Saturday, September 14, 2013

“ကမ္ဘာမြေကို မယုံကြည်ကြသူများ”

September 14, 2013 at 6:51am
          ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင်မှ မယုံတတ်တဲ့သူတွေထဲမှာ ဂျပန်တွေက ရှေ့ဆုံးက ပါပါတယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့က နေ့စဉ်နေထိုင်ရပ်တည်နေရာ ကိုယ့်ခြေဖ၀ါးအောက်က မြေကြီးကိုတောင် နည်းနည်းလေးမှ အယုံအကြည်မရှိကြလို့ပါပဲ။ ဟုတ်လည်း ဟုတ်ပါတယ်။
သူတို့နိုင်ငံကမြေကြီးဟာ တစက်ကလေးမှ ယုံချင်စရာမကောင်းဘူး။ နေ့ပြိုမလား ညပြိုမလား မပြောနိုင်။ အခါခပ်သိမ်း လှုပ်စိလှုပ်စိနဲ့။ သင်္ဘောပေါ်ရပ်နေသလို ခံစားရတယ်။ ကိုယ်တွေက ခုမှကြုံဖူးတဲ့သူတွေဆိုတော့ “ဒါလေးများ ဘာကြောက်စရာရှိသလဲ။ ငြိမ့်ငြိမ့်ငြောင်းငြောင်း နဲ့ လှိုင်းစီးရသလို ဇိမ်တောင်ရှိသေးတာ” လို့ အောင့်မေ့မိတယ်။ ရောက်ရောက်ချင်းနေ့ကတည်းက Program co-ordinator ဆရာမကလေးက ကိုယ်နေရမယ့်အခန်းကိုပြပြီးရင် အရင်ဆုံး လိုက်ပြတဲ့နေရာက အရေးပေါ်လှေကားနဲ့ ထွက်ပေါက်ပါ။ “You might use it very often.” တဲ့။ မြတ်စွာဖျား very often ကြီးတောင်ဆိုပဲ။ ဘယ်နေရာကိုရောက်ရောက် ရောက်လေရာ အရပ်တိုင်းမှာ မြွေပါများ ဂယ်ပေါက်ဖောက်သလို အရေးပေါ်ထွက်ပေါက်တွေ ရှိတယ်။ အခန်းမျက်နှာကျက်တိုင်းမှာ မီးလုံး၊ အဲယားကွန်းအပြင် မီးခိုးဖမ်းစက်နဲ့ ရေပန်းတွေပါ တပ်ထားတယ်။ သူတို့လူမျိုးတွေများ မိုးပြိုမှာ ကြောက်လို့ တစ်တီတူး ခြေထောက်နှစ်ချောင်းထောင်အိပ်သလို တရေးနိုးရင် မြေကြီးထထစမ်းနေကြသေးလား မဆိုနိုင်ဘူး။

          တကယ်တမ်းကျတော့ မျက်ကန်းတစ္ဆေမကြောက်ဖြစ်နေတဲ့သူက ကိုယ်ပါ။ ရောက်လာရတဲ့ ရည်ရွယ်ချက်ကိုက သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံလာခဲ့ရင် ကိုယ်တတ်ထားတဲ့ ဆေးပညာတွေနဲ့ ဘယ်လိုကူညီကယ်တင်နိုင်မလဲဆိုတာ အကဲခပ်ရအောင်လာတာမို့ သူတို့လည်း သူတို့ဆီက သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်ရင် ရာဇ၀င်သမိုင်းကြောင်းနဲ့ချီလို့ စီကာပတ်ကုံး သက်သေသက္ကာယနဲ့တကွ သင်ကြားပြသရှာလေတယ်။ မိမိ သူတပါး၊ လူမှုရပ်ရွာ အဘက်ဘက်က အကျိုးရှိမယ့်အလုပ်ဆိုတော့ ကိုယ်လည်းပဲ အပတ်တကုပ် မှတ်သားသင်ယူသလို လက်လှမ်းမှီရာ စာဖတ်သူတွေလည်း သတိတရား အသိတရားလေး ရအောင် ၀ါစာကမ္မာ ဖြည့်စွက်ကာနဲ့ ရေးသားမျှဝေသွားမယ်လို့ စိတ်ကူးမိပါတယ်။ ဘာဖြစ်လို့ဆိုတော့ အသိပညာပေးတဲ့ အခန်းကဏ္ဍက တော်တော်လေး အရေးကြီးတဲ့ နေရာမှာ ရှိနေပါလား လို့ တဖြေးဖြေး သဘောပေါက်လာတာရယ်၊ သူတို့ကိုယ်တိုင်လည်း အဓိကထားလုပ်ဆောင်နေကြတာမို့ပါ။

