Thursday, September 12, 2013

''ဖိုးမောင်လွမ်းချင်း ''


ဘာကြောင့်မှန်းမသိ.. ဒီနေ့မနက်စောစော.. ဖိုးမောင်ကို သတိရနေတယ်။ သူဆုံးသွားတာ.. ၂၀၀၄ ကဆိုတော့.. အခုဆို.. ၉ နှစ်နီးပါးရှိပြီပေါ့..။

ကျောင်းပြီးစ.. ကျွန်တော်လုပ်တဲ့ စက်ရုံမှာ.. သူလည်း လုပ်ချင်တယ်ဆိုလို့ လူကြီးတွေကို ပြောပြီး.. ကျွန်တော်တို့ အလုပ်အတူလုပ်ခဲ့ကြတယ်။ ပင်ကိုယ်တော်ပြီး အရည်အချင်းရှိတဲ့သူ့ကို.. လူကြီးတွေကလည်း.. အတော်သဘောကျပါတယ်။

စံရိပ်ငြိမ်မှာ သူငှားနေတဲ့အဆောင်ရှိပေမယ့်.. စက်ရုံထဲက.. ကျွန်တော်နေတဲ့.. ဆယ်ပေပတ်လည်လောက် အခန်းကျဉ်းလေးထဲမှာပဲ သူလာနေတာ များပါတယ်..။



တက္ကသိုလ်အဆောင်နေစဉ်ကတည်းက.. အချက်အပြုတ်.. ၀ါသနာပါသူမို့ ကျွန်တော့်အခန်းမှာလည်း.. သူက ပင်တိုင်စားဖိုမှုးလုပ်တယ်။ ဈေးကိုလည်း မငြီးမငြူ သူပဲ သွားလေ့ရှိတယ်..။

တခါသား ဆန်ဝယ်တော့.. မြန်မာပြည်မှာ အကောင်းတကာ-အကောင်းဆုံးဆိုတဲ့ဆန်ပေးပါ လို့ ဆိုင်ရှင်ကို သူတောင်းဆိုပြီး ၀ယ်တာ ကြုံဖူးတယ်..။

'' မြန်မာပြည်က အချမ်းသာဆုံးဆိုတဲ့သူတွေရဲ့  ချမ်းသာကြွယ်ဝမှုကို မမီပေမယ့်.. သူတို့စားတဲ့ဆန်တော့ အမီလိုက်မယ်ကွာ '' လို့ .. ဟာသနှော သူပြောခဲ့တာကို အခုထိ တခုတ်တရ ရှိဆဲပဲ။

သူငယ်ချင်းနှစ်ယောက်.. '' သူ့ကျွန်မခံပြီ '' ဆိုတဲ့ ရုပ်ရှင်သွားကြည့်ကြတယ်။ ပွဲပြီးလို့ ရုံပြင်ရောက်တာနဲ့.. '' သူ့ကျွန်မခံပြီ ဆိုလို့.. လာကြည့်မိပါတယ်.. နောက်ဆုံးတော့.. ကျွန်ခံလိုက်ရတာနဲ့ ဇာတ်သိမ်းသွားတာပဲ '' လို့.. ရုံပြင်က ကြေငြာကားချပ်ကြီး ကို မော့ကြည့်ရင်း သူပြောခဲ့တာလည်း.. အမှတ်ရနေမိပြန်တယ်..။

တခါသား.. ကုလားကား သွားကြည့်တုံးကလည်း.. စကားနားမလည်လို့ သူများတွေရယ်တိုင်း.. ကျွန်တော်တို့မှာ ကြောင်စီစီနဲ့ ရယ်ရကောင်းမှန်း မသိဖြစ်နေတာကို '' ငါတို့လည်း သူတို့လို ပိုက်ဆံပေးကြည့်တာ.. သူတို့ချည်း ရယ်နေလို့ ဘယ်ရမလဲ.. နားလည်လည် မလည်လည်.. သူတို့ရယ်ရင်.. ငါတို့လည်း လိုက်ရယ်မယ်.. '' ဆိုပြီး.. ကျွန်တော်တို့ နှစ်ယောက်.. ဘာတွေပြောမှန်းမသိတဲ့ ဇာတ်ဝင်ခန်းတွေ ကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်မောခဲ့ကြဖူးပြန်ပါတယ်..။

'' စက်မှုစွမ်းအား ခေတ်ကျော်လွှား '' ဆိုတဲ့ တီဗွီအစီအစဉ်ကို သူငယ်ချင်းနှစ်ယောက် အတူထိုင်ကြည့်ခဲ့တုံးက.. သူ ပြောခဲ့တဲ့ ကောက်ချက်ကိုလည်း မေ့မရပြန်ဘူး။

နောက်ခံစကားပြောသူက.. စက်ရုံကြီးတစ်ရုံက ထုတ်လုပ်မှု အဆင့်ဆင့်ကို တဆင့်ခြင်း ရိုက်ပြရင်း အသေးစိတ်ရှင်းပြတယ်။ ပထမအဆင့်အနေနဲ့.. သံပြားကို ဘယ်လို မီးပေးတယ်။ ဘယ်လို အမာတင်တယ်။ နောက်.. ဘယ်လို ကယ်လ်မီကယ်တွေနဲ့ ဆေးကြောတယ်။ ပြီး ဘယ်လို အခြောက်ခံတယ်..။ စသဖြင့်.. တရှည်တဝေး ရှင်းပြရင်း.. နောက်ဆုံးမတော့..

