Tuesday, September 3, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၅)

September 1, 2013 at 8:38pm
ကျနော်နဲ့ ဂီတသူရဲကောင်းများ (၅)

သီရိဆောင်ပွဲနေ့ကျတော့ ကိုစိုးပိုင်ကို ကျနော်တယောက်ထဲ သူ့အိမ်သွားခေါ်ရတယ်၊ သူ့အိမ်ရောက်တော့ ခဏစောင့်ပါအုန်း..ကိုယ်နဲနဲတင်လိုက်အုန်းမယ် ဆိုလို့ ခဏထိုင်စောင့်ရတယ်၊ ခဏနေတော့ ချာတိတ်တယောက်က ပုလင်းလာပေးတယ်၊ ကျနော်တို့ခေတ်က BE ပေါ့ဗျာ တပိုင်းထဲပါ၊
မင်းကော ချအုန်းမလားလို့မေးတော့ ကိုစိုးပိုင်ပဲချပါဗျာ လို့ပဲပြောလိုက်ပြီးသူ့ကို ကျနော်ကြည့်နေလိုက်တယ်၊ ဘီအီးတပိုင်းကို ပဲလှော်လေးဝါးနေတဲ့ကိုစိုးပိုင်၊ အပေါ်အဖြူ၊ အောက်က ဘောင်းဘီကလဲအဖြူ၊ ကုတ်အင်္ကျီကလဲ အဖြူ...
အိုကေ..သွားကြစို့ ဆိုပြီး ကျနော်ငှားလာတဲ့ လေးဘီးရှေ့ခန်းမှာသူ့ကို  ထိုင်ခိုင်းပြီး ကျနော်က နောက်က သီရိဆောင်ကိုချီတက်ကြတယ်၊ အဆောင်ရှေ့ရောက်တော့ သီရိဆောင်သူပျိုပျိုချောများက ကြိုလို့စောင့်လို့ ..ဟယ် ကိုစိုးပိုင်လာပြီ....ဆိုပြီးဝိုင်းကြိုကြတယ်၊ ဒါပေမဲ့ ကိုစိုးပိုင်က ကျနော့အနားကပ်ပြီး ကိုယ် အပေါ့သွားချင်တယ် လို့ပြောလာတယ်၊ ခုနက သောက်ထားတာတွေ ရွှေပြွန်ကသွန်တော့မယ်လေ..ဒါနဲ့ အကြိုတော်တွေကို အိမ်သာလိုက်ပို့ခိုင်းလိုက်ရတယ်၊ အဲဒီညက ကိုစိုးပိုင် သီချင်း ၆ပုဒ် မနားတန်းဆိုသွားခဲ့တယ်၊ ကျန်တဲ့အဆိုတော်တွေမှတ်မိတာဆိုရင် မေခလာ၊ ဟေမာနေဝင်း၊ ကံ့ကော်တောမျိုးအောင်။
အဆာင်ကကျူတာ မမချိုကိုကျနော်ကြိုပြောထားလို့ ကိုစိုးပိုင်အတွက်လက်ဆောင်အပြင် သူ့ဇနီး မညိုအတွက်ချိတ်ထမီတထည်လက်ဆောင်ပေးလိုက်ကြပါတယ်၊ ကျနော့်အတွက်က ၅ ကျပ်တန် လက်ကိုင်ပဝါ ၁ ထည်၊ ဒါပေမဲ့ ကျနော်ဝတ်ထားတာက ဂျင်းဘောင်းဘီနဲ့ အဲဒီခေတ်က ခေတ်စားတဲ့ catalogue shoes လည်ရှည်နဲ့ ပေါ့ဗျာ၊ သီရိဆောင် Fan Fair တုန်းက မရွှေချောတို့ ကောင်းမှုနဲ့ ရတဲ့ ဘတ်ထားတဲ့ပိုက်ဆံနဲ့ ဝယ်ထားတာလေ...။