             သူတို့တတွေ ဘာဖြစ်လို့ အဲသလောက်တောင် ဂရုတစိုက် ပြင်ပြင်ဆင်ဆင် ရှိနေကြသလဲဆိုတော့ ခဲမှန်ဖူးတဲ့ စာသူငယ်တွေ မို့လို့ပါ။ ခဲမှ တော်ရုံတန်ရုံခဲမဟုတ်ဘူး။ ဧရာမကြီး အကြီးကြီး နှစ်ခါမှန်ထားဖူးပါတယ်။ တကယ်တော့ ကိုဘေးမြို့ဟာ ရိုကိုတောင်တန်းကြီးကိုကျောပေးပြီး ပင်လယ်ဘက်မျက်နှာလှည့်ထားတဲ့ ဆိပ်ကမ်းမြို့ဖြစ်တာမို့ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကျ သဘာဝဘေးအန္တရာယ်က အခုလို ဆောင်းဦးပေါက်လို့ တိုင်ဖုန်းမုန်တိုင်းတွေဝင်ရင် ပင်လယ်ကလာတဲ့ လေပြင်းကိုတင် ရင်ဆိုင်ရတာ မဟုတ်ဘူး။  တောင်ပေါ်မှာရွာတဲ့မိုးကြောင့် တောင်ကျရေတွေ ဒလဟောဆင်းလာပြီး ရေလွှမ်းမိုးမှုဒဏ်ကိုပါ အခံရဆုံး မြို့တစ်မြို့ဖြစ်ပါတယ်။ ၁၉၃၈ တုန်းက တစ်ကြိမ်၊ ၁၉၆၇ မှာ တစ်ကြိမ် အကြီးအကျယ် ရေကြီးလို့ ဆံညှစ်ရေကြောမှာ မျောလေသည် ဖြစ်ခဲ့ရသတဲ့။ လူအသေအပျောက် အပျက်အစီးများလွန်လွန်းလို့ နောက်မဖြစ်အောင်ဆိုပြီး ဆာဘိုးရေကာတာအကြီးကြီးတွေ ဆောက်ပလိုက်တော့မှ သူတို့ခမျာ အေးအေးချမ်းချမ်း နေရရှာသတဲ့။ တော်လိုက်တာနော်။ ကိုယ့်အကြောင်းကိုယ်တော့ မတွေးပဲ ထားကြရအောင်ကွယ်။ နို့မို့ ရင်နာရလွန်းလို့။

             သဘာဝဆိုတဲ့ဟာကြီးက သူတို့အပေါ်တော့ တော်တော်ဆိုးတာပါလေ။ ရေ နဲ့ နှိပ်စက်လို့ မရတော့ဘူးလား။ ရတယ်လေ။ ဒါဆို မြေနဲ့နှိပ်စက်ရသေးတာပ ဆို ၁၉၉၅ ခုနှစ်မှာ အင်မတန်ပြင်းထန်လှတဲ့ “ဟန်ရှင်း အ၀ှာကြီး” လို့ခေါ်တဲ့ မြေငလျင် အကြီးအကျယ် လှုပ်ခဲ့ပြန်လေတယ်။ ရစ်ခ်ျတာစကေးမှ ၇.၃ တောင် ရှိလေသတဲ့။ စာကလေးနဲ့ရေးပြလိုက်၊ ပါးစပ်ကလေးနဲ့ ရှင်းပြလိုက်၊ ဓါတ်ပုံလေးတွေ ထိုးပြလိုက်နဲ့ဆိုတော့ “အေးလေ။ ဟုတ်ပေမပေါ့။ ဟတ်လား။ ကျွတ် ကျွတ် ကျွတ်။” ထက် မပိုပါဘူး။ နောက်တစ်နေ့ကျတော့ ငလျင်ဒဏ်အထိမ်းအမှတ်ပြတိုက်ကြီးကို လိုက်ပြတယ်။ အောင်မယ်မင်း။ တို့ဆီက ဆာကူရာတာဝါကြီးထက် သုံးဆမက ကြီးသေး။ ပိုက်ဆံတွေ နှမြောဖို့ကောင်းလိုက်တာနော် လို့ အောင့်မေ့မိတယ်။

