ကလေးစစ်သားပြီးရင်၊ ကလေးအလုပ်သမားပပျောက်ရေး
မြန်မာ့တပ်မတော်နဲ့လက်နက်ကိုင်
အခုရေးချင်တဲ့ အကြောင်းကတော့ ကလေးအလုပ်သမားများ အကြောင်းဖြစ်ပါတယ်။
မြန်မာပြည်မှာ ကျွမ်းကျင်သူအလုပ်သမား
အလွန်ရှားနေပါတယ်။ ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းဆိုရင် ကျွမ်းကျင်တဲ့ ပန်းရံ၊
လက်သမားများ အလွန်ရှားပါးနေပါတယ်။ ကျွမ်းကျင်သူကို လစာငွေ ၃သိန်းကျော်
အပြိုင်ပေးပြီး ဆောက်လုပ်ရေးကုမ္မဏီများက ခန့်ထားပေမဲ့၊ ၃လ၊ ၆လ လောက်ကြာရင်
ကျွမ်းကျင်သွားတဲ့အလုပ်သမားက တခြားကုမ္မဏီက ရာထူး၊လစာ မြှင့်ပေးပြီး
ခေါ်သွားပါတယ်။ နိုင်ငံခြား ထိုင်း၊ မလေး၊ စင်ကာပူ၊ ကာတာ၊ ဒူဘိုင်းတွေကို
ရောက်သွားကြသူတွေ ပိုများသလိုပါပဲ။ အလုပ်သမားတစ်ယောက်ကို တစ်နေ့
ကျပ်၅၀၀၀နဲ့ ခန့်ထားလိုက်ရင် အထူးကြိုးစားတဲ့ လူငယ်လေးဟာ ၆လအတွင်း
အရမ်းလုပ်တတ်သွားပါတယ်။ သူ့ကိုလဲ ကုမ္မဏီ (သို့မဟုတ်) ကန်ထရိုက်တာ
လက်သမားဆရာတွေက လစာတိုးပေးဖို့ မတတ်နိုင်တော့ ဒီလူငယ်လေးက ပိုပေးတဲ့နေရာကို
ပြောင်းသွားပါတယ်။ အလားတူ ပညာတတ်လူငယ်လေးများလည်း တစ်လ တစ်သိန်း၊
နှစ်သိန်း အလုပ်ကို မလုပ်ချင်တော့ပဲ နိုင်ငံခြားကို တစ်လကျပ်၁၀သိန်းကျော်
အလုပ်ရဖို့ ကြိုးစားကြတယ်။ နိုင်ငံခြားမှာ လစာ၁၀သိန်းရပေမဲ့
နိုင်ငံခြားစရိတ်ကလည်း ကြီးတော့ တစ်လ တစ်သိန်း၊ နှစ်သိန်း စုဆောင်းမိဖို့က
မလွယ်လှပါ။ ဒါပေမဲ့ တတ်သိပညာရှင်၊ လူငယ်လေးများက နိုင်ငံခြားမှ
နိုင်ငံခြားဖြစ်နေပါတယ်။ စင်ကာပူတစ်နိုင်ငံတည်း ကြည့်ရင် ၅နှစ်အတွင်
မြန်မာနိုင်ငံသား လူဦးရေ တစ်သိန်းကနေ နှစ်သိန်းခွဲအထိ တိုးတက်သွားတာ
အဲဒီလူငယ်အင်အားစုဖြစ်ပါတယ်။ ဒါလောက် WP, S-pass တွေ ကန့်သတ်၊
ထိန်းချုပ်ထားတဲ့အထဲ မြန်မာများ စင်ကာပူကို တဖွဲဖွဲလာနေကြမဆဲဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ အလုပ်ကိုင် အရမ်းရှားပါးနေဆဲဖြစ်ပါတယ်။
လစာနဲနဲပဲပေးခြင်း
တစ်လကို ကျပ်တစ်သိန်းဆိုတာ ရန်ကုန်မှာ
သာမန်အလုပ်သမားရဲ့လစာဖြစ်ပါတယ်။ ကားဒရိုင်ဘာတစ်ယောက် တစ်လတစ်သိန်းခွဲနဲ့
ခန့်ထားပြီး၊ ကားမောင်းခိုင်းရတယ်။ တက္ကစီမောင်းသူများလည်း တစ်လကို
