Thursday, November 7, 2013

ရောမကို တစ်ရက်တည်းနဲ့ တည်ဆောက်လို့ မရ ...




အီလည်လည်ဆန့်တငံ့ငံ့ မြစ်ကြီးနားညီလာခံသတင်းကိုဖတ်ပြီး မိတ်ဆွေတစ်ယောက်က “အင်းပေါ့လေ ... ရာစုတစ်ခုနီးပါး လက်ဆင့်ကမ်းဖြစ်ခဲ့တဲ့ ပြဿနာကို တထိုင်တည်းနဲ့တော့ ဘယ်ဖြေရှင်းနိုင်မလဲ ရောမကို တစ်ရက်တည်းနဲ့ တည်ဆောက်လို့ မရဘူး ဆိုတဲ့စကားလိုပေါ့” လို့ ခပ်ညည်းညည်းလေးစိတ်ဖြေပါတယ်


ကျနော်ငယ်ငယ်က စပြီး ကြားခဲ့ရဖူးတာက မြေစမ်းခရမ်းပျိုးတဲ့။ မြေစမ်းရင်း ခရမ်းပျိုးလိုက်တာ ကောင်းသိတတ်တဲ့အရွယ်ရောက်တော့ သွားတိုက်ဆေးတောင် ထိုင်းနဲ့ တရုတ်က မှောင်ခိုတင်သွင်းနေရတဲ့ အနေအထားရောက်နေပြီ။ နောက်တော့ အချိန်တန်ရင်တဲ့၊ စည်းကမ်းပြည့်ဝပြီး ရင့်ကျက်တဲ့ အသိတရားပြည့်ဝတဲ့ တနေ့ရောက်ရင်တဲ့၊ အခုရေတွင်းတူ အခုရေကြည်သောက်ချင်လို့မရဘူးတဲ့၊ နိုင်ငံရေးကို ဖြတ်လမ်းမလိုက်နဲ့တဲ့ စတဲ့ စတဲ့ အဆိုအမိန့်တွေ ခဏခဏကြားနေကြဆိုတော့လည်း မိတ်ဆွေစကားကိုလည်း ဘာမှထူးထူးခြားခြား မတုန့်ပြန်ဖြစ်ပါဘူး။

ရောမ (မြို့)ကို တစ်ရက်တည်းတည်ဆောက်ခဲ့တာမဟုတ် ဆိုတာ မြန်မာတွေရဲ့ အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို့ရ ဆိုတာနဲ့အနက်ဆင်ပေမဲ့ ဒါပေမဲ့ ဒီကားရဲ့ ဇစ်မြစ်ကို လိုက်ကြည့်တော့ တော်တော်လေး အဓိပ္ပါယ်ကွဲတာကို တွေ့ရတယ်။

ဒီစကားရဲ့ မူလအစကို လိုက်ရင် မြင်းရုပ်ကြီးကို မက်လို့ ပြည်ပျက်ခဲ့ရတဲ့ ထရွိုင်တွေကနေ စရလိမ့်မယ်။ စတာက ဒီလို ...

အေသီနာ နတ်ဘုရားမကို ကိုးကွယ်တဲ့ အာခီလိတို့ ဂရိတွေက အက်ဖရိုဒိုက် နတ်ဘုရားမကို ကိုးကွယ်တဲ့ ထရွိုင်တွေကို တိုက်ခိုက်ပြီး ထရွိုင်မြို့ကို ဖျက်ဆီးလိုက်တဲ့အခါ၊ အဲဒီမြို့က မင်းသားလေးတစ်ပါးဟာ သူအဖေကို ကုန်းပိုး အေဂျီယန်ပင်လယ်ကိုဖြတ် မြေထဲပင်လယ်ကိုကျော်ပြီး အနောက်ဖက်ကို ထွက်ပြေးရင်း အခုအီတလီနိုင်ငံရှိတဲ့ ကျွန်းဆွယ်ကိုရောက်သွားသတဲ့။ ဒီမင်းသားလေးက စော်ကြည်ဘဲလေးဆိုတော့ တိုတိုပြောရရင် ရောက်ရာအရပ်မှာ မရှင်းရှင်းနဲ့ ဟိုမင်းသမီး ဒီဘုရင်မ စတာတွေနဲ့ ငြိရင်းစွန်းရင်း နောက်ဆုံး အဲဒီဒေသက ဂျုံတွေ ပြောင်းတွေစိုက်စားတဲ့ လူမျိုးစုနဲ့အတူနေထိုင်လို့ မြို့ပြနိုင်ငံလေး ထူထောင်ဖြစ်သွားတယ်ဆိုပါတော့။