             အဲဒါကြောင့် မပြီးခင် ဗမာမမြင်စေနဲ့လို့ အပြောခံရတာ။ အထဲရောက်တော့မှ ငလျင်ဆိုတာ ဘယ်လောက် ကြောက်စရာကောင်းသလဲ လက်တွေ့သိရတယ်။ သရီးဒီရုပ်ရှင်ပြခန်းထဲမှာ သွက်သွက်ကိုခါရော။ တော်လည်းသံ တ၀ုန်းဝုန်း၊ လူတစ်ကိုယ်လုံး တုန်တုန် သွားအောင် တကယ့်ဖြစ်ရပ် ပြကွက်တွေနဲ့ ဘယ်နားလေးမတော့ ဘယ်လိုဖြစ်ကုန်တာ ဆိုပြီး သည်းထိပ်ရင်ဖို ပြသတယ်။ ရုပ်ရှင်ထဲမှာ ဆက်တင်ဆောက်သလိုဆောက်ထားတဲ့ ငလျင်ဒဏ်ခံရတဲ့ ကိုဘေးမြို့က ရပ်ကွက်ကလေးတွေကို လူကိုယ်တိုင် အုတ်ပုံအောက်က လှမ်းမဆွဲရုံတမယ် လိုက်ပြတယ်။ ဓါတ်ပုံကလေးတွေ၊ ရမိရရာ ကောက်သိမ်းထားတဲ့ ပစ္စည်းအကျိုးအပဲ့ အစစ်တွေ၊ အုတ်ခဲကျိုး၊ သံဘောင်ကွေးလေးတွေ၊ စုံလို့ စုံလို့။ အလောင်းတွေစုပြီး အသုဘလုပ်တဲ့ ပုံတွေတောင် ပါတယ်။ ကိုယ်တွေ့ကြုံရတဲ့ ကလေးငယ်လေးတွေ နဲ့ အင်တာဗျူးပေးတယ်။ အပြောကောင်း လိုက်ပုံများကတော့ မောင်စံဖားတို့ နောက်ကောက်ကျသွားတယ်။ ငလျင်လှုပ်တုန်းက သူတို့အိမ်က ကလေးလေးဟာ မွေးကင်းစပဲ ရှိသေးတာတဲ့။ ဒါပေမယ့် သူ့ကိုလည်း ကလေးမို့လို့ ဘာမှ ခံစားရမယ် မဟုတ်ဘူး လို့ မထင်ပါနဲ့တဲ့။ အဲဒီနေ့နောက်ပိုင်းမှာ သူဟာ အစားလည်း ကောင်းကောင်းမစားတော့ဘူး။ အိပ်လည်း ကောင်းကောင်း မအိပ်တော့ဘူး။ အသံပလံကလေး ကြားမိတာနဲ့ လန့်ပြီးရင်း လန့်နေတော့တာပဲတဲ့။ သူ့ရှေ့မှာ ငလျင်လို့ ပြောလိုက်တာနဲ့ ပုဇွန်ကလေးကွေးသလို ကွေးသွားပြီး လုံနေအောင် အကာအကွယ် ယူထားတော့တယ် ဆိုပဲ။ သူ့ထက်ကြီးတဲ့အရွယ်တွေမှာ ဗျဿနတရား ငါးပါးစလုံးနဲ့ ကြုံတွေ့ခဲ့ရသူတွေ ဘယ်လိုခံစားရမယ် စဉ်းစားသာ ကြည့်ပါတော့။

           ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ ငလျင်အကြောင်း ဂျပန်ရုပ်ရှင်ကားတွေလို ပရိသတ်ကို ကြောက်စေလန့်စေ ရုံလောက်နဲ့တော့ အဲသလောက် ငွေကုန်ကြေးကျခံပြီး ဧရာမပြတိုက်ကြီး အမှတ်တရ လုပ်မထားပါဘူး။ အဓိက ရည်ရွယ်ချက်က ငလျင်ဆိုတာ အဲသလိုမျိုး ကြောက်စရာကောင်းတယ်ဆိုတာ ဘယ်တော့မှ မမေ့စေနဲ့။ သဘာဝဘေးအန္တရာယ်ဆိုတာ ဘယ်အချိန်မှာ ဘယ်လိုလာမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အဲဒါကြောင့် မတော်တဆများ ဖြစ်လာခဲ့ရင် အသက်ဥာဏ်စောင့်နိုင်အောင် စံနစ်တကျ လေ့ကျင့်သင်ကြားပေးထားချင်လို့ ဒါကြီးကိုဖွင့်ထားတာ။ (အစိုးရဆီက ပရောဂျက်ကျလို့ ရော့ အင့် နင်တ၀က် ငါတ၀က် အဘဖို့ရော၊ ငါ့ဖို့ရော ဆိုတာမျိုးတော့ မမှတ်လေနဲ့ဗျ)

            ငလျင်လှုပ်တဲ့အခါမှာ လူတွေသေရတဲ့ အဓိကအကြောင်းရင်းကတော့ တိုက်တာအိမ်ခြေတွေ ပြိုကျပြီး အထဲမှာ လူတွေ ပိတ်မိနေလို့ပေါ့။ အဲဒီလူတွေကို မြန်မြန်ကယ်ထုတ်နိုင်ဖို့က အရေးအကြီးဆုံး ကယ်ဆယ်ရေး လုပ်ငန်းပဲ။ ကိုယ်တို့ဆီ နာဂစ်ဖြစ်တုန်းက ကယ်ဆယ်ရေးလုပ်မယ့်သူ မလာလို့ လူတွေ မသေသင့်ပဲ သေကုန်တယ်ဆိုတာ လူတိုင်း ပါးစပ်ဖျားကကြားခဲ့ရတဲ့ အပြစ်တင်စကားတစ်ခုပါ။ သူတို့ဆီကတော့ အဲဒီစကားမျိုး မကြားရဘူးဗျ။ ကယ်ဆယ်ရေးအဖွဲ့လာတဲ့အထိ ထိုင်စောင့်နေရင် ဘယ်လိုမှ အသက်မမှီနိုင်ဘူးတဲ့။ လက်မတင်ကလေး သေတွင်းကလွတ်လာတဲ့ ငလျင်ဘေးသင့် ပြည်သူတွေအားလုံးဟာ အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်နိုင်တာ အလွန်နည်းပြီး အများစုက ကိုယ့်ရပ်ကိုယ့်ရွာသား အိမ်နီးနားချင်းတွေက အချင်းချင်း နီးစပ်ရာ ကယ်ထုတ်သွားတဲ့သူတွေချည့်ပါပဲတဲ့။ လူဦးရေ ၃၂,၀၀၀၊ ၈၀% က အရပ်က၀ိုင်းကယ်တာပါလို့ အတိအကျပြောတယ်။

