Tuesday, April 8, 2014

X, Y မသိကိန်းများ

X, Y မသိကိန်းများ

April 7, 2014 at 1:28am
၁။

တစ်ခါတုန်းက လူ (၂) ဦး ရှိတယ်။ လူတစ်ဦးကို မသိကိန်း X လို့ သတ်မှတ်နိုင်ပြီး ကျန်တဲ့ တစ်ဦးကို Y လို့ သတ်မှတ်နိုင်ပါတယ်။ X ဟာ သူ့ပုံစံအတိုင်း အမြဲတမ်း လောကကြီးကို ကြတ်ခြေခတ်အဖြစ် ရှုမြင်လေ့ရှိပြီးတော့ Y ကလည်း သူ့ပုံစံအတိုင်း ခြေထောက် တစ်ချောင်းပဲ ထောက်ထောက်ရပ်ပြီး လက်နှစ်ဖက်လုံးကို မြှောက်ထားလေ့ရှိတယ်။ ဒီနေရာမှာ Y ဟာ လက်နှစ်ဖက်ကို မြှောက်ရတာက အရှုံးပေးနေသလိုနဲ့ တကယ်တမ်းတော့ အားလုံးကို ဖမ်းဆုတ်ပြီး သူ့စိတ်ထဲကို ထည့်နေတာလည်း ဖြစ်ပါတယ်။ ထားလိုက်ပါတော့။


X နဲ့ Y ဟာ လူတွေ အခေါ်အဝေါ်အရ သူငယ်ချင်းလို့ သတ်မှတ်လိုက်နိုင်တဲ့ အစုအဝေး ဖြစ်တယ်။ X နဲ့ Y ဟာ အရက်ဆိုင်တစ်ခုမှာ စတွေ့ခဲ့ကြတာပါ။ သူတို့ အသက်တွေက မတိမ်းမယိမ်းလို့ ဆိုလို့ရတယ်။ X ဟာ မသိကိန်း တစ်ခုခုကို အမှားအဖြစ် ယူဆနေချိန်မှာ Y ဟာ အဲဒီ မသိကိန်းကို သူ့လက်တွေနဲ့ ဖမ်းဆုတ်ပြီး ရင်ထဲကို ထည့်လိုက်ပြီးပြီ။ အဲဒီအထိ အဆင်ပြေနေသေးပေမယ့် X ဟာ တစ်ရက် Y ကို ပြောလာတယ်။

“မင်း မညောင်းဘူးလားကွ

အမြဲတမ်း ခြေထောက် တစ်ချောင်းပဲ ထောက်ပြီး ရပ်နေတယ်

ငါ့လို နှစ်ချောင်း ထောက်ပါကွ”

Y က ငြင်းတယ်။

“မညောင်းပါဘူး

လောကကြီးမှာ ခြေထောက် တစ်ချောင်းတည်းလည်း

ထောက်လို့ရပါတယ်”

X က ပခုံးတစ်ချက်တွန့်ပြီး ခေါင်းခါတယ်။

“မဟုတ်သေးဘူးလေ

အဲလိုထောက်နေရင် တစ်ချိန်ချိန်မှာ

မင်းလဲမှာပဲ”

X ပြောလည်း မရပါဘူး။ Y ကတော့ ထုံးစံအတိုင်း ခြေတစ်ချောင်းထောက်ပြီး လက်တွေကို မိုးပေါ် မြှောက်ထားတာပေါ့။

အဲလိုနဲ့ပေါ့ တစ်ရက်မှာ X နဲ့ Y မူးကြတယ်။ အဲဒီနေ့က ကြယ်တွေ မရှိဘူး။ မိုးတွေတောင် ရွာနေသေးတယ်။ ရွာကျနေတဲ့ မိုးတွေကို Y က ထုံးစံအတိုင်း လက်တွေမြှောက်ပြီး ရင်ဘတ်ထဲ ထည့်နေတယ်။ X က ရယ်တယ်။ Y က X ရယ်တာကို သဘောမကျဘူး။

“မင်းက ဘာလို့ ရယ်တာလဲ”

“အော် .. ဘာရယ် မဟုတ်ပါဘူး

မင်းအရာတိုင်းကို ရင်ဘတ်ထဲ ထည့်ဖို့ အဆင်ပြေပါ့မလား

ရင်ဘတ်တွေက လေးလံလာတိုင်း

မင်းအားပြုထားရတဲ့ ခြေထောက်တစ်ဖက်ကလည်း

မင်းကို ဒုက္ခပေးနိုင်တယ်ဆိုတာ မင်းသိရဲ့လား”