သူ့ကနေ ဆင်းသက်လာတဲ့မျိုးဆက်ထဲက တစ်ယောက်သော မင်းသမီးလေးတစ်ပါး အရွယ်ရောက်တဲ့အချိန်မှာ သူမရဲ့ အဖေဘုရင်ကြီးကို သူမရဲ့ ဦးလေးက သတ်ပြီး ထီးနန်းကိုသိမ်းပိုက်၊ သူမရဲ့အကို အိမ်ရှေ့မင်းသားကိုသတ်၊ သူမကိုတော့ ဗစ်စတာဆိုတဲ့ ကျန်းမာရေးနတ်သမီးရဲ့ နတ်နန်းကို စောင့်ရှောက်ရတဲ့ သီလရှင်အဖြစ် အတင်းသွပ်သွင်းထားသတဲ့။ ဒါပေမဲ့ အပျိုစင်သီလရှင်ဆိုတဲ့ ဒီမင်းသမီးလေးဟာ နတ်ကိုင်သလို ဘာလိုလိုနဲ့ ဘယ်လိုနဲ့ဘယ်လို ကိုယ်ဝန်ရသွားသလဲ မသိဘူး မွေးလာတော့ ရွှေဗန်းငေါက်တောက်လေးနဲ့ ယောကျာ်းလေးအမွှာတဲ့။ ဦးရီးတော်နန်းလုဘုရင်က ယောကျာ်းလေးအမွှာဆိုတာနဲ့ သူ့ရဲ့ ရာဇပလ္လင်ကို စိတ်မချတော့ဘူးလေ၊ တူမတော်ကိုဖမ်း မြေးတော်အမွှာကို သတ်စေဆိုပြီး ရဲမက်တွေကို အမိန့်ပေးပါလေရော။ ဒီမစ်ရှင်ကို တာဝန်ယူရတဲ့ ရဲမက်က စိတ်ကောင်းနှလုံးကောင်းနေပါလိမ့်မယ် မွေးကင်းစ ကလေးလေးတွေကို မသက်ရက်ရှာဘူး ဒီလိုနဲ့ အခု ရောမမြို့နားက တိုင်ဘာမြစ်ကမ်းမှာ စွန့်ပစ်ထားသတဲ့။ တောက်မဲ့မီးခဲ တရဲတရဲဆိုသလိုပဲ ဒီအမွှာညီနောင်က ကံကောင်းချင်တော့ မြစ်ကမ်းနား အစာလာရှာတဲ့ ဝံပုလွေမတစ်ကောင်နဲ့ တိုးပြီး ဝံပုလွေမက မစားတဲ့အပြင် သူ့နို့ပါတိုက်ပြီး ကလေးတွေကို ရှင်သန်စေသတဲ့၊ ဒီကနေ အနီးနား ယာသမားဇနီးမောင်နှံကတွေ့ပြီး ကောက်ယူမွေးစား ကြီးလာတော့ ထုံးစံအတိုင်း အမေ့အတွက် အဖိုးအဖိုးအတွက် ဦးလေးအတွက် ဖိုးလေး ဘုရင်ကို သွေးကြွေးဆပ်တာပေါ့ဗျာ။

သွေးကြွေးဆပ်ပြီး ဘုရင်ကိုသတ် ဘုရင်ဖြစ်တဲ့ခေတ်မို့ ဘုရင်တက်လုပ်တာပေါ့။ အကိုကြီးက ရိုမြူလပ်တဲ့ အငယ်လေးက ရီမက်တဲ့ အမည်တွေက။ အကိုကြီးရိုမြူလပ်ဟာ ဘုရင်ဖြစ်တော့ ပြည်သူတွေကိုစည်းရုံးပြီး ပါလက်တိုင်းနဲ့ အက်ဗန်တိုင်း တောင်ကုန်း၂ခုကို ဖြေကုတ်ယူပြီး တိုင်ပါမြစ်ကမ်းနံဘေးမှာ မြို့ပြနိုင်ငံသစ်ကို ထူထောင်တယ်၊ နာမည်က ရောမမြို့တဲ့။

