Saturday, September 21, 2013

ဒိုးလုံး အမေရဲ့ ခံစားမှု စာစုလေး

Photo: “Darling Boy”

သတိရ တမ်းတခြင်းများစွာနဲ့ အမေ စာရေးလိုက်ပါတယ်။ 
တစ်နေ့မှ မေ့မရသေးဘူး။ မြန်ဆန်လွန်းတဲ့ အဖြစ်တွေဟာ မနေ့တစ်နေ့ကလိုပဲ အမေရဲ့ အချိန်တွေ၊ နေ့ရက်တွေ၊ အချစ်တွေ၊ အမုန်းတွေ၊ ခွန်အားသတ္တိတွေ၊ အားလုံးအားလုံး သားနဲ့ အတူတူပါများ သွားကုန်ပြီလားလို့ I'm so empty. 

သား ဘယ်တွေများ သွားပြီး ဘာတွေများ လုပ်နေလဲ။ သီချင်းတွေ အများကြီး ရေးဖြစ်နေလား။ အမေတော့ တမ်းချင်းတွေ တစ်ပုံကြီးနဲ့ ရင်ထဲမှာလေ။ သွားလိုက်တဲ့နေ့က သားရဲ့ သူငယ်ချင်း အစုံအလင်ထဲကမှ ကိုမရနဲ့ ကိုမျိုးကျော့ကို အဝေးကနေ အမေလှမ်းတွေ့လိုက်တယ်။ ခေါင်းညိတ်ပြီးတော့သာ နှုတ်ဆက်လိုက်ရပေမယ့် ရင်ထဲကနေ သူတို့ကို အရမ်းကျေးဇူးတင်တယ်။ သားကို နားလည်လက်ခံပြီး ဂရုတစိုက်နဲ့ စိတ်ရှည်လက်ရှည် Geo.com မှာ Computer တွေကြည့်ပေး ၀ယ်ပေးခဲ့တဲ့ ကိုမရ လေ။ အဆုံးထိတိုင် သားကို ပို့ရှာတယ်။ အရမ်းကို အံ့သြနေတဲ့ သားရဲ့ Producer ကိုမောင်မောင်ထွေးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အစစ အရာရာ ဂရုစိုက်လွန်းတယ်။ သားကပြောတော့ ကျွန်တော့် Producer  က ကျွန်တော့်ကို အဲလက်စ်လောက် ဂရုမစိုက်ဘူးဆို။ အခုတော့ သားသိပြီမဟုတ်လား။ သူကပဲ သားကိုယ်စား အမေ့ဘေးမှာ ဖေးမပေးနေတယ်လေ။ သား ကျေနပ်တော့နော်။

ဆရာတော် ကောင်းချီးမင်္ဂလာပေးပြီးတော့ Amen- Amen- Amen သုံးကြိမ်ဆိုပြီးတာနဲ့ အမေ့ဘက်လှည့်ပြီး အမေ့ကို ဖက်ပြီး ပါးကိုနမ်းတဲ့။ သားနဲ့အတူတူ နောက်ဆုံး ဘုရားရှိခိုးကျောင်းတက်ခဲ့တဲ့ Immanuel ရဲ့ Year 2003 Mother Day (25th may 2003) အဲ့ဒီနေ့တစ်နေ့ကို ရင်ထဲထာဝရ အမေသိမ်းလို့ ထားလိုက်မယ်။ အမေ့ကို ကျွန်တော် သိပ်ချစ်တယ်လို့ ပြောနေတဲ့ သားရဲ့ လှပတင့်တယ်တဲ့ မျက်နှာ၊ ရိုးစင်းတဲ့ မျက်လုံးအကြည့်၊ နှစ်လိုဖွယ်ကောင်းတဲ့ အသံသာတို့ဟာ အမေ့ရင်ထဲ ၊ အသည်းထဲ၊ အာရုံထဲမှာ စွဲပြီး မြဲပြီး ထင်ကျန်နေဆဲပါ။ သားရဲ့ Diary ကိုလှန်ကြည့်လိုက်တော့လည်း 25th May 2003 date မှာ အမေရယ်၊ ကျွန်တော်ရယ်၊ ဘိုဒီရယ်၊ ဂုဂုရယ် အတူတူ Church တက်ခဲ့ကြတယ်  ဆိုပြီးတော့ Church Program ပါညှပ်ပြီး အသေအချာ ရေးမှတ်ထားခဲ့တဲ့ အမှတ်ရရ နေ့တစ်နေ့ကိုလည်း အမေ့နည်းတူ သားလည်း ယူသွားသေးတာပဲနော်။ 

