တောင်တန်းတွေရဲ့ တဖက်မှာ
ဟိုးအဝေးကြီးအထိ မျက်စိတဆုံး မြင်နေရသော ပင်လယ် ရေပြင်ကျယ်ကြီးကို ကမ်းစပ်တနေရာမှာ ထိုင်ရင်း တွေငေးစွာကြည့်နေမိသည်။ ထိုရေပြင်ကျယ်၏ အနားသတ်မှာ ချစ်စရာ တိမ်လိပ်ဖြူဖြူတွေ စီးမိုးထားသော တောင်တန်းများကို မြူတွေကြားမှတဆင့် မှုန်မှုန်လေး မြင်နေရသည်။ ပင်လယ်ပြင်ကျယ်မှာ တည်ငြိမ်နေသော အသွင်ကို ဆောင်ကာ ပြာလဲ့နေသည်။ တောင်တန်းများမှာ ခိုင်မာသော အသွင်ကိုဆောင်ကာ မှိုင်းညို့နေကြသည်။
ကိုယ်ကြည့်နေသော ပင်လယ်ကြီးက လှပစွာ တည်ငြိမ်နေသော်လည်း ကိုယ့်စိတ်တွေကတော့ ဆန့်ကျင်ဖက်၊ ကိုယ်ကြည့်နေသော တောင်တန်းများက ခိုင်မာစွာ တည်ငြိမ်နေသော်လည်း ကိုယ့်စိတ်တွေက ဆန့်ကျင်ဖက်… အတွေးပေါင်းစုံ တွေးရင်း တစ်ယောက်တည်း ယောက်ယက်ခတ်စွာ။
ကမ်းစပ်တလျှောက် ကိုယ် လှမ်းကြည့်မိသည်။ ဘယ်သူမှမရှိ၊ ကိုယ်တစ်ယောက်ထဲပါလား ဟူသော အသိကြောင့် နဲနဲတော့ ကြောက်စိတ်ကလေး ဝင်လာမိသည်။ တချိန်ထဲမှာပင် ကိုယ့်အနားကို တစ်ယောက်ယောက် ရောက်လာသလို ခံစားလိုက်ရသည်။ ကိုယ် ဘေးဘီ ဝဲယာကို ကြည့်မိသည်။ သို့သော် ဘာဆို ဘာမှ မတွေ့။ မင်းအနားမှာ ကိုယ် အမြဲရှိနေမည် ဟူသော စကားသံကို ကြားယောင်လာသည်။ သူ… ဘယ်မှာလဲ…
သူ… တောင်တန်းတွေကို ချစ်မြတ်နိုးတတ်သူ၊ ကိုယ့်ကိုလဲ ပင်လယ်တွေနဲ့ တောင်တန်းတွေ ဘယ်ဟာကို ပိုချစ်သလဲ ဟူသော ပေါက်ပေါက်ရှာရှာ မေးခွန်းမျိုးကို မေးတတ်သူ တစ်ယောက်။ တကယ်လဲ ကိုယ်က တောင်တန်းညိုညိုတွေကို ပင်လယ်ပြာပြာတွေထက် ပိုချစ်တတ်သူ။ တောင်တန်းတွေကို တူညီစွာ ချစ်တတ်သူနှစ်ယောက်… ထိုချစ်သူနှစ်ယောက်ကို တချိန်မှာ သူတို့ချစ်သော တောင်တန်းတွေက မတွေ့ရအောင် ကာဆီးထားကြလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ကြချေ။
ဟော… ညနေစောင်းလာသည်နှင့်အမျှ လေတွေပိုပြင်းလာသလို ပင်လယ်ပြင်ကျယ်မှာလဲ ရေလှိုင်းတွေ တွေ့နေရပြီ။ ရေတက်ချိန် ဟုထင်ပါသည်။ ကိုယ် ထိုင်နေသော နေရာနားကို ရေလှိုင်းတွေ ခပ်ဖြေးဖြေးချင်း စတင်ရိုက်ခတ်လာကြသည်။ အလွမ်းတွေဖြင့် ပူလောင်နေသော ကိုယ့်ရင်ကို ဘယ်အရာကများ ငြိမ်းအေးစေမှာလဲ။ ရေလှိုင်းတွေရဲ့ အအေးဓါတ်တွေက ကိုယ့်ရင်ကို အေးမြစေနိုင်မှာလား။ အပူသက်သာလို သက်သာငြား ရေတွေထဲ ဆင်းပြီး အစိုခံကြည့်အုံးမည်။
