Friday, September 13, 2013

((((( ၀ိရောဓိ သံစဉ်များ....)))))



ရေကန်လေးတစ်ခုရဲ့ နံဘေးမှာ ထိုင်ရင်း စဉ်းစားစရာလေးတွေ တွေ့ရတယ်...။
ရေကန်ထဲမှာ ကြာပန်းလေးတွေလည်းပေါက်ရောက်နေကြတယ်....။
ရေမြက်ရိုင်းတွေလည်း ရေကြည်ကြည်အောက်မှာ ပေါက်ရောက်နေကြတယ်....။
ဗေဒါပန်းလေး တစ်ချို့ကလည်း ကမ်းစပ်နဲ့ မနီးမဝေးမှာပေါ့..။



ကန်စွန်းနွယ်လေးတွေလည်း ရေပေါ်မှာ ဟို သည် နွဲ့နှောင်းရင်း အရိုင်းသီချင်းလေးနဲ့ ကနေသလိုလို.....။

ကြာပန်းလေးတွေကိုတော့ ဘုရားတင်ချင်လည်းတင်..
ပန်ချင်လည်း ပန်..

နောက် ကြာရိုး ကြာစွယ်တွေကိုလည်း စားသုံးကြပေါ့၊

အလှဆင်ချင်လည်း ဆင်လို့ရတယ်၊
အိမ်ရှေ့မှာ ပန်းအိုးကြီးတွေနဲ့ စိုက်ချင်လည်းစိုက်၊
နောက်ဆုံး. ကြာသင်္ကန်းအထိ ရက်လုပ်ပြီး ပူဇော်နိုင်ကြပါတယ်.....။

ဗေဒါပန်းကလေးတွေ....
သူတို့ကျတော့ ဘာအသုံးဝင်မှန်း မသိပေမဲ့ ဗေဒါရဲ့ ဘ၀ကို စာဆိုတော်ကြီးတွေက ထူထပ်သိပ်သည်းစွာ ရှုမြင် ရေးဖွဲ့ခဲ့ကြလို့.. လောကဓံကို ရင်ဆိုင်ဖို့ အကောင်းဆုံး ပြယုဂ်လေး ဖြစ်လာတယ်...။

ဒါပေမဲ့ အနံ့ အသက်နဲ့ အလှဆင်ပန်းကလေးတော့ မဟုတ်ပေဘူးလေ.....။

မြက်ရိုင်းတွေ...
ရေကန်ပတ်လည်မှာရော...
ရေကန်မျက်နှာပြင်မှာရော.....
အစပ်မှာရော.... သူ့သဘောသူဆောင်ပြီးပေါက်ရောက်နေကြတယ်၊

ရေကန်ထဲမှာ ရေဆင်းကူးကြရင်လည်း ဒီရေမြက်တွေရဲ့ ရစ်ပတ်မှု ခံရရင် ရေနစ်တတ်ကြတယ်...

တဖြည်းဖြည်းနဲ့သူတို့ နေရာချဲ့ ထွင်လာတဲ့ အခါမှာ ကြာပန်းလေးတွေရော..
ဗေဒါပင်လေးတွေရော နေရာပျောက်ပြီး နောက်ဆုံးမှာ ရေကန်ကြီးတောင် တိမ်ကော သွားရမယ့် အဖြစ်ပါပဲ......။

အဲဒီထဲမှာ ထူးခြားတဲ့ အပင်လေးတစ်ချို့ တွေ့ရတယ်..... ကန်းစွန်းနွယ်လေးတွေလေ...။

ဒီ ကန်စွန်းလေးတွေက လူသားတွေအတွက် အဟာရဓါတ်ကိုဖြစ်စေတယ်...... ဗီတာမင်ကြွယ်ဝတယ်.....
ကြော်ပြီးတော့ပဲ ဖြစ်ဖြစ်၊
အချဉ်ရည်လေး ချက်ပြီးတော့ပဲ ဖြစ်ဖြစ် ဟင်းတစ်ခွက်အဖြစ် စားသုံးနိုင်ကြတယ်လေ...။

