Monday, September 23, 2013

အင်ဖက်ခေါင်မိုးအောက်က ဝိုးတဝါး အိပ်မက်များ (၃)

September 21, 2013 at 10:30pm



အမိမြေကို ခွဲခွာခြင်း
ထိုင်း-မြန်မာ  ချစ်ကြည်ရေးတံတား အလယ်ဗဟိုတည့်တည့်လောက် အရောက်မှာ ခဏတာရပ်နားလိုက်ပြီး တံတားဘောင် အင်္ဂတေအကာအရံကိုကျော်၍  သောင်ရင်းမြစ်ရေပြင်ပေါ်သို့ ကိုမိုးသောက် ငေး စိုက်ကြည့် နေမိသည်။ သူ့အသိအာရုံမှာ ပထဝီပိုင်နက်နယ်မြေနှစ်ခုကို ပိုင်းခြားထားသည့် နယ်နိမိတ် စည်းကြောင်းပေါ် ရောက်နေပြီလားဟု ခံစားနေမိသည်။


မြစ်တဖက်တချက်စီမှာရှိနေသည့် ပုံရိပ်တွေကွာခြားနေတာကို သတိပြုမိလိုက်သည်။ ရှေ့ကိုနည်းနည်းဆက် လျှောက်လိုက်လျှင် ထိုင်းမြေကို စတင်ခြေနင်းရတော့မည်။ နောက်မှာကျန်ခဲ့သည့်  မြဝတီ မြို့ကလေးကို လှည့်ပြန်ကြည့်လိုက်တော့ နွမ်းလျလျမျက်ဝန်းနဲ့ နှုတ်ဆက်နေတဲ့ဟန်။ 

အကြင်နာကင်းသော ပထွေးယုတ်ကို စိတ်နာလွန်းသဖြင့် အိမ်ကထွက်ခဲ့သူတဦးပမာ နွေးထွေးသော မိခင်ရင်ခွင်နှင့် တကယ်တမ်း ဝေးရတော့မည်ကို သိရချိန်ဝယ်.. အိမ်ကလေးကို တဝဲလည်လည် နောက်ဆံငင်သလို ရှိနေပြန်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ပြန်လှည့်ရန် လုံးဝမဖြစ်နိုင်သော အခြေအနေ တရပ်မှာ ရှေ့ဆက်တိုးဖို့သာ အားတင်းရတော့၏။

ဒီနေရာကို ရောက်လာဖို့ အန္တရာယ်အသွယ်သွယ်ကို သက်စွန့်ဆံဖျား ကျော်ဖြတ်လာခဲ့ရသည် မဟုတ်သည့် တိုင် ဖြောင့်ဖြူးချောမွေ့သည်ဟုလည်း မဆိုသာ။ မရောက်ဖူးသောဒေသ မသွားဖူးသော လမ်းခရီးကို ထွက်ခဲ့ ရာဝယ် ဆင်ဆင်ခြင်ခြင် သတိထားဆက်ဆံသည့်ကြားက စိတ်အနှောက်အယှက်ဖြစ်စရာတွေနှင့် ကြုံခဲ့ရ၏။ ခရီးတလျှောက်ကြုံတွေ့ရနိုင်သည့် အတားအဆီး အခက်အခဲများအကြောင်း ထိုက်သင့်သမျှ ကြိုတင်စုံစမ်း ထားသည့်အလျောက် ကြုံလာသမျှကို ပြေပြေလည်လည်ဖြစ်အောင် လိုက်လျောဆက်ဆံခဲ့သော်လည်း တနေရာ အရောက်မှာတော့ ရှေ့ဆက်တိုးမရအောင် အကျပ်တွေ့သွား၏။

