Wednesday, April 2, 2014

ဒါဏ်ရာတွေနဲ့ မပေကျံစေနဲ့

February 12, 2014 at 2:15am
                                          


ဓာတ်ပုံ- ကျော်ဇောလေး
ခလေးတိုင်းဟာ..ချစ်ခြင်းမေတ္တာလိုအပ်တယ်
အထူးသဖြင့်..
ချစ်မွှေးမပါ၊
မေတ္တာထားစရာ မကောင်းတဲ့
ခလေးတွေက
ချစ်ခြင်းမေတ္တာပိုမိုလိုအပ်တယ်။

                                       (အမည်မသိ နော်ဝေး စာဆို)
  
           ရင်ဘတ်အနာ

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ သမီးကလေးကျေးရွာလေးတွေဖျက်ခံရတဲ့ သတင်းဓာတ်ပုံတွေနဲ့အတူမျက်နှာသေလေးတွေနဲ့ ခလေးငယ်တွေရဲ့ ပုံတွေပါ မြင်လိုက်ရတော့ လူတော်တော်များများ ကျနော့လိုပဲစိတ်ထိခိုက်ခံစားရမယ်ထင်ပါတယ်။ မကြာခနလိုလို မြန်မာပြည်ဆိုင်ရာ ပဋိပက္ခသတင်း၊ သဘာဝဘေးရန်သတင်း၊ပညာရေးဆိုင်ရာနဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ သတင်းတွေမှာ ခလေးငယ်တွေအကြောင်းပါ ကျွဲကူးရေပါလိုပါလာတတ်ပါတယ်။ အဲဒီအခါတိုင်း ကျနော်တို့ ပြည်ပရောက်တွေမှာ စိတ်မကောင်းဖြစ်ရပါတယ်။ ကာရကံရှင်တွေတော့ဆိုဘွယ်ရာမရှိပေါ့။


ဒီခလေးတွေမှာစိတ်ဒါဏ်ရာတွေစွဲငြိနေမှာတော့ အသေအချာပါပဲ။ ဒါဆို သူတို့ဘ၀၊ သူတို့စိတ်ဓာတ်၊ သူတို့အတွေးအခေါ်၊သူတို့အနာဂတ်၊ ပြီးတော့ နိုင်ငံရဲ့ အနာဂတ် ကံကြမ္မာကြီးကရော ဘယ်လိုဖြစ်သွားနိုင်သလဲ.....တနံတလျှားကြီးတွေးမိပြီးကျနော်ကျောချမ်းသွားပါတယ်။ ဒါဟာ စိုးရိမ်တကြီးနဲ့ အလေးအနက်တွေးရမယ့် တိုင်းပြည်ရဲ့ကြီးမားတဲ့ အနာဂတ်ပြဿနာပါ။ ဒီခလေးတွေက သူတို့ကြီးပြင်းလာတော့မယ့် အနာဂတ်အထိ ဆက်လက်နေထိုင်ရအုံးမှာပါ။


ဒီခလေးတွေရဲ့ စိတ်အလိုမပြည့်ဝမှု၊ အကြောက်တရားစွဲကပ်မှု၊  ချစ် ခြင်းမေတ္တာနဲ့ဝေးကွာမှု၊ ပညာမဲ့မှု၊ ဒေါသစွဲကပ်မှုတွေကသူတို့ရဲ့ နုနယ်တဲ့ နှလုံးသားနဲ့ ဦးနှောက်ထဲမှာ သံမှိုစွဲသလို မြဲမြံနေကြပြီ။ ဒါဆိုသူတို့မောင်းနှင်မယ့် အနာဂတ်ဟာ သန့်ရှင်းနိုင်ပါ့မလား။ ကျနော်တို့ ဒီခလေးတွေကို မငြိမ်းချမ်းမှုတွေ၊စိတ်ညစ်နွမ်းမှုတွေ၊ လိုဘမပြည့်မှုတွေ၊ မတော်မတရားမှုတွေ၊ ဒေါသနဲ့ ကြီးနိုင်ငယ်ညှင်းစိတ်ဓာတ်တွေကိုအဆင်ခြင်ဥာဏ်ကင်းကင်းနဲ့မိုက်မဲစွာပေးခဲ့မိပြီ။ ဒီအတွက် ရလဒ်က ဘယ်လိုနည်းနဲ့မှ မကောင်းနိုင်တော့ပြီ။


“ပုခုံးသပ်တာခံရတယ်၊
တင်ပါးကို အကန်ခံရတယ်
ပုခုံးနဲ့ တင်ပါး
ဒီနှစ်ခုကြား၊
ကျောရိုး အဆစ်လေးနည်းနည်းသာ
ခြားနားထားတာပါ။
ဒါပေမယ့်
ခံစားချက်တွေကတော့
ကမ္ဘာနဲ့ချီ ကွာခြားလွန်းပါတယ်။
                                         (အမည်မသိနော်ဝေး စာဆို)


