အလွှာကွဲ လောကအမြင်
Kyaw Zwar Lynn April 1, 2014 at 9:39am
ယခင်ကဆိုရင် ကျွန်တော့်မှာ စံဒဿနအမြင်သီးသန့်ရှိခဲ့ပါတယ်။
တစ်ကိုယ်ရည်ဝါဒ (Individualism) - အုပ်စု အခွင့်အရေး (Group Rights) တွေဟာ လူသားတစ်ယောက်ချင်းစီကို ကာကွယ်ပေးနိုင်ပေမယ့် တချို့ အခြေအနေတွေမှာ လူသားကို ပြန်လည် ချုပ်တည်းစေတဲ့ အတွက် ပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ တစ်ကိုယ်ရည်ဝါဒဟာ လူသားတွေကို အုပ်စုအဖွဲ့အစည်းလိုက်သာ အသိအမှတ်ပြုခြင်း မဟုတ်ပဲ အုပ်စုအဖွဲ့အစည်း အတွင်းမှ လူသား တစ်ဦးတစ်ယောက်ချင်းစီ၏ တန်ဖိုးနှင့် လွတ်လပ်ခွင့် နဲ့ ရပိုင်ခွင့် (Individual Rights) ကို အသိအမှတ်ပြုတဲ့ဒဿန ဖြစ်ပါတယ်။ ဒီဒဿနကြောင့် လူသားဟာ အဖွဲ့အစည်း တစ်စုံတစ်ရာမှာ ဝင်နေမှသာ ရပိုင်ခွင့်တွေ ရရှိမှာ မဟုတ်ပဲ ဘယ်အဖွဲ့အစည်းကိုမှ မှီခိုစရာ မလိုပဲ ရပိုင်ခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။
ဆက်ကူလာဝါဒ (Secularism) - နိုင်ငံတော်အစိုးရနဲ့ ယုံကြည်မှုဆိုင်ရာအဖွဲ့အစည်းတွေကို ပူးပေါင်းဆောင်ရွက်ခွင့် မပြုပဲ သီးသန့်ပြုရန်၊ နိုင်ငံအာဏာ အားကိုးနဲ့ ယုံကြည်မှုဆိုင်ရာ မိုနိုပိုလီ ရယူခြင်းမှ ကာကွယ်ရန် ဖန်တီးထားတဲ့ နိုင်ငံရေးဒဿန ဖြစ်တယ်။
ဆက်ကူလာ လူသားဝါဒ (Secular Humanism) - ဆက်ကူလာ လူသားဝါဒ - ဘာသာရေး ယုံကြည်မှု မလွှမ်းမိုးတဲ့ လူသားဝါဒ ဖြစ်တယ်။ ယုတ္တိဗေဒနဲ့ ကြောင်းကျိုးဆက်စပ်မှုကို အားကိုးတဲ့ အသိပညာရှာဖွေမှု၊ လူသားရဲ့ တွေ့ကြုံခံစားရမှုကနေ လူသားကျင့်ဝတ် ဖော်ထုတ်မှုတွေ ပါတဲ့ ဘက်စုံဆိုင်ရာ ဒဿနတစ်မျိုးဖြစ်တယ်။
ဘုရားမဲ့ဝါဒ (Atheism) - Theism ဟာ ဖန်ဆင်းသူဘုရားရှိတယ် ဆိုတဲ့ ယုံကြည်မှု ဖြစ်တယ်။ A-theism ဟာ ဖန်ဆင်းသူ ဘုရားမရှိနိုင်ဘူး လို့ ခံယူတဲ့ ဒဿနဖြစ်တယ်။
ခြုံငုံပြောမယ်ဆိုရင် ကျွန်တော် လက်ခံကျင့်သုံးတဲ့ ဒဿနတွေဟာ တရားမျှတမှုကင်းမဲ့လို့ဖြစ်ရတဲ့ ပြဿနာ ပဋိပက္ခ တစ်စုံတစ်ရာ မဖြစ်သရွေ့၊ မဖြစ်နိုင်သရွေ့ လူသားတစ်ယောက်ချင်းစီရဲ့ လွတ်လပ်မှုကို အသိအမှတ်ပြုတဲ့ လွတ်လပ်မှုဝါဒ (Libertarianism) ရဲ့ ကိုင်းကွဲတွေ ဖြစ်ကြပါတယ်။