၃သိန်းအထက် ဝင်ငွေရှိပေမဲ့၊ ကားပိုင်ရှင်ကို လုပ်ကြွေးနေရသလိုဖြစ်နေပါတယ်။
တစ်လကို ၂ရက်ပဲနားရက်ရပြီး စနေ၊ တနင်္ဂနွေတွေပါ အလုပ်လုပ်နေရတဲ့
အတန်းပညာမတတ်သူ လူငယ်၊ လူကြီး မြောက်များစွာ ရန်ကုန်မြို့တော်ကြီးမှာ
ရှိနေပါတယ်။ အလုပ်ခေါ်စာတွေလည်း ဥပမာ နာမည်ကျော် ဂျာနယ်၊ သတင်းစာများမှာ
အဆက်မပြက်ခေါ်နေပေမဲ့ အလုပ်မြဲမဲ့ ကုမ္ပဏီဝန်ထမ်းအလုပ်ရဖို့
တော်တော်ခက်ပါတယ်။ ရတဲ့ အလုပ်တွေကလည်း နိုင်ငံခြားကုမ္ပဏီကြီးတွေတောင် တစ်လ
၂သိန်းလောက်ပဲ ပေးပါတယ်။ နိုင်ငံခြားက ဒီဂရီ (၄နှစ်၊ အမေရိကာ၊ သြစတြေလျှ၊
လန်ဒန်) တွေမှာ ကျောင်းတက်လာသူ လူငယ်များကတော့ ဒေါ်လာ တစ်ထောာင်နီးပါး
လစာရကြပေမဲ့၊ မြန်မာပြည်ဘွဲ့ရသူများကတော့ လစာ၂သိန်းရဖို့ မလွယ်လှပါဘူး။ ဒါက
ရန်ကုန်မှာဖြစ်ပျက်နေတဲ့ အလုပ်ကိုင်ရှားပါးမှု၊ လုပ်အားခ
အခြေအနေများဖြစ်ပါတယ်။
အလုပ်ရှင်တွေက ကျွမ်းကျင်မှုသိပ်မလိုတဲ့လုပ်ငန်းတွေမှာ
ကလေး၊ မိန်းမ အလုပ်သမားတွေကို ခန့်ထားပါတယ်။ ဥပမာ လက်ဘက်ရည်ဆိုင်၊
စားသောက်ဆိုင်၊ အအေးဆိုင်များဆိုရင် အလုပ်သမား ၁၀၀ကျော် ခန့်ထားတာတွေ
ရှိပါတယ်။ အချို့လည်း နယ်မြို့များက လူငယ်၊ ယောင်္ကျားလေး၊ မိန်းကလေးများ
အသက်၁၆နှစ်အရွယ်များစွာ နေစရာ၊ စားစရာ ပေးထေားပြီး တစ်လကျပ်၆သောင်း၊
၇သောင်းနဲ့ ခန့်ထားတာ အမြောက်အများ ရန်ကုန်မှာတွေ့ရပါတယ်။
မိန်းကလေးများကတော့ အထည်ချုပ်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်၊
အရောင်းဆိုင်များမှာ ငယ်ရွယ်သူ အသက်၁၂နှစ်အရွယ် မိန်းကလေးများစွာ
ရန်ကုန်မြို့တွင်းမှာ တွေ့ရပါတယ်။ အသက်၁၂နှစ်အရွယ်
ယောင်္ကျားလေးများစွာကိုတော့ လဘက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ကားဂိတ်၊
ကုန်တင်ကုန်ချ၊ စားသောက်ဆိုင်စားပွဲထိုး စသဖြင့် တွေ့ရပါတယ်။
အားလုံးဟာ
ကလေးအလုပ်သမားများဖြစ်နေတာ ဝမ်းနည်းစွာတွေ့ရပါတယ်။ လစာနည်းနည်းပဲ ပေးပြီး
ခိုင်းတာကို မညည်းမညူလုပ်ပေးသူများဟာ ကလေးအလုပ်သမားများပဲ ဖြစ်ပါတယ်။
မိန်းမများလည်း မညည်းမညူလုပ်ကိုင်ကြတော့ အသက်ရွယ်ကြီးသူမိန်းမများစွာလည်း
