Wednesday, September 11, 2013

မုသာဝါဒ ဘယ်ကစ


ကမ္ဘာဦးကာလမှာ လူတွေဟာ ကတိသစ္စာတည်ကြည်ကြလို့ မုသားစကားကို မကြားဖူးဘူး။ အဲဒီခေတ်ကလူတွေဟာ အစားအသောက် ကောက်ပဲသီးနှံတွေကို မပင်မပန်းပဲ လွယ်လွယ်ကူကူ စိုက်ပျိုးလို့ ရကြပါသည်။ မိုးလေ၀သ ရသီဥတုမှန်ကန်ပါသည်။ အဆုံးစွန် နွယ်ပင်မြက်ပင်များ ပင် ဆေးဖက်ဝင်သည်ဟု ဆိုထားပါသည်။

"ကတိသစ္စာ၊ တည်သောခါကား၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၏။"

အဲလို ခေတ်ကြီးမှာ ပထမဆုံး မုသားပြောဆိုသူကတော့ စေတိယ ဆိုတဲ့ ရှင်ဘုရင်တစ်ပါးဖြစ်ပါတယ်။ စေတိယမင်း လိမ်ညာပြောမယ်ဆိုတဲ့သတင်း
ပျံ့နှံ့လာတော့ နိုင်ငံတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားပါတယ်။
လိမ်ပြောတယ်ဆိုတာ ဘယ်လိုမှန်းမသိကြတော့ အားလုံး စိတ်ဝင်စား သွားကြတာပေါ့။

စေတိယမင်း ဘာကြောင့်လိမ်ပြောရသလဲဆိုတော့---

သူတက္ကသိုလ်မှာ ပညာသင်ကြားစဉ်က ပရောဟိတ်ကြီးရဲ့ညီဖြစ်သူ ကောရလမ္ဗ နဲ့ချစ်ခင်ရင်းနှီးပြီး သူရှင်ဘုရင် ဖြစ်တဲ့အခါ ကောရလမ္ဗကို ပုရောဟိတ် ရာထူးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

သူမင်းဖြစ်လာတဲ့အခါ လက်ရှိ ပုရောဟိတ်ကြီးကိုရာထူးမှ မချနိုင်ပါဘူး။ ထုံးတမ်းစဉ်လာအရ ပုရောဟိတ်ရာထူးကို နောင်တော်ဖြစ်တဲ့ ပုရောဟိတ် ကသာ ဆက်ခံခွင့်ရှိပြီး နောင်တော်က မလွှဲပြောင်းပေးရင် ညီတော်က
ဒီရာထူးကို မရနိုင်ပါဘူး။

ဘုရင်ကလည်း အတင်းလွှဲပြောင်းပေးလို့မရပါဘူး။ လက်ရှိ ပုရောဟိတ်ကြီးက ကောရလမ္ဗရဲ့အစ်ကို သူ့သားကြီးကို ပုရောဟိတ် ရာထူးလွှဲပေးပြီး သူကတော့ ရသေ့ဝတ်သွားပါတယ်။ ကောရလမ္ဗဟာ ပုရောဟိတ်ရာထူးကို မရတဲ့အတွက် နောင်တော်ကို မကြည်ပါဘူး၊ ဒါကြောင့် သူငယ်ချင်းဘုရင်နဲ့ သူပရောဟိတ်ဖြစ်ဖို့ တိုင်ပင်ပါတယ်။
စေတိယမင်းကလည်း ကျောင်းတုံးက ပေးထားတဲ့ ကတိစကားအရ ကူညီဖို့သဘောတူပါတယ်။

"ကောရလမ္ဗ ... ရာထူးအတွက် မပူနဲ့၊ ငါကိုယ်တိုင် ပရိတ်သတ်
အလယ်မှာ သင့်ကို အစ်ကိုကြီး၊ သင့်ရဲ့နောင်တော်ကို အငယ်လို့ လိမ်ပြောမယ်။ ဒီလိုဆိုရင် သင်ကအကြီးဖြစ်တဲ့အတွက် ရာထူးဆက်ခံခွင့် ရသွားပီ" လို့အကြံရပြီး သဘောတူကြတယ်။

မင်းကြီး ဘယ်တော့ပြောမှာလဲလို့ မေးတော့..