ရောမကိုတစ်ရက်တည်းနဲ့ တည်လို့မရ ဆိုတဲ့ အဲဒီကနေစတာပဲ။ စပုံလေးကိုပြောပြဦးမယ် ...

ရိုမြူလပ် ရောမမြို့ပြကို ထူထောင်ပြီးတော့ ပြည်သူတွေထဲက နတ်ဆရာ ၁၀ဝ ကို ရွေးပြီး လွှတ်တော်အမတ်တွေအဖြစ် ခန့်အပ်တယ်။ ရိုမြူလပ်က သူတို့ကို မြို့မိမြို့ဖတွေ (City fathers) တွေလို့ ခေါ်ဝေါ်ခဲ့ပေမဲ့ ဒီလို မြို့မိမြို့ဖ မိသားစုတွေကို လူတွေက ပက်ထရီရှန် Patricians တွေလို့ ခေါ်ကြတယ်၊ အဘတို့ အသိုင်းအဝန်းပေါ့။ ပက်ထရီရှန်မိသားစုတွေ နဲ့ တော်ဝင်မိသားစုတွေကလွဲရင် သာမန် ကုန်သွယ်လယ်လုပ် အသည်သားအရပ်သားတွေကိုကျတော့ ပလီဘီယန် Plebeians တွေလို့ခေါ်တယ်။ ရိုမြူလပ်တို့ခေတ်က ပက်ထရီရှန်တွေက စစ်တွေဘာတွေတိုက်ရင် နတ်ပူဇော် မန်းမှုတ်သရဇယ် အခါပေး ဒါတွေလောက်ပဲ အဓိကလုပ်ရတာ၊ နောက်တော့ တဖြေးဖြေးနဲ့ ဘုရင်ကိုယ်စား စီရင်ဆုံးဖြတ်သူတွေ ဖြစ်လာတယ်။ အဲဒီခေတ်က ရောမမှာ ဘုရင်က အကြွင်းမဲ့ အာဏာရှင်ဖြစ်ပေမဲ့ ပက်ထရီရှန်တွေ ဦးဆောင်တဲ့ လွှတ်တော်ဆိုတာရှိတယ်။ လွှတ်တော်ဥက္ကဌအဖြစ် တရားသူကြီး (Consuls) ၂ယောက်ရှိပြီး သူတို့က ဘုရင်ကိုယ်စား စီရင်ဆုံးဖြတ်တာတွေ လုပ်ကြရတယ်၊ သက်တမ်းက တနှစ်ပဲ၊ တနှစ်ပြည့်ရင်ပြန်ရွေးပေါ့။ရွေးတာကလည်း ရပ်မိရပ်ဖမိသားစုဝင်ဆိုတဲ့ ဒီပက်ထရီရှန်တွေထဲကပဲ ရွေးရတာ။ အရပ်သားဖြစ်တဲ့ ပလီဘီယန်တွေက လက်ကိုက်ငေးကြည့်ပဲ။

ပထမတော့ ဘုရင့်ခိုင်းတာလုပ်ပေးတဲ့သဘောပဲ နောက်တော့လည်း သိတယ်မဟုတ်လား အာဏာရဲ့ သဘာဝအတိုင်း ဘုရင်နဲ့ တရားသူကြီးကြား အငြိဇယားတွေဖြစ်လာတာပေါ့။ ဘုရင်ကလည်း မျိုးရိုးစဉ်ဆက် အာဏာပိုင်တဲ့သူတွေ အဲ တရားသူကြီးတွေကလည်း ငါတို့က ပြည်သူက တိုက်ရိုက်ရွေးကောက်ထားတာ ဘာညာနဲ့ ပွစိပွစိဖြစ်လာပေါ့။ မာနကြီးတဲ့ တာကွင်း (Targuin the proud) လက်ထက်မှာ အငြိဇယားက ပိုအရှိန်မြင့်လာပြီး နောက်ဆုံးပေါက်ကွဲသွားပါလေရော။ ပေါက်ကွဲပုံကလည်း ခပ်ဆန်းဆန်း ...

