Wednesday, September 18, 2013

လူတွေရော ပြားကုန်ပြီလား



(တစ်)
လွန်ခဲ့သော အနှစ်သုံးလေးဆယ်တစ်ဝိုက် မြန်မာနိုင်ငံကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့် ချီတက်နေ ခဲ့ကြသော ၁၉၈၀ ၀န်းကျင်ခန့်တွင် ကာတွန်းတစ်ကွက်ကို စာမျက်နှာပေါ်၌ ဖတ်ရှုခွင့်ရခဲ့ပါသည်။ ကာတွန်းထဲ၌ အဘိုးအိုတစ်ယောက်က စာတိုက်ဝန်ထမ်း လာပို့သွားသည့်စာကိုကိုင်၍ ဖတ်နေ သည့်ပုံ ဖော်ပြထားပါသည်။

စာပါအကြောင်းအရာတွေက ချစ်ကြောင်း၊ ကြိုက်ကြောင်း၊ သတိရကြောင်း ဖွဲ့နွဲ့သီကုံးထားသည့် မိန်းကလေးလက်ရေးနှင့်စာ။ သည်စာကို အဘွားအိုကလှမ်းမြင်လိုက်ရာ မကြီးမငယ်နှင့် ဘာရောဂါထရပြန်သတုံးဟူသည့် အဓိပ္ပာယ်ဖြင့် အဘိုးအိုကိုလှမ်းအကြည့် အဘိုးအိုက ပြန်ပြီးဖြေရှင်းနေသည့်စကားကို ကာတွန်းပေါ်၌ ဖော်ပြထားပါသည်။

“အထင်မမှားပါနဲ့ကွ သမီးရည်းစားဘ၀က မင်းပို့လိုက်တဲ့စာ.. အခုမှ စာတိုက်က ရောက်လာတာ”တဲ့။

ကာတွန်းဖတ်၍ ကျွန်တော်တို့ ပြုံးခဲ့ကြရပါသည်။ ဆက်သွယ်ရေးခက်ခဲခဲ့ (သို့မဟုတ်) နှေးကွေးခဲ့ရသည့် မနေ့က လူမှုဘ၀များကို ထင်ဟပ်ထားသည့် ကာတွန်းပဲဖြစ်ပါသည်။

ဟိုးအဝေးမှာ ရောက်နေသော လူတစ်ယောက်ယောက်နှင့် တယ်လီဖုန်း ဆက်သွယ်စကားပြောနိုင်ဖို့
အတွက် မိုင်နှစ်ဆယ်လောက်က မြို့ရှိရာဆီသို့ ရရာယာဉ်နှင့် လိုက်ပါသွားခဲ့ရသည့် နေ့ရက်များ ဤကမ္ဘာပေါ်၌ အမှန်တကယ်ရှိခဲ့ပါသည်။

ကမ္ဘာ့အနောက်ခြမ်းတွင် ကန်နေသည့် ဘောလုံးပွဲအနိုင်အရှုံးသတင်းကို ရက်သတ္တတစ်ပတ်ကြာညောင်းပြီးမှ ကမ္ဘာ့အရှေ့ခြမ်းက သိခွင့်ရသော နေ့ရက်များလည်း ကမ္ဘာပေါ်၌ အမှန်တကယ် ရှိခဲ့ပါသည်။

Information Technology ခေါ် သတင်းနည်းပညာကို မရရှိမီက နှောင့်နှေးကြန့်ကြာဝေးကွာခဲ့ရသည့် လူမှုဘ၀နေ့ရက်များ။

(နှစ်)
“ရှင်လူထွက်သစ်
ဆယ့်သုံးနှစ်က
ချစ်တဲ့သူကို
အယူတခြား
မိထွေးများက
ဆီးတားဆို
ရစ်ကိုထောင်ကာ
ထားရတယ်”တဲ့