            ဒါဖြင့် ဘာထူးလို့လည်း သူတို့အစိုးရလည်း ငါတို့ဆီကနဲ့ ဘာမှ မထူးဘူး။ ကယ်ဆယ်ရေးလာမယ့်အရေးလည်း ရှင်ဘုရင်တစ်ခါထွက် ပဲကြီးတစ်လှေချက်ထုံးစံကလေးကို အစဉ်အလာမပျက် ထိမ်းသိမ်းထားပါပေတယ် လို့ မထင်နဲ့ဦးနော်။ ဂျပန်နိုင်ငံအ၀ှမ်းမှာ ရစ်ခ်ျတာစကေး ၅ ထက် ပြင်းတဲ့ ငလျင်တွေလာရင် အချက်ပေးခေါင်းလောင်းတွေ မြည်သဗျ။ ဘယ်မှာ မြည်တာထင်သလဲ။ ကိုယ့်အိမ်ကိုယ် တပ်ထားတာ၊ မီးသတ်မှာတပ်ထားတာ မဟုတ်ဘူး။ ၀န်ကြီးချုပ်ဆီမှာ တိုက်ရိုက်မြည်တာ။ အပိုတွေ ယုံတမ်းစကား မပြောဘူး။ ကိုဘေးအ၀ှာကြီးလာတော့ သူတို့ဆီ လွှတ်တော်ထဲမှာ အစည်းအဝေးလုပ်နေခိုက်၊ သတင်းရိုက်နေတဲ့သူက ပြနေတုန်းကို Alarm ထမြည်လာပြီး အစိုးရတစ်ဖွဲ့လုံး လုပ်လက်စအလုပ်တွေရပ်၊ ကြိုတင်ဖွဲ့စည်းထားတဲ့ အရေးပေါ်ကယ်ဆယ်ရေးကောင်စီ အစည်းအဝေးချက်ခြင်းခေါ်၊ မီဒီယာတွေအားလုံး လွှင့်လက်စ အခြေအနေရပ်ပြီး ငလျင်သတင်းတွေ အဆက်မပြတ် ပြတော့တယ်။ (Youtube ထဲမှာ အဲ့ဒီဗီဒီယိုဖိုင် ရှိသဗျ။ ကိုယ့်ဆရာလည်း ချက်ချင်း အဲ့ထဲဝင်ပြီး ဒေါင်းလုပ်တောင်မဆွဲပဲ သည်အတိုင်းတန်းပြတာ။ လုပ်ထားဦးပေါ့အေ။ ညည်းတို့က ဂျပန်တွေကိုး)

           ကော်မရှင်ဖွဲ့စည်းရန် အဆိုတင်သွင်း၊ အဆိုကိုလက်ခံဆွေးနွေးရန် သဘောတူခွင့်ပြု၊ စုံစမ်းရေးကောင်မရှင် စတင်ဖွဲ့စည်း၊ ဆန္ဒခံယူပွဲလုပ်ငန်းစဉ်များ မနှောင့်နှေးစေရန် ခေတ္တစောင့်ဆိုင်း၊ … ။ အဲဒါမျိုးတွေမပါပဲနဲ့တောင်မှ အစိုးရအဆင့် ကယ်ဆယ်ရေးအဖွဲ့တွေ အချိန်မှီ မရောက်ရတဲ့အကြောင်းရင်းဟာ ဘာကြောင့်လဲ သိလား။ တစ်နိုင်ငံလုံးမှာ ငလျင်သတင်းတွေ မိနစ်မဆိုင်း၊ ဟိုနားလေးတော့ ဟိုလိုဖြစ်သွားပါတယ်။ သည်နားလေးတော့ သည်လိုဖြစ်သွားပါတယ်။ အလုအယက် ဖန်သားပြင်ပေါ်တက်နေချိန်မှာ ငလျင်ဒဏ်ကို အပြင်းထန်ဆုံးခံလိုက်ရတဲ့ ကိုဘေးမြို့က သတင်းတွေဟာ ရိုးတိုးရိပ်တိပ်တောင် တက်မလာဘူး။ ဘာဖြစ်လို့ဆိုတော့ ဆက်သွယ်ရေးလမ်းကြောင်းတွေ မှန်သမျှ တစ်ခုမကျန် ပြတ်တောက်သွားတော့တာကိုး။ သတင်းတက်လာတဲ့နေရာတွေမှန်သမျှ မလစ်ဟင်းရလေအောင် ကယ်ဆယ်ဆောင်ရွက် နေတဲ့အချိန်မှာ ဘာအသံမှမကြားရတဲ့ ကိုဘေးမြို့ကို အားလုံးသတိလစ်သွားကြတယ်။ ဒါပေမယ့် ဂျပန်တွေဟာ အကယ်စောင့်တဲ့အမျိုးအစား မဟုတ်ဘူး။ ကိုယ့်အိမ်သား ကိုယ့်ဘာသာကယ်တယ်။ ပြီးရင် ကိုယ့်အိမ်နီးနားချင်း ကိုယ့်ဘာသာပဲ ဖြစ်တဲ့နည်းနဲ့ ရသလောက် ကယ်ထုတ်တယ်။

