Wednesday, November 6, 2013

တန်ဖိုး.....

November 5, 2013 at 8:29am

        တနေ့က ကျွန်တော့်မိတ်ဆွေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ကုပ္မဏီရုံးခန်း
ကိုအလည်ရောက်ရှိ ခဲ့ပါသည်။ သူ့ရုံးခန်းမှာထိုင်ရင်း ကျောက်မျက်ရတနာတွေအကြောင်း
ပြောကြဆိုကြရင်း နိုင်ငံခြားထုတ် ကျောက်မျက်ရတနာ ကက်တလောက် မဂ္ဂဇင်း ( Cata-
logue Magazine) တစ်ချို့ကို လှန်လှောဖတ်ရှုခဲ့မိသည်။ လှသထက်လှ၊ ယဉ်သထက်ယဉ်၊
ဆန်းသထက် ဆန်းအောင် စိတ်ကူးဥာဏ်နှင့် အတတ်ပညာကို အသုံးပြု ဖန်တီးထားတာ
စာအုပ်ထဲကပုံကိုကြည့်ရုံနဲ့တင် တပ်မက်မောစရာ၊ လိုချင်စရာပါ။ နဘေးမှာယှဉ်တွဲ ဖေါ်ပြ
ထားတဲ့တန်ဖိုးတွေကို ကြည့်လိုက်တော့ သြော်ဒါကြောင့်လဲ လှကြတာကိုးလို့ စိတ်ထဲ မှတ်ချက်ချလိုက် မိပါတော့တယ်။ အမေရိကန်ဒေါ်လာနဲ့ ဖေါ်ပြ ထားတဲ့ တန်ဖိုးတွေက သောင်း ဂဏန်း၊ သိန်းဂဏန်း တွေလေ။
လုပ်ထားတဲ့ ကျောက်ကလေးတွေကို ကြည့်လိုက်တော့လက်သည်းခွံလောက် ကလေးတွေ။
        ဒီနေ့ နေ့လည်စာစားခါနီးမှ ရောက်လာတဲ့သတင်းစာ ကောက်ယူဖတ်ကြည့်လိုက်
တော့ မြို့တော်သစ် နေပြည်တော်မှာ ၂၀၁၁ ခုနှစ် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲ
အထူးရောင်းချပွဲ ကျင်းပနေသော သတင်းများကိုဖတ်ရသည်။ ရုပ်မြင်သံကြားတွင်လည်း
တွေ့ရ၊ မြင်ရပါသည်။ ရောင်းချပွဲသို့ အနယ်နယ် အရပ်ရပ်၊ အတိုင်းတိုင်း အပြည်ပြည်မှ
လာရောက်ဝယ်ယူသူများ နှင့် အလွန်ပင်စည်ကားလှပါသည်။ တိုင်းပြည်အသွယ်သွယ်မှ
ရတနာကုန်သည်များ လာရောက်ဝယ်ယူပြီး နိုင်ငံရပ်ခြား အသီးသီးသို့ သယ်ယူသွားကြ
မည်၊ သပ်ယပ်လှပပြီး ဆန်းသစ် ပြောင်မြောက်သော လက်ရာများအဖြစ် အသွင်ပြောင်း
ကာ နိုင်ငံတကာ ဈေးကွက်သို့ တန်ဖိုး ကြီးမြင့်စွာဖြင့် ပြန်လည်၍ ဈေးကွက် တင်ကြပေ
တော့မည်။
        ယနေ့ မြန်မာပြည်အပါအ၀င် နိုင်ငံတကာ၌ ကျောက်မျက်ရတနာများကို တန်ဖိုး
ကြီးမြင့်စွာ ဈေးတင် ရောင်းချနေကြရာတွင် တကယ်လည်း မြင်တွေ့ လိုက်ရသည်နှင့်
ဝင်းလက်တောက်ပပြီး တပ်မက်မောချင်စဖွယ်လည်း ဖြစ်ပေသည်။ သို့သော်ယခုလိုအ
