#ရန်ကုန်အထာ အပိုင်း ( ၂ )
ဒီလိုနဲ့ ကျုပ်ကျောင်းတက်လာတာ တစ်လလောက်လည်း ရှိရော.. အခန်းထဲက သူတွေနဲ့ ကျုပ်နဲ့ အကုန်ရင်းနှီးလာတယ်..။ ရန်ကုန်ကလူတွေက လွှတ်ခင်ဖို့ကောင်းတာဗျ…၊
သူတို့ကလည်း ကျုပ်ကို အသားကုန် ခင်ကြတာ…။ ကျုပ်က ကျောင်းမှာ လူချစ်လူခင်
ပေါတယ်ဆိုပြီး နာမည်ကြီးနေလေရဲ့…။
ရွာမှာဆို ကျုပ်ရောင်းရင်းတွေက ကျုပ်နဲ့ သိပ်တည့်တာ မဟုတ်ဘူး..၊ မတည့်ဆို ကျုပ်ကို ရွာထဲက အပျိုတွေ အကုန်လုံးက ကြိုက်ကြတာဆိုတော့ ဒင်းတို့ရဲ့ မဟေသီလေးတွေလည်း ကျုပ်ကိုကြိုက်တဲ့အထဲမှာ ပါတာပေါ့လေ…. ဒီတော့ကာ.. ကျုပ်က ဘာမှ မလုပ်ရပဲ ကျုပ်ကို ဒင်းတို့က အသားလွတ် မျက်မုန်းကျိုး နေကြတာပါလေ…ထားပါတော့လေ ရွာကအကြောင်း…… ကျုပ်ကို တစ်ကျောင်းလုံးက ဦးအောင်ဘု လို့ပဲခေါ်ကြတယ်..။ ဒီလိုနဲ့ပဲ ကျုပ် တစ်ခုစဉ်းစားမိတယ်..။ ကျုပ် ရန်ကုန်မှာ နာမည်ကြီး ရွှေတိဂုံ ဘုရားဖူး ချင်တယ်..။ ဟုတ်တယ်..။ ကျုပ်ရန်ကုန်ရောက်တာ တစ်လလောက်ရှိပြီ..။ ရွှေတိဂုံဘုရား မဖူးရသေးဘူး..။ အမေကတော့ မှာလိုက်ပါရဲ့..။ ရန်ကုန်ရောက်ရောက်ချင်း ရွှေတိဂုံဘုရား အရင်သွားဖူးလို့..။ ဒါပေသည့် ကျုပ်စိတ်ထဲ စိုးရိမ်နေတာ တစ်ခုရှိတယ်ဗျ..။ အဲ့ဒါကတော့ ကျုပ် မျက်စိထဲ ရွှေတိဂုံဘုရားကို မမြင်မှာ စိုးတာပဲ..။ ရွာမှာ သူများပြောတာ ကြားဖူးတယ်ဗျ..။ လူတစ်ယောက်ဟာ အကုသိုလ်တွေ လွတ်များနေတယ်ဆိုရင် ရွှေတိဂုံဘုရားကိုတောင် မမြင်တော့ဘူးဆိုပဲ..။ ကျုပ်ကလည်း ရွာမှာတုန်းက ကောင်းတာ တစ်ခုမှ မလုပ်ခဲ့တဲ့ အကောင်ဆိုတော့ကာ ကျုပ်ကော ရွှေတိဂုံ စေတီတော်ကြီးကို မြင်ရပါ့မလား..………. ကျုပ်က အဲ့ဒါကို စိုးရိမ်နေတာပါ…။ ဒါပေမယ့် ကျုပ် စိတ်ဆုံးဖြတ်လိုက်တယ်..။ ကျုပ်သွားဖြစ်အောင် သွားမယ်..။ ဒါပေမယ့် ဘယ်လို သွားရမလဲ ဆိုတာ ကျုပ်မသိဘူး..။ ကျုပ်က ဘုန်းကြီးကျောင်းနဲ့ ကျောင်းလောက်ပဲ နေ့တိုင်း သွားနေတာဆိုတော့ ဘယ်သွားတတ် မတုန်း…..