ရန်ကုန်မှာ လမ်းဘေးဆိုင်၊ စတိုးဆိုင်များမှာ လုပ်ကိုင်နေကြတာတွေ့ပါတယ်။
လစာကတော့ ထုံးစံအတိုင်း နေစရာ၊ စားစရာ မပါရင် ၈သောင်း၊ ၉သောင်း
ပေါက်ဈေးရှိပါတယ်။
လစာနဲအလုပ်သမားများ၏ ရန်ကုန်မြို့တွင်းနေစရာ
ရန်ကုန်မြို့လည်ကို လျှောက်ကြည့်ရင် လူတွေ ပြွတ်ကြပ်နေတာတွေ့ရမယ်ဖြစ်ပါတယ် ။ မြူနီစပယ်သန့်ရှင်းရေးလုပ်ဖို့ ကလည်း
မြို့တော်တာဝန်ရှိသူများက အထူးကြိုးစားဖြေရှင်းပေမဲ့၊
စည်းကမ်းနည်းပါးလှတဲ့ ဆိုင်ရှင်၊ ဈေးသည်နဲ့ ဈေးဝယ်သူ
ရန်ကုန်သားများကြောင့် အမှိုက်ပြသနာကြီး ဖြေရှင်းနည်းကတော့ မဆိုးပါဘူး။
ည၁၁နာရီလောက်ဆို တစ်ည ကျပ်၅၀၀၀လောက် ပေးထားတဲ့ ကန်ထရိုက်တာ၊
တပြတ်စည်းလှည်းသများများ မြို့တွင်းလမ်းမကြီးများကို ပြောင်နေအောင်
အမှိုက်လှဲကျင်းကြပါတယ်။ မနက်၂နာရီလောက်ဆို ညစ်ပတ်လှတဲ့ အမှိုက်များစွာ
ပျောက်သွားပြီး၊ သန့်ရှင်းသွားပါတယ်။ မနက် ၆နာရီ၊ ၇နာရီ ရန်ကုန်မြို့တွင်း
လမ်းလျှောက်ရင် အမှိုက်မရှိတဲ့ ရှင်းလင်းနေတဲ့ လမ်းများကို တွေ့ရပါတယ်။
အစိုးရအရာရှိကြီးများ စစ်ဆေးလိုရင် မနက်ပိုင်းပဲ စစ်ဆေးပါ။
သန့်ရှင်းနေပါမယ်။ အဲ... မကြာခင် နေ့၁၀နာရီကျော်မှာတော့ ရောင်းဝယ်၊
သွားလာတဲ့လူများ အမှိုက်များ၊ ပလပ်စတစ်၊ စက္ကူများ၊ ဗူးခွံ့၊ ဆေးလိပ်တို၊
ကွမ်းထွေးများ ပြန်ပြီး ညစ်ပတ်လာပြီး၊ ညနေ ၄နာရီလောက်ဆိုရင် အလွန်ညစ်ပတ်တဲ့
ရန်ကုန်မြို့လည် လမ်းမများ ဖြစ်လာပြန်ပါတယ်။ အမှိုက်ပစ်ဖို့
အမှိုက်ပုံးတွေလည်း တွေ့ပါတယ်။ ခြေလှမ်း ၂၀လောက်မှာ အမှိုက်ပုံး တစ်ပုံး
ထားပေးထားပေမဲ့ အမှိုက်ပုံးအားလုံး ပြည့်လျှံနေအောင် အားပေးထားကြပါတယ်။
ဒီတော့ လူတွေလည်း ထုံးစံအတိုင်း တွေ့ရနေရာမှာ အမှိုက်ပစ်ပါတော့တယ်။
ကလေးအလုပ်သမားများကို
မေးမြန်းကြည့်တဲ့အခါ အမှိုက်ကို ပုံးမှာပစ်ပစ်၊ မပစ်ပစ် သူတို့အတွက်
ဘာမှမထူးပါဘူး။ ပညာအရည်ချင်းက နည်းပါးတော့ အမှိုက်ပစ်စည်းကမ်းကို နားမလည်၊
လုပ်စရာမလိုဘူး။ ဒဏ်ငွေချလို့လည်း လုံးဝမဖြစ်နိုင်၊ မြို့ပေါ်က ကျောင်းသား၊
ကျောင်းသူများကတော့ အမှိုက်ပစ် စည်းကမ်းလေးတွေ ရှိပုံရပါတယ်။ ကျောင်းများမှာ
သန့်ရှင်းသပ်ယပ်ပါတယ်။ ခက်တာက ရန်ကုန်လူထု အမှိုက်ပစ်နေခြင်းဟာ ပြင်မရတဲ့
