Tuesday, September 24, 2013

မင်းဒင်ရဲ့သက်ခိုင်(၂)


နောင် ကျနော်ဖူးခက်ရောက်ပြီး တစ်နှစ်လောက်အကြာမှာ ပါတောင်ဘက်ကနေ ဖူးခက်မြို့မဖက် အပြန် စံကျောက် စူရာတောင်ကို ကျော်နေတုန်း တောင်အောက်ကို အမှတ်မထင်လှမ်းကြည့်လိုက်မိတော့ .. ငါ ဒီရှုခင်းကိုမြင်ဖူးနေပါတယ် လို့ ခံစားမိရာက သေချာတွေးကြည့်လိုက်တော့ ကျနော့်အာရုံထဲမှာပေါ်လာခဲ့ဖူးတဲ့မြင်ကွင်းဆိုတာ အမှတ်ရလာတယ်ဗျ။ ယုံချင်ယုံ၊မယုံချင်လည်းနေပေတော့ဗျာ။ ကျနော်ဟာ ကာမာကူရဘုရားကြီးကိုလည်း ရောက်ခဲ့တယ်။ဖူးခက်မှာလည်း အခြေချဖြစ်ခဲ့တယ်။ ဂျပန်ခရီးစဉ်ကို ခဏထားလိုက်အုံးဗျာ။ဖူးခက်အကြောင်း ရှေ့ဆက်ရအောင်။
ကိုသက်တင်နေရာချပေးတဲ့ သာကေတဘက်က အိမ်မှာ ကျနော်ဆယ့်ငါးရက်လောက်တည်းပြီးတဲ့နောက် ကားလမ်းခရီးနဲ့ မော်လမြိုင်၊အဲဒီကနေတဆင့် ထားဝယ်ကိုရောက်လာတယ်။ဦးတည်ရာက ရနောင်းပေါ့။ရနောင်းရောက်မှ ယိုးဒယားရောက် မှာ မဟုတ်လား။မော်လမြိုင် ထားဝယ်ကားလမ်းမှာ စစ်ဆေးရေးဂိတ်တွေ အတော်ပေါတယ်။ ကားပေါ်က လူကုန်ဆင်းခိုင်း မှတ်ပုံတင်စစ်၊မသင်္ကာရင် တစ်ယောက်ချင်းခေါ်မေး၊ကြောက်တတ်ရင် အတော်စိုးရိမ်စရာပါပဲ။ ကျနော်ကို လိုက်ပို့တဲ့သူက ကိုသက်တင်တပည့် ကိုသန်းလင်းဗျ။သူက တပ်ကြပ်ကြီးစာရေးဘ၀ကနေ ပင်စင်ယူထားတာဆိုပေမဲ့ အသက်က သုံး ဆယ်ကျော်သာရှိပါသေးတယ်။မှတ်မှတ်ရရ မြို့နာမည်၊ရွာနာမည် ကျနော်မမှတ်မိတဲ့ ကားလမ်းဘေး ထမင်းဆိုင်ကြီးတစ် ဆိုင်မှာ ကားရပ်ပြီး ထမင်းစားနေကြတုန်း ဗြုန်းဆို စစ်ကားတစ်စီးထိုးဆိုက်လာပြီး လက်နက်အပြည့်နဲ့ စစ်သားတွေ ဆင်း လာပါလေရော။ ကိုသန်းလင်းကတော့ အတော်စိုးရိမ်ထိတ်လန့်တဲ့ပုံပဲ။ မျက်နှာအတော်ပျက်နေပြီ။ ကျနော်ကတော့ စစ်သားဆိုတာ နေရာတကာတွေ့နိုင်တယ်လို့သာ စိတ်ထဲမှာမှတ်ထားတာကြောင့် ဘာမှ မပူပင်တာအမှန်ပဲ။ ခင်ဗျား စဉ်းစား ကြည့်လေ။ ကျနော့်လို ဖွတ်ကြား၊ရဲဘက်ပြေးကို စစ်သားသုံးဆယ်လောက် ၀ိုင်းဖမ်းစရာမှမလိုတာ။