။ ဘကြီး ဘုန်းကြီး အကူအညီတောင်းလို့လည်းမဖြစ်…။ သူက လိုက်ပို့ပါပြီပဲထား… ဟိုကျမှ.. ကျုပ်က ရွှေတိဂုံ စေတီတော်ကြီးကို မမြင်ဘူးဆိုရင် အဲ့နေရာမှာတင် အကုသိုလ်ကောင်ဆိုပြီး ကြိမ်လုံးနဲ့ သေအောင် အလှော်ခံရမှာ…။ ကျောင်းက ရောင်းရင်တွေ ပို့ခိုင်းလို့လည်း မဖြစ်..။ အဲ့ဒီတော့.. ကျုပ်.. နောက်ဆုံး ..လူတစ်ယောက်ကို သတိရမိ လိုက်တယ်… ကျုပ်ရဲ့ ဆရာမလေး…. ဟုတ်တယ်…. ဆရာမလေးကို အကူအညီ တောင်းရမယ်…။ ဒီလိုနဲ့ပဲ……………………………….. တစ်နေ့ ကျောင်းမှာ ဆရာ/ဆရာမ နားနေခန်းထဲကို ကျုပ်သွားလိုက်တယ်…။ ဆရာ/ဆရာမ တွေ ၁၀ ယောက် လောက်ရှိမယ် ထင်တယ်..။ "ဘယ်လိုလဲ ဦးအောင်ဘု..၊ ဒီတစ်ခါရော အခန်းမှားပြီး ရောက်လာတာလား" ဆိုပြီး ဆရာတစ်ယောက်က စသေးတယ်…။ "မဟုတ်ဘူးဗျို့..ကျုပ်.. ဆရာမလေးနဲ့ တွေ့ချင်လို့ဗျ.." "သြော်.. ဟိုဘက်မှာ ရှိတယ်.." ကျုပ်လည်း ဆရာမလေး ရှိတဲ့နေရာကို သွားလိုက်တယ်..။ ဆရာမလေးကတော့ ကျုပ်ရောက်လာတာ ဂရုမပြုမိပဲ လက်ထဲက စာအုပ်တစ်အုပ်ကို အသည်းအသန် ဖတ်နေလေရဲ့..။ ဆရာမလေးကို မြင်လိုက်တယ်ဆိုရင်ပဲ ကျုပ်ရင်တွေ တဒိန်းဒိန်းခုန်သွားတယ်..။ ဒီလိုရင်ခုန်တာ အခုမှ မဟုတ်ဘူး..၊ ဆရာမလေးကို မြင်လိုက် တိုင်းဖြစ်နေတာပဲ..။ ကျုပ် ဆရာ မလေး ကို သေချာကြည့်လိုက်မိတယ်.. အမယ်…. ဆရာမလေးက ပါးမှာ သနပ်ခါး ကျဲကျဲ လေး လူးထားပြီး ဆံထုံးလေးထုံးထားတယ်..။ ပြီးတော့ ပန်းလေးတစ်ပွင့်လည်း ပန်ထားတယ်ဗျ..။ ချိပ် ထမီ လေးနဲ့ အင်္ကျီက အပြာရောင် ရင်ဖုံးလေး..။ ရင်ဖုံး အနား လေးတွေကို ကနုတ်လေးတွေနဲ့ ရန်ထားသေးတယ်..။ လှချက်ဗျာ…။ အဲ့…. နေပါအုံး..။ ဆရာမရဲ့ အင်္ကျီ ရင်ဖုံး ဘတ်လုံးလေးတွေက လှလိုက်တာ..။ ဘာနဲ့ လုပ်ထားလည်း မသိဘူး..။ ရွာမှာဆို ဒါမျိုး မရှိဘူးရယ်..။ "ဦးအောင်ဘု..၊ ဘာကြည့်နေတာလဲ.." "အဲ….၊ ကျုပ်……..ကျုပ်………၊ ဆရာမရဲ့ ရင်ဘတ်က ဘတ်လုံးလေး ကြည့်နေတာပါ.." "ဘာရယ်…" "ဟိုလေ.. ဆရာမရဲ့ ရင်ဘတ်က ဘတ်လုံးလေးလို့..