ဘောလုံးပွဲ .....
“ ဘာပွဲ ရှိလို့လဲ”
“ မြန်မာပွဲ”
တမြန်နေ့ ညနေခင်းက အမှတ် မထင် ကြားမိသော စကားလေး တစ်ခွန်း။
“ ဟေ့ကောင် ဟိုနေ့ကတော့ မြန်မာပွဲ ကို ဒီတစ်သက် မကြည့်တော့ဘူးဆို”
“ အေး ဒီကောင်တွေကို ဒီတစ်ပွဲတော့ အခွင့် အရေးပေးလိုက်မယ် နိုင်အောင်ကန်ရင် ကန်ပေါ့ကွာ မဟုတ်ရင် တကယ် ဒီတစ်သက် မကြည့်တော့ဘူး”
ဒါက ကြားနေကျ စကားများ။ အချိန်တန်ရင် တီဗီ ရှေ့မှာ ပုဆိုးကြီး ရင်ခေါင်းစိုက်ဝတ်ပြီး ဖရုဿဝါစာ ပေါင်းစုံ ရွတ်ကာ လာအားပေးအုံးမှာ မသိရင် ခက်လို့။ သွေးက စကားပြောတယ် ဆိုသော စကားပုံကို ဒီနေရာမှာ သုံးရန် သင့်တော်ပါက သုံးပါမည်။ ထိုအစ်ကို နည်းတူ မောင်ပွ တို့ လည်း မြန်မာအသင်း ကန်ပြီ ဆိုပါက ဆဲဆိုကြိမ်းမောင်းကာ ရှုံးများ ရှုံးသွားလို့ကတော့
“ နောက်တစ်ခါ မင်းတို့ပွဲကို ကြည့်မိရင် ကိုယ့်ဘာသာကိုယ် ထုသတ်ပစ်မယ်”
“ အလို ကြမ်းတယ်ညော်”
“ တကယ်ပြောနေတာ စောက်သုံးတစ်စက်မှ မကျဘူး တီဗီသာ သုံးလေးထောင်လောက်နဲ့ ၀ယ်လို့ရရင် ပြေးခွဲပြီးပြီ ဘောလုံးကန်နေတာပဲ အိုသေတော့မယ် ခုထိ ဘောလုံး အထိန်းအသိမ်းကစ စုတ်ပြတ် နုံချာ ဘတ်လဘိုင် ကိုလိုက်နေတာပဲ နောက်တစ်ခါ ဒင်းတို့ပွဲ ကြည့်မိရင် တကယ် ချီး တစ်လ မပါဘဲ နေပလိုက်မယ်”
“ ကောင်းသားပဲ အိမ်သာ မလုရတော့ဘူးပေါ့”
“ ငင် ရှုရှုးလေးတော့ ပေါက်ပျစေညော်”
ခက်တော့လည်း ခက်သည်။ မောင်ပွတို့က ဖြစ်နိုင်ရင် ကိုယ့်အသင်းကို ကမ္ဘာ့ဖလားတောင် ရစေချင်တာကလား။ သို့ပေမယ့် ခမျာ အာဆီယံတွင်းတောင် ယက်ကန် ယက်ကန်။ ကိုယ်တွေကသာ တီဗီရှေ့မှာ မိုးမွှန် အောင်ဆဲနေတာ။ ကွင်းအတွင်း ကန်နေရတဲ့ သူတွေမှာ ဘယ်လောက် စိတ်ဖိစီးပင်ပန်းမလဲ ဆိုတာ ဘောလုံးကန်ဖူးတော့ ကိုယ်ချင်းစာသည်။ ပရိတ်သတ်တွေက ဒါကို မသိဘူးလားဆိုတော့ သိကြပါသည်။ သို့သော် မခံချင်စိတ် နှင့် ကိုယ့်အသင်းသာ အနီုင်ရစေချင်သော အတ္တ ပေါင်းစပ်မိသော အခါတွင်တော့ ခုနက နားလည်မှုများကား ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်ကြခြင်းပင်။ မောင်ပွသည်လည်း ထိုသူများထဲတွင် တစ်ဦးအပါအ၀င် ဖြစ်ပေသည်။ ခက်တာက မောင်ပွက သူများတွေထက်ပို၍ ရူးသည်။ မတော်တဆ နှပ်ချီး နိုက်နေစဉ် မြန်မာ အသင်းဂိုးရသွားပါက