Y က မိုးရေတွေကို ကြည့်ပြီး ပြောတယ်။

“မိုးရေတွေက သန့်ရှင်းပါတယ်ကွ

လူတွေလည်း ဖြူစင်ဖို့လိုတယ်

ငါလည်း လူတိုင်းကို ဖြူဖြူစင်စင် ပေါင်းခဲ့တယ် သူငယ်ချင်း”

X က ထုံးစံအတိုင်း ငြင်းတယ်။

“လိုအပ်လို့လား

အားလုံးအဖြူဆိုရင် ပျင်းစရာကြီးကွ

ဖြူစင်တယ်ဆိုတာရော၊ ဖြူစင်ချင်ပါတယ်ဆိုတာရောကိုက

မရိုးသားမှုတွေ ပါတယ်

လူတိုင်း ရိုးသားဖို့ပဲ လိုတယ်လို့ ငါမြင်တယ်

ဖြူစင်စရာမလိုပါဘူး တစ်ယောက် တစ်ရောင်ပေါ့ကွာ

ဒါမှ ပျော်စရာ ကောင်းမှာ”



၂။



တစ်ရက်ပေါ့ X နဲ့ Y ကြားကို နောက်ထပ် လူတစ်ဦး ယောက်လာတယ်။ သူကို မသိကိန်း T အဖြစ်သတ်မှတ်လို့ ရတယ်။ T နဲ့ Y ဟာ လက်ချင်းဆွဲပြီး နှုတ်ဆက်ကြတယ်။

“ခြေတစ်ချောင်းထောက်ချင်း တွေ့ရတာ

ဝမ်းသာတယ်ကွာ”

သူတို့ နှစ်ဦးကို X က ကြည့်နေပြီး စိတ်မချမ်းသာဘူး။ အော်.. ဘယ်လိုဟာ တွေပါလိမ့်လို့ တွေးမိနေတယ်။ Y နဲ့ T မှာ မတူတာက Y ဟာ ခွက်တစ်လုံးနဲ့ တူပြီး အရာအားလုံးကို လက်ခံနေတဲ့ပုံ။ T ကတော့ ဘာကိုမှ လက်မခံချင်ဘဲ အမြဲ သူ့လက်တွေနဲ့ ပိတ်စို့ ကာကွယ်ထားတယ်။ ပြီးတော့ T ဟာ သူ့ဆီက ဘာမှလည်း မထွက်လာသလို ဘာကိုမှလည်း ရင်ဘတ်ထဲ မထည့်တဲ့ သူပေါ့။

X က မနေနိုင်ပါဘူး။

“ဒီလို ရှိတယ် T ရ

မင်းကဘာလို့ လက်တွေနဲ့ အမြဲ ကာပြီး ပိတ်ထားရတာလဲ”

T က ရယ်ကျဲကျဲ မျက်နှာဘေးနဲ့ပေါ့။ ပြီးတော့ တိုးတိုးလေး ကပ်ပြောတယ်။

“ငါ့ဆီကဟာတွေ သူများ ယူသွားမှာ  စိုးလို့တဲ့”

X က မျက်လုံးပြူးသွားတယ်။

“မင်းက ဘာတွေရှိလို့လဲ”

T က ပြန်မပြောဘူး။ X ကလည်း ဆက်မမေးတော့ပါဘူး။ ထပ်မေးရင် သူ့ဆီက အရာတွေ သူလိုချင်တယ်လို့ T က ထင်သွားနိုင်တယ်လေ။



၃။



X ရယ် Y ရယ် T ဟာ မိုးရေထဲမှာ လျှောက်သွားဖြစ်ကြတယ်။ ကားတွေ စီးဖြစ်ကြတယ်။ အရက်၊ ဘီယာတွေ သောက်ဖြစ်ကြတယ်။ လမ်းတွေလည်း လျှောက်ကြတာပေါ့။ X က လမ်းလျှောက်တိုင်း သူတို့ကို စောင့်ခေါ်ရတာတော့ စိတ်သိပ်မရှည်ပါဘူး။ တစ်ရက် T မရှိတဲ့ အချိန်မှာ ခုန်ဆွ ခုန်ဆွ ဖြစ်နေတဲ့ Y ကို X က တွန်းလဲချလိုက်တယ်။ Y ဟာ ဗိုင်းခနဲ မိုးရေကြားထဲ လဲသွားတယ်။