အဲ့ဒါလေ….လှလို့.. ဟိဟိ…" "ဘာ….. ဦးအောင်ဘု… ဘာသဘောနဲ့ ဒီလိုပြောနေတာလဲ.." "ဘာသဘောမှမဟုတ်ပါဘူး…၊ အဲ့ဒီ ဘတ်လုံးလေးတွေက ဘာနဲ့ လုပ်ထားတာလဲဟင်… ရွာက မိပုတို့ ဘတ်လုံးတွေက ဆရာမလို မလှဘူးဗျ.. သိလား.." "ဒီမယ်… ဦးအောင်ဘု .. ကျွန်မကို ဘာစကားတွေ လာပြောနေတာလဲ…ရိုင်းလှချေလားဟင်.. စကား ပြောတာ.." "အလို ဆရာမ..ကျုပ်မေးတာ ဘာရိုင်းလို့တုန်းဗျ…ကျုပ်က ဆရာမရဲ့ ဘတ်လုံးလေးတွေက လှ……." "တော်ပြီ…..တော်ပြီ……၊ ဦးအောင်ဘု..၊ ကျွန်မကို လာရင်း ကိစ္စကိုသာပြောတော့.." "ဒီလိုပါ…ဆရာမ ။ ကျုပ် ရွှေတိဂုံဘုရားကို တစ်ခါမှ မရောက်ဖူးလို့ သွားဖူးချင်လို့ပါ…" "အဲ့ဒီတော့" "ဟိုလေ.. ဆရာမများအားရင် ကျုပ်ကို ပို့ပေးနိုင်မလားလို့ပါ..။ ကျုပ်က တစ်ကယ် မသွားတတ်ဘူးရယ်.." "တစ်ခြားသူတွေ ပို့ခိုင်းပါလား ဦးအောင်ဘုရယ်.." "ကျုပ်က ဆရာမလေးနဲ့ သွားချင်လို့ပါ..။ ပြီးတော့ ကျုပ်ကို လိုက်ပို့ရင် ဆရာမလေးလည်း ကုသိုလ်ရပါတယ်..။ မဟုတ်ဘူးလား.." ဆရာမလေး တစ်ချက်စဉ်းစားလိုက်တယ်…။ "ကဲ..ကဲ… ဦးအောင်ဘုက..ဘယ်နေ့သွားချင်တာလဲ.." "ကျုပ်က ဘယ်နေ့သွားသွားရယ်…၊ ဆရာမလေး အားတဲ့နေ့သာလိုက်ပို့…" "ကောင်းပြီလေ..ဒီတစ်ပတ် တနင်္ဂနွေ သွားကြတာပေါ့…" ကျုပ် ဒီတစ်ပတ် တနင်္ဂနွေအတွက် ကြိုတင် ရင်ခုန်နေမိတယ်..။ ကျုပ်ထက် အသက် ၅ နှစ်လောက် ငယ်တဲ့ ဆရာမလေးနဲ့ ဘုရားအတူတူသွားရမယ့် အဖြစ်ကို တွေးပြီး ကျုပ်ကြည်နှုးနေမိတယ်..။ ကျုပ် တစ်သက်နဲ့ တစ်ကိုယ် ဒီလိုမျိုး မိန်းကလေးတစ်ယောက်နဲ့ နှစ်ယောက်အတူ ဘုရား တစ်ခါမှ သွားဖူးတာ မဟုတ်ဘူးရယ်..။ အမေတို့နဲ့သာ တစ်နှစ်မှာ တစ်ခါနှစ်ခါလောက် ဘုန်းကြီးကျောင်း တက်ဖူးတာ..။ ဘာပဲဖြစ်ဖြစ်လေ.. ကျုပ်တော့ ပျော်နေမိတယ်..။ ဒီအဖြစ်အပျက်တွေကိုလည်း ရွာပြန်ရောက်ရင် အမေ့ကို တစ်ဝကြီး ပြန်ပြောပြ ရမယ်လေ……..