နောက်မကြာပါဘူး။ ဆလွန်းကားအဖြူတစ်စီးနဲ့ ဗိုလ်မှူးကြီးအဆင့် အရာရှိတစ်ယောက်ရောက်လာတယ်။ အမှန်က အဲဒီ အရာရှိ ထမင်းစားဖို့ တပ်သားတွေက လုံခြုံရေးယူဟန်တူပါတယ်။ကိုသန်းလင်းကို လှည့်ကြည့်လိုက်တော့ တိုက်ဆိုင်တယ် ဆိုရမလား၊အိမ်သာဘက်ဆီသွားနေလေရဲ့ဗျာ။
ကျနော်တို့ထားဝယ်ကိုရောက်တော့ ညနေခြောက်နာရီလောက်ရှိပြီ။ ကိုသက်တင်က ထားဝယ်သားဗျ။ဒါကြောင့် ဒီလမ်းကို ရွေးတယ်ထင်ပါရဲ့။ထားဝယ်ကနေ ကော့သောင်းကို ညဆယ်နာရီမှာ ထွက်မဲ့လျှပ်ပြေးယာဉ်ရှိသတဲ့။ တည်းခိုခန်းခပ်သေး သေးတစ်ခုမှာ ကျနော်တို့ခဏတည်းပြီး ကိုးနာရီလောက်မှာ လျှပ်ပြေးယာဉ်ပေါ် ရောက်တယ်ဆိုပါတော့။ကော့သောင်းမှာ ကျနော် လေးရက်လောက်နေပြန်တယ်။ မနက်တိုင်း စောစောထ မိုးကျော်ဆိုတဲ့နယ်ခံလူငယ်တစ်ယောက်နဲ့ လက်ဖက်ရည် ဆိုင်ထိုင် ကျနော့်အမူအကျင့်ကတော့ ဘာမှ သိပ်မထူးခြားသလိုပါပဲ။မိုးကျော်ဆိုတဲ့မောင်က ကော့သောင်းမှာ အတော် လူရာဝင်တယ်ဆိုရမယ်။ ကမ်းနီးငါးဖမ်းရှင်များအသင်းဥက္ကဋ္ဌဆိုလား၊ဘာဆိုလား။အမှန်တော့ မိုးကျော်ဟာ ကမ်းအဝေးမှာ ကော ကမ်းအနီးမှာပါ ငါးဖမ်းစရာ ၀ါးလတ်လှေရှိဖို့ နေနေသာသာ ကူးတို့သမ္ဗာန်လှေတောင် မပိုင်ရှာပါဘူး။ ငါးဖမ်း ထွက်မဲ့လှေတွေလိုအပ်တဲ့ငွေ ကြိုထုတ်ပေးတဲ့ ပွဲစားသဘော လုပ်နေပုံရပါတယ်။သူနေရာရနေတာက ကော့သောင်းနယ်ခံ စစ်ဘက်အရာရှိတွေနဲ့ ဂေါက်ရိုက်ဖက်ဆိုလား။ဒါကြောင့်ပါ။သူ့မိန်းမနာမည်က အေးအေးဟန်တဲ့။ တမင်မှတ်ထားတာ တော့ မဟုတ်ပါဘူး၊သွားလေသူကျနော့်ယောက်ဖ အေးဟန်နာမည်နဲ့တူနေလို့၊မိုးကျော်ကို ကျနော် စတွေ့ကတည်းက သူ့ပြောပေါက် ဆိုပေါက်တွေဟာ နည်းနည်း လူရည် လည်လွန်းသလား ထင်မိတယ်။ ကျနော်ထင်တာ မမှားပါဘူး။မကြာခင်မှာ မိုးကျော်ဟာ ကျနော့်ဆီက ဘတ်သုံးသိန်းကိုအတိုးနဲ့ချေးသလိုလို အကူအညီတောင်းသလိုလိုနဲ့ အပျောက်ရိုက်သွားခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းကတော့ မိုးကျော်ဟာ ကော့သောင်းကအိမ်ကိုပါ အကြွေးနဲ့ ထိုးဆပ်လိုက်ရသတဲ့။မိုးကျော်ဟာ ကျနော့်ငွေကို တပတ်ရိုက်နိုင်လိုက်လို့ ဂုဏ်ယူနေကောင်းနေလိမ့်မယ်။ အမှန်တော့ ကျနော်သူ့လုပ်ရပ်ကို ရိပ်မိလို့ ကြိုတင် အကွက်ချထားတာကိုများ သူသိရင် လန့်ဖျားဖျားသွားလောက်တယ်။ ဟုတ်တယ်။ကျနော် သူ့ခြေလှမ်းတွေကို ကျနော် ကြိုသိနေတယ်။သူက နယ်စပ်မြို့က လူလည်ချာတိတ်အဆင့်ပါ။ ကျနော့်ငွေကိုပြန်မပေးတော့ဘူးဆိုတာ ရိပ်မိကတည်းက သူ့ကို ရနောင်းဘက်ချော့ခေါ်ပြီး အိမ်မှာတစ်ညသိပ်လိုက်တယ်။ စားသောက်ဆိုင်ချော့ခေါ်သွားပြီး ရနောင်းနယ်ခံ လူမိုက်တစ်ယောက်နဲ့ မှတ်လောက်သားလောက်အောင် ဆုံးမ မလို့။ သူ့ဆီမှာပါလာတဲ့ ကော့သောင်းအိမ်ဂရန်ကိုပါ သိမ်းမလို့ပဲဗျ။
အေးဗျာ၊ကျနော်ကျိတ်ကြံနေသမျှ ဘာမှမသိရှာတဲ့ မိုးကျော်ကိုကြည့်ပြီး သူ့ကို ကျနော်သနားလာတယ်။ကျနော့်ဘေးက ကျနော်အချက်ပြမှာကို စောင့်နေတဲ့ ရာမန်ကလည်း ကျနော့်မျက်နှာကိုပဲ ခဏခဏ လှမ်းလှမ်းကြည့်နေတယ်။ နောက်ဆုံး တော့ ငါလည်းသူတပါးငွေကြေးဥစ္စာ မတော်မတရားလုပ်မိတာတွေရှိကောင်းရှိမယ်။ ၀ဋ်ကြွေးရှိရင်ကျေပါစေတော့ဆိုတဲ့ စိတ်သာမွေးလိုက်ရတော့တယ်။နောက်တစ်ချက်က ကော့သောင်းကနေ ရနောင်းကိုကူးဘို့ပြင်ဆင်ကူညီပေးခဲ့တာ သူ့ ကျေးဇူးလည်းပါပါတယ်။
ကော့သောင်းမြို့ဟာနယ်စပ်မြို့ဖြစ်နေတာကြောင့် မြန်မာ့ရိုးရာဓလေ့ထုံးထမ်းတချို့တော့ ပျောက်နေပြီ ဆိုနိုင်တယ်။ နယ်ခံအများစုဟာ ဘယ်ဧည့်သည်ကိုမှ ထမင်းဖိတ်မကြွေးဘူး၊ အိမ်မှာခေါ်မသိပ်ဘူးလို့ဆိုတယ်ဗျ။ နယ်စပ်လိုနေရာမျိုး ဆိုတော့ ဘယ်ကလာမှန်းမသိ၊ဘယ်ကိုသွားမှန်းမသိတဲ့ဧည့်သည်တွေများတာကြောင့် ထင်ပါရဲ့။ အဆိုးလို့လည်း ပြောမရ ပြန်ဘူး။
ကော့သောင်းကနေ ရနောင်းဖက်ကို ကျနော်စက်လှေနဲ့ကူးလာတော့ ပါချန်မြစ်ကိုဖြတ်ရတယ်။အဲဒီဒေသဟာ ရှေးမြန်မာ တပ်တွေ ယိုးဒယားတောင်ပိုင်းကိုသိမ်းဖို့ စစ်လမ်းကြောင်းကျခဲ့တဲ့နေရာပေါ့။ပါချန်ကျွန်းဆိုတာ သမိုင်းစာအုပ်မှာ ဖတ်ရပေ မဲ့လက်ရှိတော့ ပါချန်ကျွန်းဆိုတာ ဘယ်နေရာကို ခေါ်သလဲမသိကြတော့ဘူးတဲ့။ပါချန်မြစ်ကိုဖြတ်နေတဲ့အချိန်လေးကို ကျနော့်တသက်မှာဘယ်တော့မှ မမေ့နိုင်ဘူး။ငါဟာ ရေမြေခြားကို