လှိုင်းလုံးတွေ တဖြည်းဖြည်း ပို၍ ပို၍ကြီးမားစွာ ကမ်းစပ်ကို ရိုက်ခတ်လာကြသည်။ ကိုယ့်တစ်ကိုယ်လုံး ရေတွေစိုနေပြီ။ လေခပ်ပြင်းပြင်းတချက်အဝှေ့မှာ စိမ့်ကနဲ အေးသွားသော အအေးဓါတ်ကြောင့် ကိုယ် ကျေနပ်စွာ ပြုံးမိသည်။ ရင်ထဲက ပူလောင်မှုတွေ နဲနဲတော့ သက်သာသွားသလိုပါပဲ။ တဆက်တည်းမှာ ကိုယ့်အနားကို တစ်ယောက်ယောက် ရောက်လာသလို ခံစားမှုမျိုးကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။ လိုက်ရှာကြည့်တော့လဲ ဘယ်သူ့ကိုမှမတွေ့။ နေဝင်ကာစ မှောင်ရီနေသော ညနေခင်းသည် လူတွေရဲ့ စိတ်နှလုံးကို လှပသော လှည့်ဖျားခြင်းများ ယူဆောင်လာသည်လား၊ ချမ်းမြေ့သော သာယာ ကြည်နူးမှုများကို ပေးစွမ်းနိုင်သည်လား၊ စိတ်ထိခိုက်စရာ ဝမ်းနည်း ကြေကွဲမှုများကို ပေးစွမ်းနိုင်သည်လား ဘယ်အရာမှ သိပ်မသေချာလှပါ။ သေချာတာတစ်ခုကတော့ ဒီအချိန်မှာ ကိုယ် သူ့ကို လွမ်းနေသည်… ကိုယ် သူ့ကို တွေ့ချင်သည်… ကိုယ် သူ့ကို စကားတွေ ပြောချင်နေခဲ့သည်။
ပင်လယ်ပြာပြာနှင့် တောင်တန်းများကို ချစ်တတ်သူ၊ ကိုယ့်အတွက် ပင်လယ်ကြီးတစ်ခုလို ကြည်လင် ကျယ်ပြန့်သော၊ တောင်တန်းတွေလို ခိုင်မာ တည်တံ့သော ချစ်ခြင်းမေတ္တာများကို ယူဆောင်လာသူ၊ ချစ်စဖွယ် သီချင်းအေးအေးလေးတွေမှာ စီးမျော ပျော်ဝင်တတ်သူ၊ ခရီးသွားခြင်းကို နှစ်သက်တတ်သူ၊ ရောက်လေရာ နေရာတွေမှာ ရှုခင်းလှလှတွေတွေ့တိုင်း မမေ့မလျော့ ဓါတ်ပုံရိုက် ပို့တတ်သူ၊ စာတွေရေးတတ်သူ၊ ကဗျာတွေကို ချစ်တတ်သူ၊ မိုးကောင်းကင်ကို မော့ကြည့်ရင်း ကြယ်တွေကို ရေတွက်တတ်သူ၊ နံနက်စောစော နေထွက်ချိန်တွေမှာ ချစ်သူကို သတိတရ လွမ်းတမ်းတတတ်သူ၊ စိတ်နှလုံး နူးညံ့ပျော့ပျောင်းကာ ကြင်နာတတ်သူ၊ ကိုယ့်ကို အရာရာမှာ လိုက်လျော ကြင်နာ နားလည်တတ်သူ… စိတ်ထဲကနေ သူ့ကို ကိုယ့် အနားသို့ ခေါ်ယူကာ စကားများစွာ ပြောနေမိသည်။
"ဒီနေ့လား… ဘာမှ မထူးခြားပါဘူး... နေကောင်းပါတယ် ကိုကို… ထမင်းလား.. ဟင့်အင်း.. မစားဖြစ်ဖူး.. ကော်ဖီသောက်တယ်… မုန့်စားတယ်လေ… ပြီးတော့ အားဆေးလဲ မှန်မှန်သောက်ပါတယ် ကိုကိုရဲ့…"
"စိတ်မပူပါနဲ့လေ… ညက အိပ်ရေးဝအောင် ကြိုးစားပြီး စောစောအိပ်ပါတယ်.. အိပ်ရင်းနဲ့ အိပ်မက်တွေမက်တယ်... မနက် နိုးတော့ အိပ်မက်တွေကို ပြန်စဉ်းစားနေမိတယ်... ဟင့်အင်း… အိပ်မက်ထဲမှာ ကိုကို့ကို မတွေ့ပါဘူး… အဖြူရောင် နှင်းဆီပန်းတွေပဲ ပါတာ… ပြီးတော့ အိပ်မက်ထဲမှာလဲ အခုလိုပဲ ရေတွေနဲ့ နီးနီးမှာ ထိုင်နေတာလေ… ဟုတ်ကဲ့… တစ်ယောက်တည်းပဲပေါ့… "