တာကွင်း မှာ ကျနော်တို့ဆီက ဟိုကောင်လေးလို ခပ်ဆိုးဆိုး သားတစ်ယောက်ရှိတယ်၊ နာမည်က ဆက်တပ် (ှနထအကျ) တဲ့ အငယ်ဆုံးဆိုတော့ တာကွင်းရဲ့ အသဲကျော်လေးထင်ရဲ့။ ဒီကောင်လေးက တနေ့ သူ့အဖေခိုင်းတဲ့ ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ရောမကနေ မနီးမဝေး အရပ်ကိုသွားရသတဲ့။ ကိစ္စ ဝိစ္စ ပြီးပြတ်ချိန်က ညနေစောင်းနေပြီ ဒါနဲ့ ဆက်စ်တပ်က နန်းတော်မပြန်ပဲ အဲဒီရွာမှာပဲ စခန်းချညအိပ်တယ် ဆိုပါတော့။ မင်းသားညအိပ်တော့ အဲဒီရွာက မြို့မိမြို့ဖမိသားစု (ပက်ထရီရှန်) တွေက ဧည့်ဝတ်ပြုရတာပေါ့။ ဧည့်ဝတ်ပြု ညစာစားပွဲသောက်ပွဲကျင်းပတော့ တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ ဇနီးတွေ တက်ရောက်ကြရတာပေါ့လေ။ အဲဒီမှာ လူခရီရှားဆိုတဲ့ အမျိုးသမီးလေးဟာ သူမရဲ့ခင်ပွန်းခရီးလွန်နေလို့ ခင်ပွန်းသည်ကိုယ်စား ဧည့်ခံပွဲကို တက်ခဲ့တယ်။ အဲဒီမှာ မင်းသားလေးဆက်စ်တပ်က ဒီလင်ရှိမိန်းမကို ကြွေပါလေရောဗျား။

ကိုယ့်ဖာသာကိုယ် ကျိတ်ကြွေရင်ပြဿနာမရှိဘူး အခုတော့ မင်းသားဆက်စ်တပ်က ညပိုင်းမှာ လူခရီရှားအိမ်ကို ခိုးဝင်၊ အိပ်ခန်းထဲသွား၊ အိပ်မောကျနေတဲ့ လူခရီရှားကို ဓါးထောက်ပြီး အဓမ္မကျင့်တော့တာကိုး။

နောက်တနေ့ မနက်ရောက်တော့ လူခရီရှားဟာ ဝတ်စုံအနက်ကိုဝတ် ရောမမြို့တော်ထဲဝင် လွှတ်တော်အရှေ့မှာ ဒူးထောက်ပြီး သူမရဲ့ဖြစ်စဉ်တွေကို တင်ပြပြီး အမှု့ဖွင့်တော့တာပဲ။ အဲ ဖြစ်ချင်တော့ လူခရီရှားရဲ့အဖေရော လူခရီရှားရဲ့ ခင်ပွန်းပါ လွှတ်တော်မှာ တရားသူကြီး အဖွဲ့ဝင်တွေဖြစ်နေတယ်။ နကိုယ်ကတည်းက တရားသူကြီးတွေနဲ့ မာနကြီးပြီးမောက်မာတယ်ဆိုတဲ့ ဘုရင်တာကွင်းနဲ့က အစာကမကြေဘူးဆိုတော့ ပွဲကကြမ်းတော့တာပေါ့၊ ဒီထက်ဆိုးတာက လူခရီရှားဟာ လွှတ်ရုံးမှာ အမှုဖွင့်ပြီး ခင်ပွန်းအပေါ်မှာ သူမဟာ သစ္စာစောင့်သိခဲ့ပါတယ်၊ သူမရဲ့အချစ်ဟာ ဆံချည်တမျှင်မသွေပါဘူး၊ အခုတော့ မသန့်ရှင်းတဲ့ သူ့မရဲ့ခန္ဓာကိုယ်ကို ချစ်လင်နဲ့မထိုက်တန်တော့ပါဘူး သူမအတွက်လက်စားချေပေးပါလို့ တောင်းဆိုရင်း ရင်ဝကို ဓါးမြှောင်နဲ့ထိုးစိုက်ပြီးသတ်သေသွားတာပဲ။ တာကွင်းတို့ မိသားစု ပျားတုတ်ခံရတော့တာပေါ့၊ ဒီလိုနဲ့ ဘုရင့်ဘက်တော်သားတွေနဲ့ လွှတ်တော်ကို ထောက်ခံသူတွေ အကြီးအကျယ် တိုက်ခိုက်ကြတာပေါ့၊ နောက်ဆုံး တာကွင်းတို့ရှုံးပြီး အသတ်ခံလိုက်ရတယ်ဆိုပါတော့။ ဒီလိုနဲ့ ရောမမှာ ဘုရင်စနစ်ချုပ်ငြိမ်းပြီး ရွေးကောက်တင်မြောက်ရတဲ့ သမ္မတစနစ်ဖြစ်လာတယ်။ (သမ္မတလည်း တရားသူကြီး ခသညျကျူ တွေလိုပဲ ၂ ယောက်ပဲ)။