အချိန်အကြာကြီးသွားရောက်ခိုလှုံဖို့ တရားမ၀င်လမ်း ကြောင်းတစ်ခုကနေ ဖြတ်ကျော်နေပြီဆိုတဲ့အတွေးက ခေါင်းထဲကို အဆက်မပြတ်ဝင်နေတယ်။မြစ်ပြင်ကလှိုင်းတွေ၊ လှေပေါ်ကလူတွေဟာ ကျနော်နဲ့ဘာမှမဆိုင်သလို ခံစားရတယ်။ရနောင်းဆိပ်ကမ်းကို လှေကပ်တော့ ပဲ့ချိတ်တွေ ရာချီကပ် ထားတဲ့ ဆိပ်ခံဘောတံတားဆီကနေ ကျနော့်နာမည်ကိုအော်ခေါ်နေသံကြားရပါတော့တယ်။ကိုသက်တင် အသံပေါ့။
ဖန်ဖလားဆိပ်ကမ်းကနေ ကားတစ်စီးနဲ့ ကျနော်တည်းခိုရမဲ့ အန်တီအုန်းတို့အိမ်အသွားလမ်းတလျှောက်မှာ တလမ်းလုံး အတွေးမျိုးစုံနဲ့ ငြိမ်ပြီးလိုက်လာခဲ့တာမို့ ကျနော်မှတ်မိတာကတော့ ရနောင်းမြို့ရဲ့ လမ်းမကျယ်ကြီးတစ်ခုပါပဲ။အန်တီအုန်းရဲ့ ခင်ပွန်းဟာ မကြာခင်ကမှ ဆုံးပါးသွားခဲ့ပြီး၊ အဲဒီတုန်းက အန်တီအုန်းအသက်ဟာ ငါးဆယ်မကျော်လောက်သေးပါဘူး။သူ့ခင်ပွန်းနဲ့ကိုသက်တင်တို့ အမျိုးနီးစပ်တော်တယ်လို့ဆိုပါတယ်။Ranoung Pearl Queen ဆိုတဲ့ ရနောင်းဈေးရှေ့နဲ့မလှမ်း မကမ်း လမ်းသွယ်လေးထဲက ဆိုင်ဟာအန်တီအုန်းဆိုင်ပါပဲ။အန်တီအုန်းဟာ န၀တ၊နအဖခေတ်အဆက်ဆက်က ထိပ်တန်း အရာရှိတချို့နဲ့ အဆက်အသွယ်ရှိတာကြောင့် မြန်မာ့ကျောက်မျက်ရတနာတွေကို နိုင်ငံတကာပြပွဲတွေမှာ တည်ခင်းရောင်း နိုင်တဲ့အထိ လက်တံရှည်တယ်လို့လည်း ကျနော်တစွန်းတစသိခဲ့ရတယ်။ အန်တီအုန်းနဲ့အတူနေတာက သူ့ညီမ၊မထား။ မထားရဲ့ခင်ပွန်းကိုမျိုးဝေကထားဝယ်လေသံနဲ့စကားပြောပေမဲ့ မွတ်ဆလင်ဘာသာကိုးကွယ်တယ်။ အန်တီအုန်းကော၊ မထားတို့ လင်မယားပါ ဧည့်ဝတ် အတော့်ကို ကျေတယ်ဗျ။ထူးခြားတာက မထားဟာ မွတ်ဆလင်ဖြစ်မသွားဘူး။ မိုးကုတ် ဆရာတော်ကြီးရဲ့ တရားခွေတွေ၊ စာအုပ်တွေ နာနေ၊ဖတ်နေတာ ကျနော်တွေ့မိတယ်။ကိုမျိုးဝေကလည်း အချိန်မှန်၊ ဗလီတက်နေတာ တွေ့ရလေရဲ့။