ဆင့်မရောက်မီ အရိုင်းဘ၀ကတော့ ယခုလိုမဟုတ်၊ ၀င်းလက်တောက်ပ၍လည်းမနေ
ပါ။
        စိန်အရိုင်းတုံးများဆိုလျှင် ဖန်ကွဲစ၊ဖန်ကွဲတုံးများအလား။ အကြောင်းနားမလည်
သူဆိုပါက လမ်းပေါ်တွင်တွေ့နေလျှင်တောင် ခြေထောက်နှင့် ကန်ချင်ကန်သွားပေလိမ့်
ဦးမည်။ အလားတူ ကျောက်စိမ်းတို့ ပတ္တမြားတို့ဆိုလျှင်လည်း တကယ့်ကိုကျောက်တုံး
ကျောက်ခဲတွေအလား၊ မသိသူဆို ကိုယ့်ရှေ့ တွေ့နေတာတောင် ဘယ်ကောက်ယူလိမ့်
မလဲ။ မိုင်းရှူးရတနာမြေက ပတ္တမြားတွေ ဆိုလျှင်လည်း ကျောက်ရိုင်းတွေကြည့်တော့
အလှပန်းအိုးများမှာ မြေကြီးကိုဖုံးအလှဆင်တဲ့ ဆေးဆိုးကျောက်များအလား ထင်မှတ်
ရပေမယ့် တစ်ဖက်နိုင်ငံရောက်ပြီး ( ဒေသအခေါ် ) မီးဖုတ်လိုက်တော့ ဒေါ်လာ ထောင်
ဂဏန်း၊ သောင်းဂဏန်းအထိ တန်ဖိုးမြင့်တက်သွားပါလေရော။ ကိုယ့်နိုင်ငံက လူတွေ
မလုပ်တတ်တော့ သူများ တိုင်းတစ်ပါးသားတွေကို လုပ်ကျွေးနေသလို ပါပဲလားလို့..
တခါတလေ တွေးမိပါတယ်။
        ရတနာတွေက ကျောက်ခဲသာသာ အဆင့်ကနေ ဘာကြောင့် အဖိုး အနဂ္ဂထိုက်
တန်သော ကျောက်မျက် ရတနာ ၊ အဆင် တန်ဆာများ အဖြစ်ကို ပြောင်းလဲရောက်ရှိ
သွားကြရပါသလဲ ? ။ ကျွန်တော်အကြိမ်ကြိမ် တွေးကြည့်မိပါသည်။ တကယ်တော့ ဒီ
ကျောက်တုံး ကျောက်ခဲသာသာ ရတနာတွေဟာ ကျောက်ခဲသလဲတော့မဟုတ်၊ မူလ
ကတည်းက ရတနာသန္ဓေ တည်ပြီးသားပါ။ ရတနာဖြစ်မှန်းသိသူ၊( သို့တည်းမဟုတ် )
တန်ဖိုးကိုနားလည်သူ၏ အရည်အချင်းနှင့် တောက်ပ ၀င်းလက်လာအောင် သွေးနိုင်
အရောင်တင်နိုင် ၊ အရောင်ဖွင့်နိုင်သော အတတ်ပညာ စွမ်းအား နှစ်ခုပေါင်းစပ်ခြင်း ၊
ကြောင့်အရည်အသွေးနှင့် တန်ဖိုး မြင့်တက်လာရခြင်းပင် မဟုတ်ပါလား။
        ယနေ့တစ်ကမ္ဘာလုံး စံအဖြစ်သတ်မှတ် တန်ဖိုးထားကြသော ရွှေဆိုလျှင်လည်း
ကြည့် ။ နားမလည်သောသူဆို မြေကြီးထဲက သဲတွေ၊ ကျောက်ခဲတွေနဲ့ အတူ ရောပါ
လာတဲ့ အမှုန်အမွှား အတုံးအစလေးတွေဟာ ဒီလို တစ်အောင်စကို အမေရိကန်ဒေါ်
လာ ၁၅၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေတုံးရွှေခဲ ဖြစ်လာမယ်လို့ ဘယ်လိုလုပ်သိနိုင်၊ တွေး