ကြားဖြတ်ပြီး မိုးကျော်အကြောင်း ရှင်းပြချင်ပါတယ်၊ မိုးကျော် မွန်းအောင်ဆီမှာသွားနေတယ်ဆိုတာမဟုတ်ခဲ့ပါဘူး၊ မိုးကျော်က ညဘက်အဆောင်မှာဂစ်တာတီးပြီးရင် မွန်းအောင်ရဲ့သူငယ်ချင်း နော်ဂျာ နေတဲ့ ပညာရေးတက္ကသိုလ်ဝင်းထဲက နဝဒေးအမျိုးသားအဆောင်မှာ သွားသွားအိပ်တတ်တယ်၊ သူအနေများခဲ့တာက ရန်ကုန်တက္ကသိုလ်ဝင်းထဲက judson ဘုရားရှိခိုးကျောင်းနားက ဆရာအိမ်တအိမ်ဖြစ်တဲ့ အာသာကိုလေး တို့အိမ်ပါ၊ အာသာကိုလေးရဲ့ သားတွေဖြစ်တဲ့ ကိုကို၊ ညီညီတို့နဲ့ သွားနေခဲ့တာပါ။
နောက်တချက်ကျနော်ပြန်ရှင်းချင်တာက ကျနော်ရေးတဲ့ထဲမှာ မွန်းအောင် ရဲ့ သူငယ်ချင်း Bass ဂစ်တာ သမား ဂွတို ဟာ ဗိုလ်ချုပ်ဂွမ်မော် လို့ ရေးခဲ့မိတဲ့ကိစ္စပါ၊ တကယ်တော့ မဟုတ်ပါ၊ KIA G-1 R ခေါင်လွမ်း ဖြစ်ပါတယ်ဆိုတာ ပြန်ပြင်ပါရစေ၊ ကျနော့အမှားပါ (လေးစားစွာနဲ့ တောင်းပန်ပါတယ်)။

မွန်းအောင်နဲ့ကိုရဲတို့ စတွေ့ခဲ့ကြတာက အင်းစိန်မှာနေတဲ့ အဆိုတော် ဂျမ်ဘို့ အိမ်မှာ၊ ဂျမ်ဘို ဆိုတာက စိုင်းထီးဆိုင်ရဲ့ စတ္တဇအလွမ်းစီးရီးမှာ တွဲဆိုခဲ့သူပါ၊ အရင်တခါနေလာခဲ့တဲ့ဘဝ ကို ပြန်နေချင်သေးတယ် ဆိုတဲ့ ဂျမ်ဘို။

မိုးကျော်အဆောင်တွေမှာ ညဘက် ဂစ်တာလာလာတီးတဲ့အခါ တခါတလေကျ Ground Sheet အခင်းနဲ့ ရေနွေးဘူးနဲ့ လာတတ်တယ်၊ သူအမြဲဆိုနေကြက တေးမြံငှက်၊ နောက်တပုဒ်က ကော်ပီသီချင်း မှတ်မိတဲ့စားသားတွေက နေညိုချိန်မှာ ရေးခပ်ဆင်းတဲ့ တောဓလေ့ဟာ၊ ပုလွေသံရှည် ရေတွင်းနားမှာဝေ၊
လပြည့်ညမှာ စကားဝိုင်းဖွဲ့ကာ အကြမ်းအိုးလေးနဲ့ ပျော်ရွှင်စရာ.......