ညောင်ရမ်းခေတ်၏ အမျိုးသမီးစာဆို ရှင်ငြိမ်းမယ်ကတော့ သူ့အိုင်ချင်းထဲမှာ သည်အတိုင်းပဲ ချရေးထားခဲ့ဖူးပါသည်။ မိကြီးမိထွေးတို့ သဘောမတူသည့် လုလင်တစ်ယောက်ကို ချစ်ကျွမ်းဝင်မိသဖြင့် ဗိုင်းမငင်နဲ့တော့၊ ချည်မရစ်နဲ့တော့ဟုဆိုကာ ရစ်ကိုတော်ရာလျော်ရာမှာ ထောင်ကာထားလိုက်ဖို့ အမိန့်ပေးပြီး အဆက်အသွယ်ပြတ်တောက် ဆိုင်းငံ့သွားစေရန် စီစဉ်လိုက်ပုံကို သည်အိုင်ချင်း၌ တွေ့နိုင်ပါသည်။

ရှင်ငြိမ်းမယ်ကပင် သူ၏ နောက်ထပ်အိုင်ချင်းတစ်ပုဒ်၌ ဤသို့ထည့်သွင်းစပ်ဆိုထားပြန်ပါသည်။

“ငါ့ကိုကွယ်
အမယ်ကြီးနဲ့
ဘကြီးဖျက်လို့
အိမ်လေးထောင့်မှာ
ဆူးတွေချလျက်
ဖျက်နဲငယ်မှ စေ့စုံ
လှေကားခုံမှာ
ဂဠုန်မောင့်ကြောင့်
စောင့်တော့တယ်။
လှေကားဦးမှာ
ဘီလူးမောင့်ကြောင့်
ထိုင်တော့တယ်။
လှေကားခြေမှာ
ဆူးလေမောင့်ကြောင့်
ကြဲတော့တယ်။

အိမ်တိုင်တိုင်းမှာ
နွားရိုင်းမောင့်ကြောင့်
ချည်တော့တယ်။
ထရံကြားမှာ
ဓားသွားမောင့်ကြောင့်
ထားတော့တယ်။
အိမ်ကြမ်းကြားမှာ
အပ်သွားမောင့်ကြောင့်
စီတော့တယ်။
အိမ်မိုးခေါင်မှာ
လှံထောင်မောင့်ကြောင့်
စိုက်တော့တယ်”တဲ့။

ခြံလေးထောင့် ဆူးတွေချထားရုံ၊ ဂဠုန်၊ ဘီလူး၊ ဆူးလေ၊ နွားရိုင်း၊ ဓား၊ အပ်၊ လှံသွားများကို နေရာအနှံ့တွင် ကြဲဖြန့်ထားရုံမျှနှင့် ညောင်ရမ်းခေတ်က ချစ်သူနှစ်ယောက်တို့ အဆက်အသွယ်တွေ ခေတ္တပြတ်တောက်သွားကြပုံရပါရဲ့။

“ကြာညွှတ်ဖယောင်း
နေရှိန်ပြောင်းသို့
ဆင့်လောင်းလွမ်းဝှန်
ရှိလိမ့်ဟန်ကို
တိမ်စွန်လေလျှင်
ဖူးရောက်ချင်သည်
ငှက်သွင်ပျံကြွမတတ်သော်”တဲ့

ဤသည်ကမူ ရတုဘုရင်နတ်ရှင်နောင်၏ ရတုလက်ရာမွန်ထဲက ကောက်နုတ်ချက်။ မိုးတိမ်စွန်၊ မိုးတိမ်ဖျားကနေ ငှက်ကလေးလို ပျံသန်းသွားရောက်ကာ ညှိုးနွမ်းသူကို သွားကြည့်ချင်ပါလေသတဲ့။