။ ဒီနေ့ တနင်္ဂနွေနေ့… ကျုပ် နောက်ကျမှာ စိုးတာနဲ့ ဆရာမ ချိန်းထားတဲ့ ဘတ်စ်ကား မှတ်တိုင်ထိပ်မှာ အစောကြီး စောင့်နေမိတယ်..။ လာပါပြီဗျာ… ဆရာမလေး…။ ရိုးယဉ်လှတဲ့ ထမီလေးနဲ့ ရင်ဖုံးအင်္ကျီလေးကို ၀တ်ထားတယ်....၊ သနပ်ခါးတော့ မလူးထားတော့ပဲ မိတ်ကပ်အနည်းငယ်လူးထားသလိုပဲ..။ ပါးလေးက ရဲနေပြီး ပူလို့ထင်ပါရဲ့….နဖူးလေးမှာ ချွေးလေးတွေစို့နေတယ်…. "ကဲ.. ဦးအောင်ဘု..သွားရအောင်.." ဆရာမ ဦးဆောင်ပြီး ဘတ်စ်ကားပေါ်တက်သွားတယ်… ကျုပ်လည်း မဆိုင်းမတွ နောက်ကနေ လိုက်တက်ခဲ့လိုက်တယ်..။ ကံကောင်းစွာပဲ ဘတ်စ်ကားရဲ့ နောက်ဆုံး အတန်းမှာ နှစ်ယောက်ထိုင်ခုံလေးက လွတ်နေလေရဲ့…။ ဆရာမကအတွင်းဘက်ခုံမှာ ၀င်ထိုင်လိုက်ပြီး ကျုပ်က ဆရာမဘေးမှာဝင်ထိုင်လိုက်တယ်.. သာယာ လိုက်တာဗျို့.။ အဲ့လိုခံစားမှုမျိုး ကျုပ်အရင်က မခံစားဖူးဘူးရယ်..။ ဆရာမလေးရဲ့ ကိုယ်သင်းရနံ့ကလည်း မွှေးမှမွှေး…၊ ဘာရေမွှေးတွေများ ဖြန်းလာလဲ မသိဘူး..။ ဘေးကနေ ဆရာမမျက်နှာကို တစ်ဝကြီး ထိုင်ကြည့်၊ ဆရာမရဲ့ ကိုယ်သင်းရနံ့လေးကို ခိုးရှုပြီး ကားစီးရတဲ့ ဘ၀လောက် ဘယ်မှာ သာယာတာ ရှိလိမ့်မတုံးဗျာ..။ သို့ပေမယ့်ပေါ့လေ………………………။ နောက်ဘတ်စ်ကား တစ်မှတ်တိုင်ရောက်တော့.. ဆင်းတဲ့သူတွေကဆင်း တက်တဲ့သူတွေက တက်ပေါ့ဗျာ.. အဲ့မှာ နောက်ဆုံး တက်လာတဲ့သူက အမျိုးသမီးတစ်ဦး..။ လက်ထဲမှာ ဈေးခြင်းကြီးနဲ့..။ အဲပြီးတော့… ကိုယ်ဝန်ကြီးနဲ့ဗျ…။ သူ ဟိုဟိုဒီဒီ လျှောက်ကြည့်တယ်..။ ထိုင်ခုံတွေ တစ်ခုံမှ မလွတ်တော့ဘူး..။ ဘတ်စ်ကားပေါ်မှာ ရှိတဲ့သူတွေ တစ်ယောက်ကမှ ကိုယ်နဲ့ မဆိုင်သလို နေရာထမပေးကြဘူး..။ အဲ့ဒီတော့ ခုံရှာနေတဲ့ ဗိုက်ကြီးသည် အမျိုးသမီးနဲ့ ကျီးကန်းတောင်မှောက် လျှောက်ကြည့်နေတဲ့ကျုပ် မျက်လုံးချင်း ဆုံမိပါလေရောလား…၊ ကျုပ်ရဲ့ သနားပုံပေါ်တဲ့ မျက်လုံးရိပ်ကြောင့် ထင်ပါရဲ့…။ အဲ့ဒီအမျိုးသမီး ကျုပ်တို့နားလျှောက်လာတယ်..