             ဒါပေမယ့် မကယ်နိုင်လို့ လက်မှိုင်ချပြီး ငိုကျွေးရတဲ့အထဲမှာ ကိုဘေးမြို့ မီးသတ်တစ်ဖွဲ့လုံးပါတယ်။ ငလျင်လှုပ်ပြီး လေးနာရီအတွင်း ကိုဘေးမြို့တွင်းမှာ ၀ါယာရှော့ခ်ဖြစ်တာ၊ ဓါတ်ငွေ့မီးဖိုတွေက ယိုစိမ့်တာကြောင့် ၅၄ နေရာတိတိ တပြိုင်နက် မီးလောင်ကုန်တယ်။ တစ်မြို့လုံးရှိရှိသမျှ မီးသတ်ကားကမှ ၃၈ စီး ရယ်။ ပြဿနာက ဟိုင်းဝေးလမ်းမကြီးတွေ တုန်းလုံးလဲကုန်ပြီ။ ရထားလမ်းတွေ ပြိုကျလာပြီ။ မိုးမျှော်တိုက်ကြီးတွေ ငိုက်ကျလာပြီ။ လမ်းတွေက ၀င်လို့မရတော့ဘူး။ နောက်ဆုံး မရအရ ကျားကုတ်ကျားခဲ အတင်းနင်းဝင်ပြီး မီးသတ်မယ်လုပ်တော့ မီးသတ်ပိုက်လိုင်းတွေအကုန် ပျက်စီးကုန်လို့ ရေက တစ်စက်မှ ထွက်မလာတော့ဘူး။ (တို့ဆီမှာလိုသာဆို မီးသတ်သမားတွေ ပိုက်ဆံမရလို့ ရေမပါပဲလာတယ် လို့ အပြောခံရဦးမှာ) အဖြစ်ဆိုးရပုံက ကိုဘေးမြို့တော်ခန်းမ တတိယထပ်ဟာ အထက်နဲ့အောက်ညှပ်ပြီး အခြပ်လိုက်ကလေး ပြိုသွားလို့ အဲဒီအထဲမှာ ရေနှင့်မိလ္လာဌာနက မြို့တော်ရေပေးဝေရေးစံနစ် ဖွဲ့စည်းပုံတွေ အကုန်ပါသွားရော။ ဘယ့်နှယ်မှ လုပ်လို့မရတော့တဲ့အတွက် မီးသတ်သမားတွေဟာ တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးလောင်ပြင်ကြီးကို ရင်ပတ်စည်တီး ငိုကာယိုကာနဲ့ ရပ်ကြည့်နေခဲ့ရတယ်။ တချို့ဆို စိတ်ဒဏ်ရာရသွားလို့ ဆေးကုယူရတယ်။

           ဒီနေရာမှာတော့ ကိုယ်တို့ဆီကလူတွေနဲ့ ကွာပုံကို နည်းနည်း ပြောချင်ပါတယ်။ ကိုယ့်ဆီမလည်း မီးရေးထင်းရေး ဟေ့ ဆိုရင် တုတ်ဆွဲဓါးဆွဲနဲ့ ထွက်မယ့်သူတွေ ပေါမှပေါပါ။ ဒါပေမယ့် အဲဒီအထဲမှာ ကယ်ဆယ်ရေးအတွက် စွန့်စွန့်စားစားထွက်မယ့်သူနဲ့ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဖို့ ထွက်တဲ့သူ ဘယ်သူကများတယ်ဆိုတာ မီးလောင်တဲ့ ရပ်ကွက်ကို ကိုယ်တိုင်ရောက်ဖူးတဲ့သူတိုင်း သိပါလိမ့်မယ်။ လူတိုင်းလူတိုင်းက ကိုယ့်ပစ္စည်းကို နိုင်သလောက် အရသယ်ဖို့ထက် ဘာကိုမှ စိတ်မ၀င်စားဘူးဆိုတာ ငြင်းနိုင်ရင် ငြင်းပါ။ ဂျပန်တွေကတော့ အဲသလိုဖြစ်လာရင် ဘာပစ္စည်းကိုမှ သံယောဇဉ်မထားခိုင်းပါဘူး။ “အရေးအကြီးဆုံးက မိမိကိုယ်ကိုယ် မထိခိုက်အောင် အစွမ်းကုန်ကာကွယ်ပါ။ ပြီးရင် မိမိ မိသားစု ဘေးလွတ်ရာကို ရောက်အောင် အရင်ပို့ဆောင်ပါ။ အားလုံးအန္တရာယ်ကင်းကင်းခြင်း ထွက်မပြေးနိုင်ပဲ အထဲမှာ ကျန်ခဲ့တဲ့သူတွေကို တတ်နိုင်သလောက် ရအောင် ကယ်တင်ပါ” တဲ့။ အဲဒီစိတ်ထားနဲ့အလေ့အကျင့်ကို မူလတန်းကျောင်းမှာကတည်းက အသားသေနေအောင် လေ့ကျင့်ပေးထားတယ်။ မီးသတ်ကား ရေမပါတဲ့ကိစ္စ ဘယ်သူကမှ အပြစ်မတင်ဘူး။ အပြစ်တင်စရာလည်း မလိုဘူး။ မီးသတ်သမားတွေဆိုတာ သက်စွန့်ဆံဖျား ကယ်တင်ချင်ပါလျက် နဲ့ မကယ်နိုင်တဲ့အတွက် မချိတင်ကဲ ၀မ်းနည်းပက်လက်ဖြစ်နေတာ အားလုံးမျက်မြင်။ နှစ်ဦးနှစ်ဘက်စလုံးမှာ အင်မတန် ရိုးရှင်းတဲ့ စိတ်ရင်းစိတ်ဖြောင့် ရှိတယ်။ ကိုယ့်အကြောင်းကိုယ်ကတော့ ရှက်စရာကောင်းလွန်းလို့ မပြောတော့ပါဘူးကွယ်။