အရိုးစွဲနေတဲ့ အကျင့်ဆိုးကြောင့်ပါ။
ကလေးအလုပ်သမားများကို
အင်တာဗျူးအနည်းငယ် လုပ်ကြည့်တဲ့အခါ လစာငွေ ၄သောင်း၊ နေ၊စားစရိတ်ငြိမ်းလို့
သိရပါတယ်။ လမ်းဘေးဈေးဆိုင်များကို ကြည့်ရင်လည်း ထမင်းတစ်ပန်းကန် ကျပ်၃၀၀၊
ကျပ်၄၀၀ ဝယ်စားနိုင်ပါတယ်။ ထမင်းကြော် ကြက်ဥနဲ့ဆိုရင် ကျပ်၄၀၀ပဲ
ပေးရပါတယ်။ ဒါပေမဲ့ ဒီကလေးအလုပ်သမားတွေ ဝယ်မစားပဲ
ဆိုင်ကချက်တဲ့ထမမင်းဟင်းကို စားကြပါတယ်။ စုပေါင်းချက်စားတော့
ဈေးသက်သာပါတယ်။
ဘယ်မှာနေသလဲ
မေးစရာ မေးခွန်းကြီးဖြစ်ပါတယ်။ လမ်းဘေးမှာပဲ တုံးလုံးပက်လက်
အိပ်ရမယ်ဆိုရင် ဘယ်ဖြစ်မလဲ။ အလုပ်ရှင်က အိပ်စရာဖန်တီးပေးရပါတယ်။ ရန်ကုန်မှာ
လူတန်းစားကွာခြားမှု အလွန်ကြီးနေပြီး၊ လူလတ်တန်းစားပျောက်နေပါတယ်။
လက်လုပ်လက်စား ကလေးအလုပ်သမားများရဲ့ ညအချိန်အိပ်စရာကတော့ ၆ထပ်တိုက်
ထိပ်ဆုံးအခန်းများ ဖြစ်ပါတယ်။ ရန်ကုန်မှာ အိမ်ဈေးကြီး၊ အိမ်ငှားခ
ဈေးကြီးတယ်လို့ နာမည်ကျော်နေပါတယ်။ ချမ်းသာတဲ့လူက ဇိမ်ခံကားကြီး၊
တိုက်ကြီးတွေနဲ့ သုံးဖြုန်း၊ စားသောက်နေထိုင်ပေမဲ့ ဆင်းရဲသား။ အထူးသဖြင့်
ကလေးအလုပ်သမားများကတော့ သူတို့နဲ့ကိုက်ညီတဲ့ အိပ်စရာ၊ စားစရာများ
ရှိနေပါသေးတယ်။
ရန်ကုန်မြိုလည်းက
အောက်ဆုံးထပ် ၂၀ x ၆၀ တိုက်ခန်းတစ်ခုကို တစ်လ ကျပ်သိန်း၃၀ပတ်ဝန်းကျင်
ဈေးပေါက်ပါတယ်။ စားသောက်ဆိုင်၊ စတိုးဆိုင်များစွာ
ငှားရမ်းလုပ်ကိုင်ကြပါတယ်။ အထပ်တွေ မြင့်သွားလေလေ ငှားရမ်းခတွေ
ဈေးနည်းလွန်းသွားပြီး အပေါ်ဆုံး ၆ထပ်၊ ဓါတ်လှေခါးမရှိတဲ့ တိုက်ခန်းကို တစ်လ
ကျပ်၁သိန်းခွဲ၊ ၂သိန်းနဲ့ ငှားနိုင်ပါတယ်။ အလုပ်ရှင်တွေကလည်း ၆ထပ်နေရာက
တိုက်ခန်းတွေ ငှား၊ ဝယ်ပြီး ကလေးအလုပ်သမားများကို
အိပ်စရာဖန်တီးပေးထားပါတယ်။
ကလေးအလုပ်သမားများကို
မေးကြည့်တော့ ရန်ကုန်အနားက လှည်းကူး၊ အင်းစိန်၊ ရွာမ၊ စတဲ့ ရန်ကုန်တိုင်း
မြို့နယ်များက ဖြစ်နေပါတယ်။ ကလေးအလုပ်သမားများက စကားပြော၊ အနေအထိုင်
လည်ဝယ်ကြပါတယ်။ ရန်ကုန်မြို့တွင်းက ကလေးအလုပ်သမား၊ မိန်းမအလုပ်သမား
ဈေးကွက်ကို ရန်ကုန်တိုင်းတွင်း လူတွေပဲ လုပ်ကိုင်နေကြတာတွေ့ပါတယ်။
ဘာပဲဖြစ်ပါစေ...