ကရင်ပြည်နယ် ကော့ကရိတ်မြို့အဝင် လှိုင်ဝ ဂိတ်ရောက်လျှင် ကားပေါ်မှာပါသည့် ခရီးသည်အားလုံး ဆင်းကာ လမ်းလျှောက်ကြရသည်။ ဂိတ်အလွန် ရောက်မှ ကားပေါ်ပြန်တက်ရ၏။ လမ်းလျှောက်နေတုန်း လဝကဝန်ထမ်း တဦးအနားကပ်လာပြီး မှတ်ပုံတင်စစ်သဖြင့် ထုတ်ပြလိုက်ရာ ကိုမိုးသောက် လက်ထဲက မှတ်ပုံတင်ကဒ်ပြားကို ဆတ်ခနဲဆွဲယူလိုက်ပြီး ‘တထောင်နဲ့လာရွေးရမယ်’ ဟုပြောသည်။ ချက်ချင်းငွေထုတ်ပေးသော်လည်း လက်မခံ လမ်းဘေးက ဂိတ်တဲကို လက်ညှိုးညွှန်ပြကာ ထိုနေရာတွင် လာရွေးရန်ပြော၏။ အခြား ခရီးသည် ၃ ဦးထံမှ လည်း အလားတူသိမ်းဆည်းထားတာကို တွေ့လိုက်ရသည်။ သို့နှင့် ကားပေါ်တက်ခါနီး စပယ်ယာနားကပ်၍ မှတ်ပုံတင် ပြန်ရွေးဖို့ကိစ္စ ခပ်တိုးတိုးတိုင်ပင်ကြည့်တော့ တလမ်းလုံး မူးလာသူ စပယ်ယာက ‘ဘယ်သူက ပိုက်ဆံတောင်းလဲ.. ဘာမှ ပေးစရာမလိုဘူး.. အားလုံးကားပေါ်တက်’ ဟု အမိန့်သံလိုလို အော်ကြီးဟစ်ကျယ် ပြောဆိုနေရာ ခပ်လှမ်းလှမ်းမှ တပ်ကြပ်ကြီး တဦးရောက်လာပြီး လဝကဝန်ထမ်းနှင့် တီးတိုးပြောဆိုကာ စပယ်ယာကို ရစ်တော့သည်။ ‘ဟေ့ စပယ်ယာ … ဘယ်သူကမှ ငွေမတောင်းပါဘူးကွာ.. ပေးစရာလည်း မလိုပါဘူး.. မင်းခရီးသည်တွေ အကုန်တင်ပြီး မောင်းသွားလို့ရပြီ.. အပြန်ကျမှ မင်းနဲ့ငါတို့ တွေ့ကြတာပေါ့’ တဲ့။

ထိုအခါမှ စပယ်ယာ မျက်ကလဲဆန်ပြာဖြစ်သွားပြီး အမူးအမော်ပြေ ကြောက်ဒူးတုန်နေ၏။ ဖြစ်သွားသော အခြေအနေကို ကြားခံဖြေရှင်းမပေးရဲတော့။ ဒီကြားထဲ ထိုခရီးကို မကြာခဏသွားဖူးပြီး လမ်းကြောအထာနပ်နေ ပုံရသည့် ခရီးသွားလူငယ်တဦးက ငွေတထောင်တောင်းသည်ကို ငါးရာနှင့်ဈေးဆစ်နေပြန်ရာ လေးယောက်လုံး ကားပေါ်မှ ဆွဲချခံလိုက်ရသည်။ သူတို့စီးနင်းလာသော ကားကြီးကတော့ လက်ပြနှုတ်ဆက်ဖော်ပင်မရ၊ သူတို့ကို ထားရစ်ကာ ခရီးဆက်သွားလေ၏။

ဂိတ်တဲနောက်မှ ဇရပ်လိုလိုအဆောင်လေးထဲမှာ ထိုင်ရင်း ကိုမိုးသောက် ခရီးဘယ်လိုဆက်ရမည် ကြံရာမရ ဖြစ်နေသည်။ သူတို့နားသို့ ဂိတ်စစ်ဆေးရေး အဖွဲ့ဝင်ထဲမှ ဒုရဲအုပ်တဦး ရောက်လာကာ စောင်းပါးရိပ်ခြေစကား ဆိုသံကြားလိုက်ရသည်။ ‘တနေ့ တနေ့ လူတွေထောင်သောင်းချီပြီး သွားနေတဲ့အထဲ ဒီမှာ ဆွဲချခံရတဲ့ လူ ၁၀ ဦး ကတော့ ကံထူးရှင်တွေပဲ..’ ဟုဆိုပြန်သည်။ နောက်မှသိရသည်မှာ မြဝတီဘက်သို့ ယာဉ်ကြောအတက် နေ့တိုင်း လှိုင်ဝဂိတ်တွင် ခရီးသည် ၁၀ ဦး မဖြစ်မနေ အဖမ်းပြရသည် တဲ့။ နောက်ဝင်လာသော ကားများမှ လည်း ၂ ဦးစီ၊ ၃ ဦးစီ ဆိုသလို ထပ်မံ ဆွဲချခေါ်ဆောင်ထားရာ နေ့လည် ၁၁ နာရီခန့်တွင် အဆောင်တွင်း၌ ခရီးသည် ၁၂ ဦး ရောက်ရှိနေပေပြီ။