             မကြာခဏ သဘာဝဘေး ကြုံတွေ့နေကျမို့လို့ သူတို့ဆီကလူတွေကို အရေးအကြောင်းဆို ဘယ်ကိုပြေးရမလဲ ကြိုကြိုတင်တင် ညွှန်ကြားထားရုံတင်မကဘူး။ ရောက်လာရင် နေရာထိုင်ခင်းအတွက်ပါ အသင့်စီမံထားတယ်။ ဘယ်ကို ပြေးရမလဲဆိုတော့ ကျောင်းကို ရောက်အောင်ပြေးပါတဲ့။ လိုအပ်ရင် ကျောင်းတွေကို ဒုက္ခသည်စခန်းအဖြစ် ပြောင်းနိုင်ဖို့ ငလျင်ဒဏ် မုန်တိုင်းဒဏ် အသေအချာခံနိုင်အောင် တည်ဆောက်ထားပြီး ဂိုဒေါင်ထဲမှာ သုံးရက်စာ စားရေရိက္ခာပါ အသင့်သိုမှီးပေးထားတယ်။ ဘယ်ထိအောင် စီမံထားသလဲဆို ကျောင်းခေါင်မိုးပေါ်မှာ ရေကူးကန်ကလေး လုပ်ပေးထားတာက ဒုက္ခသည်တွေ အများကြီးရောက်လာရင် အိမ်သာသုံးဖို့ ရေမရှိမှာစိုးလို့ပါတဲ့။ အဲဒီကန်ထဲကရေတွေကို လိုအပ်တဲ့အခါ အိမ်သာရေပေးတဲ့ပိုက်နဲ့ လွှဲလို့ရအောင် စီမံထားတယ်။ ဒါတောင်မှ မလုံလောက်ဘူးဆိုရင် ကပ်ထူပြားကလေး သုံးချပ်ကို ခွေကာခေါက်ကာ ဖြန့်လိုက်ရင် တစ်ခါသုံး ကမုတ်ထိုင်ကလေးတစ်ခုရပြီး အဲဒီအပေါ်မှာ သုံးမယ့်သူက ကိုယ့် ကြွတ်ကြွတ်အိပ်ကလေးနဲ့ကိုယ် ထပ်ကာထပ်ကာ ဆင့်သုံးသွားလို့ရတယ်။ အမျိုးသမီးတွေအတွက် ဖင်ပတ်လည် လုံအောင်ကာစရာ စက္ကူစကလေးလည်းပါတယ်။ အနံ့အသက်လည်း မထွက်အောင် စီမံထားသတဲ့။ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ အ၀တ်အထည်ဆိုတာကတော့ ဘာပြောစရာလိုမလဲ။ ဂျပန်က ကျောင်းဆရာ ဆရာမတွေဟာ ကယ်ဆယ်ရေးစခန်း စီမံခန့်ခွဲမှုအတတ်ကိုလည်း မသင်မနေရ ကျွမ်းကျင်စွာ လေ့ကျင့်ထားပြီး ဖြစ်တယ်။

