ကားလမ်းမပေါ်က ကားတွေက ဟွန်းတွေ ပြိုင်တူ တီးလိုက်ကြပါတယ်။ အပြာရောင် ခေါင်းစီးပုဝါကိုယ်စီစည်းထားတဲ့ ငြိမ်းချမ်းရေးတပ်သား လူအုပ်စုတစ်စုက ပန်းခြံရှေ့မှာ လာပြီးရပ်လိုက်ကြပါတယ်။
အမှောင်ထုတစ်ခုက
အမှောင်ခေတ်တစ်ခုကို
လျှာတသိမ်းသိမ်း လုပ်နေချိန်
မင်းကတော့ သေဆုံးသွားကြရတဲ့ သားသမီးတွေကို
မြှုပ်နှံလိုက်ရတယ်
ဒါပေမယ့်
မြှုပ်နှံမှုကိုကြတော့ မမြှုပ်နှံနိုင်ခဲ့သေးဘူး….
လွန်ခဲ့တဲ့ ဆယ်ငါးနှစ်ကပါ။ ဘယ်ကဘယ်လို ဘယ်သူက စတင်အော်လိုက်မှန်းပင်မသိပဲ မဲပလိရွာက ရွာသားတွေ အလန့်တကြားဖြစ်ပြီး ရွာပျက်တဲ့အခါ ရွာသားတချို့နဲ့အတူ သူလည်း တောထဲကို ထွက်ပြေးလာခဲ့ရတယ်။ လူတွေကြားမှာ သူဟာ အရှေ့အနောက် တောင်မြောက်ဘယ်မှာဆိုတာတောင်မှမသိဘဲ တောစပ်ကို တိုးဝင်လိုက်ရတယ်။ လူကြီးတွေက အသံမထွက်ကြပေမယ့် ကလေးတွေက အော်ဟစ်ပြီး ငိုကြယိုကြ။ ခွေးတွေ ဦးတည်ရာမဲ့ပြေးပြီး ဟောင်ကြ။ သူဟာ စမ်းချောင်းဘေးက ၀ါးရုံပင်အောက်မှာ တစ်ညအိပ်ခဲ့ရတာပေါ့။ လရောင်တွေ သွန်ကျနေတဲ့ စမ်းချောင်းလေးဘေးက သောင်စပ်မှာ လှဲအိပ်ခဲ့ရတာပေါ့။ လူတွေ ငြီးကြငြူကြ။ ကလေးတွေ ကြိတ်ပြီး ငိုကြ။ အတားအဆီးမဲ့ ခေါင်းထိုးပြီး ခုန်ချလာနေတဲ့ လရောက်တွေအောက်မှာ သူ့စိတ်တွေ သွေးအလိမ်းလိမ်း ဖုံအလူးလူးနဲ့ပေါ့။
ဒီကျိန်စာက
မလောင်ကြွမ်းသေးတဲ့ ၀ိညဉ်တွေ
လောင်ကြွမ်းပြီးတဲ့ ၀ိညဉ်တွေ
အချင်းချင်းဖက်ပြီး ငိုကြွေးဖို့ကိုတောင်မှ
ခွင့်မပြုခဲ့လေဘူး….။
(ဂ)
ကဗျာတစ်ပုဒ်ကို ရွတ်ဆိုတော့မယ်ဆိုရင် သူဟာ သူ့စိတ်ကို ဦးစွာပထမ မျှားယူရပါသေးတယ်။ ပြီးတော့ ပတ်ဝန်းကျင်ကွင်းအနှံ့လည်း လွှတ်ကျောင်းရပါသေးတယ်။ တစ်ခါ နေလှမ်းပြီးလို့ ခြောက်သွေ့နေတဲ့ အ၀တ်တစ်ထည်လို အသေအချာခေါက်သိမ်းရပါသေးတယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာနဲ့ လရောင်တွေကို ထုပ်ပိုးပြီး သူ့ပခုံးပေါ်တင်လိုက်ရပါသေးတယ်။
သူနဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့ လူငယ်တွေရဲ့မျက်လုံးတွေထဲက လှုပ်ရှားနေတဲ့ သူတို့ရဲ့စိတ်အာရုံတွေကို သူ ကောင်းကောင်းတွေ့နေရပါတယ်။ သူနဲ့ ရင်ဘောင်တန်းလျက်ရပ်နေတဲ့ ရဟန်းတော်တစ်ပါးဆီက စိတ်နဲ့လိုက်ရွတ်နေတဲ့ ‘လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ’ ဆိုတဲ့ ဆုတောင်းသံကို သူ လိုက်ဆွဲထားမိတယ်။ လက်ထဲမှာ ပြတ်ပါလာတဲ့ ခေတ်ကြီးတစ်ခေတ်ရဲ့ လက်တစ်ဖက်က သူ့ကို ပြန်ပြီး ပွေ့ဖက်လိုက်တဲ့အခါ သူ့ကဗျာရွတ်သံက လွတ်လပ်ရေးကျောက်တိုင်ကြီးဘေးမှာ ဆောက်တည်ရာမရ ပြေးနေတော့တယ်။
နောက်ကို ပြန်လိမ့်ဆင်းလာနေတဲ့ ဒီစစ်ကြီးကို
ငါတို့လည်း
ဂျမ်းတုံးဝင်ပြီး ခုခဲ့ကြပါတယ်
တဟူးဟူး တရားရား တိုက်ခတ်နေတဲ့
မုန်တိုင်းတစ်ခုအောက်မှာ
ငါတို့လည်း
ခြေမမြဲလို့ လက်မြဲအောင် ဆွဲထားကြပါတယ်…
ဒီတုန်းက ‘နိုင်ဝင်းဆွေ’ ဆိုတဲ့ လူရုပ်တုတစ်ခုကို မယ်တုက္ခီချောင်းဘေးက တဲအိမ်လေးဘေးမှာ သည်အတိုင်း ပေါက်တူးထမ်းလျက် တွှေ့ရလိမ့်မယ်လို့ ဘယ်ကြိုပြီးသိနိုင်ခဲ့မှာလည်း။ သူ့ စိတ်ထဲမှာ ရဟန်းပျိုသမဂကုန်းတော်ပေါ် ကျောင်းသင်ခန်းကလေးဆီက ကမ္ဘာကြီး ငြိမ်းချမ်းပါစေကြောင်း ကြေးစည်ထု ဆုတောင်းလိုက်တဲ့အသံကို ဘယ် ခြေရာခံလို့ရနိုင်မှာလည်း။ မနေ့တနေ့ကမှ ရေးခြားရပ်ဝေးတစ်နေရာမှာ ခေါင်းချသွားတဲ့ ပန်းချီဆရာတစ်ဦးနဲ့အတူ မာနယ်ပလော တောင်ကြားထဲ လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲနေတဲ့ကြားထဲ စာအုပ်တွေကို တွင်းတူးပြီး မြှုပ်နှံဝှက်ထားခဲ့ရလိမ့်မယ်လို့ဘယ် ကြိုပြီး သိနိုင်ခဲ့မှာလည်း။
အခုတော့ ‘ကိုခါး(ကွမ်းခြံကုန်း)’နဲ့အတူ သူဟာရန်ကုန်မြို့ကြီးကို ရွှေမြင်းလှည်းလေးနဲ့ လည်နေရပြန်ပြီ။ ‘အောင်ဇင်မင်း’ ရဲ့ ကဗျာဖတ်ပြ ရှင်းပြနေတဲ့အသံတွေနဲ့အတူ တိမ်ကောက်ပွဲ နွှဲနေရပြန်ပြီ။ နှစ်ပေါင်း လေးဆယ်လေ။ သူဟာ သေနတ်ထဲ ကဗျာတွေထည့်ပြီး လွတ်လပ်ရေးကျောက်တိုင်ကြီးအောက်မှာ ခေတ်ကြီးတစ်ခေတ်ရဲ့ တံစက်မြိတ်မှာ ကင်းစေါင့်နေရပြန်ပြီ။ မနေ့တနေ့ကလိုပါပဲ။ နှစ်ပေါင်းလေးဆယ်ဟာ တကယ့်ကို လွမ်းမကုန်တဲ့ မဟာတော်ဝင် ဇာတ်ဝင်ခန်းတွေပါပဲ။
ဒီလိုနဲ့သူ့နားထဲမှာ လေတိုးသံတွေ ကြားနေရပြီ။ ရေစီးသံလွင်လွင်ကို ကြားလာရပြီ။ နေရောင်ခြည်တွေ ဖြာကျလာတာကို မြင်နေရပြီ။ မိဆိုင်းကျောက်တောင်ကြီးပေါ်ကတဆင့် သစ်တောတွေ၊ တောင်ကုန်းတောင်တန်းတွေကြား ခေါင်းထိုးပြီးဝင်သွားလိုက် ခေါင်းထောင်ပြီးထိုးထွက်လာလိုက်လုပ်နေတဲ့ သံလွင်မြစ်ကြီးကို မြင်နေရပြီ။