“သူငယ်ချင်း အရာရာဟာ ဖြူစင်နေရုံနဲ့ မရဘူး

ပြီးတော့ အရာရာကို မင်းရင်ဘတ်ထဲ ထည့်နေရုံနဲ့ မပြီးဘူး

ဘ၀ဆိုတာ အဲလောက် မရိုးရှင်းဘူး

ငါတို့အားလုံး ရိုးသားလို့ ရတယ်

ရိုးရှင်းလွန်းရင်တော့ မင်းလူတွေနဲ့ ပေါင်းသင်းလို့ ရမှာ မဟုတ်ဘူးကွ

ရော့ဒီမှာ မင်းအတွက် ဆေးရောင်တွေ

မင်းတစ်ခါတရံ မည်းညစ်ပစ်လိုက် သူငယ်ချင်း

တစ်ခါတရံ အနီရောင်ပေါ့ ဘာဖြစ်လဲ ကွာ

ရိုးသားဖို့လိုသလို တစ်ခါတစ်ခါ ကိုယ်ထောက်ထားတဲ့ ခြေတွေလည်း ခိုင်ဖို့လိုတယ်”



၎။



သူတို့ မသိကိန်းလူသား (၃) ဦးမှာ တစ်ဖြည်းဖြည်းကြာလာတော့ T က သူစိမ်းဆန်လာတယ်။ T ဟာ အမြဲလိုလို ပိတ်ဆို့ ကာကွယ်နေသူမှန်း X နဲ့ Y သိလာတယ်။ အဲလိုနဲ့ အရင်လို X နဲ့ Y နှစ်ဦးတည်း နေလိုက်ကြတယ်။

တစ်ရက် Y က X ကို ပြောတယ်။

“X ..

မင်းက အရာရာကို ကြတ်ခြေခတ်နေတာပဲ

ပြီးတော့ မင်းက ဘာကိုမှ လက်မခံတဲ့ အပြင် မကောင်းမြင်လည်း ရှိသေးတယ်”

X က ရယ်ပါတယ်။

“ဟုတ်နိုင်ပါတယ်

ဒါပေမယ့် ငါအရာရာကို လက်မခံတာမျိုးတော့ မဟုတ်ဘူး

ဥပမာကွာ

မင်းက ငါ့ကို တစ်လို့ ပြောလိုက်တာနဲ့

အော် .. တစ်လားလို့ ချက်ချင်း ငါက လက်မခံတတ်ဘူး

နှစ်ရော မဟုတ်ဘူးလားလို့ ပြန်ငြင်းချင်တဲ့ ကောင်ပဲ”

“အဲဒါကြောင့် တခြားသူတွေက မင်းကို မပေါင်းချင်ကြတာပဲ X”

“နေပါစေ… မပေါင်းချင် မပေါင်းနဲ့

ငါက မင်းလို အရာရာကို ရင်ဘတ်ထဲ မထည့်တတ်ဘူး

လူတိုင်းမှာ မှားပိုင်ခွင့် ရှိတယ်

ငါဟာ အရာရာကို အမှားဘက်က ယူဆပြီးတွေးတယ်

ဒါပေမယ့် အမှားလို့ တရားသေလက်ခံနေတာတော့ မဟုတ်ဘူး

တကယ်က လောကကြီးမှာ အမှန်တရားဆိုတာ ရှားပါတယ်ကွာ

မှားတာနဲ့ မမှားတာပဲ ရှိတာပါ”

X စကားကြားတော့ Y နည်းနည်းတွေဝေသွားတယ်။

“ဘယ်လို မမှားတာဟာ အမှန်တရား မဟုတ်ဘူးလား”

X က ဆေးပေါလိပ် တစ်လိပ်ကို ဖွာရှိုက်လိုက်တယ်။

“ဆေးလိပ်သောက်တယ်ဆိုတာ မှားတယ်မလားကွ

အေး .. ခု ငါဆေးလိပ်သောက်တော့ မှားနေတယ်လေကွာ

ဒါပေမယ့် ငါမဟုတ်တဲ့ ဆေးလိပ် မကြိုက်တဲ့ သူဟာ ဆေးလိပ်မသောက်ဘူးဆိုရင်

မမှားဘူးပေါ့ … ဒါပေမယ့် အဲဒါ အမှန်တရားလို့ ယူဆလို့မရဘူး

သူက ဆေးလိပ်အရသာကို မကြိုက်လို့ မသောက်တာလေ

သူသာ ကြိုက်ရင် သူလည်း ပျော်ပျော်ကြီးသောက်နေမှာပဲ

အဲဒါကို ငါဟာ အမှန်တရားလို့ လက်ခံရမှာ မလိုလားပါဘူး”

အဲဒီညနေက သူတို့ နှစ်ဦး ရဲ့ မှားခြင်း မမှားခြင်းတွေက ညနေချိန်ကြီးကို နေ၀င်ခိုင်းခဲ့တယ်။ မှောင်သွားတော့လည်း အရာရာဟာ ပကတိ မည်းနက်လာတာပဲ။ မီးထွန်းလိုက်တော့လည်း သူတို့ ဖြူစင်မလာကြပါဘူး။