အလုပ်ရှင်များ၊ အလုပ်သမားများ၊ ဈေးဝယ်သူများအတွက် ဈေးချိုတဲ့
အလုပ်သမားများစွာ ရနိုင်တဲ့အတွက် ရန်ကုန်မြို့ကုန်ရောင်း၊ ကုန်ဝယ်ဈေးကွက်
ကောင်းကောင်း လည်ပတ်နေတာကို တွေ့ရပါတယ်။
လစာသိပ်ပေးစရာမလိုသော ကလေးအလုပ်သမားများ
ဒီကလေး၊ မိန်မ အလုပ်သမားများကို ဆင်းရဲမွဲတေမှုက
လွတ်မြောက်ဖို့ဆိုတာ တော်တော်လုပ်ရဦးမှာပါ။ ရန်ကုန်မြို့တွင်း တိုက်တာ၊
လုပ်ငန်းများကို ကြည့်ရင် Service Industry က အထူးတိုးတက်နေပါတယ်။
ဘဏ်လုပ်ငန်း၊ စတိုးဆိုင်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းတွေ ပေါသမှပေါ၊
အလုပ်ကိုင်အေးဂျင့်များ၊ ကျူရှင်များ၊ အင်္ဂလိပ်စာသင်တန်းများ၊
ဘာသာစကားသင်တန်းများ (ဂျပန်၊ ဂျာမန်..) စတဲ့ဘာသာစကားသင်ပေးပြီး၊
ပြည်ပအလုပ်ကိုင်အေးဂျင့်များစွာ လည်း အလုပ်ဖြစ်နေဆဲပါ။ ရန်ကုန်မြို့က
သူတို့ကလေးများကို ကြည့်ပြီး သနားမိပါတယ်။ စာနာမိပါတယ်။ ပိန်ချိ၊
နံစော်နေတဲ့ ကလေးငယ်များ၊ လူငယ်ယောင်္ကျားလေးများ၊ မိန်းကလေးများကို
သင်္ကြန်ရက်အတွင် ပျော်ပါးနေကြတာတွေ့ရတော့ စိတ်မကောင်းပေမဲ၊ သူတို့ဖာသာတော့
မျှော်လင့်ချက်တွေနဲ့ လုပ်ကိုင်နေကြပါတယ်။ ရွှင်လမ်းတက်ကြွစွာ သွက်လက်စွာ
လုပ်ကိုင်နေတဲ့ ကလေး၊ မိန်းမ အလုပ်သမားများရဲ့ ဘဝဖြစ်ပါတယ်။ သပိတ်လွယ်ပြီး
ဆွမ်းခံစားနေသူ သံဃာအတုလိုပုံစံမျိုးတွေ တွေ့ရသလို၊ စင်ကာပူ၊ တိုကျို၊
ဆန်ဖရန်စစ္စကို၊ ဆစ်ဒနေမြို့ကြီးများရဲ့ မြို့လည်ခေါင်မှာ
ကူညီပါခင်ဗျားဆိုပြီး တောင်းစားနေတဲ့ အဖိုး၊အဖွား၊ ကလေးအမေများ၊
ဒုက္ခတများစွာလည်း တွေ့ရပါတယ်။
လစာမပေးရတဲ့
ဈေးချိုအလုပ်သမားများစွာ ရန်ကုန်မြို့လည်မှာ ရှိနေသလို၊
ရန်ကုန်စည်ပင်နယ်မြေ သာကေတ၊ တာမွေ၊ သုဝဏ္ဍ၊ အင်းစိန်၊ လှိုင်သာယာ၊
တောင်/မြောက်ဒဂုံ ..စတဲ့ မြို့နယ်တွေမှာလည်း ထူးမခြားနား မြောက်များစွာ
တွေ့ရပါတယ်။
ပြည်နယ်တိုင်းမြို့ကြီးများမှ လစာနည်းဝန်ထမ်းများ
ကလေးအလုပ်သမားများဟာ မြန်မာပြည်အနှံအပြား
မြို့ကြီးတွေမှာ သာမန်မထူးဆန်းတဲ့ ဖြစ်ရပ်ပါ။ မြန်မာ့လူဦးရေ ၇၅%ဟာ
လယ်ယာလုပ်ငန်းကို မှီတွယ်နေသူများဖြစ်ပါတယ်။ မကြာခင် သူတို့ဟာ မြို့တွေကို
ရွှေ့လာတော့မှာဖြစ်ပါတယ်။ နယ်က မြို့နယ်များဟာ စိုက်ပျိုးရေးအခြေပြု