ဒီနေ့ကစပြီး နောက်ခုနစ်ရက်မြောက်မှာပြောမယ် လို့ မင်းကြီးကသဘော တူတယ်။

ဒီသတင်းဟာ တစ်မြို့လုံးပျံ့နှံ့သွားတော့ ဘုရင်ကပြောမယ့် မုသား စကားဟာ ဘယ်လိုပါလိမ့်၊ ဖြူဖြူလား၊ မဲမဲလား ဆိုပြီးစိတ်ဝင်စားလို့ အဲဒီနေ့မှာ လူတွေကြိတ်ကြိတ်တိုး စည်ကားစွာနဲ့ လာကြည့်ကြတယ်။

မုသားပြောမယ့် နေ့ရောက်တော့ ရသေ့ဝတ်သွားတဲ့ ပုရောဟိတ် ဟောင်းကလည်း ဈာန်အဘိညာဉ် ရထားပြီဖြစ်လို့ ကောင်းကင်ခရီးဖြင့်
ရောက်ရှိလာတယ်။ သူကပဲ စမေးပါတယ်။

အရှင်မင်းကြီး အငယ်ကိုအကြီး၊ အကြီးကိုအငယ်လို့ လိမ်ပြောမယ် ဆိုတာ ဟုတ်ပါသလားလို့ မေးပါတယ်။

မှန်ပါတယ် လို့ မင်းကြီးကဖြေပါတယ်။

"မင်းမြတ် ... မုသာဝါဒဟာ အလွန်အပြစ်ကြီးပါတယ်။ ရှိသမျှဂုဏ်ကို ဖျက်ဆီးတတ်တယ်၊ အပါယ်သို့လည်း ချတတ်တယ်။ မုသားပြောသူုကို ကိုယ်စောင့်နတ်တွေက မစောင့်ရှောက်ဖူး၊ ခံတွင်းက အပုပ်နံ့လည်း ထွက်တတ်ပါတယ်။ ရာထူးစည်းစိမ်မှလည်း လျှောကျတတ်ပါတယ်" လို့ ရသေ့ကဆုံးမပါတယ်။

ဒီစကားကို ရှင်ဘုရင်ကြားရတော့ နည်းနည်းတော့ကြောက်ရွံ့သွားတယ်။ သူ့ရဲ့သူငယ်ချင်းကို လှမ်းကြည့်တော့ ကောရလမ္ဗက မကြောက်ဖို့ အားပေးတယ်။

ဒီတော့မှ ဘုရင်လည်း ရဲတင်းလာကာ ...

"အရှင်ရသေ့ အရှင်က အငယ်၊ ကောရလမ္ဗက အကြီးဖြစ်တယ်" လို့ ပြောချလိုက် ပါတယ်။

ဒီစကားဟာ ယခုကမ္ဘာမှာ ပထမဦးဆုံးပေါ်လာတဲ့ လိမ်ပြောတဲ့ စကား ဖြစ်ပါတယ်။

အဲလို မုသားပြောလိုက်တာနဲ့ တစ်ပြိုင်နက် ဘုရင်ကိုစောင့်တဲ့ သက်တော်စောင့် နတ်လေးပါးတို့ဟာ သန်လျှက်များကို ပစ်ချပြီး ကွယ်ပျောက် သွားကြတယ်။ ဘုရင်ရဲ့ခံတွင်းမှ ကြားညိုသင်းနဲ့ဟာ ပျောက်ကွယ်ပြီး အပုပ်နံ့ ထွက်လာတယ်၊ ခန္ဓာကိုယ်က ထွက်တဲ့ စန္ဒကူးနံ့လည်း ကွယ်ပြီး မစင်နံ့ကြီး ပေါ်ထွက်လာတယ်။

ဒါနဲ့ရသေ့က ဘုရင်ကို ဂရုဏာသက်ပြီး ...