ညညဆို မိုးအလင်းလျှောက်သွား၊ မနက်ဆိုရင် ဖုန်းကိုပိတ်  နတ်ပြည်မှာ တက်အိပ်နေတဲ့ ကမ္ဘာကျော်တစ်ယောက် တကယ် သွားပါပြီဆိုတော့မှ အသည်းနဲ့အသန်  ရောက်လာတယ်။ ဘာဖြစ်တာလဲ၊ ဘာဖြစ်လို့လဲနဲ့ ကျွန်တော့်ကို ဘာပြောသွားသေးလဲတဲ့။ ပြောသွားပါတယ်။ အားလုံးကို ပြောသွားပါတယ်။ ဘယ်သူ့ကိုမှ နှုတ်မဆက်ဘူး။ အမေ့ကိုလည်း နှုတ်မဆက်ဘူး။ ဒီအတိုင်းပဲ ပျောက်သွားမယ်တဲ့။ သားကသာ နှုတ်မဆက်ဘူး ပြောတယ်။ ကြားကြားသမျှတော့ သားကို ပို့ဆောင်နှုတ်ဆက်ကြပါတယ်။ Song for a friend ဆိုပြီးတော့ Singer ထွဏ်းထွဏ်းက အားလုံးကိုယ်စား နှုတ်ဆက်သီချင်း တစ်ပုဒ်ဆိုပါတယ်။ ကျေးဇူးတင်ပါတယ် ကိုထွဏ်းထွဏ်း။ လေးလ လေးရက်မှာတော့ 'Doe Lone- Alive Show' တစ်ခုလုပ်တယ်။ အခက်အခဲ အမျိုးမျိုးကြားက ဖြစ်မြောက်သွားအောင် ကိုမောင်မောင်ထွေးက ကြိုးစားလုပ်ပေးတာဒ Great Friend ဗျိုက်က Announcer ပေါ့။ Great Singer ချစ်ကောင်းမှ စပြီး The Youngest  အီတိုး အထိ B.P.M Band နဲ့ With all their hearts. 