ကျွန်တော့်ရဲ့ ဒဿနအမြင်တွေကို လက်တွေ့ဘဝမှာ ချသုံးတဲ့အခါ မြန်မာနိုင်ငံရဲ့ ရှေးရိုးစွဲ အစဉ်အလာ ဘာသာရေးနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ ထိပ်တိုက်တွေ့တာ တကယ်တော့ မဆန်းလှပါဘူး။ ခပ်ငယ်ငယ် ၇တန်းလောက်တည်းက အစိုးရကျောင်းတွေရဲ့ သြဇာအာဏာကို မေးခွန်းထုတ်ခဲ့တယ်။ သာသနာ သြဇာ၊ ယဉ်ကျေးမှုသြဇာနဲ့ အဖွဲ့အစည်း ဖိစီးမှုဒဏ်တွေကို မေးခွန်းထုတ်ခဲ့တယ်။ ၉တန်းမှာပဲ ဘာသာမဲ့ခဲ့တယ်။ ကျွန်တော် ရေးခဲ့ဖူးတဲ့ ဘာသာမဲ့တစ်ယောက်ရဲ့ ငယ်ဘဝ မှတ်စုမှာ အဲဒီ့ အဖြစ်အပျက်တွေကို အသေးစိတ် ရေးဖူးပါတယ်။ အဲဒီ့ အချိန်တွေတုန်းက ကျွန်တော့် ဒဿနခရီးဟာ အစပျိုးစဉ် ကာလမှာပဲ ရှိပါသေးတယ်။
မဟာကြောင်းကျိုး မဆီလျော်မှု
ဒီလိုဖြတ်သန်းလာရင်း လောကရဲ့ မဟာကြောင်းကျိုး မဆီလျော်မှု ("the Absurd") ကို ခံစားမိတယ်။
လူသားရဲ့ စံတန်ဖိုးတွေဟာ လက်တွေ့လောကနဲ့ ဝေးကွာနေတာကို ခံစားရတယ်။ လှည့်စားတတ်သူဟာ ရိုးသားသူတွေထက် ပိုအောင်မြင်လေ့ရှိတယ်။ လူသားရဲ့ ကြိုးပမ်း အားထုတ်မှုတွေနဲ့ လူသားရဲ့ ရှင်သန်နိုင်စွမ်းဟာ မမျှတအောင် ဖြစ်နေလေ့ရှိတယ်။ လူသားဟာ ပျော်ရွှင်တဲ့ဘဝ ရရှိဖို့ စိတ်ဖိစီးမှုများစွာနဲ့ ဘဝကို ရုန်းကန်ကြိုးစားရင်း အမှောင်ကို မီးထွန်းရှာသလို ဓမ္မဓိဌာန် ပျော်ရွှင်မှုကို ထိုးဝင်ရှာဖွေရင်း မတွေ့နိုင်ပဲ သေဆုံးကွယ်ပျောက်သွားကြရတယ်။ ဒီ့အပြင် လူသား စုဆောင်းခဲ့တဲ့ ဓနဥစ္စာနဲ့ ဥာဏ်ပညာတွေဟာ သေဆုံးတော့လည်း သူ့အတွက် ဘာမှ မဟုတ်တော့သလိုဖြစ်သွားတာပဲ မဟုတ်ပါလား။
ပထဝီဝင် အရ ကြည့်ရင် လူသား နေထိုင်တဲ့ ဂြိုဟ်မှာ လူသား မနေထိုင်နိုင်တဲ့ ပင်လယ်ပြင်ဟာ မျက်နှာပြင်ကို ၇ဝ%ကျော် လွှမ်းမိုးထားတယ်။ ရေဟာ အဲဒီလောက်များပေမယ့် လူ သောက်သုံးနိုင်တဲ့ ရေချိုဟာ မလောက်င အောင် ဖြစ်လို့နေပါတယ်။
နက္ခတ္တဗေဒအရ ကြည့်ရင် တချိန်က လူတွေ ထင်ခဲ့သလို ကမ္ဘာဟာ စကြဝဠာရဲ့ အလယ်ဗဟို မဟုတ်ပါဘူး။ နေစနစ်လို့ခေါ်တဲ့ ဂြိုဟ်၈လုံး ပါဝင်တဲ့ ဂြိုဟ်စနစ်တစ်ခုရဲ့ အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်တယ်။ နေစနစ်ဟာ သန်းပေါင်း ထောင်ချီပါဝင်တဲ့ ကြယ်စု တစ်ခုရဲ့ လက်တံမှာ မထင်ရှား ပါဝင်တဲ့ ကြယ်လေးတစ်ခုသာ ဖြစ်တယ်။ ဒီကြယ်စုဟာလည်း ဒေသန္တာရကြယ်စု အုပ်စု မှာ ပါဝင်တဲ့ ကြယ်စု တစ်ခုသာ ဖြစ်ပြီး ဒေသန္တာရကြယ်စုအုပ်စုဟာ မဟာ ကြယ်စုအုပ်စုကြီးတစ်ခုရဲ့ အစိတ်အပိုင်းသာ ဖြစ်တယ်။ အဲဒီ့ မဟာကြယ်စု အုပ်စုကြီးဟာ ကျွန်တော်တို့ အာကာသမိုးကုပ်စက်ဝိုင်း မှာ မြင်ရတဲ့စကြဝဠာ (Observable Universe) ထဲက မဟာကြယ်စုအုပ်စုကြီး များစွာအနက် တစ်ခုသာဖြစ်တယ်။