            တော်လှန်ရေးနှစ်ရပ်

ကျနော်တို့ကိုယ်တိုင် မြန်မာပြည်ရဲ့ စနစ်ဆိုးအောက်မှာမွေးဖွားကြီးပြင်းလာခဲ့သလို ခလေးဘ၀ကတည်းက လွဲမှားတဲ့ပညာရေးပုံစံ၊ဆင်းရဲမှု၊ စိတ်အလိုမပြည့်မှု၊ အနိုင်ကျင့်ဘိုကျခံရမှု တွေကိုနယ်ပယ်အသီးသီးမှာကြုံခဲ့ရသူတွေဖြစ်တယ်။ ကြီးပြင်းအရွယ်ရောက်လာတဲ့အခါ မိမိဘ၀ရဲ့ စိတ်အမာရွတ်တွေက ပျောက်မသွားပါ။ ၁၉၈၈ တောခိုခဲ့စဉ်က ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ့်အကြောင်းသူ့အကြောင်းစကားတွေစပ်မိတော့ အများစုဟာ ငယ်စဉ်ကတည်းက မိသားစုနဲ့ ပတ်ဝန်းကျင်အကြားစိတ်သောကတွေ၊ စိတ်ဆန္ဒအလိုမပြည့်မှုတွေရှိခဲ့သလို၊ အရွယ်ရောက်တော့လည်း ခေတ်စနစ်ရဲ့ ဖိနှိပ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု၊ အနာဂတ်မရေရာမှုနဲ့ ကိုယ့်လမ်းကိုယ်ထွင်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မရ၊ မလွတ်မလပ်တဲ့ ဘ၀ပေးအနေအထားတွေနဲ့ ကြုံကြိုက်ရသူတွေဖြစ်ပါတယ်။ တနည်းပြောရရင် စိတ်ဒါဏ်ရာတွေကိုယ်စီရှိနေကြတယ်။


ကျနော်တို့ မျိုးဆက်တွေရဲ့ ဘ၀ထဲကစိတ်ခံစားချက်တူကြပါတယ်။ မိမိဘ၀နဲ့ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံကို အကောင်းဆုံး ထုဆစ်လိုတဲ့စိတ်တွေ ကျနော်တို့မှာပေါ်ပေါက်ခဲ့ကြတယ်။ ဒီလိုနဲ့ တော်လှန်ရေးတရပ်ဆင်နွှဲခဲ့တယ်။ငယ်ရွယ်နုနယ်စဉ်က စိတ်ပိုင်းမှာထင်ဟတ်ခဲ့တဲ့ ဒါဏ်ရာဒါဏ်ချက်တွေဟာ ကြီးပြင်းတဲ့ နှစ်ကာလ များစွာအထိ အမှတ်ထင်ထင်ဖြစ်နေတတ်ပါတယ်။
မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့၊ နိုင်ငံရေးပဋိပက္ခ ဟာ ဒီနေ့အထိ အဆုံးမသပ်သေးပါဘူး။ဓမ္မနဲ့ အဓမ္မ တိုက်ပွဲဟာ ရာစုနှစ်ဝက်ကျော် ကြာခဲ့ပါပြီ။ တချိန်က ရုပ်ပိုင်းဘ၀နွမ်းပါးမှုကိုအခြေခံပြီးဖြစ်လာတဲ့ နိုင်ငံရေးပဋိပက္ခဟာ ဒီကနေ့ကာလမှာတော့ ရုပ်ပိုင်းဘ၀ချည်းသာမဟုတ်တော့ပဲစိတ်ပိုင်းဘ၀ ခြွတ်ခြုံကျမှုကိုပါရင်ဆိုင်နေရပါပြီ။ ရုပ်ပိုင်းဘ၀ပြည့်စုံဖို့သာမဟုတ်၊စိတ်ပိုင်းဘ၀ ပြည့်ဝအောင်ပါ လုပ်ဆောင်ရမယ့် တော်လှန်ရေးတာဝန် နှစ်ရပ်ကို ထင်ထင်းရှားရှားတွေ့နေရပါတယ်။


                                  မိမိကိုယ်ကိုဦးစွာတော်လှန်


တိုင်းပြည်အနာဂတ်ငြိမ်းချမ်းဘို့ ကျနော်တို့မျိုးဆက်တွေကို စိတ်ဒါဏ်ရာတွေမပေးသင့်တော့ပါဘူး။ကျနော်တို့မမွေးခင်နဲ့ ငယ်ရွယ်စဉ်တုန်းက ခေတ်စနစ်ကပေးခဲ့တဲ့ ဒါဏ်ရာတွေနဲ့ ပေကျံခဲ့တယ်။ဒီအကျိုးဆက်ဟာ ကျနော်တို့ရှင်သန်နေတဲ့ ဒီကနေ့ထိမပျောက်အပျက်နိုင်တဲ့ အမာရွတ်တွေအတိုင်းရှိနေတုန်းပါ။လွယ်လွယ်နဲ့ ပျောက်နိုင်မယ့်ဒါဏ်ရာတွေမဟုတ်ပါ။ ကျနော်တို့ ဘ၀မှာ၊ ဒါဏ်ရာတွေရှိနေတဲ့ကြားကပဲနောင်မျိုးဆက်တွေဒါဏ်ရာကင်းအောင်၊ စိတ်လုံခြုံအောင် သတိတရားနဲ့ အသေအချာ ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ဒီအတွက် မိမိကိုယ်ကို မိမိအရင်ဦးဆုံးတော်လှန်ရမှာဖြစ်တယ်။