ကြည့်နိုင်ပါမည်လဲ။ နားလည်သောသူဖြစ်မှ စမ်းသပ်၊ တူးဖေါ်၊ သန့်စင်တဲ့ နည်းစနစ်
တွေသုံး၊ အဆင့်ဆင့်သန့်စင်ပြီးမှ တန်ဖိုးမြင့်လာရသည် မဟုတ်ပါလား။
        ကျွန်တော်တို့ လူသားတွေမှာရော ...........................................။ လူတိုင်း
လူတိုင်း၌ မွေးဖွားလာစဉ်ကပင် ဂုဏ်သတ္တိကိုယ်စီ၊ အစွမ်းအစကိုယ်စီ၊ စွမ်းအင်ကိုယ်
စီ သန္ဓေတည်လာကြပြီးဖြစ်ပေသည်။ လူသားအများစုသည်ထိုအချက်ကို မိမိတို့ကိုယ်
တိုင်တွင်ရှိသည်ဆိုတာကိုရော၊  အခြားသူတွေမှာရှိသည်ဆိုတာကိုပါ သတိလက်လွတ်
အမှတ်တမဲ့ ဖြစ်နေကြလေသည်။
        အခြား စွမ်းအင်တွေကို အသာထားဦး ။ အနည်းဆုံးတော့ လူသားတိုင်း တွင်
မေတ္တာဆိုသည့်ဓါတ် သန္ဓေတည်ပါရှိလာပြီး ဖြစ်ပါသည်။ မေတ္တာဓါတ်သည် အရာရာ
ကိုအောင်မြင်နိုင်သော တန်ဖိုးဂုဏ်သတ္တိရှိပါသည်။ မိမိကိုယ်တိုင်သော်လည်းကောင်း
အခြားသူများအနေဖြင့် သော်လည်းကောင်း ထိုမေတ္တာဆိုသောဓါတ်သည် ရတနာကဲ့
သို့ တန်ဖိုးမြင့်မားကြောင်း သိရှိနိုင်ကြစေရန်၊ သတိပြုမိနိုင်ကြစေရန် ဦးစွာလိုအပ်ပေ
သည်။ အချင်းအရာ တစ်ခု တန်ဖိုး ရှိမှန်းသိမှ တန်ဖိုး မြင့်လာအောင် စူးရှ ထက်မြက်
သော အသိဥာဏ်၊ မှန်ကန်သော အတွေးအခေါ်၊ စစ်မှန်ပြီးစနစ်ကျနသော အလုပ်တို့
ဖြင့် ပေါင်းစပ်အရောင်တင် လိုက်မည်ဆိုလျှင် ၀င်းလက်တောက်ပပြီး အဖိုးအနဂ္ဂထိုက်
သော အလှဆင်မှုဖြင့် လောကကြီးကို ဖန်ဆင်းနိုင်မည် ဖြစ်ပေသည်။
        ဤနေရာတွင် အလျဉ်းသင့်၍ မေတ္တာဓါတ်၏ အစွမ်းထက်ပုံကို သိရှိနိုင်စေရန် ၊
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသ၏ မိန့်ကြားချက်တစ်ခု
ကိုဖေါ်ပြလိုပါသည်။

        " Fire Of Immorality "
        Forest fire burns dry leaves more easily then wet leaves.
        The fire of immorality burns the man who has no  metta~more
        easily than the man who has metta~ saturated in his mind.
        If you have a weapon to defend your self, no tiger will bite you.
        If you don't have a weapon , even a cow will gore you.