ဘူမိဗေဒအရ ကြည့်ရင် လူသားရဲ့ အရိုးရုပ်ကြွင်းတွေဟာ နှစ်သန်း ၃ဝဝဝကျော်တဲ့ သက်ရှိသမိုင်းကြောင်း၊ နှစ်သန်း ၅ဝဝကျော်တဲ့ သတ္တဝါသမိုင်းကြောင်းနဲ့ ယှဉ်ရင် နှစ် တစ်သန်းကျော်သာ ရှိသေးလေရဲ့။ ဇီဝဗေဒ အရ ကြည့်ရင်လည်း တချိန်က တိရစ္ဆာန်ထက် အဆင့်မြင့်တဲ့အပြင် ဘုန်းကံကြီးမားခြင်း၊ သို့မဟုတ် အထူးပြုလုပ် ဖန်ဆင်းခံရခြင်း စတဲ့ သီးခြားဇာစ်မြစ်တစ်ခုကနေ ဖြစ်လာတယ်လို့ ထင်ခဲ့တဲ့ လူသားဟာ အဲဒီ့ တိရစ္ဆာန်တွေနဲ့ မျိုးဆက်နွယ်ကြောင်း လှစ်ဟပြခဲ့တယ်။
လူမှုရေးပညာ အနေနဲ့ ကြည့်ရင်လည်း လူသားက သူကောင်းဖို့ တည်ဆောက်ခဲ့တဲ့ အဖွဲ့အစည်းတွေဟာ ကိုယ်တိုင် ယို့ယွင်းပျက်စီးလာတယ်။ သူတို့ရဲ့ ရှင်သန်ရပ်တည်မှုကိုသာ အားထုတ်ပြီး လူသားကို ပြန်ဒုက္ခပေးတဲ့ အဖွဲ့အစည်း စနစ်တွေ ဖြစ်လာကြပြန်တယ်။ နိုင်ငံ အစိုးရတွေဟာ ပြည်သူတွေအတွက် မဟုတ်ပဲ နိုင်ငံအင်အားပြိုင်ဖို့ အားထုတ်ကြပြန်တယ်။ နိုင်ငံတွေရဲ့ စစ်အသုံးစရိတ်တွေနဲ့ အရပ်ဖက် အသုံးစရိတ်တွေကို ယှဉ်ကြည့်ရင် သိသာပါတယ်။ ဘာသာရေး အဖွဲ့အစည်းတွေဟာ လူတွေကို ဘဝအဓိပ္ပာယ်တွေ ပေးစွမ်းဖို့၊ ငြိမ်းချမ်းရေး ရှေးရှုဖို့ မလုပ်ပဲ လူသားတွေရဲ့ နမော်နမဲ့နိုင်မှု၊ အစွန်းရောက် ယုံကြည်မှုတွေဆီကို တွန်းပို့တဲ့ အဖွဲ့အစည်းတွေ ဖြစ်လာကြတယ်။
အဲဒီ့အတွက် လောကကြီးဟာ လူသားက ဂရုစိုက်ခံချင်ရသလောက် ဂရုမစိုက်တာကို ခံစားသိရှိနိုင်ပါတယ်။ လောကကြီးဟာ လူသားအတွက် အထူးနေရာ တစ်ခု မပေးထားဘူးဆိုတာ ထင်ရှားပါတယ်။ လောကဟာ လူသားအတွက် သီးသန့် ရည်ရွယ်ဖြစ်တည်နေတာ မဟုတ်ဘူး ဆိုတာ မြင်သာစေပါတယ်။ လူသားရဲ့ မျှော်လင့်ချက်နဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ မကိုက်ညီတဲ့လောကဟာ ကြောင်းကျိုးမဆီလျော်တဲ့လောက ပဲဖြစ်တယ်။
ကျွန်တော့်ရဲ့ စံဒဿနတွေကို လက်တွေ့ဘဝမှာ ကျင့်သုံးဖို့ အားထုတ်တဲ့အခါ ဖြစ်လာတဲ့ ပဋိပက္ခတွေဟာ လောကရဲ့ မဟာ ကြောင်းကျိုးမဆီလျော်မှု ကြောင့် ဖြစ်ရတယ်လို့ သုံးသပ်မိတယ်။ ဒါကို ရှေ့ဆက်တိုးဖို့ဆိုရင် ဘဝရဲ့ ကျဆုံးမှုဆီကို ဦးတည်သွားမှာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြောင်းကျိုးမဆီလျော်တဲ့ တရားမျှတမှု အနှစ်သာရ ကင်းမဲ့တဲ့ လောကမှာ ကြောင်းကျိုးဆီလျော်မှုကို အခြေခံတဲ့ ဒဿနတွေဟာ တည့်တည့် အသုံးချဖို့ဆိုတာ ရေရှည်မှာ မဖြစ်နိုင်ဘူးလို့ မြင်လာခဲ့တယ်။