'' မြ၀တီရုပ်မြင်သံကြား ပရိတ်သတ်များရှင်.. အခုဆိုရင်.. အသင့်သုံးနိုင်ပြီ ဖြစ်တဲ့ ပေါက်တူးတစ်လက်ကို အောင်မြင်စွာ ထုတ်လုပ် ပြီးပါပြီရှင် '' ဆိုပြီး နိဂုံးချုပ်လိုက်တော့.. သူ.. ဘယ်လိုမှ မခံစားနိုင်တော့ဘူးနဲ့ တူပါရဲ့ ..။

'' ဟားဟားဟားဟားးးးးးးးးးးးးးးးးး စက်မှုစွမ်းအား ခေတ်ကျော်လွှားဆိုလို့.. ထိုင်ကြည့်နေတာ.ငါ့လခွီးတဲ့မှ.. သောက်ရှက်မရှိ.. ကျောက်ခေတ်ကလူတွေတောင် လုပ်တတ်တဲ့ ပေါက်တူးထုတ်လုပ်ပုံ လာ လွှင့်ပြတယ်.. သောက်ရူးတွေ.. ဟားဟားဟားးးးးးးးးးး ''

လို့ အော်ကြီးဟစ်ကျယ် သူ ရယ်သွမ်းသွေး ခဲ့တာလည်း အခုထိ တွေးမိတိုင်း ပြုံးမိတယ်။

ဒစ်စကိုတွေသွား၊ နိုက်ကလပ်တွေရောက် ရင်း.. ညငှက်မလေးတစ်ယောက်အပေါ် ကျွန်တော့်သံယောဇဉ်ကြိုး တင်းမိပြန်တော့လည်း..

'' သူငယ်ချင်း.. မင်းတို့တွေ့တဲ့ ဟိုတယ်တွေရဲ့  အသွင်အပြင်သားနားမှု၊ လွတ်လပ်မှုနဲ့ အလုပ်ထဲမှာ နစ်နေတဲ့ မင်းစိတ်ရဲ့  ထွက်ပေါက်ရှာလိုမှုတွေ နဲ့ သူ့ကို မင်းသံယောဇဉ်ဖြစ်နေတာ.. တကယ်တော့.. ပြီးတော့လည်း ပြီးသွားမှာပါ.. မေ့ပစ်လိုက်တာ အကောင်းဆုံးပါလို့.. ''

ကျွန်တော့်ကို သူဆုံးမခဲ့တာလည်း.. သတိတရ ရှိနေမိပြန်တယ်။

ပိုက်ဆံ ၉၀ ကြေး.. အလောင်းအစားလုပ်ပြီး အဆောင်တွေကြား.. အောက်ခံဘောင်းဘီလေး တထည်ထဲနဲ့ သင်္ကြန်ဆွဲကြိုးပြောင်ပြောင်ကြီးလည်ပင်းမှာ ဆွဲရင်း..အဆောင်နေ ကျောင်းတော်သားတွေရဲ့  မေတ္တာလည်း သူခံယူခဲ့ဖူးတာလည်း.. မျက်စိထဲ ဖျောက်မရပါဘူး။

လူတကာ.. အောင်မှတ်ရဖို့ အနိုင်နိုင်ဖြစ်ရတဲ့ ဘာသာမှာ.. လက်ငါးချောင်းမပြည့်တဲ့ ဂုဏ်ထူးရကျောင်းသားစာရင်းထဲမှာလည်း သူပါခဲ့ဖူးတယ်။

မျက်စိလိုလို.. တီဘီရောဂါလိုလိုနဲ့ နှစ်ပေါက်အောင် သူ.. နာတာရှည် ရောဂါခံစားနေစဉ်ကာလမှာတုံးကလည်း.. ကျွန်တော်နဲ့ တွေ့တိုင်း.. သူကပဲ '' ကောင်းသွားမှာပါ သူငယ်ချင်းရာ '' လို့ အရင်ဦးအောင် ပြောလေ့ရှိပြန်ပါတယ်..။

သူ့ဘ၀ရဲ့  နောက်ဆုံး နာရီမိနစ်စက္ကန့်တွေကို ဗဟိုရ်စည် ဆေးရုံမှာ ကျော်ဖြတ်နေစဉ်.. ကျွန်တော်ရောက်သွားတော့.. သူ့ခမျာ့.. အသိ-သတိတွေ ကင်းလွတ်ပြီး.. ကယောင်ကတမ်းနဲ့ ပြောချင်ရာ တွေ ပြောနေခဲ့တာကို.. ရင်နာနာနဲ့ စိတ်မကောင်းခြင်းကြီးစွာ ကျွန်တော် ဒီအတိုင်း ကြည့်နေခဲ့ရတာကိုလည်း မေ့မရပြန်ပါဘူး။

အဲ့သလိုနဲ့.. ကချင်ပြည်နယ် ဟိုပင်မြို့ က.. အမေဗမာ-အဖေ ပေါက်ဖော်ကနေ ထွန်းကားဖြစ်တည်လာတဲ့.. မျိုးမြတ်အောင် ခေါ် ဖိုးမောင် တစ်ယောက်.. ကျွန်တော်တို့နဲ့ ခွဲခွါသွားခဲ့တာ ဆယ်စုနှစ်တစ်ခုတိုင်လုပြီ..။

ကျွန်တော့်မတော့.. အခုထိ.. ချစ်သူငယ်ချင်းကို အမှတ်တရ ရှိနေဆဲပါ..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...