Saturday, September 27, 2014

“ရူးလို့ပြောတယ်မှတ်ပါ”

“သည်ကမ္ဘာမှာ ယောင်္ကျားများဟာမယုံရဆုံး၊ မြက်မြက်ကလေးစားဖို့ ပလီပလာ ဥာဏ်ဆင်သုံး၊ တချို့တလေတော့ ချစ်ဖို့ကောင်းအောင်လိမ်မာတယ်။ ဒါအလွန်ပဲ ရှားတယ်။” တဲ့။

         အန်တီပုလဲကြီးကတော့“ဝင်္ကဒီပနီယောင်္ကျား” သီချင်းနဲ့ အယုံအကြည်မရှိ အဆိုတင်သွင်းလိုက်၊ “ကိုကို ယောင်္ကျားမဟုတ်ဘူး” သီချင်းနဲ့ ဆန္ဒထုတ်ဖော်ကန့်ကွက်ပွဲလုပ်လိုက်နဲ့ တို့တတွေကို “မုန်းဖို့ကောင်းတဲ့မောင်ပါကွယ်”ဆို ပေါ်တင်ကြီး နှိပ်ကွပ်သွားဖူးပါတယ်။ သူပြောလည်း ပြောချင်စရာပါပဲ။ ကိုယ်တွေကရော ယုံရလို့လားလို့ မေးရင် ကွကိုယ် ချင့်ယုံပေါ့  ညလေးတို့ညကြီးတို့ရယ်။ ကုက္ကို ကြီးတွေက မလစ်ရင် ဘာမမလုပ်ပါဘူး။ မယုံရင်လည်း မညာပါဘူး။ မိတော့လည်းတစ်ခါတည်းပါ။ အမှန်တရားဆိုတာ ချစ်သူ နားခါးမှာစိုးလို့ သကာလေးပါးပါး အုပ်ပေးထားရတာ။သိရင် သူတို့ပဲ စိတ်ဆင်းရဲနေရမယ် မဟုတ်လား။ အားလုံးကို ပျော်စေချင်တာ ကိုယ့်အားနည်းချက်ပေါ့။စေတနာတွေပါ စေတနာတွေပါ။ သို့သော်လည်းပဲ ကိုယ်တွေကိုယ်တိုင်က “ဟဲ့ ဟဲ့။ နေကြစမ်းပါဦး။ အရမ်းကြီး မယုံကြပါနဲ့ဦး။
ခဏလောက် စောင့်ကြည့်ကြပါဦး။ ဟုတ်မှ ဟုတ်ပါလေစ။” ရယ်လို့စောင့်မျှော် ကြည့်ရှု နားဆင်နေကြရသူများကတော့ မယုံလည်းပုံပြင် ယုံရင်လည်း ဒဏ္ဍာရီပဲ ထင်ကြပါ။ကိုယ်တို့ရဲ့ တိုင်းပြည်ဥသျှောင် ခေါင်ထီးဘုရားများဆီက နှုတ်ထွက်စကားများပဲ ဖြစ်ပါတယ်။