နောက်ဆုတ်မယ်ဆိုရင် ကျွန်တော့်ရဲ့ စံဒဿနတွေကို လက်လွှတ် အလျှော့ပေးရမှာပဲ ဖြစ်တယ်။ ကိုယ်လက်ခံတဲ့ လိုချင်တဲ့ လောကတစ်ခုကို မရရှိတဲ့အခါမှာ လက်ရှိအခြေအနေကိုပဲ အလျှော့ပေး သည်းခံ ဖြတ်သန်းသွားရမှာ ဖြစ်တယ်။ ဒါဟာလည်း ဒဿနကို သေကြောင်းကြံစည်ခြင်း တစ်ခုအနေနဲ့ ကျင့်သုံးဖို့ မဆုံးဖြတ်ပါဘူး။
ဒီတော့ လက်ရှိအခြေအနေတစ်ရပ်မှာ အရှိအတိုင်း လက်ခံလိုက်ပြီး၊ မိမိရဲ့ လွတ်လပ်ချိန်မှာသာ မိမိရဲ့ စံဒဿနတွေကို ကျင့်သုံးမလား ဆိုတာကလည်း မကောင်းတဲ့ ယုံကြည်မှုတစ်မျိုး Bad Faith လို့ ဆိုနိုင်တယ်။ မဟာကြောင်းကျိုးမဆီလျော်မှုကို မျက်ကွယ်ပြုနေထိုင်ခြင်းဟာ လူသားဟာ မိမိကိုယ်ကို လှည့်စားနေထိုင်ခြင်းတစ်မျိုးသာ ဖြစ်တယ်။
ဒါတွေကို ရှောင်ရှားဖို့အတွက် လောကအမြင်အသစ်တစ်ခု လိုအပ်လာတာကို ခံစားမိတယ်။ ဒီ့အတွက်ကြောင့် တစ်ကိုယ်ရည် အသုံးချဖို့အတွက် အလွှာကွဲ လောကအမြင် (Stratified Reality) လို့ သမုတ်တဲ့ လောကအမြင်တစ်ခုကို ထုတ်ဖော်ဖန်တီးအပ်ပါတယ်။
အလွှာကွဲ လောကအမြင်မှာ လောကကို ရှုမြင်တဲ့ အလွှာ (Stratum) များစွာ ပါဝင်ပါတယ်။ အလွှာ တစ်ခုချင်းစီဟာ မတူညီထူးခြားတဲ့ သတင်းအချက်အလက် ဇာစ်မြစ်တစ်ခုစီက ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ တည်ဆောက်ထားတဲ့ အရှိတရား တွေ ဖြစ်ကြတယ်။ အဲဒီ့ အရှိတရားတွေကို စိတ်ခံစားချက် ပြည့်ဝစွာ ခံစားနိုင်သလို၊ တပြိုင်တည်းမှာ အလွှာကွဲလောကအမြင်ရဲ့ ယေဘုယျတည်ဆောက်ပုံကို ရှုမြင်နိုင်ရပါမယ်။ အကြမ်းဖျင်း ထားရှိအပ်တဲ့ အလွှာတွေကို ပြဆိုပါမယ်။
အလွှာကွဲ လောကအမြင်
(၁) ဗလာနယ်အလွှာ (Stratum of Void)
လောကရဲ့ အခြေခံသစ္စာတရား ဖြစ်တဲ့ လောကရဲ့ ကြောင်းကျိုးမဆီလျော်မှု (the Absurd) ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ တည်ဆောက်နိုင်တဲ့ အရှိတရား အလွှာ ဖြစ်တယ်။ ဒီအလွှာမှာ လောကဟာ မူရင်း ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ် ဆိုတာ မရှိပါဘူး။ လောက ဖြစ်စဉ်တွေအတွက် အားထုတ် ဖြေရှင်းထားတဲ့ ဖြေရှင်းချက်တွေ လေ့လာမှုတွေရဲ့ တန်ဖိုးတွေလည်း မရှိပါဘူး။ လောကရဲ့ မကျေလည်မှု၊ ကြောင်းကျိုးမဆီလျော်မှုတွေ အားလုံးဟာ ဒီအလွှာကို ညွှန်းဆိုပါတယ်။ လောကရဲ့ မူရင်းအဓိပ္ပာယ်မရှိဘူးဆိုရင် မဟာကြောင်းကျိုးမဆီလျော်မှုဟာ လောကရဲ့ မူရင်းအဓိပ္ပာယ်ပဲ မဟုတ်လား မေးလာနိုင်တယ်။ အဖြေကတော့ ကြိုက်သလို ဖြေနိုင်ပါတယ်။ ဒီလောကအမြင်အလွှာဟာ ကျွန်တော်တို့ လူသားအဖြစ် ကြုံတွေ့ခံစားရတဲ့ လောကရဲ့ ပြင်ပမှာ ကန့်သတ်တည်ရှိပါတယ်။