ခဏအကြာ ပုခုံးပေါ် ကြယ်နှစ်ပွင့်တပ်ထားသော စစ်တပ်အရာရှိ လူငယ်တဦး ကိုမိုးသောက်ရှိရာ လျှောက် လာပြီး ‘ခင်ဗျားက ဘယ်သွားမှာလဲ’ ဟုမေးရာ ‘မြဝတီမှာ နေတဲ့ ဦးလေးဆီ အလည်သွားမလို့’ ပြန်ဖြေလိုက် တော့ ‘အေးဗျာ သူတို့ခေါ်ထားပြီးသားကို ကျနော်က ပြန်လွှတ်ပေးလို့မကောင်းဘူးဗျ.. ဒီမှာက အဖွဲ့စုံ တာဝန် ကျတာ ဆိုတော့ ကျနော့် တဦးတည်းသဘောအတိုင်း လုပ်ဖို့မလွယ်ဘူး ဖြစ်နေတယ်.. ခင်ဗျားပုံကြည့်ရတာ ရိုးရိုးအေးအေး ဖြစ်မယ်ထင်လို့ မေးတာပါ’ တဲ့။

ကိုမိုးသောက် ကားပေါ်မှဆင်းကာ လမ်းလျှောက်လာစဉ်က လည်း ထိုအရာရှိမှ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်ကာ ‘စစ်သားလား’ ဟု မေးလိုက်သည်ကို သတိထားမိသည်။ ဘယ်အချက်ကို ပုံရိပ်ဖမ်း၍ မေးသည် မပြောတတ်။ ‘ဘူး’ ခါ ငြင်းလိုက်၏။ သတိပြုမိသည်က ထိုဂိတ်မှာ လူတွင်ကျယ်ဖြစ်နေသူတွေဟာ လဝက ဝန်ထမ်းများနှင့် စစ်တပ်မှ ဆရာကြီးများ ဖြစ်ပုံရသည်။ ရောက်လာသမျှ ကားတွေကို သူတို့ကသာ နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးနေတာ တွေ့ရ၏။ ကိုမိုးသောက် စိတ်ထဲမှာတော့ ဆရာမနိုင် နှစ်ဆောင်ပြိုင် ဇာတ်လမ်း ထဲမှာ ကိုမိုးသောက်တို့ ချောင်ပိတ်မိလေပြီ။

 ညနေ ၅ နာရီခန့်တွင် ဂိတ်တဲရှေ့သို့ ဟိုင်းလတ်ကားတစီး ထိုးဆိုက်လာပြီး ကိုမိုးသောက် တို့အဖွဲ့အား ကားပေါ် တက်ရန် ပြောဆိုသည်။ မိုးသဲသဲကြားထဲ ဘားအံဘက်သို့ ဦးတည်မောင်းနှင်လာသော ကားပေါ်မှာ ဘယ်ကို ခေါ်ဆောင်သွားလေသနည်း ဝေခွဲမရသော အတွေးစိတ်၏ ခြောက်လှန့်မှုနှင့်အတူ ကျောပိုးအိတ် လေးကို ရင်ဝယ်ပိုက်ရင်း လိုက်ပါလာခဲ့ရသည်။ မိုးနှင့်အတူ လေပြင်းပါတိုက်ခတ်သောကြောင့် အမိုးဗလာ ကားပေါ်ရှိ လူအားလုံး ရွှဲရွှဲစိုကာ ခိုက်ခိုက်တုန်း ချမ်းနေကြသည်။ ဒီလိုမျိုး အတွေ့အကြုံရှိသူ တချို့ပြောပြ သဖြင့်အခုလိုလုပ်ခြင်းဟာ ဘားအံမြို့ရှိ လဝကရုံးကို ခေါ်သွားတာဖြစ်ပြီး ဟိုရောက်လျှင် ဓာတ်ပုံရိုက် ခံဝန်ကတိ လက်မှတ်ထိုးကာ ပြန်လွှတ် ပေးလေ့ ရှိကြောင်း  သိရသည်။ မည်သည့်ပြစ်မှုကို ကျူးလွန်ကြောင်း သက်သေ သက်ကာယရှိသဖြင့် ယင်းသို့ လုပ်ဆောင်ကြ လေသနည်း။ မတွေးတတ်အောင် ဖြစ်ရပြန်လေသည်။

