Sunday, September 14, 2014

မြို့မငြိမ်းကို ဤသို့ ...

ဂီတနဲ့ ပတ်သက်ရင် အများနဲ့ မတူ ကြိုးပမ်းလုပ်ဆောင်တတ်တဲ့ ဆရာငြိမ်းဟာ
ပင်ပန်းတဲ့ဒဏ်တွေကြောင့် ဦးနှောက်သွေးကြောတွေ တင်းလာပါတယ်။
ခဏလောက် အနားယူဦးမယ်ပြောပြီး ဆရာငြိမ်း အနားယူခဲ့ပါတယ်။ အနားယူချိန်မှာ 
ဆရာငြိမ်းအသက် ၄၀ ကျော်ဘဲ ရှိပါသေးတယ်။ စီးပွားရေးသမား ဓာတ်ပြားကုမ္ပဏီ
ပိုင်ရှင်တွေရဲ့  သဘောသဘာဝကို ဆရာငြိမ်း ကောင်းကောင်းနားလည်သဘောပေါက်
နေတာ ကြာခဲ့ပြီဖြစ်ပါတယ်။ သီချင်းရေးဆရာတယောက်အနေနဲ့  ဂီတအနုပညာကို
မြတ်နိုးစိတ်နဲ့ သည်းခံနေရတဲ့ဘ၀ကို ဆရာငြိမ်း စိတ်ကုန်ခန်းနေတာ ကြာပါပြီ။

“ဘဘ ဒီတခါ ဇာတ်ညွှန်းဘဲရေးစားတော့မယ် သမီးရယ်။ သူတို့ က ဘဘခေါင်းကို
ဖြတ်ပြီးလိုချင်နေကြတယ်။ ဘဘ တကိုယ်လုံးမှာလည်း ခေါင်းဘဲအဖိုးတန်တာ
မဟုတ်လား”လို့  ပန်းချီပေါ်ဦးသက်ရဲ့ ဇနီးဖြစ်သူ သမီးကြီးဒေါ်တင်ကြည်ကို နှုတ်က
ဖွင့်ဟပြီး ညည်းညူခဲ့ပါတယ်။ လောကကြီးကို ဆရာငြိမ်း စိတ်ပျက်ငြီးငွေ့ နေတာ
သိသာလှပါတယ်။ လောကကြီးမှာ ပျော်ပိုက်နေတဲ့ အနုပညာသည်တယောက်
ဆရာငြိမ်းမဟုတ်ခဲ့တာ သေချာလှပါတယ်။

အဲဒီလို အိမ်မှာအနားယူနေရင်း ၁၉၅၅ ခု၊ စက်တင်ဘာလ၊ ၁၄ ရက်မှာ ဇနီးသည်
ဒေါ်သန်းမေ အိပ်ပျော်နေတုန်း အိမ်ကနေ ဆရာငြိမ်း အသာလေးထွက်လာခဲ့ပါတယ်။
ဘာကြောင့် ညဘက်ကြီးမှာ ဆရာငြိမ်း အိမ်ကထွက်လာခဲ့တာလဲ။ ဘယ်သူမှမသိပါ။
ဆရာငြိမ်းရဲ့ စိတ်တွေ မူမမှန်တော့ပါ။ ရွာဟိုင်းဈေးနားက မိုးအလင်းဖွင့် လက်ဖက်ရည်
ဆိုင်ကို ဆရာငြိမ်းရောက်လာပြီး ကော်ဖီတခွက်သောက်ပါတယ်။ စီးကရက်တလိပ်
ဝယ်လိုက်ပါသေးတယ်။ နောက်တော့ ရွာဟိုင်းသုသာန်ဘက်ကို ထွက်သွားပါတယ်။
ဆရာငြိမ်းလာနေကျကိုသိတဲ့ သင်္ချိုင်းစောင့်ကြီးက အဲဒီနေ့ မှာမရှိပါ။ 
ဆရာငြိမ်းကိုမသိတဲ့ သင်္ချိုင်းစောင့်ကြီးရဲ့ သားက တရားမ၀င်လက်နက်ဝှက်ဖို့ လာတဲ့ 
လူဆိုးဖြစ်နေမှာစိုးလို့  ဆရာငြိမ်းကိုထွက်သွားဖို့  နှင်ထုတ်လွှတ်လိုက်ပါတယ်။