လယ်ယာလုပ်ငန်းကိုလုပ်ကိုင်သူများဖြစ်တော့ သူတို့အများစုဟာ
လယ်မပိုင်တော့ပါဘူ။ လယ်သူရင်းငှားမဟုတ်ရင်၊ လယ်ယာများကို
လယ်ပိုင်ရှင်များထံက ငှားရမ်း လယ်ထွန်စားတဲ့ လယ်မပိုင်၊ လယ်သမားများ
ဖြစ်နေကြပါပြီ။ Illegal Land Transfer လို့ခေါ်တဲ့ လယ်မြေသိမ်းပွဲကြီးတွေ
လွန်ခဲ့တဲ့ ၁၀နှစ်အတွင် တစ်တိုင်းပြည်လုံး အတားဆီးမရှိဖြစ်သွားတဲ့အချိန် မှာ Helpless ဘဝကို တောင်သူလယ်သမားများ ရောက်ရှိသွားပါတယ်။
ဥပမာ..
လယ်မြေ ၁၀ဧကကို လယ်ပိုင်ရှင်ဆီက ငှားရမ်းလုပ်ကိုင်ရင်၊ စပါး ၃ပုံတစ်ပုံ၊
လယ်ပိုင်ရှင်ကို ပေးရပါတယ်။ မျိုးစပါး၊ ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာ
အားလုံးကိုလည်း စပါးပေါ်မှ စပါးပေးဆိုပြီး ချေးငှာလုပ်ကိုင်ရပါတယ်။
ထွက်လာမဲ့စပါးက တင်း၁၀၀ကို ကျပ်၂သိန်း ဈေးပေါက်ပေမဲ့၊ လယ်ရှင်၊
ငွေရှင်တွေဆီက ချေးငှားရင် တင်း၁၀၀ကို ကျပ်၁သိန်းခွဲလောက်ပဲ ဈေးနှိမ်ပြီး
သွင်းပါမယ် စာချုပ်ချုပ်ရပါတယ်။ တနည်းအားဖြင့် အင်္ဂလိပ်ခေတ်
ချစ်တီးကုလားပုံစံထက် ဆိုးနေမလားတော့ မသိပါဘူး။ လက်လုပ်လက်စား လယ်သမားများ
ဆင်းရဲသထက် ဆင်းရဲလာပြီး၊ လယ်ပိုင်၊ ဆန်စက်ပိုင်များက မတရားချမ်းသာလာပါတယ်။
လယ်မြေများစွာ သိမ်းဆည်းထားသူ အာဏာပိုင်များကတော့ မယှဉ်သာအောင်
ချမ်းသာလာပြီး၊ တောင်သူလယ်သမားများကတော့ ဆင်းရဲမွဲတေသွားပါတယ်။
အခုတော့
နိုင်ငံတော်အစိုးရက ရေသွယ်မှုလုပ်ငန်းများ (ဆည်မြောင်း၊ ရေအရင်းမြစ်)
ဌာနများရဲ့ ဘတ်ဂျတ်ချပေးမှုကြောင့် လယ်သမားများ ၂သီးစိုက်ပျိုးနိုင်ပါပြီ။
စပါးထွက်နှုန်းတွေလည်း တိုးတက်လာပေမဲ့ လယ်သမားများ ဆင်းရဲမွဲတေမှုက
လွတ်ကင်းဖို့ဆိုတာ ရွှေပြည်တော် မျှော်တိုင်းဝေးဖြစ်မသွားအောင် ကမ္ဘာ့ဘဏ်၊
အာရှဘဏ်၊ ဂျက်ကာဂျပန်၊ အိုင်အမ်အက်ဖ် စတဲ့ အဖွဲအစည်းများနဲ့ မြန်မာအစိုးရ၊
ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းကို မွေးရေလုပ်ငန်းဝန်ကြီး
ဦးအုန်မြင့်ရဲ့ စီမံကွပ်ကဲမှုအောင်မှာ လုပ်ကိုင်နေပါတယ်။ ဝန်ကြီးကို
ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နိုင်ရင်တော့