        So depend on weapons. The most effective is metta~.

        " မသူတော်မီး နှင့် မေတ္တာ  "
        တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏ ၊ သစ်ရွက်စိုကိုမူ မတတ်နိုင်။
        " မသူတော် " မီးဟာ မေတ္တာခမ်းသူကိုသာ လောင်လွယ်၏ ၊ မေတ္တာပြန့်သူကို
        ကား မတတ်နိုင်။
        ဓါး လှံ စသောလက်နက်ရှိလျှင် ကျားသည်မကိုက်နိုင်၊ လက်နက်မဲ့ဆိုလျှင် နွား
        ပင် ဝှေ့ခံရနိုင်၏။
        ထို့ကြောင့်.. လက်နက်ကို အားကိုးကြပါ၊ လောက၌ အထိရောက်ဆုံး လက်နက်
        မှာ... မေတ္တာပင် ဖြစ်တော့သည်။
                                            ( မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသ )

        သို့ဆိုလျှင်မေတ္တာကို မည်သို့ အရောင်တင်၊ အရောင်ဖွင့်ရမည်နည်းဟု မေးစရာ
ရှိပါသည်။ မေတ္တာကို အဖိုးထိုက်တန်မှန်း သိရှိပြီး သည့်နောက် မေတ္တာကို များများအ
သုံးပြု၊ မေတ္တာကိုများများပို့လွှတ်၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင်  မေတ္တာဖြင့်ဆက်
ဆံ ၊ အခက်အခဲ ပြဿနာများကို မေတ္တာနှင့်ဖြေရှင်း၊ အကြောင်းကိစ္စ တစ်ရပ်အတွက်
နည်းလမ်းကို စဉ်းစားရာတွင် မေတ္တာကိုအခြေခံစဉ်းစား၊ ကုန်ကုန်ပြောရလျှင်  ၉၆ ပါး
ရောဂါ ပျောက်သည့် ဆေးလိုပင် မေတ္တာကို ဥာဏ်ရှိသလို သုံးနိုင်ခြင်းသည် ပင်လျှင်
တောက်ပလာအောင် အရောင်တင်သည့် နည်းပညာ၊နည်းစနစ်ဖြစ်ပေသည်။ များများ
အသုံးပြုနိုင်လျှင် များများတောက်ပ လာမည်သာ။ "ဗုဒ္ဓမြတ်စွာကိုအာရုံပြုပြီး အမြဲတမ်း
မေတ္တာနဲ့ နေရင် သာမန်လူတွေထက်  " ကံ " နဲ့ အရှိန်အ၀ါ မြင့်တယ်၊ ဒါကြောင့် အမြဲ
မေတ္တာနဲ့ နေကြပါ " ဟု ဆရာတော်ကြီးများက ဆုံးမခဲ့ကြဖူးလေသည်။ အဖိုးထိုက်တန်
လှစွာသောရတနာတစ်ပါးပင် ဖြစ်ပေတော့သည်။
        ထို့အတူပင် မိမိ၌ရှိနေသည့် အခြားအဖိုးတန် စွမ်းအင် သတ္တိများဖြစ်သော  ကရု
ဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ သတိ၊ သမာဓိ၊ ပညာ၊ ဇွဲလုံ့လ ၀ီရိယ အစရှိသည် တို့ကိုလည်း
ကောင်း၊ အခြားသူများ၌ ရှိနေသော အလားတူ အဖိုးတန် စွမ်းအင် သတ္တိများကို လည်း
ကောင်း ဖေါ်ထုတ် သန့်စင်ပြီး အရောင် တင်နိုင်မည် ဆိုလျှင် ကျွန်တော်တို့ နေထိုင်ရာ
ကမ္ဘာကြီးအတွင်း ယနေ့ဖြစ်ပွားနေသော စစ်မက်များ၊ ဘာသာရေး ယှဉ်ပြိုင်မှုများ၊ စီး