(၂)သိပ္ပံအချက်အလက်ဆိုင်ရာ လောကအရှိတရားအလွှာ (Stratum of Scientific Factual Reality)
ဒီအလွှာဟာ အခုမြင်ရတဲ့ ယေဘုယျ လောကဖြစ်ပျက်မှုတရားတွေကို ကန့်သတ်တည်ရှိပါတယ်။
သာမန်အသိ (Common Sense) အရ ဆိုရင် လောကဖြစ်ပျက်မှုဆိုင်ရာ အရှိတရားဟာ လူသားဟာ မြင်ရမှ ယုံတယ် (Seeing is Believing) ဆိုသလို တိုက်ရိုက် တွေ့မြင်မှုမှာပဲ ရှိတယ်။ ကမ္ဘာမြေကြီးဟာ သာမန်အသိအရဆိုရင် ပြားနေတာပါပဲ။ ဒါပေမယ့် နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုတွေက ကမ္ဘာလုံးကြောင်း ပြဆိုပါတယ်။ သို့ပေမယ့် သာမန်အသိ အရ ကမ္ဘာလုံးတာကို လက်ခံဖို့ဆိုရင် ဂြိုဟ်တုနဲ့ ကမ္ဘာကို အာကာသ ဓာတ်ပုံ ရိုက်ပြမှ သာ ဖြစ်နိုင်လိမ့်မယ်။ ဒါကြောင့် ဆင်ခြင်သိ (Inference) နဲ့ ဖော်ထုတ်လို့ရတဲ့ အချက်အလက်တွေဟာ သာမန်အသိနဲ့ဆိုရင် ကန့်သတ်ခံထားရမှာ ဖြစ်တယ်။ အာကာသဓာတ်ပုံ မရိုက်နိုင်ခင်တည်းက ကျွန်တော်တို့ဟာ ကမ္ဘာလုံးမှန်း သိကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ သာမန်အသိမှာ ကန့်သတ်ထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အရှိတရား လက်ခံမှုဟာ အင်မတန် ကန့်သတ်ခံထားရပြီ လို့ဆိုနိုင်ပါတယ်။ သိပ္ပံမှာ သီအိုရီ များစွာဟာ ဆင်ခြင်သိနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။ ဆင်ခြင်သိနဲ့ တည်ဆောက်တဲ့ သိပ္ပံ သီအိုရီများစွာကို အသုံးပြုပြီး နောက်ထပ် သိပ္ပံ သီအိုရီတွေ တည်ဆောက်ရပါတယ်။ အကယ်လို့ ဒီသီအိုရီတွေဟာ ဆက်လက် မှန်ကန်နေတယ်ဆိုရင် သူအခြေခံ တည်ဆောက်ခဲ့တဲ့ ဆင်ခြင်သိ သိပ္ပံ သီအိုရီတွေဟာ လောကဖြစ်ပျက်မှု အရှိတရားကို တိကျစွာ မတူရင်တောင် အကြမ်းဖျင်း နီးစပ်နိုင်တဲ့ သီအိုရီတွေ ဖြစ်ကြတယ်။ ဒါကြောင့် ဆင်ခြင်သိ သိပ္ပံ သီအိုရီတွေကနေ အရှိတရားတစ်ခု တည်ဆောက်ယူခြင်းဟာလည်း သာမန်အသိကနေ အရှိတရား တည်ဆောက်ယူခြင်းထက် မလျော့ဘူးလို့ သတ်မှတ်နိုင်ပါတယ်။