သြော်... လရောင်ကျင်းမှ လင်းခဲ့ကြရသူတို့ခေတ်။ လှည်းနှင့်လှေကို “က”တော့မှ သွားရလာရလွယ်ကူသောခေတ်။ ကညစ်ကလေးတွေနှင့် ပေပေါ်မှာ ရေးခြစ်ခဲ့ကြရသောခေတ်။ ကြက်တွန်သံကို နာရီလက်တံလို သဘောထားခဲ့ကြရသောခေတ်။ တစ်ဦးနှင့်တစ်ယောက် အဆက်အသွယ်တွေ ပြတ်တောက်သွားဖို့ဆိုသည်မှာ လွယ်လွယ်ကလေး။

အခုတော့... Too connected ဆိုပါလား။ လူတွေချိတ်ဆက်မိလွန်းလေသတဲ့။ လူမှုရေးပညာရှင်တို့၏စကား။ ဟုတ်ပါသည်။ Too connected ပါ။

(သုံး)
စာရေးဆရာ Thomas L.Friedman က The World is Flat ဟု ရေးခဲ့သည့်အတိုင်း ကမ္ဘာက တကယ့်ကိုပဲပြားခဲ့ပါပြီ။ သတင်းနည်းပညာ (Information Technology) က အဟန့်များ၊ အတားများအားလုံးကို ထိုးဖောက်ကာ လူတစ်ယောက်နှင့် လူတစ်ယောက်ကို ဆက်သွယ်ပေးလိုက်ပါပြီ။

Desktop, Lap Top, ipad, iPhone, Keyboard, mouse စသည် စသည်တို့ကို ကြားခံကာ gmail နှင့် အပြန်အလှန်စာရေး၍ရ၊ gtalk နှင့် အပြန်အလှန်စကားဆို၍ရ၊ webcam ကိုထောင်ကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တွတ်ထိုး၍ရ၊ ဓာတ်ပုံချင်းဖလှယ်၍ရ၊ Facebook ကနေ သူငယ်ချင်းမိတ်ဆွေဖွဲ့၍ရသည်အထိ ကမ္ဘာကြီးကပြား၍ သွားလေရာ Too connected ဆိုသည့်စကားမှာမမှားပါ။ ဆက်သွယ်မိလွန်းလေသတဲ့။ ဆက်သွယ်မိလွန်းတော့ဘာဖြစ်သလဲ။ ရင်းနှီး။ ကျွမ်းဝင်။ နီးစပ်။ ထိတွေ့။ မှားယွင်း။ အကျိုးများ။ အပြစ်များ။

gmail တွေ၊ gtalk တွေ၊ Facebook တွေ၊ chatting တွေထဲမှာက သိသူတွေရော၊ မသိသူတွေရော အမည်မှန်တွေရော၊ အမည်ဝှက်တွေရော၊ ဓာတ်ပုံအစစ်တွေရော၊ ဓာတ်ပုံအတုတွေရော အထွေးထွေးအယှက်ယှက်ဖြစ်ပါသည်။

ညစ်ညမ်းစကားတွေကို ပြောလို့ရသည်။ ညစ်ညမ်းဓာတ်ပုံတွေကို ပြလို့ရသည်။ Online ပေါ်မှာ ချစ်သူဖြစ် Facebook ထဲမှာ သူငယ်ချင်းဖြစ်ရာက တစ်နေရာရာသို့ ချိန်းဆိုတွေ့ဆုံကာ မကြားဝံ့မနာသာ ဇာတ်လမ်းတွေကလည်း မဖတ်ချင်မှအဆုံး။

ဂျပန်ကပြန်လာသော မိတ်ဆွေ ဘူမိဗေဒပါရဂူတစ်ယောက်က ဂျပန်မှာ chatting ၀င်နေသောသူကို အလွန်အထင်သေးကြလေသတဲ့။ အရည်မရ၊ အဖတ်မရဘ၀မှာ ဘာရည်ရွယ်ချက်မှ မရှိသူဆိုသည့် သဘောထားမျိုးရှိကြသည်ဆိုလား။ နာမည်ကျော် ကာတွန်းဆရာသူငယ်ချင်းကတော့ Facebook ထဲဝင်တာ အချိန်ကုန်တယ်ဟတဲ့။