ဟိုင်းလတ်ကားလေး ဘားအံမြို့အတွင်း ဝင်ရောက်လာတော့ ညနေ ၆ နာရီကျော်ကျော် မှောင်ရီပြိုးစအချိန် ဖြစ်နေပြီ။ သူတို့ပြောခဲ့သည့်အတိုင်းပင် လဝကရုံးရှေ့မှာ ကားရပ်လိုက်ပြီး အားလုံးကို ရုံးထဲသို့ ခေါ်ဆောင် သွားတော့၏။ လမ်းတလျှောက်လုံး မိလာသည့် အအေးဒဏ်ကြောင့် သူတို့ရဲ့ နှုတ်ခမ်းတွေ ပြာနှမ်းနေပြီး မေးတဆတ်ဆတ် တုန်နေသည်။ မိန်းခလေး အချို့က ကိုယ်မှာ ကပ်နေသော ရှန်သားအင်္ကျီပါးပါးတွေကြောင့် စိတ်မလုံမလဲ အနေရအထိုင်ရ ခက်နေဟန်တူသည်။ သဘက်လေးတွေထုတ်ကာ ခြုံထားကြ၏။ ခန်းမထဲမှာ ရှိနေသော ဝန်ထမ်းတွေက ရောက်လာသူတွေကို မျက်လုံးတချက်သာ ဝင့်ကြည့်ပြီး သူတို့နှင့် ဘာမျှမဆိုင်သလို ပဋိသန္ဓာရစကား တခွန်းမျှပင် ပြောဖော်မရ..  သူတို့ လုပ်လက်စအလုပ်ကိုသာ ဣနြေ္ဒမပျက် လုပ်နေလျက်။ 

၁၅ မိနစ်လောက် အကြာမှာ အသားနီစပ်စပ် လူတယောက် ခန်းမထဲသို့ ဝင်လာတာ တွေ့ရသည်။ သူက အားလုံးကို သူ့ရှေ့မှာ မတ်တပ်ရပ်စေကာ သူ့ကိုယ်သူ ခရိုင်လဝက ဦးစီးမှူးအဖြစ် မိတ်ဆက်သည်။ ပြီးတော့မှ ‘အားလုံး မိုးရေတွေရွှဲနေတာတော့ အားနာပါတယ်.. ခဏလေး သည်းခံပေးကြပါ..’ ဟု အစချီကာ ယခုလို ခေါ်ဆောင်လာရသည့်အတွက် စိတ်မကောင်းကြောင်း၊ သူတို့မှာလည်း အထက်ကပေးအပ်သော တာဝန်အရ ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တဖက်နိုင်ငံကို တရားမဝင်ကူးရောက်တော့မည့် ဆဲဆဲ.. မိမိနိုင်ငံသားများ  ဒုက္ခမရောက်စေရန် အချိန်မီကြိုတင်ကာကွယ် တားဆီးခြင်းသာ ဖြစ်ကြောင်း၊ (အမှန်မတော့ ကိုမိုးသောက်တို့ ဖမ်းဆီးခံရသည့်နေရာမှာ နယ်စပ်မဟုတ်.. မြန်မာပြည် နယ်နိမိတ်အတွင်းပိုင်း နယ်စပ်နှင့် မိုင် ၅၀ ခန့် အကွာလောက်တွင် ဖြစ်လေသည်) တဖက်နိုင်ငံတွင် ကြုံတွေ့ရနိုင်သော အန္တရာယ်အသွယ်သွယ်ကို ကြားဖူး ဖတ်ဖူးကြလိမ့်မည် ထင်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ စေတနာကို နားလည်စေလိုကြောင်းဖြင့် နာရီဝက်နီးပါး မိန့်ခွန်း ခြွေပြီးနောက် .. အစုလိုက် မှတ်တမ်းတင် ဓာတ်ပုံရိုက်၊ လက်ဗွေနှိပ်ယူကာ… သောင်ရင်းမြစ်ကမ်း တနေရာတွင် နယ်စပ်ဖြတ်ကူးစဉ် တာဝန်ရှိသူများက တားမြစ်ခေါ်ဆောင်ခြင်းခံရသည်မှာ မှန်ကန်ကြောင်းနှင့် မိမိတို့ရပ်ရွာ အသီးသီးသို့ အေးချမ်းစွာ ပြန်ကြပါမည် ဖြစ်ကြောင်း ဝန်ခံကတိ လက်မှတ် ရေးထိုးအပြီးတွင် ပြန်လွှတ် ပေးခဲ့လေသည်။