မိမိကရော ဘယ်လောက်ရင့်ကျက်ပြီး၊ဘယ်လောက် စာနာနိုင်ပြီလဲ။ ဘယ်လောက်သိနားလည်ပြီဲး ဘယ်လောက်ပေးဝေနိုင်ပြီလဲ။ ဘယ်လောက်သီးခံနိုင်ပြီး  ဘယ်လောက်ပေးဆပ်နိုင်ပြီလဲ။ စသဖြင့်..စသဖြင့်.. ကိုယ့်ဖာသာကိုယ်ပြန်ပြီးမေးခွန်းထုတ်စရာတွေအများကြီး ရှိနေပါတယ်။ ကျနော်ကိုယ်တိုင်လည်း လဲလိုက်ထလိုက်၊ပြန်လျှောက်လိုက်၊မှားလိုက်၊ လဲလိုက် ပြန်မတ်လိုက်နဲ့ ကျိုးစားနေရတုန်းပါ။ ကိုယ့်ဖာသာကိုယ်မြင်သိပြီးကိုယ့်ကိုယ်ကို ဝေဖန်၊ တည့်မတ်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါ။ အစွဲတွေချွတ်ပြီးအသစ်ကို လက်ခံနိုင်တဲ့ နှလုံးသားလည်းရှိရသလို မှားရင် မှားတယ်လို့ ၀န်ခံရဲ၊ ပြင်ရဲတဲ့စိတ်ဓာတ်မျိုးလည်း မွေးမြူရဲရပါတယ်။


                                     မိဘတွေထားရမယ့်စိတ်ဓာတ်


                    ကျနော် နော်ဝေးနိုင်ငံအော်စလို ရောက်ပြီး နောက်တနှစ်လောက်မှာမိဘတွေ မိမိတို့သားသမီးတွေကို ဘယ်လို ထိမ်းသိမ်း ဆုံးမကြမလဲ ဆိုတဲ့ပညာပေးသင်တန်းတစ်ခုတက်ရပါတယ်။အတော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ခလေးစိတ်ပညာနဲ့ မိဘတွေက ခလေးတွေအပေါ် ထားရှိအပ်တဲ့စိတ်သဘောတွေကို ဆွေးနွေးပြတဲ့ သင်တန်းပါ။ အတော်လည်း ကျယ်ပြန့်တဲ့ အတွေးအမြင်တွေပေးပါတယ်။ဒီဆောင်းပါးရေးနေရင်း သင်တန်းထဲကမှတ်တမ်းတချို့ကို ပြန်ဖတ်ကြည့်ပါတယ်။

-        ခလေးတွေထိတ်လန့်၊ စိုးရိမ်၊ ပူပန် အတွေးမ၀င်မိစေနဲ့၊(အနာဂတ်မှာ အနာတရဖြစ်မယ်)
-        သဘာဝကိုစူးစမ်းစေပါ။ လွတ်လပ်ပျော်ရွှင်နေပါစေ၊သိလိုတာ စိတ်ရှည်စွာရှင်းပြ( ဗဟုသုတသာမက စိတ်ငြိမ်းအေးပြီးသီးခံ စိတ်တွေပေါ်လာမယ်)
-        အသိအမှတ်ပြုပေး၊ အကောင်းမြင်၊ အပြုစိတ်နဲ့ အမြဲချီးကျူးပါ၊ဗွေဆိုးသူကို ပိုပြီး အကောင်းရှာကြံချီးကျူးပါ။ ( ပြဿနာကို ငြိမ်းချမ်းစွာအဖြေရှာတတ်လိမ့်မယ်)
-        တန်းတူရည်တူ၊ အရေးတယူထားပြောဆိုဆွေးနွေးပေးပါ၊စိတ်ဓာတ်မြှင့်တင်ပေးပါ။( ကိုယ်ချင်းစာပြီး လူတိုင်းကို အသိအမှတ်ပြု၊ လေးစားစိတ်ဖြစ်ပေါ်မယ်)
-        ဆတ်ဆတ်ထိမခံခိုင်းတာ၊ ပြန်လှန်တုန့်ပြန်ခိုင်းတာ၊အားနည်းချက်ထိပါးတာ၊စိုးရိမ်ကြောက်လန့်အောင်ခြိမ်းခြောက်တာ၊ ဆုပေးဒါဏ်ပေး လုပ်တာ၊ အလွန်အကျွံမြှောက်ပင့်တာ…လုံးဝမလုပ်မိစေနဲ့။(ကိုယ်ကျင့်သီလပျက်ကုန်မယ်)
-        မဟုတ်တာလုပ်မိရင် ငြူစူပိတ်ပင်တာထက်၊ အကြောင်းအကျိုးရှင်းပြီးဒါလုပ်တာပိုကောင်းတယ်လို့ အဆိုးကိုလွှဲ၊ အကောင်းဘက်ညွှန်ပါ။
-        ရိုးသားမှုရှိဖို့ မြင့်မားတဲ့စည်းကမ်းမျိုးမသတ်မှတ်နဲ့လိမ်ညာပြောဆိုကုန်လိမ့်မယ်၊(သူလုပ်နိုင်သလောက် သာရှေ့တိုးလုပ်ဆောင်ခိုင်းပါ၊ ယုံကြည်မှုအစွမ်းအစတက်လာလိမ့်မယ်)
-        လူရှေ့သူရှေ့ အမြဲမဆူနဲ့ အမှန်အမှားနဲ့ ကိုယ်ကျင့်တရားကိုမချင့်ချိန်တတ်ပဲနေလိမ့်မယ်။
-        ကြင်နာစိတ်( Sympati) နဲ့ ကိုယ်ချင်းစာစိတ်(Empati) ရှိအောင် ပုံပြင်၊ ဥပမာနဲ့ လမ်းပြပါ။(မသိရင် တစ်ကိုယ်ကောင်းအတ္တသမားဖြစ်လိမ့်မယ်).။