ငါတို့သည်လည်းပဲ
ပေါလောမျောလာနေတဲ့
တုတ်တပျက် ဓါးတပျက် နေ၀င်ချိန်တွေအောက်မှာ
ခလုပ်လည်းထိ ဆူးလည်း ညိခဲ့ကြတာပါပဲ။
(ဃ)
သူ့ရှေ့မှာ သံဆူးကြိုးတွေတန်းထားတယ်။ သူ့မျက်လုံးအိမ်ထဲမှာ မိုးတိမ်တွေ လှမ်းမြင်နေရတယ်။ မငိုပါနဲ့ ‘ဆွမ်လွတ်ရွယ်ဂျာ’ လို့ အော်ဟစ်ရွတ်ဆိုလိုက်တဲ့ သူ့ကဗျာရွတ်သံနောက်ကို ဆူးလေဘုရားလမ်းထဲက လူတစ်ချို့ ခေါင်းငဲ့ပြီး နားထောင်သွားကြတယ်။ မှတ်မိသေးတယ်။ ‘စစ်ဖြစ်လျင် အဖေမရှိသောသားနှင့် သားမရှိသော အဖေကို တွေ့မည်’ ဆိုတဲ့ ကဗျာကိုရွတ်တော့ ဒုက္ခသည်တချို့ဆီက အံကြိတ်ပြီး ငိုရှိုက်လိုက်တဲ့အသံတွေက နို့ဖိုးဒုက္ခသည်စခန်းတစ်ခုလုံးကို ရေလှိုင်းတွေလို တ၀ုန်းဝုန်းနဲ့ ရိုက်ပုတ်ဖုံးလွှမ်းသွားခဲ့ဖူတယ်။ လက်မှတ်ထိုးပေးနေတဲ့ သူ့လက်တွေက သူ့ကဗျာရွတ်သံတွေထက် ပိုပြီး ကွဲကြေနေကြရတယ်။
သူဟာ သောင်ရင်းမြစ်ဘေးက သောင်ပြင်ပေါ်မှာ ကဗျာရွတ်ခဲ့ဖူးပြီ။ မာနယ်ပလောရဲ့ ဒေါ်အောင်ဆန်းစုကြည်လမ်းကလေးထဲမှာလည်း ငိုကြွေးအော်ဟစ်ရင်း ကဗျာရွတ်ခဲ့ဖူးပြီ။ ထွီးပါးဝီးကျိုးတောင်ခြေမှာလည်း လက်နက်ကြီးပစ်သံတွေကြားထဲ ကဗျာရွတ်ခဲ့ပြီးပြီ။ ကရင်လူငယ်အစည်းအရုံး ခန်းမဆောင်ထဲမှာလည်း ကဗျာရွတ်ခဲ့ပြီးပြီ။ ဒူးဆစ်လောက် မြုပ်ဝင်နေတဲ့ နှင်းထုကြီးထဲမှာ လှံစိုက်သလိုရပ်ပြီးလည်း ကဗျာရွတ်ခဲ့ပြီးပြီ။ ဒေါနတောင်ကြောပေါ်က တောင်ယာတဲကလေးပေါ်မှာလည်း ကဗျာရွတ်ခဲ့ပြီးပြီ။ ခြေပြတ်လက်ပြတ်လူနာတွေရဲ့ အော်ဟစ်ငြီးငြူသံတွေအောက်မှာလည်း ကဗျာရွတ်ခဲ့ပြီးပြီ။ အခု… လွတ်လပ်ရေးကျောက်တိုင်ကြီးအောက်မှာ ကဗျာရွတ်နေရပြန်ပြီ။
ယုံကြည်လိုက်ပါ
အတိတ်ဟာ ငါတို့အတွက် မအေးစက်သေးခင်
အနာဂတ်ဟာ ငါတို့အတွက် ပူနွေးနေပါလိမ့်မယ်။
သံဆူးကြိုးတွေ ဖယ်ပစ်လိုက်ပါ။ ခေတ်ကြီးတစ်ခုလုံးရဲ့နှလုံးသားပေါ်နင်းဖိထားတဲ့ ခြေထောက်ကြီးကို ဖယ်ပစ်လိုက်ပါ။ ဖလံတောင်ရွာသူ မရေသူရဲ့ မျက်ရည်တွေကို သုပ်ပစ်လိုက်ပါ။ ပါးရိုက်ခံရတဲ့ ကျုံးစိန်ရွာ သူကြီးမ ဒေါ်စောမြိုင်ကို လက်တွဲခေါ်ခဲ့ပါ။ ကျောင်းထုတ်တန်းမှာ ဇောက်ထိုးဆွဲပြီး စစ်ဖိနပ်နဲ့ ကြေးစည်အထုခံရတဲ့ ရဟန်းတစ်ပါးရဲ့ သီးခံနိုင်မှုကို အသိအမှတ်ပြုပါ။