၁။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဒေါ်လာဘီလျှံပေါင်းများစွာကို အကျိုးရှိစွာ ခြစားမှုနည်းပါးစွာ လုပ်ဆောင်နိုင်ပါမယ်။
၂။ ကမ္ဘာ့ဘဏ်၊ အာရှဘဏ်၊ ဂျက်ကာဂျပန်၊ အိုင်အမ်အက်ဖ်
စတဲ့အဖွဲ့အစည်းများနဲ့ နိုင်ငံတကာချေးငွေများကိုလည်း ခြစားမှုနည်းပါးစွာ
လုပ်ဆောင်နိုင်ပါတယ်။
ယုံကြည်မှုပဲ အရေးကြီးပါတယ်။ ဒါမှလည်း
ကျေးလက်ဒေသမှာ ကလေးအလုပ်သမား၊ လယ်သမားများ နည်းပါးသွားပါမယ်။ အလားတူ
မြို့ကြီးများမှာလည်း မှန်ကန်တဲ့ရင်းနှီးမြှတ်နှံမှု
ဒေါ်လာဘီလျှံပေါင်းများစွာကို ခြစားမှုနည်းပါးစွာ ဝန်ကြီးဌာနပေါင်းစုံက
ဝန်ကြီးများရဲ့ ဦးဆောင်မှုနဲ့ လုပ်ဆောင်နိုင်ပါမယ်။
အီန္နိယနိုင်ငံ
ဝန်ကြီးချုပ်ဟာ အလွန်ရိုးသား၊ ဖြောင့်မတ်ပြီး၊ သူရဲ့ကိုယ်ပိုင်ကားတောင်
ဒေါ်လာ ၅ထောင်လောက်တန်ပဲ စီးနင်းပါတယ်။ ဒါပေမဲ့ သူ့ဝန်ကြီးများရဲ့
ခြစားမှုများကို မထိန်းချုပ်နိုင်တဲ့အတွက် ပြည်သူလူထုက မယုံကြည်တော့ပါဘူ။
မြန်မာပြည်လည်း အလားတူဖြစ်နေပါတယ်။
ကလေးအလုပ်သမားများ နည်းပါးပြီး၊ ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့ဆိုတာ သမ္မတကြီးပဲ ရိုးသားဖြောင့်မတ်နေရုံနဲ့မရေ ကြာင်း
၁၀နှစ်တာ အိန္နိယခေါင်းဆောင်ကြီးရဲ့ ဖြစ်ရပ်က သက်သေထူနေပါတယ်။ ဒုတိယအဆင့်
ဝန်ကြီးများ ခြစားမှုနည်းပါးအောင်ဆိုရင် ခြစားတဲ့ဝန်ကြီး တစ်ဦးကို ရာထူးက
ထုတ်ပယ်ရုံမက၊ သူပိုင်ဆိုင်တဲ့ အိမ်မြေခြံတွေကို ရောင်းမရအောင် ၁၀နှစ်လောက်
Freeze အေးခဲထားလိုက်ဖို့ပဲဖြစ်ပါတယ်။ ဆုပေးဒဏ်ပေးစနစ်ကို Fry a Big Fish
နည်းလမ်းသုံးဖို့ တရုပ်ပြည်ကြီးဆီက နမူနာယူရမှာပါ။ လိုအပ်ရင် တစ်အိမ်ထောင်
ကလေးတစ်ယောက်စနစ်ကို ဒဏ်ပေးစနစ်မဟုတ်ပဲ ဆုပေးစနစ်နဲ့ ကျင့်သုံးဖို့လဲ
စဉ်းစားစရာဖြစ်ပါတယ်။
နိဂုံးအနေနဲ့တော့
ဝန်ကြီးများရဲ့ ယုံကြည်ချက်ဟာ ကလေးအလုပ်သများများ ပပျောက်စေချင်တဲ့
ယုံကြည်ချက်ား။ ကိုယ်အသိုင်းအဝိုင်းပဲ ငွေကြေခိုင်မားစေချင်တာလား
လေ့လာဆန်းဆစ်ဖို့ပဲ ဖြစ်ပါတယ်။
Photo: Child Workers at Yangon City Hall food shop 16-April-2014 (Thingyan)
Photo: Child Workers at Yangon City Hall food shop 16-April-2014 (Thingyan)
ဇာနီကြီး
0 comments:
Post a Comment