ဒီလိုမှတ်စုအတိုအထွာအတော်များများဖတ်ကြည့်ပြီး ကိုယ့်ဖာသာသတိချွန်းနဲ့အုပ်မိတယ်။


ကလေးတွေကို ကာကွယ်တဲ့ ဥပဒေ


နော်ဝေးအပါအ၀င် ဥရောပနဲ့ အနောက်နိုင်ငံတွေမှာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေကို ပြဌာန်းထားတတယ်။ ကလေးကို အကြမ်းမဖက်ရ(ဒါဏ်ရာအနာတရဖြစ်စေတဲ့ ရိုက်နှက်ဆုံးမမှု)စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်ယိုယွင်းစေတဲ့ အပြုအမူနဲ့ လုပ်ဆောင်မှုများ ပိတ်ပင်သည်လို့ဖော်ပြပါတယ်။တကယ်လို့များ မိဘ သို့မဟုတ် အုပ်ထိမ်းသူက ဥပဒေကျူးလွန်တာတွေ့ရင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဌာနကအိမ်တိုင်ရာရောက်လာပြီး ခလေးကိုခေါ်ဆောင်ထိမ်းသိမ်းပါတယ်။

ခလေးတွေခန္ဒာကိုယ်မှာ ရိုက်နှက်နှိပ်ဆက်ခံရတဲ့ ဒါဏ်ရာတွေကို ကျောင်းဆရာ၊ ဆရာမတွေကမြင်ရင်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ကြေကွဲမှုနဲ့ကြောက်ရွံ့စိုးရိမ်မှုတွေတွေ့ရရင်လည်း မိဘတွေဆီစာရေးသတိပေးပါတယ်။ ထပ်မံကျူးလွန်ရင် ခလေးထိန်းဌာနကိုအကြောင်းကြားပါတယ်။ မိဘတွေက ကလေးကို တာဝန်မယူနိုင်၊ မထိန်းသိမ်းနိုင်ဘူးဆိုရင်လည်းအစိုးရကထိန်းသိမ်းစောင့်ရှောက်ပညာသင်ပေးပါတယ်။ ခလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေကို   ထိန်းသိမ်းစောင့်ရှောက်ပညာသင်ပေးတဲ့ ဌာနရှိပါတယ်။မိဘတွေဆိုဆုံးမလို့မရရင်လည်း သူတို့ဆီအပ်နှံလို့ရပါတယ်။ အဲဒီရောက်သွားတဲ့ခလေးတွေဟာလိမ္မာယဉ်ကျေးပြီး ပညာတတ်လာတာလည်း တွေ့ရပါတယ်။


       ဒီမိုကရေစီအလေ့အထ နေ့ကလေးထိမ်းကျောင်းက

နော်ဝေးနိုင်ငံရောက်ပြီး ၂နှစ်အကြာ နေ့ကလေးထိမ်းကျောင်းမှာ လုပ်အားပေးလုပ်ဖူးတယ်။အသက် ၁နှစ်ခွဲ ၂နှစ်ကနေ ၆နှစ်ကြားအရွယ်ခလေးတိုင်း နေ့ကလေးထိမ်းကျောင်းကိုသွားကြတယ်။မြန်မာပြည်မှာလိုပဲ အိန္ဒိယမှာလည်း နေ့ကလေးထိမ်းကျောင်းတွေရှိပါတယ်။ ကွာခြားတာတွေလည်းအများကြီး။မြန်မာပြည်နဲ့အလှမ်းဝေးနေလို့ အသေးစိတ်မသိရပေမဲ့  အိန္ဒိယကနေ့ခလေးထိမ်းကျောင်းကတော့ ၄- ၅ နှစ်အရွယ်ကတည်းက စာသင်ပေးနေပါပြီ။ သက္ကရာဇ် ၂၀၀၀လောက်ကစပြီးအနောက်နိုင်ငံတွေရဲ့ ပညာရေးစနစ်ကိုရင်ဘောင်တန်းဖို့စီမံကိန်းချခဲ့ရာက နေ့ခလေးထိမ်းကျောင်းကတည်းကစလို့အင်္ဂလိပ်စာ၊ သင်္ချာတွေ နဲ့တခြားစာတွေသင်တော့တာပဲ။ ၄နှစ်အရွယ် ကျနော့ရဲ့သားငယ်ဟာ စာအုပ်အပြည့်နဲ့လေးလံလွန်းတဲ့ လွယ်အိပ်ကြီး ကျောပိုးပြီး နေ့ခလေးထိမ်းကျောင်းသွားရတာ မပျော်ဘူး။ နေ့စဉ်မြားပြားလှတဲ့ အိမ်စာတွေပါလုပ်ရတယ်။