နေဦး ရောမကို တည်ဆောက်လို့မပြီးသေးဘူး။

ဒီလို ရွေးကောက်တဲ့ သမ္မတစနစ်ပေါ်လာပေမဲ့ ရွေးကောက်ခံရသူတွေ ပက်ထရီရှန်ဆိုတဲ့ ရပ်မိရပ်ဖ မိသားစုဝင်တွေပဲ ဖြစ်ရတယ်၊ လူအများစုဖြစ်တဲ့ အရပ်သား ပလီဘီယန်တွေက မဲပေးခွင့်ရတယ် သမ္မတဖြစ်ခွင်မရှိဘူး။ ဒီတော့ ကွိုင်က မငြိမ်းပါဘူး။ ဒီလိုခွဲခြားထားတော့ အာဏာနဲ့အတူ စီးပွာဥစ္စာ လယ်ယာမြေတွေကလည်း ပက်ထရီရှန်တွေမှာချည်း သွားပုံနေသတဲ့၊ အင်း ... ကျနော်တို့ဆီက မိုးကျရွှေကိုယ် ဘဘကြီးတွေလို ဖြစ်မှာပေါ့။ တဖြေးဖြေးနဲ့ လူတန်းစား၂ရပ်ဟာ သိသိသာသာကွဲပြားသွားပြီး နောက်ဆုံး ပလီဘီယန်အရပ်သားတွေထဲမှာ မွေးဖွားလာသူတွေဟာ ပက်ထရီရှန် ရပ်မိရပ်ဖမျိုးရိုးထဲမှာ မွေးဖွားလာသူကို ယူလို့မရ ချစ်လို့မရ တဲ့အထိ အဆင့်အတန်းက ခွဲလာတယ်။ ဒီတော့ အရပ်သား ပလီဘီယန်တွေက ခေတ်ပြောင်းတော်လှန်ရေးကို ဆက်လက်ဆင်နွဲတာပေါ့။ တခါတလေ အကြမ်းဖက်တာတွေ ဖြစ်တတ်သလို တခါတလေ အနုနည်းနဲ့တွန်းလှန်တာမျိုးတွေလည်း လုပ်တယ်။ အနုနည်းဆိုတာက ကျုပ်တို့ကိုတန်းတူအခွင့်အရေးမပေးရင် ဟောဒီမြို့ထဲကနေ ထွက်သွားမယ်၊ ခင်ဗျားတို့ဖာသာခင်ဗျားတို့ စိုက်စားပျိုးစား ရောင်စားဝယ်စားပေတော့ ဆိုပြီး ဆန္ဒပြတာမျိုးတွေပေါ့၊ ဒါပေမဲ့ စစ်ပွဲတွေကနေ ကျွန်တွေ ရထားတော့ ပက်ထရီရှန်တွေက သိပ်မှုပါဘူး။ ဒီတော့ ပလီဘီယန်တွေဘက်က အနုနည်းတော်လှန်ရေးကို တဆင့်ထပ်မြှင့်တယ်၊ အိုကေ .. ရတယ် ခင်ဗျားတို့ ကျုပ်တို့ကို တန်းတူအခွင့်အရေးမပေးရင် စစ်မတိုက်ပေးဘူး ကဲ ဆိုပြီး ထိုင်သပိတ်မှောက်ပြန်ရော။ အဲဒီအချက်ကတော့ ပက်ထရီရှန်တွေ အတော်အထိနာတယ်၊ သူတို့က လူနည်းတာကိုး၊ စစ်ကလည်း ဟိုး စော်ကြည်ဘဲ ထရွိုင်မင်းသားလေး တရွာတကျီဆောက်ခဲ့လို့ ပတ်ပတ်လည် မြို့ပြတွေ ကာသေ့ခ်ျတွေ စတာတွေနဲ့ အမြဲတစေလိလိုတိုက်နေရတော့ အရပ်သားတွေ ထိုင်နေမယ်ဆို သူတို့မခံနိုင်ဘူးလေ။ ဒီလိုနဲ့ နောက်ဆုံး ပက်ထရီရှန် ရပ်မိရပ်ဖတွေဟာ ပလီဘီယန်အရပ်သားတွေရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်ရတယ်၊ အဲဒီမှာ ရောမအမျိုးသာရင်ကြားစေ့ရေးနဲ့ စည်လုံးညီညွတ်ရေး ရသွားတယ်။ အဲဒီအချိန်ဟာ ခိုင်မာတဲ့ ရောမကို တည်ဆောက်လိုက်နိုင်တဲ့အချိန်ပဲ။