။ ကျုပ်ရဲ့ဘေးမှာ လာရပ်တယ်…။ ကျုပ် ချက်ချင်းထပေးလိုက်ချင်ပါရဲ့…။ ဒါပေမယ့် ကျုပ်ရထားတဲ့ အခွင့်အရေး က နောက်တစ်ခါထပ်မရနိုင်မယ့် အခွင့်အရေးလေ…။ ကျုပ် စဉ်းစားလိုက်တယ်..။ ကျုပ် ထပေးလိုက် ရင်ကောင်းမလား…။ အမျိုးသမီးရဲ့ ဗိုက်ကို ကြည့်လိုက်…။ ဆရာမလေးရဲ့ မျက်နှာ ကိုကြည့်ပြီး ကိုယ်သင်းရနံ့လေးတွေ ခိုးရှုလိုက် လုပ်ရင်း ကျုပ် ရဲရဲ ၀ံ့ဝံ့ ဆုံးဖြတ်ချက် တစ်ခုချလိုက်တယ်..။ ကျုပ် မထပေးနိုင်ဘူး…။ ဟုတ်တယ်..၊ ကျုပ် မထပေးဘူး..။ အချိန်ကြာလာတဲ့နဲ့အမျှ သူခုံတစ်ခုံခုံ ရသွားလိမ့်မယ်..၊ ကျုပ်နဲ့ ဆရာမလေး နောက်တစ်ခါ ဒီလို အတူစီးရဖို့ဆိုတာ သေချာတာမဟုတ်ဘူး..၊ အဲ့ဒီတော့ ကျုပ်သူရဲ့ဗိုက်ကို မျက်နှာလွှဲပြီး ဆရာမလေးဘက်ကို မျက်နှာလှည့်လိုက်တယ်..။ အံမယ်.. ကားပေါ်က လူတွေက ကျုပ်ကို ကြည့်နေပုံများ ကျုပ်က လူဆိုး လူမိုက်ကြီး ကျနေတာပဲ…။ သူတို့ကျ မထပေးပဲနဲ့...။ ကျုပ်လည်း မသိချင်ယောင်ဆောင်ပြီး မထပေးပဲနဲ့ ပေကပ်ကြီး လုပ်နေလိုက်တယ်.. စီးလာတာ နည်းနည်းကြာလာတော့ ဗိုက်ကြီးသည် အမျိုးသမီးက ကျွန်တော် မဖယ်ပေးမှန်း သိတာနဲ့ ကျွန်တော့်နားကနေ ဘတ်စ်ကား စပယ်ယာလေးဆီ လျှောက်သွားတယ်…။ ကျွန်တော့်ကို လက်ညှိုးထိုးလိုက် သူ့ ဗိုက်ကို ပုတ်ပြလိုက် နဲ့ တိုးတိုး တိုးတိုးနဲ့ ဘာတွေ ပြောနေကြမှန်း ကျုပ်လည်းမသိဘူး..၊ ခဏကြာတော့ ဗိုက်ကြီးသည်အမျိုးသမီးရယ် စပယ်ယာရယ် ကျွန်တော့်ဆီကို လျှောက်လာကြပြီး စပယ်ယာလေးက "ဟေ့လူကြီး..ခင်ဗျား.. လူမှုရေးလေး မသိတတ်ဘူးလား..၊ ဒီမှာ ..ဗိုက်ကြီးသည်လေ..၊ နေရာလေး ဖယ်ပေးလိုက်ပါတော့လား.." "ဗျာ…ကျုပ်.. ဒါက ဒီလိုရှိ…ရှိ...." "လူပုံ ကြည့်တော့ ရိုးပုံရိုးအနဲ့…၊ မြန်မာနိုင်ငံသားလို့ မပြောရဘူး..၊ နေရာရရင် ဖယ်ကိုမဖယ်ချင်ဘူး..၊ နပန်ကြီးပဲ လိမ့်ကျင်းလိုက်ရ…ပြောလိုက်ရင် စပယ်ယာ အပေါက်ဆိုးတယ် ဖြစ်အုံးမယ်.." "အလို…" "အသက်က သေခါနီးနေပြီ..၊ ခုထိ မြက်နုကြိုက်ချင်တုန်း…. ဒါမျိုးလေးတွေနားကဆို ထကိုမထချင်ဘူး..