ညအမှောင်ကား ကြီးစိုးနေလေပြီ။ လဝကရုံးမှ လေးကန်သော ခြေလှမ်းများနှင့် ထွက်လာပြီးသည့်နောက် ဘယ်ဝယ်ဘယ်ဆီ ခရီးဆက်ရမှန်း မသိဖြစ်နေစဉ် အတူပါလာသော မြဝတီမြို့တွင် အလုပ်လုပ်နေသူတဦးနှင့် စကားစပ်မိရာက  ရွှေယဉ်မျှော်ဘုရားရင်ပြင်ပေါ်မှာ တညတာ တည်းခိုကြပြီး နောက်နေ့မနက် ခရီးဆက်ရန် အကြံပြုသဖြင့် သဘောတူလိုက်သည်။ သူက ပဲခူးမှာရှိသော မိသားစုထံ ငွေပြန်ပို့ရာက အပြန်လမ်းစရိတ်ကို ကွက်တိချန်ကာ မြဝတီမြို့သို့ ပြန်လာချိန်မှာ ယခုကဲ့သို့ ကြုံတွေ့ခြင်းဖြစ်လေသည်။ ကျနော်တို့နှင့်အတူ နောက်ထပ် ၃ ဦးရောက်လာပြီး အားလုံးပေါင်း ၅ ယောက်အုပ်စုဖြစ်လာသည်။ အိပ်ကပ်ထဲမှာ ပိုက်ဆံ အတော်နည်းနေပြီမို့ တည်းခိုခန်း တည်းမည်ဆိုပါက ခရီးဆက်ဖို့ လမ်းစရိတ် မလွယ်ကူနိုင်တော့။

ဘုရားရင်ပြင်တော်ပေါ် ရောက်တော့ ဘားအံနယ်တဝိုက် ရေမြုပ်ရေကြီးသဖြင့် ယာယီလာရောက်ခိုလှုံနေသော ဒေသခံ ရေဘေးဒုက္ခသည်များနှင့် ပြည့်နှက်နေလျက်။ ဒုက္ခဆိုသည်ကို မသိနားမလည်ရှာသေးသော ကလေးငယ်တချို့ ဘုရား ရင်ပြင်တော်ထက်မှာ ပြေးလွှားဆော့ကစားနေသော်လည်း သူတို့ မိဘများ၏ မျက်နှာပေါ်မှာ စိုးရိမ်သော ညှိုးနွမ်းမှု အရိပ်အယောင်တွေ အထင်းသားပေါ်လွင်နေ၏။  သူတို့နှင့် မလှမ်းမကမ်း နေရာလပ်တခုမှာ ကျောတခင်းစာ နေရာယူလျက် မြတ်ဗုဒ္ဓ၏ မေတ္တာတော်ရိပ်အောက် တညတာ ခိုလှုံ ဖြတ်သန်း လိုက်ရသည်။ ညသန်းခေါင် အချိန်လောက်ရှိတော့ ရပ်ကွက်အာဏာပိုင်အချို့နှင့် အရန်မီးသတ်များ ရောက်လာပြီး လူစိမ်းဖြစ်နေသည့် သူတို့အုပ်စုကို ဧည့်စာရင်း စစ်လေသည်။