ပက်ထရီရှန် မြို့မိမြို့ဖအနွယ်တွေနဲ့ အရပ်သား ပလီဘီယန်တွေ အပြန်အလှန်အငြင်းပွားမှုဟာ ဘီစီ ၄၉၄ ကနေ ဘီစီ ၂၈၇ အထိ နှစ်ပေါင်း ၂၀ဝ ကျော် ကြာခဲ့တယ်။ ဒီလောက်ကြာတာတောင် ပလီဘီယန် ရောမအရပ်သားတွေဟာ လုံးဝမလျှော့တဲ့ဇွဲနဲ့ သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြီး လူမှုတော်လှန်ရေးကြီးကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ကြတယ်။ ဒါကြောင့် ရောမကို တစ်ရက်ထဲနဲ့တည်ဆောက်ခဲ့ရတာမဟုတ်ဘူး လို့ သူတို့က သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြီး ဒီစိတ်ဓါတ်ကို အမွေပေးခဲ့ကြတာ၊ ရောမစည်းလုံးညီညွတ်ရေး တည်ဆောက်မှုကို ဂုဏ်ယူတတ်အောင် သင်ပေးခဲ့ကြတာ။ ဒီစိတ်ဓါတ်ကိုအခြေပြုပြီး ရောမအင်ပါယာကြီးကို နှစ်တွေထောင်ချီတည်တန့်စေခဲ့ကြတာပါ။

ရောမကို တစ်ရက်ထဲနဲ့တည်ဆောက်လို့မရပါဘူးကွာ ဆိုတာ တနေ့တော့ ဖြစ်လာမှာပေါ့ဆိုပြီး နေပူထဲ နေအလောင်ခံ ထိုင်စောင့်နေဖို့ စိတ်လျှော့ဖို့ ပြောတဲ့စကားပုံမဟုတ်။ ရောမအရပ်သား ပလီဘီယန်တွေရဲ့ ဇွဲ သတ္တိကိုယူပြီး မတရားအခွင့်ထူးခံနေသူတွေကို ဆက်တိုက်ဖိအားပေးနေဖို့ နှိုးဆောင်တဲ့ စကားပုံသာ ဖြစ်တယ်။

တန်းတူညီမျှရေးနဲ့ အမျိုးသားရင်ကြားစေ့ ညီညွတ်ရေး အောင်မြင်ရမယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...