“ ဟ နှပ်ချီး နှိုက်ရင် ဂိုးတယ်ဟ”
ဟု ဦးနှောက်မဲ့ တွေးကာ တစ်ပွဲလုံး နှပ်ချီး တွင်တွင် နှိုက်တော့သည်။ ဒါကို အစ်ကို လုပ်သူကို ပြောပြတော့
“ သောက်ရူး”
ဟု အပြောခံလိုက်ရသည်။ ဟုတ်လဲ ဟုတ်နေတာမို့ ဘာမှ ပြန်မပြောမိ။ တစ်ခေါက်က လေးနိုင်ငံ ဖိတ်ခေါ်ဖလားပွဲ ဗိုလ်လုပွဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ကန်တာ မြန်မာရှုံးနေစဉ် မောင်ပွ ကျူရှင်မှ ပြန်ရောက်လာသည်။ အိမ်တွင် အစ်ဖေ နှင့် အစ်ကိုလုပ်သူတို့ ဆဲဆိုသံများက မိုးမွှန်နေပြီ။ မောင်ပွလည်း အိမ်တံခါးဖွင့်ဖွင့်ချင်း ရှုးဖိနပ်ချွတ်ရန် ဖိနပ်ချွတ်တွင် ဆောင်ေ့ကြောင့် ထိုင်ချလိုက်သည်။ ထိုစဉ်
“ ဂိုးးးးးးးးးးးးးးးးးးးးးးးးးးး
“ ဟာ ဒီနေရာမှာ ဆောင့်ကြောင့်ထိုင်ရင် ဂိုးတယ်ဟ”
ဟု ပက်ပက်စက်စက်တွေးကာ ဖိနပ်ချွတ်သောနေရာတွင်ပင် ဆောင့်ကြောင့်ထိုင်ကာ အားပေးလေတော့သည်။ ပွဲကတော့ ပြီးခါနီးပြီ။ ဘင်္ဂလားဒေ့ရှ်က ၂-၁ ဖြင့် နိုင်နေစဉ် မောင်ပွနားသို့ တစ်စုံ တစ်ယောက် ရောက်လာလေသည်။ ကြည့်လိုက်တော့ အစ်ကို
“ ဟေ့ကောင် ဟိုဘက်နည်းနည်းတိုး”
“ ငင် ဘာလုပ်ဖို့လဲ”
“ ငါလဲ ဆောင့်ကြောင့် ထိုင်ပျစေ”
“ ငင်”
သွားရှာပြီ။ သူလဲ မောင်ပွ မှိုင်းတိုက်တာ ခံလိုက်ရချေပြီ။ ကိုယ့်အသင်း နိုင်စေချင်သဖြင့် လုပ်မိလုပ်ရာ လုပ်ကြခြင်းပင်။ တော်သေးသည် လောကနတ် ပုံစံ လုပ်နေစဉ် ဂိုးမသွင်းလို့ပေါ့။ တစ်ခါတစ်လေ မြန်မာအသင်း မကန်ခင် မောင်ပွ တစ်ယောက်တည်း စာအုပ်လှန်သည်။ လှန်မိသော စာမျက်နှာ နံပါတ် နောက်ဆုံး ဂဏန်းအား ကြည့်ခြင်းပင်။