         မဲဆွယ်တုန်းကပေးတဲ့အိပ်မက်တွေကို “ပြောမိလို့လား။” လို့ မေ့ချင်ယောင်ဆောင်တာကတော့ စာမဖွဲ့လောက်ပါဘူး။ဒါ သဘာဝပဲဟာ သဘောပေါက်ပါတယ်။ အခုဟာက ကုလားထိုင်ပေါ်ရောက်ပြီးကာမှ “ဘယ်စကားတွေ ဘယ်အချိန်မှာများကိုယ်ပြောမိမှားတာလဲ။” လို့ ပြန်ပြန်မေးလာတာကိုး။ နောက်ဆုံးတော့ ကာလာမသုတ္တန်ကလေးပဲနှလုံးသွင်းနေရတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ မြင်ရဖတ်ရရုံနှင့်လည်း မယုံလင့်။ ဖိုတိုရှော့ကြီးတွေနှင့်ညားတတ်သည်။ ဂျာနယ်တွေထဲမှာ ပါရုံမျှနှင့်လည်း မယုံလင့်။ ရောင်းကောင်းအောင် လိုတိုးပိုလျှော့လုပ်၍ဖွတတ်သည်။ နိုင်ငံခြားသတင်းဌာနကြီးတွေမှာ တွေ့ဆုံမေးမြန်းခန်းတွေ ပါလာရုံမျှနှင့်လည်းမယုံလင့်။ ဘယ်သူက မုန်လာဥလုပ်ပြီး ဘယ်သူက အုန်းကျွန်းလုပ်သွားမှန်း ဝေခွဲမရဖြစ်တတ်သည်။နောက်ပိတ်ဆုံး ၈ နာရီသတင်းထဲ နားနှင့်ဆတ်ဆတ် ကြားလိုက်ရတာတောင် အချိန်လေးဘာလေးစောင့်ပြီးမှယုံရတယ်ဗျ။ ပြေတီဦးကြီး အကယ်ဒမီရတဲ့ညက ကျုပ်တို့လစာတွေ သုံးဆလောက်တိုးပြီမှတ်ပြီးအကြွေးတွေယူထားမိတာ အခုတော့ တစ်နှစ် ၂၀၀၀၀ နဲ့ အတိုးတောင် မဆပ်နိုင်ဘူး။ နှုတ်တစ်ရာစာတစ်လုံးမို့ စာနဲ့ပေနဲ့ထွက်ထားတဲ့ ပြောင်းမိန့်ရွှေ့မိန့်များတောင်မှပဲ ငါ့နေရာ လူလာပြီလေဆိုအထုပ်ပြင်ထားလို့မရဘူး။ မလာချင်လို့ ခရီးဝေးတယ်ထင်ရင် နောက်တစ်ပါတ်လောက်ဆို လွှမ်းခြုံပလိုက်ကြရော။ငါးမှန်းဖားမှန်းသိချင် အချိန်ကိုစောင့်ရတယ်။ မစောင့်နိုင်လို့ အောလိုက်မိတဲ့သူတွေရှမ်းဘုရားပွဲ ဂလုံးဂလုံးဆွဲလို့ ပြောင်သလိုပြောင်ကုန်ပြီ။ မယုံရင် ယူကေမှာ မြေဝယ်ထားတဲ့သူတွေကိုမေးကြည့်ပါလား။ (Upper Khanaungto ကို ပြောတာနော်)

         ကိုယ်တို့ကတော့ခံရပေါင်းများလို့ အထာနပ်လာပြီ။ တော်ရုံတန်ရုံဟာဆို ကိုယ်မသိပဲနဲ့ စိတ်လက်မာန်ပါ မပြောမိအောင်သတိထားတယ်။ အဖြူအမည်း သဲကွဲအောင် ခဏစောင့်ကြည့်တယ်။ အဲ့ဒါကြောင့် ဘဘငှက်ကဥကြီးက “နင်တို့ကျန်းမာရေးဘတ်ဂျက်တွေကလည်းဟိုလူဝင်နှိုက် သည်လူဝင်နှိုက်နဲ့ ပွဲခင်းထဲ ဆီးသီးဗန်းမှောက်ကျတာ ကျနေတာပဲ။” လို့ ပြောတဲ့အခါ“ဆော်ဘီတော့” လို့ ကွကို သဘောပေါက်လိုက်သော်ငြားလည်း ဝင်တော့ မပြောမိပါဘူး။ ဟုတ်ချင်လည်းဟုတ်မှာပေါ့။ သူတို့က မြွေမြွေချင်း ခြေမြင်တယ်လေ။ ကိုယ်တွေငတ်နေတိုင်း ဘယ်သူမှ မစားရဘူးလို့ဘယ်ပြောနိုင်မလဲ။ ပထမဦးဆုံးကတော့ သူပြောတာ ဟုတ်ရဲ့လား။ ဘယ်တုန်းက ဘာကိုအကြောင်းပြုပြီးတော့သည်စကားမျိုး ပြောသွားတာလဲ လိုက်ရှာဖတ်ရတာပေါ့။ ပြောတဲ့သူကပြောလို့ ပြန်ပက်တဲ့သူက ပက်ပြီးပေမယ့်လည်းကိုယ်ကတော့ ပြောသွားတာ မလွန်ဘူးလို့ ကိုယ့်ဘာသာ မြင်တာတွေ့တာလေးတွေကနေ သုံးသပ်မိတယ်။ဆန်ခိုးမမိ ဖွဲခိုးမိတာပဲဖြစ်ဖြစ် ခိုးတာချင်းတော့ အတူ မဟုတ်လား။ ကိုယ့်ရှိတဲ့ အပြစ်ကိုသူများတွေက ကိုယ့်ထက်ဆိုးပါတယ်လို့ သေဖော်လိုက်ညှိနေရုံနဲ့ စင်ကြယ်မသွားဘူး။ ကျန်းမာရေးလို့အော်လိုက်တိုင်း ဆရာဝန်တွေချည့်ပဲ ပြည်တော်သာနေကြတာ မဟုတ်ဘူး။ ဆေးရုံဆောက်တာ ဆရာဝန်တွေမဆောက်ဘူး။ ဆေးဝါးစက်ကိရိယာတွေ တင်ဒါကိစ္စ၊ ဆရာဝန်တွေချည့်ပဲ စီမံနေတာ မဟုတ်ဘူး။ ကိုယ်မသိနိုင်တာတွေအများကြီး ရှိတယ်။ အလကားနေ လာမထိနဲ့ ဂါမဏိ ဖာကာထေးကာ ကာကွယ်နေရုံနဲ့ မပြီးဘူး။