“ငါ တရုတ်တန်းက စာရေးဆရာပါကွ”လို့  ဆရာငြိမ်းက လှမ်းပြောလိုက်ပါသေးတယ်။
အကာလ ညအခါကြီးမှာ နိုင်ငံကျော်သီချင်းရေးဆရာတယောက်ကို 
ဘယ်သူဘယ်ဝါမှန်းမသိတဲ့ သင်္ချိုင်းကလူတယောက်က နှင်လွှတ်လိုက်တာ 
ဝမ်းနည်းဖို့ တော့ ကောင်းပါတယ်။ 

ဆရာငြိမ်း ထွက်သွားပါတယ်။ အေးချမ်းငြိမ်သက် နားခိုစရာနေရာ ရှာမတွေ့ သေးပါ။
ဒီလိုနဲ့  နောက်တနေ့  စက်တင်ဘာ ၁၅ ရက် ရောက်လာပါတယ်။ နေ့ သစ်တနေ့ 
ကူးပြောင်းလာပါပြီ။ ဆရာငြိမ်းအဖို့  နေ့ သစ်နဲ့ နေ့ ဟောင်းက ဘာမှ မထူးခြားပါ။
လောကကြီးရဲ့  ဖြစ်နေကျ သဘာဝတရားဘဲ ဖြစ်ပါတယ်။ စိန်ပန်းသံလျက်မှော်
အနောက်ပိုင်း တက်သေးအင်း တရုတ်သင်္ချိုင်း မြောက်ဘက်နားက မြေလမ်းကလေး
ဘေးရှိ တမာပင်ရိပ်အောက်က ၀ါးကွပ်ပျစ်ကလေးပေါ်မှာ ဝေလီဝေလင်းကတည်းက
ရည်ရွယ်ရာမဲ့ ဆရာငြိမ်းထိုင်နေပါတယ်။ ဖိနပ်ကို ကွပ်ပျစ်ဘေးနားမှာ ချွတ်ထားပါ
တယ်။ လုံးဝပြန်မစီးတော့မယ့် သင်္ကေတလား ဆရာငြိမ်းရယ်။ အနီးအနားကလူတွေ
မြင်တွေ့ ကြပေမယ့် ဆရာငြိမ်းကို ဘယ်သူဘယ်ဝါမှန်း မသိကြပါ။  မနီးမဝေးမှာ
အုတ်ဖုတ်တဲ့ သစ်စက်တွေရှိပါတယ်။

မနက် ၈ နာရီခွဲလောက်မှာ မြို့ ထဲအုတ်တွေဖုတ်ပြီး ပြန်လာတဲ့ ကားတစီးဟာ
စိန်ပန်းလမ်းကနေ တောင်ဘက်ကို ချိုးကွေ့ ပြီး အုတ်စက်ရှိရာလမ်းအတိုင်း မောင်းနှင်
လာနေပါတယ်။ ဆရာငြိမ်းနားထဲမှာ ကြားနေရတဲ့ကားသံဟာ ကားသံမဟုတ်တော့ပါ။
ဂီတသံစဉ်တွေ ဖြစ်ကုန်ကြပါတယ်။ စာရွက်ပေါ်မှာရေးထားတဲ့ “တိမ်လွှာမို့ မို့ လွင်”
သီချင်းစာသားပေါ်က ဂီတသင်္ကေတတွေဟာ မော်တော်ကားစက်သံနဲ့ အတူ
အသက်ဝင်ပြီး ခုန်ပျံထွက်လာကြပါတယ်။ သာယာတဲ့ ဂီတသံစဉ်တွေဟာ ကြမ်းတမ်း
ခက်တရော်လှတဲ့ မော်တော်ကားစက်သံတွေနဲ့ အတူ ရောထွေးကုန်ကြပါတော့တယ်။ 
ဆရာငြိမ်းက လက်သီးကို ဆုပ်ကိုင်လိုက်ပြီး သူ့ ရဲ့ ပေါင်ကို ထုထုနေပါတယ်။ 
ဘာသင်္ကေတမှန်း မသိပါ။ ပေါင်ပေါ်ကို ထုထုနေတဲ့ လက်သီးဆုပ်တွေဟာ 
နီးကပ်လာနေတဲ့ မော်တော်ကားစက်သံကို သင်္ကေတပြုပြီး ဖိတ်ခေါ်သလို 
ဖြစ်နေပါတယ်။ ဆရာငြိမ်းရဲ့ စိတ်တွေဟာ ကစဥ့်ကလျားဖြစ်နေပါတော့တယ်။ 
ဆောက်တည်ရာ မရတော့ပါ။ ဘယ်ဟာက ဂီတသံစဉ်၊ ဘယ်ဟာက မော်တော်ကား
စက်သံဆိုတာ ခွဲခြားလို့ မရတော့ပါ။ တဖြည်းဖြည်းနဲ့ နီးလာနေတဲ့ မော်တော်ကားဟာ 
ဆရာငြိမ်းထိုင်နေတဲ့ ၀ါးကွပ်ပျစ်ရှေ့ တည့်တည့် ရောက်လို့ နေပါပြီ။