နော်ဝေးမှာတော့ ခလေးတွေကို သင်ကြားတဲ့ပုံစံကတမျိုး။စိတ်ဖိစီးမှုမပေးဘူး။ နေ့ကလေးထိမ်းကျောင်းမှာ ကစားခုန်စားမှုနဲ့၊ ကဗျာရွတ်တာ၊ သီချင်းဆိုတာ၊ပုံပြောတာ၊ စကားပြောတာ၊ရောင်စုံရုပ်ပုံပါစာအုပ်တွေ၊ကာတွန်းတွေကြည့်ရှင်းပြတာ၊ အရုပ်ဆွဲတာ၊မုန့်လုပ်တာ၊ ရုပ်ရှင်ကြည့်၊ တောထဲလည်၊ ပြတိုက်သွားလည်၊ ရေခဲပြင်စကိတ်စီး၊ လျှောစီး၊အစရှိတဲ့ လှုပ်ရှားမှုတွေ အမြဲလုပ်ပါတယ်။ ခလေးတွေကို အဟာရ အစားအသောက်နေ့စဉ်ကျွေးတယ်။ချမ်းသာတဲ့နိုင်ငံမို့ လုပ်ပေးတာပေါ့လို့ ကောက်ချက်ဆွဲတာထက် ခလေးတွေရဲ့ ဖွံ့ဖြိုးရေးနဲ့ပညာရေးကို အထူးအလေးပေးတာ၊ ဘတ်ဂျက်ပိုသုံးတာလို့ ပြောရင်ပိုမှန်မှာပါ။ နေ့ကလေးထိမ်းကျောင်းဆရာဆရာမတွေဟာအခြေခံအဖြစ်ခလေးစိတ်ပညာနဲ့ ခလေးတွေအပေါ် စိတ်ရှည်သီးခံ၊ ဂရုဏာသက်ဖို့၊ ချစ်တတ်ဖို့၊လမ်းညွှန်တတ်ဖို့နဲ့ သတ်မှတ်ထားတဲ့အသိပညာနဲ့ လက်တွေ့ လုပ်ငန်းခွင်ဆင်းထားသူတွေဖြစ်တယ်။ခလေးတွေကို သင်ကြားတဲ့စနစ်ကလည်း ထူးခြားဆန်းပြားမှုမရှိ၊ ရိုးရိုးလေးပါပဲ။


စာတွေနှုတ်တိုက်သင်ကြားပေးနေတာမဟုတ်၊ဥပမာ ရုပ်ပုံစာအုပ်ထဲက အသားအရောင်အမျိုးမျိုး၊ အရွယ်အစား၊ အ၀တ်အစား၊ ပုံသဏ္ဍန်အမျိုးမျိုးနဲ့လူတွေ၊ ကွဲပြားတဲ့ အိမ်တွေနဲ့ အဆောက်အဦးအမျိုးမျိုး၊ အပင်အမျိုးမျိုး၊ တိရိစ္ဆာန်အမျိုးမျိုးကိုမကြာမကြာကြည့်၊ မကြာမကြာမေးခွန်းထုတ်နေရင်း လောကလူ့ရွာရဲ့ မတူကွဲပြား၊ ခြားနားမှုတွေအတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အခွင့်အရေး အခြေခံသဘောတရားတွေကို ခလေးတွေဦးခေါင်းထဲထည့်ပေးတာဖြစ်တယ်။ကျနော်တို့ဆီမှာတော့ အသားမဲမဲ ကုလား(အိန္ဒိယအနွယ်ဝင်ဆို) မာလီနေရာ၊ ဒရိုင်ဘာနေရာ၊ ထမင်းချက်နေရာ ပုံသေထားပြီးရုပ်ရှင်နဲ့ ကာတွန်းတွေအထိ ခွဲခြားဆက်ဆံမှုကို ဖော်ညွှန်းတဲ့အသိတရားမျိုးရှိနေတာကိုမြင်ရသေးတယ်။


                                စိတ်ဖိစီးမှုမပေးနဲ့


နော်ဝေးနိုင်ငံက ခလေးတွေရဲ့ပညာသင်ကြားမှုစနစ်ထဲမှာ စိတ်ဖိစီးမှုကို ရှောင်ရှားကြတာသတိထားမိတယ်။မူလတန်း၊ အလယ်တန်းခလေးတွေကို သက်တောင့်သက်သာပုံစံနဲ့သင်ကြားတယ်။ တနင်္လာကနေ ကြာသပတေးအထိသာအိမ်စာတွေပေးပြီး ကျောင်းပိတ်ရက်မှာ ခလေးတွေကို ကျောင်းစာတွေနဲ့ အလုပ်မရှုတ်ခိုင်းဘူး။ဆရာတွေက ခလေးတွေရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို စနစ်တကျမှတ်တမ်းတင်ထားတယ်။ မိဘနဲ့ဆရာသီးခြားတွေ့ဆုံတဲ့အခါမှမိမိသားသမီးရဲ့ ပညာရေးအခြေအနေကို သေချာဆွေးနွေးပြတယ်။


ကျောင်းစာသင်ခန်းမှာ မောင်ဖြူကပထမ၊ မောင်နီက ဒုတိယ၊ မောင်ညိုက မအောင်ဘူး၊ စသဖြင့် လူသိထင်ရှားဖော်ပြရိုးထုံးစံမရှိဘူး။အဆင့်အတန်းမခွဲခြားဘူး။ ခလေးတွေ စိတ်ခံစားမှုဝင်ကုန်မှာစိုးလို့ပါ။ ဒါပေမယ့် တပည့်ဖြစ်သူရဲ့လိုအပ်ချက်ကိုတော့ ထောက်ပြတယ်။ ပိုမိုကျိုးစားစေတယ်။ လေ့ကျင့်ခန်းတွေပေးတယ်။ အပြုသဘော၊ဖေးမတဲ့၊ အကောင်းမြင်တဲ့ သဘောထားနဲ့သာဆက်ဆံတယ်။ ကျနော်တို့အာရှသားတွေက ကိုယ်က လိမ္မာရင်၊စာတော်ရင်၊ ဆရာကို ကိုယ်အမူအရာ နှုတ်အမူအရာနဲ့ ရိုသေကိုင်းရှိုင်းရင် ဆရာက သဘောကျပြီးအရေးပေးဆက်ဆံတတ်တယ်။ ဒီနိုင်ငံတွေမှာတော့ တပြေးတည်းထဲ၊ မခွဲခြားဘူး၊ စာညံ့ရင် ပိုတောင်စိတ်ရှည်ရှည်ထားအရေးပေးဆက်ဆံတယ်။ဆရာပြောတာ နားထောင်တာ၊ ခိုင်းတဲ့အတိုင်းလုပ်တာကသာ ဆရာ့အပေါ် လေးစားတယ်လို့ သတ်မှတ်တာဖြစ်တယ်။