ဒီအလွှာမှာ ရုပ်တရားဟာ ပိုမိုသေးငယ်တဲ့ ရုပ်ဓာတ်များနဲ့ ဖွဲ့စည်းအပ်ကြောင်း၊ လူသားဟာ တခြားသက်ရှိတွေနဲ့ သမိုင်းကြောင်းအရ ဆင်းသက်ဆက်နွယ်မှု ရှိကြောင်း၊ အာကာသဝတ္ထုတွေမှာ ဒြပ်ဆွဲအားဆိုတဲ့ အားတစ်ခု ရှိကြောင်း စတဲ့ သတင်း အချက်အလက်တွေပါဝင်ပါတယ်။ သိပ္ပံအချက်အလက်အလွှာ ဆိုတာ အဲဒီ့ သတင်းအချက်အလက်တွေနဲ့ တည်ဆောက်တဲ့ လောက အရှိတရားကို ဆိုလိုပါတယ်။
(၃) ဘာသာရေး/ဒဿန ယုံကြည်မှုဆိုင်ရာလောကအရှိတရား အလွှာ (Stratum of Religious/Philosophical Reality)
ဒီအလွှာမှာတော့ ဘာသာရေးနဲ့ ဒဿနသတ်မှတ်ချက် ယုံကြည်ချက်တွေနဲ့ တည်ဆောက်ထားတဲ့ လောကအရှိတရား ပါဝင်ပါတယ်။ ဒီအလွှာဟာ လူသားတစ်ယောက်ချင်းစီရဲ့ စိတ်နယ်ပယ်မှာ ကန့်သတ် တည်ရှိပါတယ်။ လူသားဟာ လောကရဲ့ ကြောင်းကျိုးမဆီလျော်မှုကို ဖုံးကွယ်ဖို့ ယုံကြည်မှုတွေ ဖန်တီးလေ့ရှိတယ်။ လှည့်စားဥာဏ်များသူဟာ အောင်မြင်ချမ်းသာနေခြင်းဟာ အရင်ဘဝ ကံအကျိုးကြောင့် ဖြစ်ပြီး ရိုးသားသူများ ဆင်းရဲနေတာ အရင်ဘဝ ဝဋ်ကြွေးဆပ်နေရခြင်း ဖြစ်ကြောင်း ယုံကြည်မှုမျိုးသို့မဟုတ် မိမိဘဝရဲ့ အဖြစ်အပျက်တွေဟာ ဖန်ဆင်းရှင် ဘုရားရဲ့ အလိုတော်ကျ ဖြစ်နေရကြောင်း ယုံကြည်မှုမျိုးကို ဥပမာ ပေးလို့ရပါတယ်။ ဒါကိုလည်း ဒဿနဆိုင်ရာ သေကြောင်းကြံစည်မှု (Philosophical Suicide) အဖြစ်သတ်မှတ်နိုင်ပါတယ်။
အလွှာကွဲလောကအမြင် မှာတော့ ယုံကြည်မှုဟာ အဲဒီလို မလည်ပတ်ပါဘူး။ ယုံကြည်မှုဟာ မဟာကြောင်းကျိုးမဆီလျော်မှုကို အရွဲ့တိုက်ခြင်း အဖြစ် ရပ်တည်ပါတယ်။ ယုံကြည်မှုဟာ မဟာကြောင်းကျိုးမဆီလျော်မှုနဲ့ သဘောထား မတိုက်ဆိုင်ပါဘူး။ မဟာကြောင်းကျိုးမဆီလျော်မှုကို မျက်မှောက်ပြုထားလျက်နဲ့ ယုံကြည်မှုတစ်ခုကို ဖန်တီးလုပ်ယူထားခြင်းဖြစ်တယ်။
ဒါဆိုရင် လုပ်ယူထားတဲ့ ယုံကြည်မှုဟာ ယုံကြည်မှု စစ်မှန်ရဲ့လားလို့ ပြောစရာ ရှိလာတယ်။ ရိုးသားသူက မအောင်မြင်ပဲ ကောက်ကျစ်သူက အောင်မြင်တဲ့လောက တစ်ခုမှာ ရိုးသားသူက အောင်မြင်တယ်လို့ ယုံကြည်တာကရော စစ်မှန်ရဲ့လားလို့ ပြန်လှန် မေးခွန်းထုတ်နိုင်ပါတယ်။ တကယ်တော့ အဲလို ကြောင်းကျိုးမဆီလျော်တဲ့လောကမှာ ရိုးသားသူက မအောင်မြင်နိုင်မှန်း သိရဲ့သားနဲ့ ရိုးသားရင် အောင်မြင်တယ်လို့ ကြွေးကြော်ပြီး မဟာကြောင်းကျိုးမဆီလျော်မှုကို အရွဲ့တိုက်လျက် ရိုးသားစွာ နေထိုင်ခြင်းမျိုးဟာ ပိုမိုသာလွန်ပါတယ်။ အဲဒီ့လို အရွဲ့တိုက် ကြွေးကြော်လျက် အရှိတရားဟာ အနှစ်သာရရဲ့ အခြေခံဖြစ်တယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မိမိ ဘဝအဓိပ္ပာယ်နဲ့ ယုံကြည်ချက်တွေကို ဖန်တီးကြပါတယ်။ ဒီအလွှာဟာ အဲဒီ့ ဘဝအဓိပ္ပာယ်နဲ့ ယုံကြည်ချက်တွေက ပေးတဲ့ လောကအရှိတရားပဲဖြစ်ပါတယ်။