ရနောင်းကို ကျနော်ရောက်ပြီး တစ်ပတ်လောက်အကြာမှာ ကျနော့်လိပ်စာနဲ့ ကျနော့်ပတ်စပို့ရောက်လာတယ်။ စီစဉ်သူက ကိုသက်တင်ပါပဲ။အမှန်က လူကသာရေလမ်းက တရားမ၀င်ရောက်လာတာ။ကျနော့်စာအုပ်က လေယာဉ်ပျံစီးပြီး လေဆိပ် မှာဗီဇာအ၀င်တံဆိပ်တုံးနဲ့ပေါ့။အလကားတော့ဘယ်ရပါ့မလဲ။ ကျနော့်အိပ်ကပ်ထဲက ဗမာငွေသိန်းအစိတ်ထွက်သွားလေရဲ့။ စာအုပ်မှာ အ၀င်တုံးထုတဲ့ကိစ္စဟာ ပေါက်ဈေးဘတ်လေးငါးထောင်သာပေါက်တာ ကျနော်သိနေပါတယ်။ သက်တင်ဂွင် ရိုက်လိုက်တဲ့အကွက်ကိုလည်း ကျနော်သိနေတယ်။ ကျနော်ဘာမှ မပြောသာဘူး။ပြောချင်စိတ်လည်းမရှိလှဘူး။ နောင်ကာလတွေမှာ ပတ်စပို့နဲ့ ပတ်သက်တဲ့ အကြံအဖန်မှန်သမျှ ကျနော်မသိတာ မရှိလောက်အောင် ကျွမ်းကျင်လာပါ တယ်။စွတ်အထင်မကြီးလေနဲ့၊ကျနော့်ဘ၀ပေး အခြေအနေကိုက မကျွမ်းကျင်ရင် လမ်းပေါ်မှာ လမ်းပျောက်သွားနိုင်တယ် လေ။
ဒီလိုနဲ့အန်တီအုန်းတို့အိမ်မှာသောင်တင်အပြီး ရက်နှစ်ဆယ်လောက်ကြာတော့ ကျနော့်ဘ၀ရှေ့ရေး၊ခရီးဆက်နိုင်ဖို့အတွက် အကွက်ချစီစဉ်ရပါတော့တယ်။ကျနော့်ဗီဇာသက်တမ်းဟာသုံးလသာရှိတာမို့ တပြည်တရွာမှာအခြေကျဖို့ ကျနော်လုံးပန်းမှ ဖြစ်တော့မှာ မဟုတ်လား။သက်တင်ပြန်သွားတဲ့အချိန်မှာတော့ ကျနော်ရနောင်းဈေးနားက ဆင်းထ၀ီးဟိုတယ်ကို ပြောင်း နေလိုက်ပါတယ်။ကိုမျိုးဝေဟာ ကျနော့်ကို စိတ်ပူတယ်ထင်ပါရဲ့။ မြို့ပြင်ကို မသွားဖို့၊တတ်နိုင်ရင် ဟိုတယ်ထဲမှာပဲနေဖို့ မှာ ရှာတယ်။ဒါပေမဲ့ ကျနော်လိုခြေထောက်ဗွေပါပြီး နေရာတကာစပ်စပ်စုစုနိုင်တဲ့ကောင်က ဘယ်မှာ အငြိမ်နေနိုင်ပါ့မလဲ။ ကျနော့်စိတ်ထဲ၊ရနောင်းမြို့မှာ ထိုင်းလူမျိုးအများစုသာ ရှိနေကြမယ်လို့ တွေးခဲ့မိတာ တက်တက်စင်အောင် လွဲနေ သဗျ။တဖြည်းဖြည်းတောင်သွား၊မြောက်သွားလုပ်ကြည့်လိုက်တော့မှ လားလား ဈေးထဲမှာလည်းဗမာ၊ ဖန်ဖလား ဆိပ်ကမ်းမှာလည်းဗမာ၊ နေရာတကာမှာ ဗမာတွေချည်းပဲဗျာ။ ဗမာလို့သာ အားလုံးကို ခြုံပြောရတာ အမှန်တော့ မွန်ထားဝယ်တွေ များတယ်ဗျ။ ဘိတ်သားတွေလည်း ရှိလေရဲ့။နောက်ဆုံး ကုန်ကုန်ပြောရရင် ဇိမ်ခန်းတွေမှိုလိုပေါက်နေတဲ့ ဆွယ်ဆောင်(လမ်းသွယ်၂)၊ ဆွယ်စံ(လမ်းသွယ်၃)တွေဘက်ကို အဖော်ကောင်းလို့ ရောက်ပြန်တော့ မြန်မာဇိမ်မယ်တွေ မှိုလိုပေါက်နေသဗျာ။ဘယ်လို ရောက်သွားတာလဲ၊ဘာတွေလုပ်ခဲ့သလဲဆိုတာတော့ မမေးပါနဲ့တော့။