“ အကြီးကျရင် မြန်မာနိုင် အသေးကျရင် ရှုံး ဟပ်ချလောင်းးးးးးးးငင် အသေးကြီးပါလား ရတယ် ဒါက အစမ်းလှန်တာ ခုမှ အစိန်လှန်မယ် လာလေရော့ ဟိုင်းယားးးးးးးးငင် အသေးပဲ ထပ်ကျပြန်ဘီ ဟိုလေ ဒီတစ်ခေါက်မှ တကယ် အစိန် ဟိုင်းယားးးးးးးးးးးဟေးးးးးးအကြ
စသည် စသည် အဓိပ္ပါယ်မဲ့ အပေါစား လုပ်ရပ်များကို ပြုလုပ်ခြင်း တစ်ဖုံ
“ အရှင်ဘုရား တပည့်တော်သည် အဖေနှင့် အမေတို့၏ သားဖြစ်ပြီး အဖေ နှင့် အမေတို့မှာ တပည့်တော်၏ မိဘ များဖြစ်ကြပါသည်။ ဤမှန်သော သစ္စာစကားကြောင့် သည်ည မြန်မာ အသင်း ယိုးဒယားကို ဂိုးပြတ်ဖုတ်နိုင်ပါစေ အရှင်ဘုရား”
စသည့် လုပ်ရပ်က တစ်မျိုး စသည်ဖြင့် နိုင်ရာ နိုင်ကြောင်း ဘက်ပေါင်းစုံက ကြိုးစားဖူးသည်။ ဆုတောင်း မပြည့်သည်က များ၏။ ဒီည မြန်မာ အသင်း ရှုံးသွားသည်လား ရတယ်။ နောက်နေ့တွင် မောင်ပွ မှ ထိုအရှုံးကို လှလှပပ လက်စား ပြန်ချေသည်။ ဘယ်လိုလုပ်လဲဆိုတော့ ဘောလုံးဖြင့် အိမ်အုတ်နံရံကို ကန်သည်။ အုတ်နံရံ နှင့် ထိပြီး ပြန်ထွက်လာသော ဘောလုံးကို ဖမ်းသည်။ ပါးစပ်ကလဲ ကြေငြာသေးသည်။
“ အခုဆို မြန်မာ အသင်းဘောလုံးရလာပြီ ကန်ပြီ ဂိုးးးးးးးးးးးးးး”
အုတ်နံရံ ကန်ထွက်လာသော ဘောလုံးကို ဖမ်းမိနိုင်ပေမယ့် လွှတ်ပေးလိုက်သည်။ သည်တော့ မြန်မာ ဂိုးပြီပေါ့။ သို့သော် ဘောပွဲဆိုတော့ တစ်ဖက်သတ် ဖိထားလို့မရ။ ဟိုဘက်အသင်းကလဲ ကန်သွင်းရအုံးမည် မဟုတ်လား။
“ အခုဆို ယိုးဒယား အသင်းဆွဲလာပြီ ကိုင်တီဆတ် ရလာပြီ ကန်တယ် မြန်မာဂိုးသမား အောင်ကျော်ကျော် ဖမ်းမိပါတယ် ခင်ဗျား”
မိမှာပေါ့။ ကိုယ်ကန်ပြီး ပြန်ထွက်လာမဲ့နေရာ ဘယ်နေရာလဲဆိုတာ သိနေတာကို။ သည်လိုနှင့် ယိုးဒယား အသင်း ခမျာ မောင်ပွ၏ မြန်မာ အသင်းကို ပက်ပက်စက်စက် အရှုံးပေးရလေတော့သည်။ မောင်ပွ လက်ထက် မြန်မာ အသင်း ကမ္ဘာ့ဖလားတောင် ဘရာဇီးကို သိပ်ပြီး ဖလားယူလိုက်သေးသည်။
“ ၁၉၉၄ ကမ္ဘာ့ဖလား ချန်ပီယံ မြန်မာ အသင်း ဖြစ်ပါတယ် ခင်ဗျား”
စသည်ကြေငြာကာ ကမ္ဘာ့ဖလားကြီးကို ကိုင်အမြှောက်
“ ဟဲ့ မီးဖိုချောင်ထဲက ဓါတ်ဗူး ဘယ်ရောက်သွားသတုန်း”