ပွားရေး လုယက်ချဲ့ထွင်မှုများ၊ နယ်မြေပိုင်ဆိုင်ခြင်းဆိုင်ရာ အငြင်းပွားမှုများ၊ လူမှုရေး
ပဋိပက္ခများ၊ အာဏာလွန်ဆွဲပွဲများမှ အနည်းဆုံးကင်းဝေး သွားနိုင်မည် မဟုတ်ပါလား။
        ဒါဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာရော ? ။ တာဝန်ရှိသူအဆင့်ဆင့်သည်ကိုယ်စီ
ကိုယ်ငှအပြင် သူတစ်ပါးဖြစ်သည့် လူသားအရင်းအမြစ်များကိုပါ တန်ဖိုးကိုရှာဖွေသိနိုင် ၊
အရောင်တင်နိုင် ၊ သူ့နေရာနှင့်သူ မှန်ကန်စွာ နေရာချ စီမံနိုင်မည်ဆိုလျှင်................။
        လူသားတို့၏ ကိုယ်ပိုင် အစွမ်းအစများကိုသာမက ကျွန်တော်တို့နေထိုင်ရာ မြေထု
ရေထု၊ လေထု အတွင်းရှိ သဘာဝအရင်းအမြစ်များ၊ သယံဇာတအရင်းအမြစ်များ၊ အမွေ
အနှစ်များ၏ တန်ဖိုးကိုလည်းသိရှိပြီး အရိုင်းအတိုင်းမဟုတ်ဘဲ ကိုယ်တိုင် ပုံဖေါ်သန့်စင်
အရောင်တင်နိုင် မည်ဆိုလျှင်၊ အရောင်တင်နိုင်၊ အရောင် ဖွင့်နိုင်သော (  သို့ မ ဟုတ်  )
တန်ဖိုးတင်၊ တန်ဖိုး မြှင့်နိုင်သော ခေတ်မီနည်းစနစ် အတတ်ပညာများ  ရရှိ အသုံးချ နိုင်
မည် ဆိုလျှင်..........................................................................................။
        ကျွန်တော်တို့ တိုင်းပြည်၏ တန်ဖိုးသည် အဆ ဘယ်နှစ်ထောင်၊ ဘယ်နှစ် သောင်း
မြင့်တက်သွားနိုင်မည် ဆိုသည်ကိုသာ တွေးကြည့်နေမိပါတော့သည်။
        တန်ဖိုးကိုသိ၊ တန်ဖိုးကို မြှင့်တင်နိုင်ဖို့အတွက် စူးရှသောအသိ၊ ထိုးထွင်းသိမြင်နိုင်
သောဥာဏ်ပညာ၊ မှန်ကန်သောအတွေးအခေါ်၊ စေတနာမှန်သော အလုပ်တို့တော့လိုအပ်
မည် ထင်ပါသည်။
        ( မှတ်ချက် ။      သက်ရှိတစ်ဦး၊ သက်မဲ့အရာဝတ္တုတစ်ခုတန်ဖိုးအမြင့်ဆုံး၊ အရည်
အသွေး အကောင်းဆုံးဖြစ်ရန်မူ အရင်းအမြစ်ကောင်း၊ အမြုတေကောင်း၊ သန္ဓေကောင်း
ရန်တော့ လိုအပ်ပါ၏ ။ )
        လူသားများအားလုံး တန်ဖိုးမြင့်သထက်မြင့်အောင် စွမ်းဆောင်နိုင်ကြပါစေ.......။

ေ န လ မ င်း
                                                                              ( ၂၀၁၁  ဇူလိုင်  ၁၃  )

( လွန်ခဲ့သော ၂ နှစ်ကျော်က တင်ခဲ့ဖူးသော post ကို မဖတ်ရသေးသူများအတွက်ပြန်လည် တင်ပြပါသည်... ) တန်ဖိုး..... 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...