ဟောဒီခေတ်ကြီးထဲမှာ သူလည်းပဲ နင်းချေခံခဲ့ရတာပါပဲ။ နှစ်ပေါင်းနှစ်ဆယ် ချစ်သူနဲ့ ခွဲနေခဲ့ရတာပါပဲ။ ကဗျာကျည်ဆံတွေ အသင့်ထိုးထားတဲ့ သေနတ်တစ်လက်ကိုထမ်းပြီး မယ်ညောခီးတောင်တန်းပေါ် လမ်းလျှောက်ခဲ့ရတာပါပဲ။ ကျည်ကွယ်မျက်ကွယ်တောင်မှ ရှာချိန်ပြုချိန်မရလောက်အောင် ခေတ်ကြီးတစ်ခုရဲ့ သတ်ကွင်းထဲ ဖြတ်တက်လာခဲ့ရတာပါပဲ။ အခုတော့ သူဟာ သူ့ထက် အသက် လေးဆယ်လောက်ခြားတဲ့ လူငယ်လေးတွေနဲ့အတူ ဟောဒီခေတ်ကြီးရဲ့ ဇာပုဝါပါးပါး ကန့်လန့်ကြီးရဲ့ရှေ့မှာ ဇာတ်ဝင်ခန်းတစ်ခုရဲ့ ဇာတ်ကောင်တစ်ဦးအဖြစ် ကပြနေရပြန်ပြီ။ လွမ်းဖို့ကောင်း ချစ်ဖို့ကောင်း။ တကယ့်ကို ရှည်လျား ငြိမ့်ညောင်းလှတဲ့ တော်လှန်ရေးအလွမ်းဇာတ် မဟာကဗျာတစ်ပုဒ်ကို သူကိုယ်တိုင် ချရေးပစ်လိုက်ရပြီပဲ။
မိုးသားတွေကင်းစင်တဲ့တမနက်မှာ သူဟာ ကဗျာတစ်ပုဒ်ရဲ့နောက်ဆုံးစာပိုဒ်ကို အော်ဟစ်ရွတ်ဆိုနေတဲ့အချိန်တုန်းကများ သူ့မျက်လုံးအိမ်တွေထဲ မျက်ရည်တွေ အိုင်ထွန်းနေခဲ့တယ်။ သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်ရွတ်ဆိုနေတဲ့ ကဗျာတစ်ပုဒ်ထက်ပိုပြီး ကွဲရှလွန်းလှတဲ့ သူ့ဘ၀ရဲ့ မြစ်ချောင်းကမ်းပါးဟူသမျှ သူ့နောက်က တ၀ုန်းဝုန်းနဲ့ ပြိုကျလိုက်လာနေတဲ့ အသံတွေကိုလည်း သူကြားနေရတယ်။ ခမ်းနားပြီး ကြွယ်ဝလှတဲ့ ဘ၀တစ်ခုရဲ့ မာယာဘုံတစ်ခုဟာ သူ့ဘ၀ပါပဲ။ ပန်းစင်္ကြာမှန်ပြောင်းလို ဘယ်လိုပဲကြည့်ကြည့် တောက်ပပြီး အရောင်စုံလှတဲ့ သူ့ဘ၀ရဲ့ ညနေဆည်းဆာများဟာလည်း သူ့ ကဗျာတွေပါပဲ။
သူက ရှိရှိသမျှ ခွန်အားဟူသမျှကို စုစည်းလိုက်တယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို မတ်မတ်ထောင်ထားလိုက်တယ်။ ပြီးတော့မှ နောက်ဆုံးကဗျာပိုဒ်ကို ရွတ်ဆိုတယ်။ လက်ခုပ်သံတွေ အော်ဟစ်အားပေးသံတွေကြားမှာ သူ့ကဗျာရွတ်သံက ဆူးလေဘုရားတစ်ဝိုက်မှာ ပဲ့တင်ထပ်နေခဲ့တယ်။
ကဗျာဆိုတာ
ကျမတို့ရဲ့ ရုန်းကန်သံပါပဲ တဲ့လား။
ဒါဆိုရင်
ငါတို့ခေတ်ရဲ့ အနုပညာပစ္စည်းတွေထဲ
အပြောင်မြောက်ဆုံးကဗျာတစ်ပုဒ်
ငါတို့ကိုယ်တိုင် ဖြစ်ခဲ့ကြပြီပဲ။
မငိုပါနဲ့ ဆွမ်လွတ်ရွယ်ဂျာ
ဒီရွာကို
ကြိုးကြာငါးရာ
နောင်နှစ်မှာ
တခါ ပြန်လာပါလိမ့်မယ်။ ။
ငြိမ်းဝေ (ကဗျာ့အိုးဝေ)
0 comments:
Post a Comment