"အမှန်ကတော့ စိတ် ကြည်ကြည်လင်လင်ရှိရင် ကိုကို့ဆီကို စာတွေရေးချင်နေတာ... အိမ်မက်ထဲမှာ တွေ့ခဲ့တာတွေကို ပြန်ရေးပြချင်တာပေါ့… နှုတ်တစ်ရာ စာတလုံးတဲ့… ဒီတော့ စာနဲ့ရေးထားနိုင်ရင် အမှတ်တရ ပိုဖြစ်မှာပေါ့ မဟုတ်ဖူးလား…"
"ပြီးတော့… စိတ်ထဲမှာ ဟိုတွေး ဒီတွေးနဲ့ ဝမ်းနည်းနေပြန်တယ်... ကိုယ့်ကြောင့် တစုံတယောက်ကို စိတ်အနှောက်အယှက်ပေးမိသလို ဖြစ်မှာ ကြောက်တယ်... ကိုယ်ပေးနိုင်တာနဲ့ ကိုယ်ပြန်လိုချင်တာ မျှတရဲ့လားလို့လဲ စဉ်းစားမိတယ်... တခါတလေကျရင်တော့ ကိုယ်ဘာတွေ လိုချင်နေတာလဲ လို့ ကိုယ့်ကိုယ်ကိုယ် ထပ်ခါတလဲလဲ မေးမိတယ်... အဖြေရပြန်တော့ ရင်ထဲကနေ အပြင်ကို ရောက်မလာနိုင်အောင် တစ်ခုခုက ပိတ်ပင် တားဆီးထားတယ်... ဖြစ်နိုင်ရင် လူတွေနဲ့ ဝေးဝေးမှာ တစ်ယောက်ထဲ တိတ်တိတ်ကလေး နေချင်တယ်... ကိုကို့ကိုလား… အင်း.. ရှိနေနိုင်ရင်တော့ အကောင်းဆုံးပေါ့… ဒါပေမယ့် မမျှော်လင့်ချင်ပါဘူး... မောတယ် ကိုကို…”
ညသည် တဖြည်းဖြည်း အမှောင်တွေ သိပ်သည်းလာပြီ။ ညမှောင်မှောင်မှာ ရေတွေစိုစိုနှင့် နေရာမှမရွှေ့ပဲ ပေတေကာ ထိုင်နေမိသော ကိုယ့်ကိုယ်ကိုယ် တော်တော်အံ့သြမိသည်။ ထိုင်နေရတာ အချိန်တွေ တော်တော်ကြာနေပြီဟု သတိထားလိုက်မိကာမှ ခြေထောက်တွေက ညောင်းညာနေကြသလို၊ ဒီလိုနှင့် တရိပ်ရိပ်တက်လာနေကြသော ရေလှိုင်းတွေကြားမှာ မတ်တပ်ရပ်ဖို့ ကြိုးစားမိသည်။ ကိုယ်ကို မတ်မတ်ရပ်နိုင်သွားသောအခါ ရှေ့ကို တစ်လှမ်း နှစ်လှမ်း လှမ်းကြည့်မိသည်။ အို… ရေတွေက ကိုယ့် ခါးလောက်နီးနီး ရောက်နေပါပြီလား… ကိုယ် အံ့အားသင့်သွားသည်။ စက္ကန့်အနည်းငယ်မျှ ထိုရေတွေထဲမှာ ငြိမ်ပြီး ရပ်နေမိသည်၊ သို့သော် နောက်တကြိမ် လှိုင်းပုတ်လိုက်သောအခါ ဟန်ချက် အနည်းငယ် ပျက်သွားသည်။ လဲကျတော့ မလိုပဲ။
ထိုစဉ် တစ်ယောက်ယောက်က ဟန်နီ.. ဟု စိုးရိမ်တကြီး လှမ်းခေါ်သံ ကြားလိုက်ရသည်။ အသံက တိုးသော်လည်း ဘယ်သူ့ အသံဆိုသည်ကို ကိုယ့်ဖာသာ သေချာနေပြန်သည်။ ထိုအသံသည် ကိုယ့် အနောက်ဖက်မှ ရောက်လာသလို ခံစားရသဖြင့် ရေတွေထဲ ရပ်နေရင်းမှပင် အနောက်ဖက်သို့ လှည့်ကြည့်မိသည်။ ဘာမှ မတွေ့ရ။ မှောင်ရီနေသော ညထဲတွင် ခပ်ဝေးဝေးမှ အုန်းပင် အုပ်အုပ်တွေနှင့် ဘန်ဂလို ပုပုလေးတွေကိုသာ အစီအရီ လှမ်းမြင်ရသည်။ တခဏကြာတော့ ထိုခေါ်သံသည် ရေတွေ တဝုန်းဝုန်းကြားမှ ဖြစ်နေပြန်သည်။ ထိုအခါ မျက်နှာကို အသံလာရာဖက်သို့ လှည့်မိပြန်သည်။ ရေတွေထဲမှာလဲ ဘယ်သူမှ ရှိမနေ။ နောက်တစ်ကြိမ်မှာ ခေါ်သံသည် ဟိုးအဝေးကြီးမှ လာနေသလို… တောင်တန်းတွေဆီမှ ပဲ့တင်ထပ်ကာ လာနေသလိုလို… အသံလာရာကို လှည့်ရှာရင်း ကိုယ် တော်တော်လေး မောဟိုက်လာသည်။ ဘာဖြစ်လို့ ခေါ်နေတာလဲ... ဒီကို လာခဲ့လိုက်လေ...။