ပါဝင်သူများ၊ သီဆိုပေးကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။ သားက ကြံစည်နေတဲ့ ပွဲတစ်ပွဲပဲလေ။ ဒိုးလုံးပွဲကတော့ ဒိုးလုံးပွဲပါပဲ။ ဒါပေမယ့် အမေမခံစားနိုင်ဘူး။ တကယ်မခံစားနိုင်ဘူး။ ကိုမျိုးကျော့ရဲ့ အိုင်ဒီယာနဲ့ တင်ဆက်တဲ့ “ငါမခံနိုင်ဘူး” ဆိုတဲ့  Slide- projector နဲ့ ကမ်းသာယာမှာ ရိုက်ကူးထားတဲ့ သားနဲ့ ကိုမျိုးကျော့ရဲ့ သီချင်းကို အကြိုက်ဆုံးပဲ။ သားဆိုရင်လည်း ကြိုက်ပြီးသား နေမှာပါ။ “ထူးတဲ့ ရူးတဲ့ အမေ့ချစ်သား” သီချင်းကလည်း ရေးတက် ဆိုတတ်လိုက်တာ။ တစ်နေ့တစ်မျိုး မရိုးရတဲ့ သားရဲ့အငိုတွေ၊ အရယ်တွေ၊ အချိုတွေ၊ အခါးတွေနဲ့ အမေအမြဲပျော်မွေ့ အသက်ရှင်နေခဲ့ရတာမျိုး ဘယ်မှာများ ရနိုင်ဦးမှာလဲ။ အမေ့မှာတော့ ရက်ပေါင်း ၁၀၀၊ ရက်ပေါင်း ၁၀၀၀၊ ဟော အခုလည်း ရက်ပေါင်း ၁၀၀၀၀ ပြည့်အောင်တောင်မှ အမေနဲ့အတူ နေမသွားနိုင်တဲ့ သားက ပေးခဲ့တဲ့ မေ့မရတဲ့ ချစ်ခြင်းတွေကို ခံယူရင်းနဲ့ ဒီလိုသားမျိုးကို မွေးရတဲ့ အမေတစ်ယောက်၊  ဖြစ်ရလို့  အမြဲ ၀မ်းမြောက်စွာနဲ့  ဂုဏ်ယူနေမယ်။ ထာဝရ ဘုရားရှင်တော်မြတ်ကိုလည်း အမြဲအထူး ကျေးဇူးတင်နေပါတယ်။ ဆံပင်တွေလည်း အဖော်မရှိလို့ တိလည်းမတိနိုင် ညှိလည်းမညှိနိုင်သေးပါဘူး။ ကေသာအကြောင်း စဉ်းစားမိလို့ကတော့ မိဖုရားကြီးရဲ့ အဖိုးတန်လည်ဆွဲတန်ဆာထက် လှတဲ့ အမေ့သားရဲ့ ဆံကေသာက အမြဲလှပနေတာပါ။ 

ကိုအယ်ဖြူနဲ့တွေ့သေးလား။ သူ မသွားခင် ညတွေများက အမေနဲ့ အကြာကြီး စကားတွေ အများကြီး ပြောဖြစ်တယ်။ သူ့ စတိုင်ကတစ်မျိုး။ သိတယ်မဟုတ်လား၊ ဟန်မပါ၊ မာနမပါ။ စဉ်းစဉ်းစားစားနဲ့ တစ်ခွန်းပြီးမှ တစ်ခွန်းလေ။ အမေနဲ့ ကိုအယ်ဖြူနဲ့ နောက်ဆုံးတော့ တူညီတဲ့ အဆုံးသတ် အဖြေတစ်ခု ရလိုက်တယ်။ အဲဒါကတော့ God is Love . သားလက်ခံတယ်နော်။ အမေခရီးသွားတာ ကြာရင် သားကစိတ်ဆိုးပြီး သားခရီးသွားရာက ပြန်လာလို့ အိမ်မှာ အမေမရှိရင် သားက မကြိုက်ဘူး။ ခုတော့သားက အမေ့အရင် မဆုံးနိုင်သော ခရီးရှည်ကြီး တစ်ခုကို အဖော်မပါ သွားနှင့်ပြီ။ အမေ့ကို သား ထားခဲ့တယ်။ ဘုရားသခင် အမေ့ကို ဘာပေးချင်သေးတာလဲ မသိဘူးနော်။ 

“ဘုရားပေးသမျှ သား ပေးသမျှ ခံယူရင်းနဲ့ အမေ တမ်းတနေမှာ အစဉ်အမြဲ အမေ တမ်းတနေမှာ......။”
Loving You Always
မိုးမိုး

(၂၀၀၄၊ စက်တင်ဘာလထုတ် သရဖူမဂ္ဂဇင်းပါ ကိုဒိုးလုံး အမေရဲ့ ခံစားမှု စာစုလေးကို ကိုဒိုးလုံး ဆယ်နှစ်ပြည့် အလွမ်းအဖြစ် We Love Musicမှ ဖော်ထုတ်မျှဝေလိုက်ပါတယ်။)
“Darling Boy”

33

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...