ဒီအလွှာမှာ ကျွန်တော့်ရဲ့ စံဒဿနတွေ ရှိပါတယ်။ ကျွန်တော့်အတွက်ဆိုရင်တော့ လူသားဝါဒကို ဆက်လက်လက်ခံဆဲ ဖြစ်တယ်။ လွတ်လပ်မှုဒဿန (Libertarianism) ကိုလည်း ဆက်လက် လက်ခံဆဲဖြစ်တယ်။ ဒါပေမယ့် အဲဒီ့ ဒဿနတန်ဖိုးတွေရဲ့ မူရင်းဇာစ်မြစ်ကို သဘာဝမှပေးအပ်ခြင်း ဒါမှမဟုတ် တန်ခိုးရှင်မှ ပေးအပ်ခြင်း လို့ လက်မခံတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဗလာနယ်လောကအရှိတရားအလွှာကနေ မဟာကြောင်းကျိုးမဆီလျော်မှုကို မျက်မှောက်ပြုထားတဲ့အတွက်ပါပဲ။ မိမိရဲ့ စိတ်နယ်ပယ်အတွင်းမှာပံ ရှိလို့ တခြားအလွှာတွေရဲ့ လှုံ့ဆော်ချက်တွေ မရှိတဲ့အချိန်မှာ ကျင့်သုံးထုတ်ဖော်လေ့ရှိပါတယ်။
(၄) လူမှုရေးဆိုင်ရာလောကအရှိတရား အလွှာ (Stratum of Social Reality)
ဒီအလွှာမှာတော့ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပါတယ်။ ယခင်က ကျွန်တော်နဲ့ ပဋိပက္ခ ဖြစ်ခဲ့တဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ (Culture)၊ လူမှုရေးဆိုင်ရာ ဘာသာရေး လှုပ်ရှားမှုတွေ (Social Religion/Religion in Society/Organized Religion)၊ အရှက်၊သိက္ခာ၊အိနြေ္ဒ စတဲ့ လူမှုပညတ်ချက် (Social Norms) တွေပါဝင်ပါတယ်။ ဒီသတင်းအချက်အလက်တွေနဲ့ ဖန်တီးထားတဲ့ အလွှာကို လူမှုရေးဆိုင်ရာ လောကအလွှာ လို့ သတ်မှတ်ပါတယ်။
လူမှုဖြစ်စဉ်တွေကို မနုဿဗေဒ နဲ့ တခြား လူမှုသိပ္ပံပညာရပ်တွေက ရှင်းပြပါတယ်။ သူတို့က တဖန် လောကရဲ့ ကြောင်းကျိုးမဆီလျော်မှုကို ထောက်ပြပြန်တယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လူတွေက ထိန်းသိမ်းနေသလား၊ အဲဒါတွေက လူတွေကို ပြန်ချုပ်တည်းနေပြီလား ဆိုတာဟာ စဉ်းစားစရာ မေးခွန်းတွေပါပဲ။
လူမှုရေးဆိုင်ရာ လောကအရှိတရားမှာ ကြောင်းကျိုးမဆီလျော်မှု တွေ မရေမတွက်နိုင်အောင် ရှိနေမှာ ဖြစ်တယ်။ သို့တိုင်အောင် လောကရဲ့ ကြောင်းကျိုးမဆီလျော်မှု ကိုယ်တိုင်ဟာ လောကရဲ့ မူရင်းသဘာဝဖြစ်တယ်။ ဒါကြောင့် လူမှုရေးဆိုင်ရာ လောကအရှိတရား ဟာ သူ့ရဲ့ ကိုယ်ပိုင်လောကအမြင်အလွှာဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ပဲ ကန့်သတ်တည်ရှိနိုင်ပါတယ်။