ဆရာငြိမ်း ဘာကိုမှ မစဉ်းစားတော့ပါ။ ရုတ်တရက်ဘဲ ထပြေးပြီး သူ့ ရှေ့ က 
ကားဘီးအောက်ကို ပြေးဝင်ခေါင်းထိုးခံလိုက်ပါတယ်။ အဖြစ်အပျက်တွေက မြန်ဆန်
လွန်းလှပါတယ်။ “ဟာ”ခနဲသံတွေ ပြိုင်တူထွက်ပေါ်လာပါတယ်။ တမလွန်ဘ၀ကို
ကူးပြောင်းသွားတာ မြန်ဆန်လိုက်တာ ဆရာငြိမ်းရယ်။ ဆရာငြိမ်းရဲ့ ဖိနပ်က
ချွတ်ထားခဲ့တဲ့အတိုင်း ကွပ်ပျစ်ဘေးမှာရှိနေပြီး ဆရာငြိမ်းကတော့ ကားဘီးအောက်
သွေးအိုင်ထဲမှာ ခွေခွေကလေး မလှုပ်မရှက် ရှိနေပါတယ်။ 

ဆရာငြိမ်း ဘာကိုမှ မသိတော့ပါ။ ဂီတသံစဉ်တွေကို မသိတော့ပါ။ သီချင်းတွေကို
မသိတော့ပါ။ ဇနီးသားသမီးတွေကို မသိတော့ပါ။ တန်ဖိုးကြီးလှတဲ့ ဆရာငြိမ်းရဲ့ 
ဦးခေါင်းကို လိုချင်ကြသူတွေလည်း ယူလို့ မရကြတော့ပါ။ လောကကြီးကို ဆရာငြိမ်း
အနိုင်ယူသွားခဲ့ပါပြီ။

ချီးကျူးလေးစား တန်ဖိုးထား ဂုဏ်ယူရပါတယ် ဆရာငြိမ်း။

ကြေကွဲဝမ်းနည်း နှမျောမဆုံးဖြစ်ရပါတယ် ဆရာငြိမ်း။

မောင်ညီညွတ်

(News Watch ဂျာနယ် အတွဲ ၉၊ အမှတ် ၁၇ တွင်ပါရှိသော မောင်ညီညွတ်၏
“ဆရာမြို့ မငြိမ်းရဲ့  နောက်ဆုံးနေ့  ဆရာမြို့ မငြိမ်း ကွယ်လွန်ခြင်း ၅၉ နှစ်မြောက်
အမှတ်တရ”မှ ထုတ်နုတ်ဖော်ပြပါသည်။ ပုံမှာ မြို့မငြိမ်း (၁၉၀၉ - ၂၀၀၉) ရာပြည့် 
ဂုဏ်ပြုပွဲကို မြို့မတူရိယာအသင်းတိုက် (မန္တလေး)ရှေ့၌  ၃၀. ၁၂. ၂၀၀၉ ရက်တွင်
ကျင်းပစဉ်က ဝေငှခဲ့သည့် လက်ကမ်းစာစောင်ဖြစ်ပါသည်)

ဂီတနဲ့ ပတ်သက်ရင် အများနဲ့ မတူ ကြိုးပမ်းလုပ်ဆောင်တတ်တဲ့ ဆရာငြိမ်းဟာ
ပင်ပန်းတဲ့ဒဏ်တွေကြောင့် ဦးနှောက်သွေးကြောတွေ တင်းလာပါတယ်။
ခဏလောက် အနားယူဦးမယ်ပြောပြီး ဆရာငြိမ်း အနားယူခဲ့ပါတယ်။ အနားယူချိန်မှာ
ဆရာငြိမ်းအသက် ၄၀ ကျော်ဘဲ ရှိပါသေးတယ်။
စီးပွားရေးသမား ဓာတ်ပြားကုမ္ပဏီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...