၊ ကုပ်နဲ့ ဆွဲကော်တောင် ထမှာ မဟုတ်တဲ့ တဏှာရူးကြီး.. ခင်ဗျားလိုလူမျိုး သေရင် ငရဲကျမှာ သိရဲ့လား" "အယ်…." "ပြောရင်း လက်တွေ ပါလာတော့မယ်..၊ ခင်ဗျားဟာ ခင်ဗျား အလိုက်တသိလေး ထ မှာလား..၊ ဒါမှ မဟုတ် မထ ထအောင် လုပ်ပေးရမလား..၊ ဒါပဲပြော…" စပယ်ယာရဲ့ ညှင်သာလှတဲ့ အပြောကြောင့် ကျုပ်လည်း… နေရာက ဖယ်ပေးချင်စိတ်တွေ ပေါက်သွားတယ်..။ " ကျုပ်…. ကျုပ်ဟာကျုပ်.. အလိုက်တသိလေး…ထပေးပါ့မယ်… အဟင့်.... " ကျုပ်မျက်ရည်တောင် ၀ဲပြီး ငိုတောင် ငိုချင်လာမိတယ်..။ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ထိ တစ်ခါမှ အပြောမခံ ရဖူးဘူးရယ်..၊ ကျုပ်အမေတောင် ကျုပ်ကို ဒီလောက်ထိ တစ်ခါမှ မဆူဖူးဘူးရယ်..။ ဒီစပါယ်လေးပြောလိုက်မှ ထိုင်ခုံလေး မထပေးမိတာနဲ့ ကျုပ်မှာလည်း ငရဲမှာ ဂျိုးကပ်မယ့် အကောင်ကိုဖြစ်ရော…။ ကျုပ်ချက်ချင်းပဲ ထပေးလိုက်တယ်..။ ဆရာမလေးက ကျုပ်ကို အားနာတဲ့ အကြည့်နဲ့ကြည့်တယ်..။ ဗိုက်ကြီးသည် အမျိုးသမီးကတော့ ကျုပ်ကို အောင်မြင်သူ ပုံစံမျိုးနဲ့ကြည့်ပြီး ကျုပ်နေရာမှာ ၀င်ထိုင်လိုက်တယ်..။ အောင်မယ်… ကျုပ်ကို မျက်လုံး တစ်ဖက်တောင် မိတ်ပြသွားသေး…… ကတောက်……။ ဒီလိုနဲ့……… ဘတ်စ်ကားမှတ်တိုင် တစ်ခုရောက်တဲ့အချိန်မှာ … ကျုပ်တို့ ဆင်းလိုက်ကြတယ်..၊ လမ်းအနည်း ငယ် လျှောက်ပြီး သိပ်မကြာမီမှာပဲ…။ "ကဲ…ရောက်ပြီ…ဦးအောင်ဘု" တဲ့……။ သေစမ်း…၊ ကျုပ်မျက်စိထဲ ဘယ်ဘုရားမှ မမြင်..၊ ဘယ်စေတီမှလည်း မမြင်..၊ ထင်တဲ့အတိုင်း… အကုသိုလ်တွေ အကျိုးပေပြီထင့်..။ ကျုပ်သေချာ ထပ်ရှာကြည့်တယ်..၊ အနီးနား တစ်ဝိုက်ပတ်ဝန်းကျင် တစ်ခုလုံး ကျီးကန်းတောင်းမှောက် လိုက်ရှာကြည့်တယ်..၊ စေတီနဲ့တူတာဆိုလို့ ဘုန်းကြီးကျောင်းလေးတောင် မတွေ့..၊ အမေရေ…၊ ကျုပ်အဖြစ်ကို လှည့်ကြည့်ပါအုံးလားဗျို့…၊ ရွှေတိဂုံ စေတီကြီးကိုတောင် မမြင်နိုင်တော့တဲ့ အမေ့သား လူမိုက်ကြီးကို မသနားတော့ဘူးလား…။ "ဘာတွေ လိုက်ရှာနေတာလဲ … ဦးအောင်ဘု.." "အော်.. ဘာမှ မရှာပါဘူး…၊ သပ္ပါယ်လိုက်တာနော်…၊ စေတီတော်ကြီးက…….." ကျုပ်လည်း ဆရာမလေးသိသွားမှာစိုးတာနဲ့ ရမ်းဖြီး လိုက်တယ်..