(၅) အခြေအနေဆိုင်ရာလောကအရှိတရား အလွှာ (Stratum of Situational Reality)
ဒီအလွှာမှာတော့ အခြေအနေအရ ဘဝမှာ မိမိရဲ့ စံဒဿနတွေကို ခြိမ်းခြောက်လာနိုင်တဲ့ အပြုအမူတွေ လုပ်ရတဲ့အခါ နောက်ဆုံးအဆင့် ခံစစ်ပြင်ဆင်မှု ဖြစ်တယ်။ ဥပမာ တစ်ကိုယ်ရည် လွတ်လပ်ခွင့် ဒဿနအရ ဆံပင်ထောင် ဘေးအပြောင်ရိတ်တဲ့ ကျွန်တော့် ဆံပင်ပြင်ဆင်မှု၊ ကျွန်တော့် Fashion ကို စာမေးပွဲဖြေဆိုချိန်မှာ ခေတ္တပုံပြောင်းခြင်း၊ သို့မဟုတ် လူအများနှင့် လုပ်ဆောင်ရတဲ့အခါ အဖွဲ့အစည်းတည်ဆောက်ပုံအရ အထက်မှာ ရှိတဲ့လူတွေကို ဂါရဝပြုခြင်း စတဲ့ ကိစ္စတွေမှာ ရှုမြင်တဲ့ လောကအမြင်ဖြစ်တယ်။ မိမိ မိတ်ဆွေ၊ ဆွေမျိုးများရဲ့ စိတ်ချမ်းသာမှုကို ရှေးရှုသောအားဖြင့် အပြုအမူအရ အလိုလိုက်ပေးတဲ့အခါ နှလုံးသွင်းတဲ့ လောကအမြင်ဖြစ်တယ်။ ဘာသာမဲ့ဖြစ်လို့ ဖမ်းမယ် အရေးယူမယ် ခွဲခြားဆက်ဆံမယ်ဆိုရင် ဘာသာရှိအဖြစ် အချိန်မရွေး ပြောင်းထည့်မယ်ဆိုရင်လည်း မလွဲမသွေ သုံးရမယ့် လောကအမြင်ဖြစ်တယ်။
အဲဒီ့အလွှာတွေဟာ သူ့ရဲ့ ကန့်သတ်နယ်ပယ်တွေမှာပဲ အလုပ်လုပ်ပါတယ်။ သူ့အလွှာထဲမှာ ရှိတဲ့ သတင်းအချက်အလက် ဇာစ်မြစ်တွေကို သုံးပြီး အရှိတရားကို ဖန်တီးပါတယ်။ ဥပမာပေးမယ်ဆိုရင် အလင်းရောင်ကို သုံးပြီး အမြင်အာရုံဖန်တီးပြီး အသံလှိုင်းကို သုံးပြီး အကြားအာရုံဖန်တီးသလို၊ အတွေ့အထိအာရုံဟာ ခံစားနယ်ပယ် အနည်းဆုံးဖြစ်ပြီး အမြင်အာရုံဟာ ခံစားနယ်ပယ်အကျယ်ဆုံး ဖြစ်နေပါတယ်။ ကန့်သတ်မှုအများဆုံးဟာ ဘာသာရေးနဲ့ဒဿန အလွှာ ဖြစ်ပြီး ကန့်သတ်မှုအနည်းဆုံးဟာ ဗလာနယ်အလွှာပဲ ဖြစ်တယ်။ အလွှာတစ်ခုချင်းစီရဲ့ သတင်းအချက်အလက်အရ သာ သူတို့တွေရဲ့ အရှိတရားတွေကို မျက်မှောက်ပြုနိုင်တာ ဖြစ်ပါတယ်။
အဲဒီလို အလွှာကွဲလောကအမြင် ဖော်ထုတ်ကျင့်သုံးတဲ့အတွက် -
- စံဒဿနနဲ့ ကိုယ်ပိုင်ဟန် (Personal Integrity) မပျက်ယွင်းခြင်း
- မဟာ ကြောင်းကျိုးမဆီလျော်မှုကို မျက်မှောက်ပြုလက်ခံနိုင်ခြင်း
- မဟာ ကြောင်းကျိုးမဆီလျော်မှုကို အရွဲ့တိုက်၍ ဘဝအဓိပ္ပာယ်တည်ဆောက်ခြင်း
- မဟာ ကြောင်းကျိုးမဆီလျော်မှုကို အရွဲ့တိုက်၍ အလွှာတိုင်းမှာ စိတ်ပါလက်ပါရှိစွာနဲ့ဆင်နွှဲနိုင်ခြင်း အကျိုးကျေးဇူးတွေ ရရှိနိုင်မယ်လို့ သုံးသပ်မိပါတယ်။

0 comments:
Post a Comment