ဆင်းထ၀ီးဟိုတယ်မှာတစ်ပတ်လောက်လည်းကြာရော၊ ကျနော်ဘန်ကောက်ကို ဘတ်စ်စကားနဲ့တက်ခဲ့တယ်။ကျနော့်ကို၊ ကိုမျိုးဝေ့ဇနီး မထားသင်ပေးလိုက်တဲ့ စကားနှစ်လုံးကတော့ `ဘော်ကစော်´နဲ့`စိုင်တိုင်းမိုင်´တဲ့။ကျနော်ကသာ နှစ်လုံးထင် နေတာ အမှန်က စကားလုံးတစ်လုံး၊တစ်လုံးတည်းလို့ ပြောလို့ရပါတယ်။ကျနော်ဆင်းရမဲ့ နေရာကို ပြောပြနိုင်ဖို့ သင်ပေးလိုက်တာပေါ့ဗျာ။နောက်ဆုံးတော့ ထိုင်းလိုတစ်နှစ်သုံးလေးတောင် မရေတွက်တတ်တဲ့ ကျနော်ဟာ ဘော်ကစော် စိုင်းတိုင်းမိုင် စကားနှစ်လုံးနဲ့တင် ဘန်ကောက် စူခုန်ဗစ်၄၉လမ်းက ကိုကျော်စိုးပိုင်တဲ့ တည်းခိုခန်းအသေးစားလေးကို ဒုတ်ဒုတ်ထိ ရောက်ရောဆိုပါတော့။ကိုကျော်စိုးက သင်္ဘောသားဟောင်းမို့ သူ့တည်းခိုခန်းမှာ သင်္ဘောပေါ် အဆင်းအတက် မြန်မာတွေ စုပုံနေတတ်တယ်။ဇနီးက ထိုင်းအမျိုးသမီး၊တည်းခိုခန်းဘေးနားက ဆဲဗင်းအလဲဗင်းဆိုင်လေးကလည်း သူတို့ပိုင်တယ်ဆိုပဲ။ ပိုင်တယ်ဆိုတာ ကန်ထရိုက်သဘောလုပ်ပိုင်ခွင့်ရတာပေါ့ဗျာ။
ဘန်ကောက်ကို ကျနော်လာတဲ့ ရည်ရွယ်ချက်က စင်္ကာပူကို ခရီးဆက်ဖို့ပါပဲ။ကိုကျော်စိုးဟာ ကျနော့်အနေအထားကို အကဲခတ်မိဟန်တူပါရဲ့။ကျနော့်အပေါ်အတော်ကောင်းရှာတယ်။အခုတော့ သူကွယ်လွန်သွားရှာပြီ။ ကိုကျော်စိုးနဲ့ ကျနော် သွားသွားလာလာ၊အတော်ကြာနေခဲ့ဖူးတယ်။ကိုကျော်စိုးဟာ ထိုင်းအမျိုးသမီးနဲ့သာ ညားနေတာ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဘူးဗျ။ကျနော်ဈေးဝယ်ချင်လို့ ကုန်တိုက်တွေဆီခေါ်သွားရင် ဘိုစကားညှပ်၊ထိုင်းစကား နည်းနည်းညှပ်ပြီးသာ ပြောလေ့ရှိတယ်။သူပြောပြတဲ့ သူ့ဘ၀အကြောင်းတွေထဲမှာ ကျနော်တစ်သက်လုံး မမေ့နိုင်တဲ့ အကြောင်းအရာတစ်ခုရှိတယ်ဗျ။ဒီနေ့တော့ ဒီလောက်နဲ့ ရပ်ကြအုံးစို့။အေရိုးဗစ်သီချင်းသံကော၊တရုတ်ထိုက်ကျိသီချင်းသံ တွေရော ဆူညံနေပြီ။စကားပြောလို့ မကောင်းတော့ဘူး´

  1 comment:

  1. မင်းဒင်ရဲ့ သက်ခိုင် ကို အားလုံး စုပြီး PDF အနေနဲ့ ထုတ်ပေးစေချင်ပါတယ်...

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...