။ "အယ်…၊ ဘာပြောတာလဲ..၊ ဦးအောင်ဘု.." "ရွှေတိဂုံစေတီတော်ကြီးလေ..၊ အကြီးကြီးပဲ..၊ သပ္ပါယ်လိုက်တာလို့… ရွှေရောင်တွေ တ၀င်းဝင်းနဲ့…." "ရှင်.. ဒီကနေ ..ရွှေတိဂုံကို မြင်ရလို့လား.." အလို….ဆရာမလေးက ကျုပ် စေတီတော်ကို မမြင်ရမှန်း သိနေတာလား..၊ မဖြစ်နိုင်ဘူး..၊ လုံးဝမဖြစ်နိုင်ဘူး..။ "မြင်ရတာပေါ့..၊ ရှင်းလင်း ကြည်လင် ပြတ်သားနေတာပဲ…ဟိုးထိပ်ဖူးတော်က ဆည်းလည်းလေးတွေ ကိုတောင် ဒီကနေ မြင်ရတယ်…." "အာ…၊ မဟုတ်တာပဲ… မမြင်နိုင်ပါဘူး.." "ဘာလို့ မဖြစ်နိုင်ရမှာလည်း..၊ ဘာလဲ ဆရာမလေးက ကျုပ်ကို အကုသိုလ်ကောင်ဆိုပြီး မမြင်ရဘူး ထင်နေတာလား.." "ဘာတွေလာပြောနေတာလဲ..၊ ကျွန်မတို့ အခုရောက်နေတာက ထောက်ကြံ့ထဲမှာလေ..၊ ရွှေတိဂုံဘုရားက မြေနီကုန်းမှာ ဘယ်လိုလုပ်ပြီး ရွှေတိဂုံကို မြင်ရမှာလဲ…" "အမ်..၊ ခုနက ရောက်ပြီဆိုတာ..၊ ရွှေတိဂုံကို ရောက်ပြီလို့ ပြောတာ မဟုတ်ဘူးလား.." "မဟုတ်ပါဘူး..၊ ကျွန်မ လမ်းမှာ အသိအိမ်ဝင်စရာရှိတယ်လို့ ရှင့်ကိုပြောတာ ရှင်မှ မကြားပဲ…၊ အခု ကျွန်မ အသိအိမ်ကို ရောက်ပြီလို့ပြောတာ…" သေစမ်းးးးးးးးးးးးးး… အောင်ဘုရေ….၊ လွဲတာမှ အကြီးကြီးကို လွဲတာဟ….။ "နေပါအုံး၊ ရှင်က ဘာကို မြင်ပြီး အကြီးကြီးတွေ..၊ ရွှေရောင် တ၀င်းဝင်းတွေလုပ်နေတာလဲ…" ကျုပ်လည်း တတ်နိုင်သမျှ ဆရာမလေးကို မျက်နှာချိုသွေးပြီး "ဟုတ်ပါဘူး…၊ ကျုပ်ပျင်းလို့ ဆရာမလေးကို လျှောက်စတာ..၊ လတ်ကား…. လတ်ကား…စတာ..၊ စိတ်ဆိုးနဲ့.. ဟိဟိ " အဲ့လိုနဲ့ပဲ… ကျုပ်ရဲ့ ရွှေတိဂုံ ဘုရားဖူးကို စတင်ခဲ့ရတာဗျာ….။ ဒီလိုနဲ့ ဆရာမလေးရဲ့ အသိအိမ်က အပြန်မှာ ကျုပ်တို့ ရွှေတိဂုံစေတီတော်ကြီးကို ၀င်ဖူးကြတယ်..။ ဘတ်စ်ကား စီးနေရင်းနဲ့ ဆရာမလေးက ကျုပ်ကို လှမ်းပြောတယ်.. "ဦးအောင်ဘု..