အများအားဖြင့် ကျနော်တို့အာရှသားအများဟာ စိတ်မရှည်တတ်ကြဘူး၊ အနောက်ဥရောပပုံစံအတိုင်းလှုပ်ရှားရုန်းကန်ရတဲ့အခါ မိမိတို့သားသမီးတွေအပေါ် ဖိအားပေး ခိုင်းစေသွန်သင်တာတွေလုပ်လာတယ်။ဆူပူကြိမ်းမောင်းခံရတယ်။  ခလေးတွေမှာစိတ်သွားတိုင်းကိုယ်မပါ၊ အယောင်ယောင်အမှားမှားကြုံရ၊ ဖိစီးမှုများပြီး အစိုးရိမ်လွန်ကဲတာ၊ ကြောက်စိတ်ဝင်တာ၊မိမိကိုယ်မိမိယုံကြည်မှုနည်းပါးကုန်တာတွေဖြစ်လာပါတယ်။


          တိုးလ်မူဒီး( Tolmodig)


အကြောင်းတိုက်ဆိုင်လာလို့ ဒီနေရာမှာ နော်ဝေးလူမျိုးတွေရဲ့ ဂူဏ်ယူတတ်တဲ့အလေ့အထလေးတစ်ခုကို ဖော်ပြလိုပါတယ်။ နော်ဝေးစကားနဲ့ တိုးလ်မူဒီး( Tolmodig)ဆိုတာ ဗမာလို အနီးစပ်ဆုံးဘာသာပြန်ရရင် စိတ်ရှည်သီးခံမှုပါပဲ။ တိုးလ်မိုဒီးမှာ စိတ်ရှည်သီးခံရုံမဟုတ် စာနာမှု၊ နားလည်ပေးမှုလည်း ခတ်ပါးပါးလေးပါတယ်။နော်ဝေးလူမျိုးတွေဂုဏ်ယူတတ်တဲ့အထဲမှာ သူတို့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းနိုင်တဲ့အလှတို့၊ သဘာဝဓာတ်ငွေ့နဲ့ ရေအရင်းအမြစ်ကောင်းမွန်ကြွယ်ဝတာတို့၊ချမ်းသာတာတို့၊ ငြိမ်းချမ်းတာတို့ ပါဝင်သလို တိုးလ်မူဒီး ဆိုတာကလည်းအဲဒီဂုဏ်ယူစရာတွေထက် သာလွန်ဂုဏ်ယူတတ်တဲ့ စိတ်ယဉ်ကျေးမှုတခုဖြစ်ပါတယ်။


နော်ဝေးလူမျိုးတွေစိတ်ရှည်သည်းငြီးခံမှုဟာ စံနမူနာလည်းတင်ထိုက်ပါတယ်။ လူကြီးရော၊ လူငယ်နဲ့ ခလေးတွေပါမကျန် စိတ်ရှည်သီးခံတတ်တဲ့ အမူအကျင့်ကို တွေ့ရတယ်။ ၀န်ထမ်းတွေ၊ ကျောင်းဆရာဆရာမတွေ ဆိုရင် အင်မတန် စိတ်ရှည်သီးခံပြီး သေသေချာချာ၊ အခေါက်ခေါက်အခါခါ နားလည်သဘောပေါက်တဲ့အထိ၊ ကျေနပ်နှစ်သိမ့်သွားစေတဲ့အထိ စိတ်ရှည်ရှည်ထားရှင်းပြတယ်။ ဥရောပနိုင်ငံတွေမှာ နော်ဝေးလူမျိုးတွေဟာ စိတ်ရှည်သီးခံမှု အရှိဆုံးလို့တောင် ပြောတတ်ကြပါတယ်။ သူတို့ သီးခံစိတ်ရှည်နေပုံကို ဘေးကကြည့်ပြီး ကိုယ်တောင်စိတ်မရှည်ချင်လောက်အောင် စိတ်ရှည်ပါတယ်။ ကိုယ့်အပေါ် အသလွတ်စော်ကားမော်ကားစွတ်စွဲပြောဆိုနေတဲ့ ကျောင်းသားတယောက်ကို မျက်နှာမပျက် တည်တည်ငြိမ်ငြိမ်ရှင်းပြတတ်တဲ့ ဆရာတွေကို တွေ့ရပါတယ်။ ကိုယ်က လမ်းမသိလို့ ကြုံတဲ့လူတယောက်ယောက်ကို မေးလိုက်ရင်လည်း သူ့ကိစ္စရေးကြီးသုတ်ပျာ ကို အသာထားပြီး သူမသိလည်း အိပ်ထဲက မိုဘိုင်းဖုန်းကိုထုတ် လမ်းညွှန်မြေပုံရှာပြီးတော့သေသေချာချာလမ်းညွှန်ပြတတ်ပါတယ်။