             ကိုယ့်တိုင်းပြည်ထဲက တနေရာရာမှာ ဘေးဆိုးကပ်ဆိုးတစ်ခုခု ကြုံလာတဲ့အခါ ဘေးလွတ်ရန်ကွာအရပ်ကလူတွေကို ကိုယ်နဲ့မဆိုင်သလို မနေရဘူးဆိုတဲ့အသိကို မူလတန်းကျောင်းသားကလေးတွေမှာကတည်းက လေ့ကျင့်ထားပေးတယ်။ ကိုဘေးငလျင်ဖြစ်တော့ တစ်နိုင်ငံလုံးက အလယ်တန်းကျောင်းပေါင်း ၈၂ ကျောင်းက ကလေးလေးတွေက ဘူတာရုံမှာ ကားဂိတ်မှာ သူတို့ကိုယ်တိုင် အလှူငွေထွက်ကောက်ကြတာ ယန်းဆယ်သန်းကျော်တောင် ရသတဲ့။ အဲဒါ လူကြီးတွေ ခိုင်းလို့ မဟုတ်ဘူး။ သူတို့ဘာသူတို့ လုပ်ကြတာ လို့ ပြောတယ်။ ငွေအားချည့်ပဲ မဟုတ်ဘူး။ အိုရီဂါမီ စက္ကူရုပ်ကလေးတွေခေါက်လို့၊ ချယ်ရီပန်းပုံစာရွက်ကလေးတွေပေါ်မှာ အားပေးစကားလေးတွေ ရေးလို့ ကိုဘေးမြို့က ကျောင်းသားလေးတွေဆီကို တစ်နိုင်ငံလုံးက ရေးပို့တဲ့ စာကလေးတွေ ပြတိုက်ထဲမှာ ပုံနေအောင် တွေ့ခဲ့ရတယ်။ ကျောင်းအားရက်တွေမှာ ကျောင်းသားတွေကိုယ်တိုင် ဒုက္ခသည်စခန်းကိုလာပြီး သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေကို အဖော်လုပ်ပြီး စကားပြောပေးဖို့ သက်သက် လာကြတယ်။ တစ်ယောက်တည်းနေရင် ပြန်ပြန်တွေးပြီး ခံစားမိနေမှာစိုးလို့တဲ့။ Moral Support ဆိုတာ အဲဒါ ပြောတာနေမယ်နော်။ တို့ဆီကလူတွေလည်း အရေးဆိုရင် အင်မတန် ၀ိုင်းကြ၀န်းကြပါတယ်။ ၀ါသနာလည်း ပါကြတယ်။ မကောင်းတာကလေးတစ်ခုက ပြီးရင် လုပ်ရင်းကိုင်ရင်း ဟိုပြောသည်ပြော ပြောတဲ့သူတွေပါလာပြီး “တော်ပြီ။ နောက်မလုပ်တော့ဘူး။” ဆို စိတ်ကုန်သွားကြတာ။ လူမှုရေးလုပ်တဲ့သူဆိုတာ အရေကလည်း နည်းနည်းထူဦးမှ ဖြစ်မှာကိုးကွဲ့။

             အစိုးရဘက်က ရောက်လာတဲ့အခါ သူတို့ဆီက လူကယ်ပံ့က ဆောက်ပေးတဲ့ ယာယီနေရာချထားရေး အဆောင်ကလေးတွေဟာ တို့ဆီက သိန်း၂၀၀ကျော်တန် တန်ဖိုးနည်းအိမ်ယာထက်ကောင်းတယ်။ ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာနဲ့ မီးဖိုခန်းတစ်ခုစီ ကြပ်ကြပ်သပ်သပ်ကလေးပါတယ်။ အရွယ်အစားက ကွန်တိန်နာတွေ အခန်းဖွဲ့ပေးထားသလိုမျိုး။ ဈေးနီး၊ ကျောင်းနီး၊ မှတ်တိုင်နီး၊ ရေမီးအစုံ။ နောက်တစ်ခုက ကိုယ်တို့ဆီမှာ မီးဘေး လေဘေး၊ ကုလားဘေး၊ ဒုက္ခသည်စခန်းတွေ ဖွင့်ကြတဲ့အခါ ရပ်ကွက်ထဲလာပြီး ထမင်းထုပ်ဆင့်တာ၊ အော်လံကြီးနဲ့အော်တာ၊ ဟိုရောက်သွားတော့ နီးစပ်ရာ ရပ်ကွက်လူကြီးအမျိုးတွေ အရင်ဝေတာ။ သူများလှူထားတဲ့ ပစ္စည်းတွေအပေါ် အသင်းကြီးတံဆိပ်လာတပ်ပြီး ဓါတ်ပုံရိုက် သတင်းစာထဲထည့်တာ၊ ဘကိုယ်တိုင်လာ တီဗီရိုက်ပြီး ပြန်သိမ်းသွားတာ၊ အစရှိသဖြင့် ဗရုတ်သက္ခ ဗြုတ်စဗြင်းတောင်း ပွေပွေလီလီ မရှိပါဘူး။ ဓါတ်ပုံတစ်ခုထဲမှာ အဖွားကြီးတစ်ယောက် နောက်ကျောမှာ စာအရှည်ကြီးဆွဲပြီး စခန်းထဲလျှောက်သွားနေတယ်။ ရေးထားတာက “ဗိုက်ဆာရင် အားမနာနဲ့။ သူ့ကိုသာ ခေါ်လိုက်ပါ။ ဆန်နဲ့လုပ်တဲ့ပေါက်စီ (ထန်းသီးမုန့်လိုဟာမျိုး) သူ့ဆီမှာ ပါပါတယ်။” တဲ့။ ဂျပန်အိမ်ရှင်မတွေက တတ်နိုင်တဲ့ဘက်က တတပ်တအား ပါဝင်ကြတယ်။