၊ ဟိုမှာ ရွှေတိဂုံစေတီတော်ကြီး၊ မြင်ရလား.." "ဘယ်မှာလည်း.." "ဟိုးမှာလေ… ဒီကနေတာင် လှမ်းဖူးလို့ရတယ်…" ကျုပ်လှမ်းကြည့်လိုက်တဲ့အခါမှာ ရွှေရောင် တ၀င်းဝင်းနဲ့ သပ္ပါယ်လှတဲ့ ရွှေတိဂုံ စေတီတော်ကြီးကို လှမ်းမြင်လိုက်ရတယ်….။ "ဝေးးးးးးးးးးးးးး..၊ မြင်ရတယ်ဟေ့…၊ မြင်ရတယ်ဟ….၊ ပျော်တယ်..ပျော်တယ်..၊ ဒို့ပျော်တယ်..၊ ဟေ့..ဟေ့..၊ မြင်ရတယ်ဟေ့..၊ ရွှေတိဂုံ ဘုရားကို မြင်ရတယ်ဟ…… ပလို့ဂျိ…. ပလို့ဂျိ….ဟိဟိ…" ကျုပ်လည်း ပျော်လွန်းလို့ စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး ကားပေါ်မှာ တစ်ကွက်လောက် ထ က မိလိုက်တယ်..။ ကားပေါ်က လူတွေ အကုန်လုံး တိတ်ဆိတ်ပြီး ပါးစပ်တွေ အဟောင်းသားနဲ့ ကျုပ်ကို ကြောင်ပြီး ကြည့်နေကြတယ်..။ ဆရာမလေးကလည်း ရွှေတိဂုံစေတီကြီးကို လက်ညှိုးညွှန်လျက်သားကြီး နဲ့ ပါးစပ်ကြီးဟကာ ကျုပ်ကို ကြောင်ပြီးကြည့်နေတယ်..။ ကားပေါ်က လူတွေ ကျုပ်ကို ပါးစပ်တွေဟပြီး ကြောင်ကြည့်နေပုံများ Video ကို Pause နှိပ်ထားသလားမှတ်ရဗျို့…။ ကျုပ်လည်း ရှက်ရမ်းရမ်းပြီး…ကျုပ်ကို ကြောင်ကြည့်နေတဲ့ လူတွေကို…. "အဟီးးးးးး…. ဘာမှ မဟုတ်ဖူး….၊ ထိုင်ခုံက ကြမ်းပိုး ကိုက်လို့…အဟိ…" ဆိုပြီး မျက်နှာချိုသွေးနေချိန်မှာပဲ ကျုပ်ဆီကို ဘတ်စ်ကား စပယ်ယာ တစ်လှမ်းချင်း လှမ်းလာနေတယ်..…။ ကျုပ်လည်း ကြောက်ကြောက် လန့်လန့်နဲ့ သူ ဘာမှ မပြောရသေးခင် "ဦးဦး စပယ်ယာ….သား.. နောက်မလုပ်တော့ပါဘူးဂျ…." ဆိုပြီး အပြစ်လုပ်ထားတဲ့ ကလေးငယ် တစ်ယောက်လို လက်လေးပိုက် ဒူးလေးတုတ်ပြီး ဆရာမဘေးနားမှာ ငြိမ်သက်စွာ ၀င်ထိုက်လိုက်တယ်..။ စပယ်ယာက ဘာမှ မပြောပဲ ကျုပ်ပုံစံကို ကျေနပ်စွာနဲ့ကြည့်ပြီး ပြန်လှည့်ထွက်သွားတယ်…။ ရန်ကုန် စပယ်ယာတွေက ကျုပ်ကို အဲ့သလိုကို နိုင်တာ…..…။

ဆက်ပါအုံးမယ်….
#Credit : အောင်ထွန်းဦး
#Admins : PT
0 comments:
Post a Comment