 သူနဲ့ကျနော်စာမေးပွဲ ကျခဲ့ကြပေမဲ့ စာပေးစာယူပြောင်းတက်ကြမယ်ဆိုပြီးတိုင်ပင်ခဲ့ကြသေးတယ်၊ ဘိုတင့် (ရာပြည့်) အသံသွင်းတဲ့ မေ စတူဒီယိုမှာ ကြယ်ကြွေချိန်အခွေအပြီးနောက်တခွေ (ခွေနံမည်မမှတ်မိဘူး) သွင်းတော့ ကျနော်တို့ ကိုရဲ၊ ကိုမောင်၊ ကိုနေဝင်းအတူရှိကြတယ်၊ အဲဒီအခွေမှာ သီချင်းအချို့က ကိုမောင့်သီချင်းတွေ ပန်းဇာတ်သိမ်း အပါအဝင်ပေါ့၊ ဟာမိုနီ ဆိုအလှည့်ရောက်တော့ ကျနော်တို့ သူငယ်ချင်းအားလုံး Vocal ခန်းထဲဝင်ပြီးဝိုင်းအော်လိုက်ကြတာ အသံဖမ်းနေတဲ့ ကိုရဲခေါင် တော့စိတ်ညစ်မှာပဲလို့ ခုမှ ပြန်တွေးမိတယ်၊ တကယ်တော့ သူအသံမဖမ်းခဲ့ပါဘူး၊ တယောက်တပေါက် ကောင်းကောင်းနဲ့ ဝိုင်းအော်နေကြတာကိုး၊ ခဏနားတဲ့အချိန်ကျတော့ အသံသွင်းခန်းမအပြင် ခြံထဲမှာ ကိုဗစ် (ကိုဇာလျမ်း)၊ Drumer အော်စကာသန်းတင်တို့ မိုးကျော်တို့ ကက်ဆက်ဖွင့်ပြီး သီချင်းတွေနားထောင်နေကြတယ်၊ (အဲဒီခေတ်က ကက်ဆက်ခေတ်ကိုး)၊ သူတို့ တဝိုင်းထဲ အတူတီးနေကြပေမဲ့ အကြောင်းကိစ္စမရှိရင် တယောက်နဲ့တယောက်သိပ်စကားမပြောကြဘူး၊ ကိုယ့် အတွေးနဲ့ကိုယ်ပဲနေကြတာ၊ ခဏနေတော့ ကိုရဲခေါင်ကလှမ်းမေးတယ်၊ အတီးပိုင်းမှာ ဘယ်သူတွေ ဘာတွေထပ်ဖြည့်ချင်ကြသေးလဲ တဲ့၊ အဲဒီမှာ မိုးကျော်က ကျနော်ထပ်လိုက်ချင်သေးတယ်ဆိုလို့ ကျနော်ပါ မိုးကျော်နဲ့ အတီးခန်းထဲသူတီးတာ လိုက်နားထောင်တယ်၊ မိုးကျော်က အဲဒီတုန်းက Second Lead တီးတာ၊ Lead တီးတာက ပက်ထရစ်၊ မိုးကျော်က သူ့ ဂစ်တာနဲ့ သူလိုမယ်ထင်တဲ့နေရာတွေမှာ Slide လိုက်ဖြည့်တာ။

၁၉၈ဝ မှာ ကျနော်တို့ ဒေသကောလိပ် အမှတ်(၂) မှာပန်းချီပြပွဲလုပ်ကြတယ်၊ ကျောင်းပြပွဲပေါ့၊ ကျနော်ရယ်၊ လူရွှင်တော်ပိန်ပိန် (ခေါ်) အောင်ကျော်ဦး (စိန်ဂျွန်း) သူကတော့ကျောင်းမဂ္ဂဇင်းမှာနံမည်ကြီးပေါ့၊ ဓါတ်ပုံဒီဇိုင်းတွေလုပ်ပြီး သူ့နံမည် ဂျွန်းကို ဂျွမ်းထိုးသလို လှိမ့်ထိုးသွားတာ၊ နောက် ဝင်းနိုင်ဗိုလ်၊ နောက်တယောက်က ကျော်ဝင်း (အရင်က ရုပ်ရှင်မင်းသား၊ ခု အသုဘမင်းသားလုပ်နေတဲ့ ပြည်သူ့အချစ်တော် ကျော်သူ အဲဒီတုန်းက မင်းသားကျော်သူရယ်လို့မဖြစ်သေးဘူး)၊ အမှတ်တရအုပ်စုလိုက်ဓါတ်ပုံကတော့ RC2 နှစ်လည်မဂ္ဂဇင်းမှာပါပါတယ်၊ ပြပွဲအတွက်ပုံရေးဘို့ ဘာရေးရမှန်းမသိဖြစ်နေချိန်၊ ကိုရဲနဲ့ အင်ကြင်းဆောင်နောက်မှာ မိုးရွာကြီးထဲ ဂစ်တာတီးခဲ့ကြတာကို သတိရပြီး ကိုရဲကို ဂစ်တာပေးမကိုင်ပဲ တယျော ထိုးနေတဲ့ပုံ မှင်လိုင်းရေမျော ရေးဖြစ်ခဲ့တယ်၊ နောက်တပုံက သူငယ်ချင်း စပ်ဆိုင်စီရီကစ် (ငကစ်) ရဲ့အမေ ဆရာမ စပ်ခေမာဝတီ (ရင်းနှီးတဲ့သူငယ်ချင်းတွေက မာမီလို့ ခေါ်ကြတယ်) ရဲ့ မင်္ဂလာဆောင်တုန်းက သတို့သမီးပုံကို ခဲခြစ်ရေးပြီးတင်ခဲ့တယ်၊ ကိုရဲပုံ ပန်းချီကားကို အီတလီသံအမတ်ကဝယ်သွားတယ်၊  ကျပ် ၁ဝဝ နဲ့ စပ်ဆိုင်အမေပုံကို ဝယ်ပါရစေဆိုတော့ ဒါရောင်းဘို့မဟုတ်ပါဘူး၊ ကာယကံရှင်ကို အမှတ်တရလက်ဆောင်ပေးဘို့ပါဆိုပြီး မရောင်းခဲ့ပါ၊