မလှဘူးလို့လည်း ပြောလို့ မရပြန်ဘူး......
ရေပေါ်မှာ ရှပ်တိုက်ပြီး သူ့ရဲ့ အညွန့်လေးတွေကို ဖြန့်ကျက်ထားတာ.....
ပြီးတော့ အရွက်နုလေးတွေကနေ အရွက်ရင့်ရင့်တွေ ဖြစ်စေတယ်....
အရိုးတံ စိမ်းစိမ်းကနေ အနီရောင်လေးတွေ သန်းလာစေတယ်.....
အဆစ်တွေကနေ အမြစ်လေးတွေ ဆက်ထွက်ပြီး အခက်ကလေးတွေ ထပ်ဖြာ နေတာကို ရေကြည်ကြည်ရဲ့ အရိပ်နဲ့ ကြည့်ရတာလည်း တိတိကျကျနဲ့ သပ်သပ်ရပ်ရပ် လှပစေတယ်လေ.......

လူသားနဲ့ သက်ရှိတွေကို အကျိုး အပြုနိုင်ဆုံး...
နောက်ပြီး အဆိပ်အတောက်တွေကိုတောင် ပြေစေနိုင်တဲ့...

ရေကန်ကြီး တစ်ခုလုံးမှာ အသုံးအတည့်ဆုံးနဲ့ အန္တရာယ် အကင်းဆုံးဖြစ်တဲ့ ဒီကန်စွန်းနွယ်လေးတွေကို ဘာကြောင့်များ လူတွေက.. တန်ဘိုးမထားကြပါလိမ့်လို့...

ဆက်တွေးရင်းနဲ့ ကန်စွန်းနွယ်လေးတွေနဲ့ လူ့သဘာဝကို ဆက်စပ် စဉ်းစားနေမိတယ်....

လူတွေမှာရော...
လူတွေလည်း ဒီ အတိုင်းပါပဲ.....
ကြာပန်းလေးလို တန်ဘိုးမြင့်ရင်မြင့်၊ မမြင့်ရင်လည်း ဗေဒါလေးလို ကြံကြံဖန်ဖန် စံပြုခံ....

ဒီလိုမှ မဟုတ်ရင်လည်း... မြက်ရိုင်းတွေလို ဖုံးလွှမ်းဖို့ကြိုးစားပေါ့....... ဒါဆိုရင် သတိထားမိကြတယ်လို့...

ကန်စွန်းရွက်လေးတွေလို အသိအမှတ်ပြု မခံရပဲ တန်ကြေးနည်းနည်းနဲ့ အေးအေးလူလူ မတောက်မပ နေခဲ့လျှင်..... ကန်စွန်းရွက်လေးလိုပဲ သဘောထားတတ်ကြတယ်လို့ မြင်လာမိခဲ့တယ်....။

ကိုယ်ချင်းစာတာလား.....
သနားတာလား မသိပေမဲ့....
ကန်စွန်းနွယ်လေး အပေါ်မှာ ကရုဏာ စိတ်ကလေးဖြစ်ခဲ့မိတယ်....။

တစ်ခုလည်း ဖြေတွေးလေး တွေးလိုက်မိပါသေးတယ်... ကန်စွန်းရွက်ရောင်းစားနေရတဲ့ မိသားစုတွေကတော့ ကြာပန်းလေးထက်ပိုပြီး တန်ဘိုးထားကြလိမ့်မယ်လို့လေ.......။

ကန်စွန်းနွယ်လေးကနေ ဆက်စပ်စဉ်းစားရင်း တကယ်တော့ ဘာမဆို သူ့နေရာနဲ့သူ တန်ဘိုးရှိနေကြတယ်ဆိုတာ စဉ်းစားရင်းနဲ့ သိလိုက်ရတယ် ........။

`` ကန်စွန်းနွယ်လေးရေ အားမငယ်နဲ့နော်။ မင်းဟာ... လူသားတွေ အတွက်ရော၊ တိရိစ္ဆာန်တွေအတွက်ပါတန်ဘိုးရှိယုံမျှ မက..... ကန်ရေပြင်ထဲမှာလည်း တကယ်ကို အေးချမ်းစွာ လှပနေပါတယ်´´ လို့....... ။


ကျွန်တော် တစ်ယောက်ထဲ ကန်းစွန်းနွယ်လေးကို ပြောလိုက်မိတယ် ထင်ပါတယ်။ တိုးတိုးလေးပေါ့.....။

(ကွန်ဆူးမား)(၁၂-၉-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...