          သူပေးတဲ့ဥပမာကိုကိုယ်ကတော့ သဘောကျမိတယ်။ ဟုတ်တယ်။ ဆီးသီးဝေတာ မဟုတ်ဘူး။ ဆီးသီးဗန်းမှောက်တာ။ ဟိုလူနင်းသည်လူနင်းနဲ့ ဘယ်သူမှ မစားရပဲ ခြေနင်းဖတ်ရောက်ကုန်တဲ့ ဆီးသီးတွေက ပိုများတယ်။ တချို့သောစက်ပစ္စည်းကိရိယာကြီးတွေဟာ ကြောက်စရာကောင်းလောက်အောင်
ဈေးကြီးတွေပေးရသလောက် ရက်လအနည်းငယ်အကြာမှာချွတ်ယွင်းမှုတွေဖြစ်လာရင် ပြုပြင်ပေးမယ့် အာမခံချက် မပါဘူး။ တပ်ဆင်သူ ကုမ္ပဏီများကလည်းစက်ခလုတ်နှိပ် ဖွင့်လှစ်ပေးရုံလောက်ပဲ အားတက်သရော လုံးပန်းတယ်။ မိန်တိန်းနန့်စ်ဆိုတာသူတို့ကုမ္ပဏီမှာတောင် အဲ့ဌာနဖွင့်ထားရဲ့လား မသိဘူး။ နောက်ဆုံးတော့ အရင်ဟာပဲ ကောင်းပါတယ်ဆိုအဟောင်းနဲ့ ပြန်စခန်းသွားနေရတာပေါ့။ (နယ်စပ်ဆေးရုံက ဓါတ်မှန်စက်အသစ်ကြီးအကြောင်း ရေးခဲ့ဖူးတယ်။သိချင် ဝယ်ဖတ် တစ်အုပ်တစ်ကျပ်။) ဘယ်နေရာမှာ ဘာတွေဖြစ်နေသလဲဆိုတာ အထက်လူကြီးတွေက ကိုယ့်ထက်ပိုပြီးသိဖို့တာဝန်ရှိတာမို့ ညောင်မြစ်တွေ ဆက်မတူးတော့ပါဘူး။ သူတို့ဟာသူတို့ သိပစေတော့။ ထောင်ထဲမှာညညအော်ရတဲ့ “… အားလုံးကောင်းပါသည် ခင်ဗျား။” ကိုပဲ ယုံတယ် ကြားချင်တယ်ဆိုလည်း သဘောပေါ့။