“ ငင်”
“ ငင် လက်စသတ်တော့ ဒီမှာကိုး နေပါအုံး နင်က ဓါတ်ဗူးကြီး မြှောက်ပြီး ဘာလုပ်နေတာတုန်း”
“ ကမ္ဘာ့ ဖလားလေ အမေ”
“ ငင် ဘယ်လို”
“ မြန်မာအသင်း ကမ္ဘာ့ဖလားရလို့လေ ဒါကြီးက ကမ္ဘာ့ဖလား”
သူ့သား အရူးအနှမ်း စရိုက်ကို သိပြီး ဖြစ်သော အမေလုပ်သူကတော့ ဘာမှ မပြော။
“ ကဲ ကဲ ပြီးရင်လဲ အဲ့ ကမ္ဘာ့ဓါတ်ဗူး အဲလေ ကမ္ဘာ့ဖလားလေး အမေ့ကို ပြန်ပေးညော်”
“ ငင် နေပါအုံး အမေကလဲ မြို့ထဲပတ်ပြီး အောင်ပွဲ ခံရအုံးမယ်”
“ ခွီးးးးးးးးးးးးးးးး”
ဒါတွေက ငယ်ငယ်တုန်းက ကလေးအတွေးနဲ့ မို့လုပ်ခဲ့တာတွေ။ ကြီးလာတော့ ထိုအရူးချီးပန်း ကွက်တွေ မနင်းတော့။ အတည်များသာ ကြံတော့သည်။
“ ဟေ့ကောင် မောင်ပွ ဘာပုဆိုးကြီး ၀တ်လာတာတုန်း ၀ါထိန်တောက်ပ နေတာပဲ”
“ ဒီနေ့ မြန်မာပွဲ ရှိတယ်လေ”
“ အေးလေ ငါသိတာပဲ ဒါနဲ့ ဒီပုဆိုး အ၀ါတောက်တောက်ကြီးက ဘာလုပ်တာတုန်း မင်းဟာက လူရွှင်တော် ဆင်ကြီး”
“ ဟေ့ကောင် သေသေချာချာကြည့် အ၀ါနောက်ခံမှာ အမဲစင်းလေးတွေပါတယ်တွေ့လား အမဲ နဲ့ အ၀ါဆိုတာ မလေးရှားအသင်းဝတ်စုံ ဒါမလေးရှားကို နာမ်နှိမ်ထားတာ အောက်ပိုင်းမှာဝတ်ပြီးတော့”
“ ငင် အဲ့လို နာမ်နှိမ်ရင် မလေးရှား ရှုံးရောလား”
“ ဟေ့ကောင် ကိုယ်တွေ့နော် ကိုယ်တွေ့ မယုံ မရှိနဲ့ ပုဆိုးအဖြစ်ဝတ်ရုံမကဘူး ဟော့သလို နှပ်ချီးပါ သုတ်အုံးမှာ”
“ ငင် ဒါဆို ငါ့အဖေဆီမှာလဲ အဲ့လိုပုဆိုး ရှိတယ် ငါလဲ သွားဝတ်ပျစေ”
“ သွား သွား မြန်မြန်သွား”
ဘုန်းကြီး ရူး နှင့် လှေလူး သွားတွေ့ကြခြင်းပင်။
“ ဟေ့ကောင် နေပါအုံး ဒါဆို အဖြူဝတ်ကန်တဲ့ အသင်းနဲ့တွေ့ရင်ရော”
“ အေး ဟုတ်သား ဒါဆို ဘိုးဘိုးအောင် ၀တ်စုံ ပြေးဝတ်ရမလား မသိဘူးညော်”
ဒါကတစ်မျိုး။ နောက်တစ်ယောက်ကျတော့ နောက်တစ်မျိုး
“ ဟေ့ကောင် ဒီကောင်ကြီးက အခုထိ ၂၃ နှစ် မပြည့်သေးဘူးထင်တယ် ရုပ်ကြီးကဖြင့် ကြမ်းထော်နေပြီ”
“ မဟုတ်ပါဘူးကွ တောသားမို့ ရုပ်ကြမ်းတာ နေမှာပါ”