"မင်းမြတ် မုသားမပြောပါနဲ့၊ အမှန်ကိုပြင်ပြောရင် အရင်အတိုင်း တန်ခိုးများ ပြန်ရလာပါလိမ့်မယ်" လို့ သတိပေးပါတယ်။ ရှင်ဘုရင်လည်း ကောရလမ္ဗအား ပေးထားတဲ့ ကတိအတိုင်း ကျားမြီးဆွဲမိသူလို ၊ တစ်ခါခြံ ခုန်ဖူးတော့ ထပ်ခုန်ဖို့ ၀န်မလေးတဲ့သူလို မုသားစကားကို ဒုတိယ အကြိမ်ပြောပြန်တယ်။

"အရှင်ရသေ့တို့က ကျွန်ုပ်ကို တန်ခိုးနဲ့ လှည့်ပတ်ကြတယ်၊ ကျွနိုပ် နောက်ဆုတ်မှာ မဟုတ်ဘူး၊ သင်ရသေ့က အငယ်၊ ကောရလမ္ဗက အကြီးဖြစ်ပါတယ်" လို့ ထပ်လိမ်ပြောပြန်တယ်။ ဒီအခါမှာတော့ ဘုရင်ရဲ့ ခြေနှစ်ချောင်းဟာ ခြေမျက်စိအထိ မြေထဲသို့ မြုပ်ဝင်သွားတယ်။ ဘုရင်ကို မြေစမြိုနေပါပြီ။

ရသေ့က-

"မင်းမြတ် မုသားမပြောပါနဲ့ မုသားပြောရင် မိုးလေ၀သ မမှန်မကန် ဖြစ်ပြီး သတ္တ၀ါများ ဆင်းရဲ တတ်ပါတယ်။ မှန်မှန်ပြောပါ၊ ဘယ်သူက အကြီးလဲ"

ရှင်ဘုရင်က "ငါ့နန်းငါထိုင် မခိုင်ကျိုးဟ" ဆိုတဲ့သဘောနဲ့ "သင်ကအငယ်၊ ကောရလမ္ဗက အကြီးပဲ" လို့ တတိယအကြိမ် မုသားပြောပါတယ်။

ဒီအကြိမ်မှာတော့ ဒူးဆစ်အထိ မြေကြီးထဲ မြုပ်သွားပါတယ်။ ဒီလိုနဲ့ စေတိယမင်းဟာ မုသားစကားကို ခုနစ်ကြိမ်မြောက် ပြောပြီးတဲ့ အခါမှာတော့ အ၀ိစိက မီးတောက်တွေ တက်လာပြီး သူ့ကို ဆွဲယူသွားပါ တော့တယ်။

အဲဒီအချိန်တုံးက တစ်လောကလုံး သန့်ရှင်းနေတဲ့ အချိန် သူကျူးလွန်တဲ့ အပြစ်ဟာ ပထမဆုံးဖြစ်တဲ့အတွက် မုသာဝါဒကံ ကျူးလွန်ရုံနဲ့
မြေမြိုပြီး အ၀ီစိကျရတာပါ။ အဲဒီနောက် လူတွေ တစ်စ တစ်စ လူတွေကြူး လွန်လာကြလို့ သက်တမ်းတွေ ဆုတ်ယုတ်လာပါတယ်။ ရောဂါတွေ ထူပြောလာပါတယ်။

ခုဆိုရင် မုသာဝါဒကို သာမန်လို သဘောထား ပြောနေကြပါတယ်။
ဒါပေမယ့် ချက်ချင်း အ၀ီစိ မကျတာကတော့ မဲညစ်နေတဲ့ လက်နှီးစုတ်မှာ ထပ်စွန်းလည်း သိပ်မသိသာသလို၊ အကုသိုလ်များတဲ့ သူတွေမှာ မုသာဝါဒ တစ်ခုတိုးလို့ ထူးခြားစွာ ချက်ချင်း အကျိုးမပေးသလိုပါ။

ဒါပေမယ့် အကြောင်းသင့်တဲ့ အချိန် အကျိုးပေးဦးမှာ သေချာပါတယ်။
ဒီအကြောင်းကို အဋ္ဌကနိပါတ်၊ စေတိယဇာတ်မှာ မြတ်စွာဘုရားရှင် ဟောကြားတော် မူခဲ့တာပါ...။

Honey Lay မှ ဓမ္မကုလိုလ် မျှဝေခြင်း ဖြစ်ပါသည်။

Royal Hero Media

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...