လူတဖက်သားကျေနပ်အောင်ကူညီပေးရတာဟာ လူတယောက်ရဲ့ ဂုဏ်သိက္ခာ၊ လူတဦးရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ်ဆိုတဲ့ စိတ်ဓာတ်ကို ကိုင်စွဲထားသူတွေဖြစ်ပါတယ်။ စိတ်ရှည်သီးခံမှု၊ ရှေ့လောမကြီးမှုဟာ အမှားလည်းနည်းသွားသလို၊ သူတပါးကိုလည်း ခွင့်လွှတ်သီးခံ နားလည်သဘောပေါက်စေတဲ့ ရင့်ကျက်မှုပါဖြစ်သွားစေပါတယ်။ တခါတခါ စိတ်ရှည်လိုက်လို သူ့ပြဿနာသူရှင်းပေးလိုက်သလိုလည်းဖြစ်သွားတတ်တယ်။ အထူးသဖြင့်အတွေ့အကြုံနုနယ်ပြီး ဆင်ခြင်တွေးတောဥာဏ်အားနည်းနေသေးတဲ့လူတွေ၊ ခလေးငယ်တွေကို စိတ်ရှည်သီးခံဂရုဏာသက်ပေးခြင်းဟာ နှစ်ဘက်စလုံးအတွက် ချောမွေ့တဲ့ အနာဂတ်ပါ။



                             မေတ္တာတွေသိမ်းပိုက်တဲ့မွေးနေ့ပွဲ 


ဒီနိုင်ငံမှာ မွေးနေ့ကိုတန်ဘိုးထားတယ်။ ကျောင်းစာသင်ခန်းမှာ ဆရာက ကျောင်းသားတွေရဲ့မွေးနေ့မွေးလတွေကို စက္ကူကားချပ်ကြီးပေါ် နာမည်နဲ့တကွရေးမှတ်ထားတယ်။ နေ့ကလေးထိန်းကျောင်းမှာလည်းလုပ်တတ်တယ်။  ခလေးတစုံတယောက်ရဲ့မွေးနေ့ဆို(ကျောင်းဖွင့်ရက်ကျရင်)မိဘကလည်း တန်ဘိုးမကြီးတဲ့ အိမ်တွင်းဖြစ်ကိတ်မုန့်ဖြစ်စေ၊ ချိုချဉ်ထုတ်ဖြစ်စေ ကျောင်းကိုပို့ပေးတယ်။မိဘတွေမပို့ဖြစ်လည်း ဆရာက စားစရာတခုခုနဲ့မွေးနေ့ပွဲကျင်းပပေးတယ်။ တချို့ဆရာတွေက လက်ဆောင်ပေးတတ်တယ်။တချို့ခလေးတွေက မိမိတို့အတန်းဖော်သူငယ်ချင်းတွေကိုကျောင်းအားရက် စနေ၊တနင်္ဂနွေနေ့ အိမ်မှာဖိတ်ကြားပြီးအကုန်အကျသိပ်မများစေတဲ့ သစ်သီးဖျော်ရည်၊ ကိတ်မုန့်၊ချိုချဉ်လေးတွေတည်ခင်းပြီး မွေးနေ့ပွဲကျင်းပပေးတတ်တယ်။ဖိတ်ကြားခံရသူတိုင်း မအားရင် အကြောင်းကြားကြသလို အများအားဖြင့်သွားနိုင်အောင်အားထုတ်လေ့ရှိတယ်။ 



                                    ဇန်န၀ါရီလရဲ့တရက်၊နော်ဝေးက နာမည်ကြီး VG သတင်းစာထဲမှာ ခလေးမိဘတယောက်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်က ဓာတ်ပုံစာလေးကကူးယူဖော်ပြလိုက်တယ်။“စားမယ့်သူမရှိလို့ ပုံစံမပျက်ရှိ နေတဲ့ မွေးနေ့ကိတ်မုန့်လေး” ဆိုတဲ့သတင်းတိုလေးဟာအားလုံးရဲ့ရင်ကိုထိမှန်ကုန်တယ်။ တစ်ခန်းထဲအတူနေ မူလတန်း ကျောင်းသားလေးနှစ်ယောက် သူတို့ရဲ့မွေးနေ့ပွဲကို နေအိမ်မှာပူးပေါင်းလုပ်ကြတယ်။ ဘယ်သူငယ်ချင်းမှ သူတို့မွေးနေ့ပွဲဆီမရောက်လာခဲ့ဘူး။မလာရောက်နိုင်ကြောင်းကြိုတင်အသိမပေးသလို ဘယ်သူမှမလာလို့ သားလေးတွေခံစားချက်ကို မမြင်ရက်နိုင်တော့တဲ့ခလေး မိဘတွေက သူတို့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အထီးကျန်မွေးနေ့ကိတ်မုန့်ဓာတ်ပုံကိုတင်လိုက်ပါတယ်။


သတင်းစာကလည်းခလေးတွေ ခွဲခြားဆက်ဆံခံရပြီလားလို့မေးခွန်းထုတ်လာပါတယ်။  သတင်းစာဖတ်ပရိဿတ်အားလုံး ခလေးတွေရဲ့ စိတ်ဒါဏ်ရာအတွက်စိုးရိမ်ပူပန်သွားကြပါတယ်။နောက်တစ်ရက်မှာ မွေးနေ့ရှင်ခလေးတွေအတွက် သိကြွမ်းသူတွေရော၊ မရင်းနှီးတဲ့တစိမ်းတွေအမြောက်အများကပါမွေး နေ့လက်ဆောင်တွေ၊မွေးနေ့ကဒ်တွေပေးပို့ကြပါတယ်။ ဒီနည်းနဲ့ ခလေးတွေကို ၀ိုင်းဝန်းနှစ်သိမ့်အားပေးခဲ့ကြတယ်။
 