           ကိုယ့်ဝမ်းနာကိုတာတိ မို့လို့ အပိုင်းတစ်တုန်းက အသာလေးရေငုံနေလိုက်မိတာ ဘာမှမကြာလိုက်ဘူး။ အပိုင်းနှစ်ထွက်လာတယ်။ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ မိမိတို့ မြို့နယ်ရပ်ရွာ အသီးသီးမှာ ဆေးရုံ၊စာသင်ကျောင်း၊ ဆေးပေးခန်းအဆောက်ဦများကို ကျူစီဝင်ပြီးတဲ့နောက် စံချိန်စံညွှန်း မမီသည်များကိုတင်ပြရမယ်တဲ့ဗျ။ ခွတော့ကျကုန်ပါပြီ။ ခက်လိုက်တာနော်။ ဘယ့်နှယ်ပြောရမှန်းကို မသိဘူး။ရှင်ချင်တယ် ရှင်ချင်တယ်။ ဟွာလေ။ ဘတ်ဂျက်တွေ အများကြီးချပေးတယ် ဆိုတာလည်း ဟုတ်ပါတယ်။ဘယ်ဆေးရုံ ဘတ်ဂျက်ဘယ်လောက် ကျတယ်ဆိုတာလည်း အဲသည်ဆေးရုံက ဆရာဝန်တွေထက် သက်ဆိုင်ရာ ကိုယ်စားလှယ်တော်ကြီးတွေကအရင်သိကြပါတယ်။ သူတို့တတွေလည်း မကြာခဏဆိုသလို ဆေးရုံကိုလာပြီး တည်ဆောက်ရေးလုပ်ငန်းတွေကို ကိုယ်တိုင်စောင့်ရှောက်ကြည့်ရှုပါတယ်။ အဆောက်အဦသစ်တွေ အုတ်တံတိုင်းအသစ်တွေကိုလည်း သူတို့ကိုယ်တိုင်ဝင်မလုပ်ရုံတမယ် ယောက်ဖသားမြေးများနဲ့ စေတနာရှေ့ထား တတပ်တအားဆောင်ရွက်ကြပါတယ်။ စိတ်ကလည်းအင်မတန်ရှည်တာ။ တစ်မိုးကုန်လို့ ဆောက်သစ်စကလေးတွေ ရေစုန်မျောကုန်ခဲ့ရင်လည်း သူတို့ပဲပြန်ဆောက်ကြတာပါ။ (နောက်ထပ်ဘတ်ဂျက်နဲ့ပေါ့လေ) အခု အဲ့လူတွေကို သူတို့လုပ်တာ သူတို့(သွသူပေါ့လေ သွသူ) ကျူစီပြန်ဝင်ခိုင်းမလို့လား။ အောဒစ်ဝင်ခိုင်းမလို့လား။ အားနာစရာကြီး။မျက်နှာပူစရာကြီး ဘရယ်။ သားတို့ဖြင့် သူတို့မျက်နှာ ဘယ်လိုကြည့်ရမှန်းတောင် မသိတော့ဘူး။ငယ်ငယ်တုန်းက ပဒကုသလဇာတ် ကြည့်ရသလိုပဲ။ ရှင်ဘုရင်ကြီးက “သန်လျက်ဘယ်သူခိုးသလဲ သန်လျက်ဘယ်သူခိုးသလဲ”ပဲ မေးနေတယ်။ သည်က ပွဲကြည့်ရင်းနဲ့ သိနေပြီ။ ဇာတ်စင်ပေါ်တက်ပြီး “ဘိုးတော်ကလည်း သိသားနဲ့။လူဆိုး။” လို့ မျက်စောင်းလေးထိုးပြီး ပြောချင်လိုက်တာ။

           စေတနာနဲ့ပြောတဲ့စကားဆိုတာနားဝင်ခါးလည်းပဲ သူက ကောင်းစေချင်လို့ ပြောတာပဲလေဆို နာခံမှတ်ယူလိုက်ရင် နှစ်ဦးနှစ်ဘက်အကျိုးရှိသတဲ့။ ကိုယ်တို့လည်း ဘဘကြီးပြောတဲ့ စေတနာစကားများကို နာယူမှတ်သား ပွားများပြုပြင်ကြတာပေါ့ကွယ်။ဘဘကြီးလည်း မောင်စံဖားကလေး စေတနာနဲ့ပြောတာကို ခွင့်လွှတ်နော်။ စိတ်မဆိုးရဘူး။ လူကြီးဆိုတာခွင့်လွှတ်တတ်ပြီးသား မဟုတ်လား။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့၊ အကျင့်ပျက်ခြစားမှုပပျောက်ရေးတို့ ကော်မရှင်ကြီးတွေ ဖွဲ့တဲ့အခါ သားသားစောနပြောတဲ့ ကွကိုတို့၊ သွသူတို့၊ကိုယ့်ချင်းကိုယ့်ချင်းတို့၊ ဘော်ဒါကဏ္ဍတို့ နွယ်လာရင် သားသားလိုပဲ မျက်နှာတွေပူနေ အားနာနေရမှာစိုးလို့ပြောတာပါ။ တကယ်လို့များ နောက်အစိုးရတက်လာလို့ ဘတို့စေတနာရှင် လူမှုရေးအသင်းကြီးလို့နံမည်တပ်ခဲ့တဲ့ဟာကြီးတွေချည့်ပဲ လွှတ်တော်ထဲဝင်ထိုင်ကြမယ်ကြံရင် အဲသည် ကွကို၊ သွသူ ပြသနာတွေနဲ့သန်လျက်ပျောက်ရှာနေရဦးမှာ သိလား။ အတိုက်အခံဆိုတာ ဘယ်လောက်ပဲ မုန်းမုန်း၊ မရှိလို့တော့မဖြစ်ဘူးလို့ သဘောပေါက်ထားသင့်ပါတယ်။ အတိုက်အခံ အားနည်းတာနဲ့ အာဏာရှင်စံနစ်ကို အလိုလိုပြန်ရောက်သွားမှာ လို့လည်း သိစေချင်တယ်။ တကယ်တော့ ကိုယ့်အရည်အသွေးကို ထက်မြက်လာစေချင်ရင်အတိုက်အခံကောင်း မွေးမြူပေးရမယ် မဟုတ်ဘူးလား။ သည်မိန်းမ မရှိမှ အေးမယ် လို့ တွက်တာမှားတယ်။ သူသာမရှိရင် ထင်ရာစိုင်းသူအချင်းချင်း ပဒိုင်းသီးကျွေးတာ ခံရတတ်တယ်လေ။ မေ့သွားပြီလား။