Online ပေါ်၌ ချစ်သူနှင့် မကြာခဏစကားပြော၊ မကြာခဏ မျက်နှာချင်းဆုံနေသူ လူငယ်သုံးလေးယောက်နှင့် စကားပြောဖြစ်ရာ ချစ်သူတွေအပေါ် သူတို့ထားသည့် သဘောထားတွေက သိပ်ပြီးမြတ်မြတ်နိုးနိုးမရှိလှ၊ သိပ်ပြီးတမ်းတမ်းတတ တွယ်တွယ်တာတာ မရှိလှသလိုပါပဲလားဟု ကျွန်တော် ကောက်ချက်ချမိသည်။ အင်းလေ.. လက်ထဲက ဖုန်းကလေးထဲမှာ အရုပ်ရောအသံပါ အားလုံးရနိုင်နေတာမဟုတ်လား။ ဒါ့ကြောင့် Too connection လို့ အပြစ်တင်တဲ့လေသံနဲ့ ပြောပုံရပါရဲ့။

ကမ္ဘောဒီးယား၌ ၀န်ကြီးချုပ်ဟွန်ဆန်က Mobile Phone တွေကို နောက်ဆယ်နှစ်ကြာမှ သုံးရအောင်ဟု ပြောသံကို ကျွန်တော် ကြားမိဖူးပါသည်။ ကမ္ဘောဒီးယားလူထု စာရိတ္တခိုင်ခံ့လာချိန်အထိ စောင့်ရအောင်ဆိုလား။ ညစ်ညမ်းရုပ်သံတွေ ပျံ့နှံ့မှာစိုးလို့ဆိုလား။ ၀န်ကြီးချုပ်၏ဇနီး ဘမ်ရာနီကပင် လိင်စိတ်တွေ နိုးကြွစေမှာကို ကြောက်လို့ဟုဆိုကာ Mobile Phone ကို ခဏတားထားဖို့ အသနားခံစာတင်လေသတဲ့။ ထား။

အခုတော့ ဘာပဲဖြစ်ဖြစ် လူတွေလွယ်လွယ်နှင့် ဆက်သွယ်မိကြပြီ။ အကျိုးနှင့်အတူ အပြစ်တွေကလည်း တသီတတန်းကြီး။ သည်နေရာမှာ ကိုယ်ကျင့်တရား (Ethic)တို့၊ ဉာဏ်ခံ(wisdom)တို့၊ စိတ်အခြေလူလားမြောက်မှု(mature)တို့က အရေးပါလာပါပြီ။

မျောက်လက်ထဲသို့ လက်နှိပ်စက်ထည့်ပေးလိုက်သလို ရှိသမျှခလုတ်လျှောက်ရိုက်နေရုံနှင့် အဓိပ္ပာယ်ရှိသောဝါကျတို့ ထွက်လာလိမ့်မည်မဟုတ်ပါ။

ဆက်သွယ်ရန်ခက်ခဲစဉ်က လွမ်းကြရ၊ ဆွေးကြရ၊ သတိတရရှိကြရ၊ တန်ဖိုးထားကြရ၊ မြတ်နိုးကြရသည့် ဝေဒနာမျိုးတွေ အခုခေတ် ကမ္ဘာအပြားကြီးပေါ်မှာ လျော့နည်းသွားကြတာကတော့ အမှန်ပဲဖြစ်ပါသည်။ ကမ္ဘာအပြားပေါ်၌ ၀ါကျအထားအသိုမှန်ပါစေကြောင်း ဆန္ဒပြုရပါသည်။ ။

- မောင်သာချို
အတွဲ (၁၂)၊ အမှတ်(၂၇)
မှ - http://www.7daynewsjournal.com/article/11961

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...