ကိုရဲကိုတခါတလေ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမကို ကျနော်ခေါ် ခေါ်သွားတယ်၊ Eco Canteen က ကိုအောင်ရင့်လ္ဘက်ရည်ဆိုင်မှာထိုင်ရင်း ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပန်းချီ ကေမြိုး နဲ့မိတ်ဆက်ပေးခဲ့တယ်၊ ကေမြိုးက ကဗျာလည်းရေးတတ်တယ်လေ၊ ကေမြိုးဆိုလို့ ဘာလို့ရရစ်နဲ့မြိုးတာလဲလို့ မေးလာသူတိုင်းကို ရ ရင်ရစ်တတ်လို့ ရရစ်နဲ့မြိုးထားတာလို့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို ကျနော်ပြောနေ နောက်နေကြ၊ (လွမ်းပါတယ်ကိုကေမြိုးရေ...)

ကေမြိုးရေးတဲ့ကဗျာ အိပ်မက်မှ နှင်းဆီ ဆိုတာကို ကိုရဲက သံစဉ်သွင်းပေးတယ်၊ မွန်းအောင်ဆိုခဲ့တယ်၊ အဲဒီသီချင်း သံစဉ်သွင်းပြီးစ တုန်းက ကေမြိုး တော်တော်မြူးနေတာပြန်မြင်မိတယ်၊ ကျနော်တို့က စ တာပေါ့၊ ကိုရဲက ခင်ဗျားကဗျာကို သံစဉ်နဲ့လိုက်အောင် Edit လုပ်ရင်း လုပ်ရင်း နောက်ဆုံးကျတော့ ခင်ဗျားရေးတာဆိုလို့ ခေါင်းစဉ်ပဲကျန်တော့တယ်လို့ ပြောတော့၊ ငါ....မသားတွေတဲ့....
နောက် သူ့သီချင်းကို ကျနော်တို့က အိပ်မက်မှ ဘောင်းဘီ ဆိုပြီးပြောင်းဆိုကြတယ်၊
ဘောင်းဘီအသစ်သည် စုတ်ပြဲခဲ့ပြီ၊ ဝေးခဲ့ရပြီ မောင့်ဘောင်းဘီ၊ သြော် ..အိပ်မက်မှ ဘောင်းဘီရေ..မောင့်အိပ်မက်မှ ဘောင်းဘီရေ....

သူ့သီချင်းကောင်းကြောင်းမြှောက်ပေးလိုက်ကြတာ၊ မောင်ကေမြိုးရွှေဘောတော်တွေကျကျနဲ့ ကျနော်တို့ကို အရက် ရက်တော်တော်ကြာကြာတိုက်သွားခဲ့ပါသေးတယ်.....(ကမာရွတ် ဘူတာရုံလမ်းက BE အဖြူဘုံဆိုင်မှာ)

တရက် စမ်းချေင်းထဲက ကိုရဲမိတ်ဆွေတယောက်အိမ်သွားရှာကြတော့ ကိုရဲ အိမ်နံပါတ်ဘယ်လောက်လဲ လို့မေးတော့..ခြောက်ခြားတဲ့နံပါတ်တဲ့၊ ကျနော်ကတော့ သူပြောတဲ့နံပါတ် တန်းသိတာပေါ့၊ ကိုရဲက ခေတ်မီတာမဟုတ်ဘူး၊ ခေတ်ကိုကျော်နေတာ၊ အဲဒီတုန်းက သူပြောတဲ့ ဘန်းစကား ဘယ်သူမှ လိုက်မပြောနိုင်ကြဘူး....ဥပမာ ကိုရဲ ဘယ်က လာတာလဲလို့ မေးလိုက် သူပြန်ဖြေတာက အိမ်က ဆင်းလာတာတဲ့၊ သူပြောတာက အင်းစိန်က လာတာ.........

(မင်းကျော်ခိုင်)
ဆက်ပါဦးမည်

အိပ်မက်မှ နှင်းဆီ သီချင်းစာသားရှိတဲ့သူများ တင်ပေးစေချင်ပါတယ်၊ ကျနော့်မှာမရှိလို့ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...