   ကျနော်တို့အနာဂတ်

ခလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်မောင်းနှင်အားတွေဖြစ်တယ်။ သူတို့တတွေ စိတ်ဓာတ်ကြံ့ခိုင်နေဘို့၊ပညာတတ်ဘို့၊ ရုပ်ပိုင်းရော စိတ်ပိုင်းဘ၀ပါဖွံွ့ဖြိုးသန်စွမ်းနေဘို့လိုအပ်ပါတယ်။ ခလေးတွေခန္ဒာကိုယ်သန်စွမ်းကြံ့ခိုင်သလို စိတ်နှလုံးသားကောင်းမွန်ပြည်ဝမှ သူတို့အနာဂတ်သာမကတိုင်းပြည်အနာဂတ်ပါ ငြိမ်းချမ်းဖွံ့ဖြိုးမှာဖြစ်တယ်။ ခလေးတွေဟာ တိုင်းပြည်ရဲ့ ကြီးမားစွာရင်းနှီးမြှုတ်နှံထားရတဲ့ ရတနာတွေနဲ့တူတယ်။ မြေအောက်သယံဇာတတွေထက် တန်ဘိုးကြီးမားတယ်။


                                              အင်္ဂလိပ်အဆိုလေးတစ်ခုကြားဖူးပါတယ်။  "အိမ်ထောင်ဘက်ရွေးချယ်မယ်ဆိုရင်၊ကိုယ့်ကြင်ဖက်ရဲ့မိဘနှစ်ပါးက ပညာတတ်တွေဖြစ်သင့်တယ်” တဲ့။ မိဘက ပညာတတ်ပြီး ဆင်ခြင်တုံတရားရှိမှ သားသမီးကလည်းပညာနဲ့တွေးခေါ်မျော်မြင်နိုင်သူဖြစ်လိမ့်မယ်လို့ဆိုလိုတာပါ။ ဒါမှ မျိုးဆက်နဲ့ချီပြီးပညာတတ်၊ဥာဏ်အမျော်အမြင်ကြီးပြီး သာယာငြိမ်းချမ်းတဲ့ မိသားစုဗိမ္မာန်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ကျနော်တို့ကိုယ်တိုင် ပညာ ဥာဏ်မွဲပြီး၊ တွေးခေါ် ဆင်ခြင်တုံတရားမဲ့ရင် ကျနော်တို့ သားသမီးတွေလည်းစိတ်ပိုင်း၊ရုပ်ပိုင်း စံချိန်မမှီသူတွေဖြစ်ကုန်မယ်။ တိုင်းပြည်အနာဂတ်လည်း ငြိမ်းချမ်းမှာမဟုတ်ပါ။ မိမိတို့နိုင်ငံမှာ ဘယ်လောက်ပညာတတ်တွေမွေးထုတ်နိုင်ခဲ့ပြီလဲ၊ ကိုယ်တိုင်ရောဘယ်လောက်ထိ နှလုံးရည် စွမ်းဖွံ့ဖြိုးသလဲ၊ ကိုယ့်သားသမီးကို ဘယ်လိုဆုံးမပြီးဘယ်လိုအတွေးအခေါ်တွေ တပ်ဆင်ပေးထားသလဲ ဆိုတာ ကိုယ့်ဖာသာမေးခွန်းထုတ်ရတော့မှာပါ။


တခြားနိုင်ငံတွေကထုသားပေသားကျနေတဲ့ပညာရေးစနစ်နဲ့  အတွေးအခေါ် အလေ့အကျင့်ကောင်းတွေရနေကြပြီ။ကျနော်တို့ ဒီနေ့အထိ အမုန်းတရားတွေ၊ အတ္တတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ကမ္ဘာဦးလူသားများအတွေးအခေါ်ထဲရွာလည်နေဆဲပါ။ သူများနိုင်ငံတွေက ခလေးတွေကို ငြိမ်းချမ်းပြီး အေးအတူပူအမျှ  နေထိုင်ဘို့ သူတော်ကောင်းစရိုက်တွေသွပ်သွင်းပေးနေချိန်၊ကျနော်တို့တတွေက မမှန်မကန် ပြုမှုကျင့်ကြံနေတဲ့အတွေးအခေါ်နဲ့ စိတ်ယဉ်ကျေးမှု မဖွံ့ဖြိုးတဲ့တိုင်းနိုင်ငံတချို့ကို ဥပမာထား၊ တုပြိုင်နေကြတယ်။ အကောင်းကိုရှာမကြည့်ပဲ အဆိုးတွေကိုမြင်အောင်ကြည့်နေကြတယ်။ကျနော်တို့နဲ့ ထိုက်တန်တဲ့အနာဂတ်ကို  ကျနော်တို့ကိုယ်တိုင်ရွေးချယ်ပြဌာန်းရတော့မှာဖြစ်တယ်။


ကျနော်တို့ခေတ်ကို ကျနော်တို့လက်နဲ့မတည်ဆောက်နိုင်သေးရင်၊  ကျနော်တို့မျိုးဆက်ကိုလှလှပပဖြစ်အောင်မွေးထုတ်ပေးဖို့လိုပါတယ်။ဒီအတွက် ကျနော်တို့ကိုယ်တိုင် ပြည့်ဝနေဖို့ စနစ်ကျနေဘို့ပါလိုလာတယ်။ ကျနော်တို့ဆီကဒါဏ်ရာတွေကို ကိုယ့်မျိုးဆက်တွေဆီ မကူးစက်စေချင်ပါ။ ကျနော်တို့ခေတ်ရဲ့အညစ်အကြေးတွေကိုကျနော်တို့မျိုးဆက်အစဉ်အဆက်အထိ မပေကျံစေဖို့ အားထုတ်ရလိမ့်မယ်။


ကိုညို (အော်စလို)             

ဓာတ်ပုံ- ကျော်ဇောလေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...