၅။



တစ်ခါက X နဲ့ Y ရှိတယ်။ တစ်ယောက်တစ်မျိုးစီ သူတို့ ရူးသွပ်နေကြတာပဲ။ ပြီးတော့ သူတို့တွေ စကားတွေ အများကြီး ပြောကြတယ်။ ငြင်းကြခုံကြတယ်။ ရန်ဖြစ်ကြတယ်။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် မှီခိုမနေကြဘဲ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ရပ်တည်နေကြတယ်။ ခြေတစ်ချောင်းထောက်နေတဲ့ Y ကို X က တွဲမကူပါဘူး။ တွဲကူစရာလည်း မလိုပါဘူးလို့ X က ထင်တယ်။ X က လျှောက်သွားတယ်။ တခြား မသိကိန်း A တွေ၊ B တွေ၊ C တွေနဲ့ တွေ့တယ်။ လူတွေဟာ  တစ်ယောက်တစ်မျိုးစီ အရောင်တွေ ရှိနေသလို X ကလည်း ခဏတိုင်း အရောင်တွေပြောင်းပြောင်းနေတယ်။ Y ကတော့ ထိုင်နေကြနေရာမှာ ဖြူစင်မှုတွေကို စာလုံးပေါင်းနေတုန်း။ ပြီးတော့ လက်တွေကို မြှောက်ထားပြီး အရာရာကို ရင်ဘတ်ထဲ ထည့်နေတုန်းပါပဲ။

“ငါ Z ဆိုတဲ့ နေရာတစ်ခုကို ရွှေ့ရတော့မယ် သူငယ်ချင်း”

X စကားကြားတော့ Y က ၀မ်းနည်းနေဟန်နဲ့ သက်ပြင်းချတယ်။

“ဒါဆို ငါတို့ အရင်လို တွေ့နိုင်ပါဦးမလား”

“အရင်လိုမဟုတ်ပေမယ့်

ရံဖန်ရံခါတော့ တွေ့နိုင်တာပဲ”

Y က ခေါင်းငုံသွားတယ်။

“ဘာဖြစ်နေတာလဲကွာ

ငါမရှိရင်လည်း မင်းအေးဆေး ရပ်တည်သွားပေါ့ကွ”

“X ရ

ငါက မင်းကို သတိရနေမှာပါ”

“အေးပေါ့ ငါလည်း သတိရမှာပါ”



၆။



သင်တို့အနေနဲ့ အရာရာကို အမှားအဖြစ် အရင်တွေးတွေးပြီး အမှန်တရားကို ငြင်းဆန်ချင်တဲ့ လူတစ်ဦးကို လမ်းမှာတွေ့ရင် X ဟု သတ်မှတ်နိုင်ပါတယ်။ ပြီးတော့ အဲဒီ X မှာ Y လို့ ခေါ်ဆိုနိုင်တဲ့ လူတွေ အခေါ်အဝေါ်အရ သူငယ်ချင်းတစ်ဦး ရှိတာကို အမှတ်ရပေးပါ။

အကယ်၍ပေါ့ လမ်းမှာ ခြေတစ်ချောင်းတည်းနဲ့ လျှောက်သွားနေတဲ့ Y ကို တွေ့ရင်လည်း တွဲကူဖို့ လုပ်နေစရာမလိုပါဘူး။ သူဟာ ခြေတစ်ချောင်းတည်းနဲ့ သွားလာဖို့ လုံလောက်ပြည့်စုံနေတဲ့ သူပါ။

သင့်အနေနဲ့ သတိထားစေချင်တာကတော့ Y ကို ခံစားမှုတွေ၊ အနာတရတွေ သိပ်မပေးပါနဲ့။ သူဟာ အရာရာကို ရင်ဘတ်ထဲ သိမ်းကြုံးထည့်နေတတ်တဲ့ သူဖြစ်တယ်။

သေချာတာကတော့ X ဟာ အရောင်တွေ ခဏတိုင်း ပြောင်းပြောင်းပြီး လူတွေကို ဆက်ဆံတတ်သလို Y ဟာ အဖြူရောင်တစ်ရောင်တည်းနဲ့သာ လောကကြီးမှာ အူကြောင်ကြောင်ဖြစ်နေတဲ့ သူပေါ့။

တကယ်တော့ ဘယ်သူကမှ အမှန်တရား မဟုတ်ပါဘူး။
လောကကြီးတစ်ခုလုံးကို မှားခြင်းနဲ့ မမှားခြင်းဆိုတာက ရောနှောဖွဲ့စည်းထားလေရဲ့။

- ရင် နင့် အောင် -

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...