“ အာကွာ ဒီကောင်က ဟိုတစ်နှစ်ကတည်းက ၀င်ကန်နေတာ အဲ့တုန်းကလဲ ၂၃ နှစ်အောက်ပဲ အခုလဲ ၂၃ နှစ်အောက်ပဲ ဧကန္တ အသက်မကြီးဆေးတွေများ စားထားလား မသိဘူးညော်”
“ ဖြစ်နိုင်တယ် ငါတို့လဲ အဲ့ဆေးလေး သွားတောင်းရင် ကောင်းမယ် ထင်တယ်ညော်”
“ ရုပ်တွေကသာ ရင့်နေတာ ကေ တွေကတော့ အလန်းဟ”
“ ဟေ့ကောင် လျှာမရှည်နဲ့ မြန်မာနိုင်ရင်ပြီးရော သူ့ဘာသာသူ ၂၃ နှစ်မကလို့ ဘိုးဘွားရိပ်သာက လူတွေ ထည့်ကန်ကန် နိုင်ရင်ပြီးတာပဲ”
“ ငင်”
နေ့တစ်နေ့ကိုတော့ အတော်လေး မှတ်မိသည်။ ထိုနေ့က မြန်မာက ဘဏ္ဍာအခွန် အသင်းနဲ့ ဗီယက်နမ်က ဒေါင်သက် အသင်းတို့ ကန်ကြသောပွဲ။ မြန်မာ့မြေတွင် ဘဏ္ဍာအခွန် အသင်းက တင်မောင်ထွန်းသွင်းသော ဂိုးဖြင့် နိုင်သည်။ ပွဲလဲ ပြီးရော မောင်ပွ အဖေက လက်ခုပ်ထတီးသည်။ အမေက သင်္ကြန်က ထကသည်။ အဖေက လက်ခုပ်တီးရုံနဲ့ အားမရ။ ကွေးနေအောင် ကနေသော အမေ့အား ပြေးချီသည်။ မောင်ပွမှလည်း အမေ့အား ချီထားသော အဖေ့ကျောနောက်ကို ပြေးခွကာ ကျောပိုးသည်။ အဖေ ဒယိမ်းဒယိုင် ဖြစ်ကာ လဲကျသည်။ အမေ ခုံစောင်း နှင့် နှုတ်ခမ်းဆောင့်မိကာ နှုတ်ခမ်းကွဲ အဖေ ခါးမြက် ပုဆိုးကွဲ မောင်ပွ မြီးညှောင့်ရိုးနာ နောက်စိဖု ဒဏ်ရာ များဖြင့် သားအမိသုံးယောက် ဘောလုံးလောက မှ တစ်ပတ်ခန့် အနားယူလိုက်ရသည်။ နောက်ပွဲများတွင်တော့ အမေ တီဗီဘက် မျက်နှာမူကာ မကတော့။ မောင်ပွတို့ဘက်လှည့်ကာ ခါးထောက်ခြေထိုး ကဗျာလွတ်သာ ကတော့သည်။ အော် အမေလဲ ဘောလုံးဝါသနာ အိုးပေပဲကိုး။
ဖြစ်သမျှ ပြောရရင်တော့ ကုန်နိုင်မယ် မထင်။ သို့သော် အဖြစ် အပျက်တိုင်း၏ ဦးတည်ချက်များကတော့ မြန်မာ အသင်း နိုင်လိုစေကြခြင်းပင်။ ဘယ်လောက်ပဲ ဆဲဆို ဆဲဆို အချိန်တန်ရင်တော့ တီဗီရှေ့ရောက်ကာ ကမ္ဘာမကြေသီချင်းဆိုလျှင် ကြက်သီးထကြစမြဲပင်။ ရှေ့လျှောက်လဲ မောင်ပွ တို့ဆဲဆိုရပါအုံးမည်။ ပျော်ရွှင်စွာ ကရပါအုံးမည်။ မျက်ရည်ဝဲကာ အံကြိတ်ရပါအုံးမည်။ ကိုယ်တွေက မြန်မာ လူမျိုးပဲ မဟုတ်လား။
( ကိုပွ)
0 comments:
Post a Comment