ပီပီသသ ခေါ်နေသော အသံကို ထပ်ခါ ထပ်ခါကြားနေရပြန်သည်။ အာရုံကို စူးစူးစိုက်စိုက်ပြုပြီး ငြိမ်၍ သေသေချာချာ နားထောင်ကြည့်မိတော့ ထိုအသံသည် ဟိုး… တောင်တန်းတွေဆီမှ ဖြစ်နေသည်။ သေချာပြီ… သူသည် တောင်တန်းတွေကို မြတ်နိုးစွာ ချစ်ခင်တွယ်တာတတ်သူ တစ်ယောက်မဟုတ်လား။ အခု လောလောဆယ်မှာ ကိုယ်လုပ်သင့်သည်က ခေါ်နေသူထံ အရောက်သွားရန်သာ။ ပြီးတော့ ဤပင်လယ်ပြင်ကျယ်ကြီးက ကိုယ့်ကို ခေါ်နေသူထံ မရောက် ရောက်အောင် ပို့ဆောင်နိုင်မည်ကို နဲနဲမှ ယုံမှားသံသယ ရှိစရာမလိုပါ။ ရေလှိုင်းတွေကလဲ ကိုယ့်ကို ချစ်ခင်စွာ ကူညီကြအုံးမည်လေ။ ကိုယ် သွားရတော့မည်... ခေါ်နေသူထံ သွားမှ ဖြစ်တော့မည်... သူ ခေါ်နေရတာ မောလှရောပေါ့။
ကိုယ်... ရေတွေထဲကို တစ်လှမ်းချင်း တစ်လှမ်းချင်း ဆက်လျှောက်သွားမိသည်။ ဟုတ်တာပဲ... ရေလှိုင်းတွေက ကိုယ့်ကို စက္ကန့်အနည်းငယ်အတွင်းမှာ ခပ်ဝေးဝေးသို့ရောက်အောင် ပို့ပေးနိုင်သည်လေ။ မကြာခင်မှာ သူနှင့် တွေ့ရတော့မည်။ ကိုယ် ပျော်ရွှင်လှသည်။ သည်လိုနှင့် တောင်တန်းကြီးတွေနားကို ကိုယ် တခဏအတွင်း ရောက်သွားတော့မည်၊ ထိုတောင်တန်းကြီးတွေနားမှာ ကိုယ့်ကို နွေးထွေးနှစ်လိုဖွယ် အပြုံးတွေနှင့် ဆီးကြိုနေမည့် ကိုယ့်ကို သိပ်ချစ်သော၊ ကိုယ်ကလဲ သိပ်ချစ်ရသောသူ တစ်ယောက် ရှိနေသည်။ ဘယ်လောက်ပျော်စရာ ကောင်းလိုက်သလဲ။ မျက်စေ့ကို စုံမှိတ်၍ ထိုကြည်နူးမှုတွေကို ခံစားလိုက်မိသေးသည် ဟု ထင်ပါသည်။ ပြီးတော့ ကိုယ်… လေဟာနယ်ထဲမှာ ရောက်နေသလို၊ တိမ်လေး တစ်စလို ပေါ့ပေါ့ပါးပါးလေး လွင့်သွားသလိုပဲ။ အဲဒီ့နောက်မှာတော့ ကိုယ်… ဘာမှ မသိတော့… ဘာမှ မမြင်ရတော့… ဘာမှ မကြားရတော့ချေ။
* * * * *
ထိုအခိုက်အတန့်လေးတွင် ပိန်းပိတ်အောင် မှောင်ရီနေသော ကောင်းကင်ကြီးပေါ်ကို မော့ငေးကြည့်နေသူ တစ်ယောက်သာ ရှိခဲ့ပါက ကောင်းကင်ပေါ်မှ ကြယ်လင်းလင်းလေးတစ်ပွင့် ဟိုးအဝေးက တောင်တန်းမှိုင်းညိုညိုများဆီသို့ လွင့်ကြွေကျသွားသည်ကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရမည် ဖြစ်ပါသည်။
သက်ဝေ
၂၂ ဇွန် ၂၀၀၉
0 comments:
Post a Comment