ထွေလီကာလီနေ့ရက်များ
အလုပ်ကများတာကော ကျမရဲ့ကွန်ပြူတာကလည်း မြန်မာလိုရိုက်မရဖြစ်နေ တာကောနဲ့ ရေးချင်တာတွေကိုတောင် စိတ်ထဲက မျိုချနေရတယ်။
မြန်မာပြည်ပြန်ရောက်ပြီးကထဲက အိမ်မှာလိုအပ်တာတွေပြင်၊ သားလေးကိစ္စနဲ့အလုပ်ရှုပ်၊ အလုပ်ပြန်ဝင်တော့ ပြောမနေနဲ့တော့ ကျမ Shopping အေးအေးဆေးဆေးမထွက်ရတာအတော်ကို ကြာပေါ့။
ဒါတောင်အလုပ်ထဲကနေ Facebookကိုဝင်ဝင်ကြည့်နေလို့ ဘယ်သူတွေဘာဖြစ်ကုန်ပြီလဲလို့သိရတာ။
ကျမသိတဲ့တော်တော်များများက အိမ်ထောင်တွေကျ ကလေးတွေမွေးကြနဲ့ ပြောင်းလဲကုန်ကြပြီပဲ။
အလုပ်နဲ့ဆိုတော့ ကျမဒီဘက်ကိုအချိန်သိပ်မပေးနိုင်တော့ဘူး.. အရင်ကလို ပုံတွေတင်လိုက် သူငယ်ချင်းတွေကို လိုက် Comments တွေပေးလိုက်မလုပ်နိုင်တော့ဘူး။ တခါတလေတော့လည်း စိတ်ထဲမှာ မွန်းကျပ်သလိုခံစားရတယ်။ ဒါကြောင့်ဒီစာကို ရေးလိုက်ရတာပါပဲ။ ကျမရဲ့နေ့ရက်တိုင်းမှာ ထွေလီကာလီလေးတွေ ရေးစရာရှိနေပေမယ့် မရေးဖြစ်ခဲ့ဘူး။
ခုတော့အချိန်လေးလုပြီး ရေးလိုက်ရလို့ နဲနဲတော့စိတ်ထဲပေါ့သလိုဖြစ်သွားတယ်။
ကျမအလုပ်က နိုင်ငံခြားပညာသင်နဲ့ သင်တန်းတာဝန်ခံအရာရှိအဖြစ် လုပ်ရတာဆိုတော့ တနေ့တနေ့ ဖုံးတွေအဆက်မပြတ်ဝင် မေးလ်တွေအဆက်မပြတ်ရေး အကြောင်းပြန် သင်တန်းသွားမယ့်သူတွေရဲ့ Form ဖောင်တွေလက်ခံစစ်ဆေး သူတို့ကို မသွားခင်လိုအပ်တာတွေ Pre-departure Orientationပေးနဲ့ တပါတ်လုံးအချိန်ကုန်တော့တယ်။ ဒါ့အပြင် ပြည်ပကကျွမ်းကျင်လုပ်အားပေးတွေကိုပါ လက်ခံ တာဝန်ရှိတဲ့ ၀န်ကြီးဌာနတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရတော့ နေပြည်တော်အထိ မကြာခဏ သွားရတော့ တကယ်ပဲပန်ပင်းပါတယ်။ အလုပ်ကို ပင်ပန်းတယ်လို့ကျမ မထင်တတ်ပေမယ့် သင်တန်းသွားမယ့် ဖောင်တွေနောက်ကျတာ၊ Cancel ဖြစ်တဲ့အခါတွေဆို အတော်စိတ်ပင်ပန်းရပါတယ်။ တခြား logistic mattersတွေနဲ့ပါ ကျမအလုပ်များပေမယ့် ဌာနဆိုင်ရာက အရာရှိအရာထမ်းအသီးသီးကို တတ်နိုင်သမျှလိုအပ်တာတွေကူညီပေးရတာ ကျမတကယ်ပဲစိတ်ချမ်းသာမိပါတယ်။ တခါတလေ ည၇နာရီကျော်တဲ့အထိ ရုံးကမပြန်နိုင်သေးပါဘူး။
အလုပ်သိမ်းလို့ အိမ်ပြန်တော့လည်း လမ်းမှာပြည့်နေတဲ့ ကားတွေကြောင့် အရင်က မိနစ် ၂၀လောက်သာ မောင်းရတဲ့ အိမ်ရောက်ဖို့ ကားပေါ်တင် တနာရီနီးပါးကြာတတ်တဲ့အခါရှိပါသေးတယ် ၆နာရီဝန်းကျင်အိမ်ပြန်ရင်ပိုဆိုးပါသေးတယ်။ တနာရီကျော်လောက်ကို လမ်းမှာအချိန်ကုန်ရတဲ့အခါရှိတတ်ပါတယ်။ လမ်းမှာ လိုင်းဘစ်ကားကြီးတွေကြားမှာ မီးပွိုင့်မိနေရင် ကျမအတော်ကို စိတ်ပျက်မိပါတယ်။ သူတို့များ ၀င်တိုက်မိမလားဆိုပြီးကြောက်နေရပါတယ်။ ခုတော့ နေ့စဉ်ကြုံရတော့လည်း သိပ်တော့မထူးဆန်းတော့ပါဘူး။ တခါတလေ သားအတွက် နို့မှုန့်ကုန်နေလို့မုန့်ကုန်လို့ဆို အိမ်ကလှမ်းဖုံးခေါ်ရင်လမ်းမှာ ၀င်ဝယ် ကျမကိုယ်တိုင်အတွက်တော့ ဘာမှကြည့်ချိန်မရသလောက်ပါပဲ။
ရုံးပိတ်ရက်ဆို သားလေးကအနားမှာတောက်တဲ့ကပ်သလိုကပ်နေလို့ ဘယ်မှကိုမသွားနိုင်ဘူး။ သူနဲ့ပဲဆော့လိုက် သူ့ကိုရေချိုးပေးထမင်းကျွေးချော့သိပ် တနေကုန်သွားပြန်ပါရော။
Shopping ထွက်တာကြိုက်တဲ့ကျမ ဘာမှကို shopping မလုပ်နိုင်ပါဘူး။ တခါတရံ ပိတ်ရက်မို့ TV ကနေကိုယ်ကြိုက်တဲ့ကားလေးကြည့်မယ်ဆို သားက သြူိကိုက်တဲ့ ကြော်ငြာပဲကြည့်ချင်တာမို့ သူ့အလိုလိုက်ရပါတယ်။ သူအိပ်တော့ ကိုယ်ပါပင်ပန်းပြီးအိပ်ပျော်သွားပါကော..