              ဒါပြီးမှ ဒုက္ခသည်တွေအတွက် အတည်တကျအဆောက်အဦတွေနဲ့ ပြန်လည်နေရာချထားတယ်။ အရင်အိမ်တွေတုန်းကလို လမ်းကျဉ်းလို့ မီးသတ်ကား ၀င်မရတဲ့ အဖြစ်မျိုး မရှိအောင် ကိုဘေးကလမ်းကြီးတွေကို အကျယ်ကြီးနေရာယူပလိုက်တယ်။ မိုးမျှော်တိုက်ကြီးတွေ ငလျင်ဒဏ်ခံနိုင်အောင် သုတေသနလုပ်ပြီးမှ တိုက်အောက်ခြေမှာ သံဘီးလုံးတွေနဲ့ လှုပ်စိလှုပ်စိ ယိမ်းနွဲ့နေအောင် ဆောက်ထားတယ်။ အဲဒါကြောင့် သင်္ဘောပေါ်နေရသလို အိပဲ့အိပဲ့နေတာ။ ပြိုတော့ မကျတော့ဘူး။ ပရိဘောဂပစ္စည်းတွေကို အမှီသဟဲနဲ့ပဲ ဒီဇိုင်းထုတ်ထားတယ်။ လဲကျစေမယ့် မှောက်ကျစေမယ့် ပုံစံမထားဘူး။ မှန်ချပ်တွေက ကွဲသွားရင် အချပ်လိုက်ပဲ ကျေသွားမှာ။ လွင့်စင်ကျမလာဘူး။ တော်ပါပြီ။ ဆက်မပြောချင်တော့ဘူး။ တို့ဆီက ကံထရိုက်တွေသေရင် ဂျပန်မှာ လာဝင်စားကြပါစေဗျာ။ ဒါမှ သူတို့လည်း သဘောပေါက်သွားမယ်။

             အခုဆို အနှစ် ၂၀ တောင်ပြည့်တော့မယ်။ သူတို့လုပ်နေတဲ့ သဘာဝဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းတွေကတော့ အရှိန်လျော့မသွားသေးဘူး။ သုတေသနတွေလည်း လုပ်နေဆဲပဲ။ ကိုယ်လိုလူတွေတောင် ထမင်းကျွေး၊ စားရိတ်ခံ၊ နေ့တွက်ပါပေးလို့ ချော့ချော့မော့မော့ သင်ကြားပေးနေလေရဲ့။ ခင်ဗျားတို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အချိန်ဘယ်လောက် လိုအပ်သလဲ လို့ မေးတော့ အခြေခံအဆောက်အဦဖြစ်တဲ့ မြို့ပြအိမ်ယာ၊ အဆောက်အဦလမ်းတံတားတွေအတွက်တော့ သုံးလေးနှစ်ဆို လုံလောက်ပါတယ်တဲ့။ ဒါပေမယ့် ငလျင်အပြီးမှာ ကိုဘေးမြို့လူဦးရေ ၁၀% လျော့ကျသွားတာ နဂိုအတိုင်းပြန်ဖြစ်ဖို့ ဆယ်နှစ်အချိန်ယူခဲ့ရတာမို့ သူ့အနေနဲ့ အချိန်ဆယ်နှစ် လိုပါတယ် လို့ ဖြေမတဲ့။ အခုဆက်လုပ်နေတဲ့အလုပ်တွေကတော့ ပြန်လည်ထူထောင်ရေး မဟုတ်ပဲ နောင်ထပ်ဖြစ်ပေါ်လာခဲ့ရင် ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေစေရေးအတွက် လုပ်ဆောင်နေတာပါ လို့ ဆိုတယ်။

             သူတို့ဆီမှာ လုပ်နေကြတဲ့အတိုင်း ကိုယ့်အရပ် ကိုယ့်ဌာနေရောက်သွားရင် ဘာတွေများ ပြန်အတုခိုးလို့ ရပါလိမ့်လို့ စဉ်းစားကြည့်တော့ ကိုယ်လုပ်နိုင်တာ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲသွားဖို့ အသိပညာပေးစရာပဲ မြင်တယ်။ အခုဆို ဟိုဟိုသည်သည် စာကလေးပေကလေး မတောက်တခေါက်ရေးနေတော့ ကိုယ့်စာဖတ်မိတဲ့သူတွေ အတွေးအမြင်ကလေးတွေ ပြောင်းသွားစေချင်တယ်။ ကျန်တဲ့ကိစ္စ၀ိစ္စတွေ ငွေကုန်ကြေးကျ အစိုးရအထောက်အကူနဲ့ ပတ်သက်လာရင်တော့ ကိုယ်တွေ တတ်နိုင်တာ တစ်ခုပဲ ရှိတယ်။ တစ်မတ်စေ့လေးတစ်စေ့လောက်တော့ လိုလိုမယ်မယ် ဆောင်ထားဗျာ။ မတော် အရေးရယ် အကြောင်းရယ်ရှိလို့ လွတ်လမ်းမမြင် ၊ ကူသူကယ်သူဝေးရင် ကြိုကြိုတင်တင် ငုံသာထားလိုက်တော့။ ဟိုဘက်ရောက်ရင် လှေဖိုးပေးရဦးမှာ။

 Soe Min

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...