           စိတ်လိုက်မာန်ပါဆန္ဒစောသူတချို့က ရိုက်တာမှာ အင်တာဗျူးပါလာတာနဲ့ “ဖွတ်ထွက်မှ တောင်ပို့မှန်း သိတော့တယ်”ဆိုပြီး ယူကျုံးမရ အပူလုံးကြွကြပါတယ်။ NLD ကြီးတော့ နှစ်ခြမ်းကွဲပါပြီဆိုပြီး ပွဲခံမလို့ဆန်ချင်နေတဲ့သူတွေကလည်း မနည်း။ “တွေ့ပြီ မဟုတ်လား။ ဒင်းတို့ပါတီမှာ ဘွားတော်ကလွဲလို့ဆက်ကင်းမန်းမရှိတာ တစ်ကမ္ဘာလုံး သိကုန်ပြီ” လို့ လက်ခမောင်းထခတ်တဲ့သူတွေလည်း ခတ်တာပေါ့။လူတွေ လူတွေ။ ပြိန်းလိုက်ကြတာများ။ သည်တစ်ခါတော့ နိုင်ငံခြား သတင်းဌာနကလူတွေပါ အပြိန်းဓါတ်ကူးကုန်ပြီ။နေစမ်းပါဦး။ ၂၀၁၅ မှာ အမေစုမှ ရွှေမအုနိုင်ရင် ကမ္ဘာကြီးပျက်သွားမှာမို့လား။ သူ့ဘဝကြီးကကိုယ့်တိုင်းပြည်အနာဂတ်ကြီးကို ရွှေကုလားထိုင်ကြီးပေါ်ရောက်မှပဲ စီမံနိုင်မှာ မို့လား။ဒါဖြင့်ရင် ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်ကြပါ။ အခုရွှေကုလားထိုင်ပေါ်ကလူကြီးက စာဖတ်နေသူကြီးရဲ့လမ်းညွှန်မှုမပါပဲ သူ့သဘောနဲ့သူ (သွသူလေ သွသူ) ထင်တိုင်းကြဲခဲ့ဖူးတာ ရှိလို့လား။ သူပြောသမျှကိုရောသူ့ပါတီကလူတွေတောင် မြေဝယ်မကျ နားထောင်ရဲ့လား။ သည်ဇာတ်လမ်းမျိုးလောက်ဖြင့် တို့မေကြီးကမကတတ်စရာ ရှိပါ့မလား။ သူများဇာတ်ကမင်းသား အောက်ကျခံစရာ မလိုပေါင်။ ဇေယျာသော်လောက် ကောက်တင်လိုက်ရင်တောင်ပွဲပြတ်တယ်။ ဟစ်ဟော့ဆိုတဲ့ညီလေးက ကျန်းမာရေး မကောင်းဘူးဆိုရင်လည်း မောင်စံဖားလေး မင်းသားတင်လေ။စေလိုရာစေ။ မေမေ ပေးစားတဲ့သူနဲ့ပဲ ယူပါ့မယ်။ ခေါင်းပေါင်းနဲ့လည်း လိုက်ပါတယ်။ မယုံမင်္ဂလာဆောင်တုန်းက ပုံကြည့်မလား။ တစ်ဆွေလုံးတစ်မျိုးလုံး မပုတင်ကိုင်ထားတာ။ စစ်ကြောင်းနဲ့ငှက်ဖျားလိုက်ကုဖူးလို့ စစ်ရေးအတွေ့အကြုံလည်း ရှိတာပေါ့။  နောက်ကွယ်ကသာ ကြိုးကိုင်လိုက်စမ်းပါ မယ်မယ်။ အဲ့ဒါပလန်ဘီပဲ။ မှတ်ပလား။
(ဤတွင် အကောင်းမှတ်၍ လိုက်ဖတ်နေသောသူများ အရူးက အရူးလုပ်ခံရလေသတည်း။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...