ကဲ.... ဒီလိုနဲ့ပဲ တနေ့တနေ့အချိန်တွေကုန်လာလိုက်တာ ဘယ်လိုပြောရမလဲ ဟင်.. ဘ၀ဆိုတာလေ..
ကျမတော့ စိတ်ထဲမှာ ဘာမှတွေးချိန်တောင်မရလို့ စိတ်ရှုပ်သလား ပျော်နေသလားတောင်မသိတော့ပါဘူး။
တယောက်ထဲနေရတာသဘောကျခဲ့တဲ့ကျမ တခါတလေ တယောက်ထဲစာထိုင်ရေးချင်တယ်လေ။
အလုပ်ကထွက် တယောက်ထဲ ပိုက်ဆံတွေသုံး ခရီးတွေထွက်ပစ်လိုက်ချင်တော့တယ်
သူများအိမ်ရှင်မတွေကောအဲသလိုများဖြစ်ကြပါသလားရှင်.. ကျမတော့ တခါတလေအဲလိုနေချင်မိတာ
ပြောပြတာပါ.. တကယ်တော့ ဘယ်လိုလုပ်အဲသည်လိုလုပ်ရမလဲ ကျမသားကိုတရက်တောင်မခွဲနိုင်ဘူး
အလုပ်ကလည်း ထွက်မယ်သာအော်မိတယ်။ ဘယ်သူက ဘာဖြစ်လို့ဆို အလုပ်နဲ့ပါတ်သတ်တဲ့ဖုံးလာရင် စနေတနင်္ဂနွေလာတဲ့ဖုံးတောင် စိတ်ရှည်လက်ရှည် ပြန်ပြောမိလို့ ဘေးက သားသားက စိတ်မရှည်သလိုကြည့်ပြီး "အား.." ဆို အော်တာခံလိုက်ရသေးတယ်။ ပိတ်ရက်မှာ သားလေးရယ် လာလည်တဲ့ တူတွေတူမတွေရယ်နဲ့ ဆူဆူညံညံနဲ့ပဲ ကျင့်သားရနေပြီပေါ့..
ဒါကိုပဲကျမ enjoy ဖြစ်နေရပါတယ်။ ဒါ Life ဘ၀ပဲပေါ့...
နိုင်ငံခြားကိုပြန်မယ်ပြန်မယ်ဆိုတာ ဝေးဝေးသွားတော့တယ်။ ပြန်ရောက်စက ပြန်မယ်ပြင်ခဲ့ပေမယ့် ကျမအလုပ်နဲ့ ကလေးတွေနဲ့ သံယောဇဉ်တွေကို မဖြတ်နိုင်တော့ပါဘူး
ကျမမှာ ခုတော့ ကိုရီးယားမှာ ဒီအချိန်နှင်းကျရော့မယ်လို့မလွမ်းနိုင်တော့ပါဘူး။
တကယ်တော့ ကျန်ခဲ့ချစ်သူကိုကော ပျော်ခဲ့တဲ့နေ့ရက်တွေ သူငယ်ချင်းတွေနဲ့ နေခဲ့တဲ့အချိန်တွေကိုပါ စိတ်ရှိလက်ရှိလွမ်းပြီး အလွမ်းတွေကို စိတ်ထဲကနေ လွမ်းပြီး ဒီကနေစာတွေစီပစ်ဖို့ အချိန်ဆိုတာ ကျမ၀ယ်ယူမယ်ဆိုရင်တောင်မရပါဘူး။ အဲသည်တော့ ကျမစာမရေးနိုင်တော့တာကို ခု အိမ်ထောင်ကျ ကလေးကိုယ်စီနဲ့ဖြစ်နေတဲ့ သူငယ်ချင်းတွေနားလည်နိုင်ကြမယ်ထင်ပါတယ်။
ဟော... ခုတောင်အချိန်အတော်ကုန်သွားပြီ သားနိုးတော့မယ်ထင်ပါရဲ့
ကျမတော်လောက်ပြီနော်...
နောက်မှပဲ လာပြန်လွမ်းတော့မယ် Facebook က သူငယ်ချင်းတွေရေ..
အင်ကြင်း
11:47
24 Nov 2013
0 comments:
Post a Comment