ထိုနေ့ည တညလုံး တရေးတမှေးမျှပင် အိပ်စက်မရနိုင်ခဲ့။ အတွေးတို့ဖြင့်သာ ချာချာလည်ရင်း ဟိုလူးသည်လှိမ့် ဖြစ်နေသည်။ ကိုမိုးသောက်တို့နှင့် မလှမ်းမကမ်းတွင် အမျိုးသမီးကြီးတဦး ငုတ်တုတ်ထိုင်လျက် နံဘေးနားမှာ  အိပ်ပျော်နေသော ကလေးငယ်တို့ကို ယပ်ခပ်ပေးရင်း အခြားမိသားစုမှ အဖွားအိုတဦးနှင့် စကားလှမ်းပြောနေသံ ကြားရသည်။ သူတို့အဖြစ်က ရာသီဥတုဖောက်ပြန်မှုကြောင့် ဒီနှစ်စားဖို့ ဆန်၊စပါး ဘယ်ကရပါ့မလဲ တွေးပူနေရ သည့်အပြင် ယခင့်ယခင်နှစ်များကတည်းက တင်လာတဲ့အကြွေးတွေ ပေးဆပ်ဖို့ကိုလည်း ရတက်မအေး ဖြစ်နေ ကြရသည်။ သူတို့အပေါ် ကံကြမ္မာ မျက်နှာသာမပေးချိန်မှာ အာဏာပိုင်အစိုးရထံမှ ရလာမည့် ကူညီထောက်ပံ့မှု များကိုလည်း လောက်လောက်လားလား မျှော်ကိုးမရ ဖြစ်နေပုံပေါ်သည်။ ဘုရားရင်ပြင်တော် အောက်ခြေ နံဘေးမှ ဖြတ်သန်းစီးဆင်းလျက်ရှိသည့် သံလွင်မြစ်ရေစီးသံနှင့်အပြိုင် ထွက်ပေါ်လာသော ညည်းတွားရှိုက်ငင် သံတွေကို ကြားနေရခြင်းဖြစ်သည်။

နောက်တနေ့ မနက်စောစော ကော့ကရိတ်သို့ထွက်မည့် လိုင်းကားတစီးပေါ်တက်ကာ ဒုတိယအကြိမ် လှိုင်ဝဂိတ်ကို ဖြတ်ဖို့ ကြိုးစားရပြန်သည်။ သည်တခါတော့ ပြည်နယ်အတွင်း ခရီးသည်တင်ကားဖြစ်နေသဖြင့် အရင်နေ့ကလို သိပ်မစစ်ဆေးတော့။ ထိုနေ့မှာ မြဝတီမှ ကော့ကရိတ်သို့ သွားသော ယာဉ်ကြောလမ်းကြောင်း ရက်ဖြစ်သောကြောင့် ဆိုင်ကယ်ငှားကာ လမ်းပြောင်းပြန်တက်ခဲ့ရသည်။ လမ်းတလျှောက် မနည်းလှသော ဝါးတားဂိတ်တွေကို ဖြတ်ခဲ့ရသည်။ မြဝတီမြို့ဝင်ခါနီး တပ်မဟာဂိတ်အရောက်မှာ လမ်းပြောင်းပြန်တက်သည် ဟု အကြောင်းပြချက်ဖြင့် ငွေ ၅၀၀ ကျပ် တောင်းလိုက်သေးသည်။

မြဝတီမြို့ကို ရောက်တော့ ပါလာသမျှ လမ်းစရိတ်ငွေလည်း ပြောင်တလင်းခါ သွားတော့သည်။ ဘားအံမှာ ကတည်းက ကိုမိုးသောက်နှင့်အတူပါလာသူမှာ လမ်းစရိတ်ပြတ်သွားပြီဖြစ်သဖြင့် ကိုမိုးသောက် မှာရှိသော ငွေဖြင့်ပင် နှစ်ဦးမျှဝေသုံးစွဲကာ မြဝတီအရောက် ခရီးဆက်ခဲ့ရခြင်း ဖြစ်ပေသည်။ သူ့ဘက်ကလည်း တာဝန် ကျေပါ၏။ သူ့ကျေးဇူးဖြင့် မြဝတီမြို့တွင် တညတာ ခိုနားခွင့်ရခဲ့ပြီး နောက်တနေ့ နံနက် မဲဆောက်ဘက်ကမ်း ကူးနိုင်ဖို့ပါ စီစဉ်ပေးခဲ့သည်။
……………………………………………………

တံတားအောက်ကို ငုံ့ကြည့်လိုက်သည့်အခါ ကိုင်းတောကျူပင်တွေကို ဖြတ်သန်းစီးဆင်းနေသော သောင်ရင်းမြစ်ရေစီးကြောင်းမှာ လှိုင်းတွန့်လေးတွေ ဝဲကတော့ငယ်တွေ ယှက်နွယ်သိုင်းဖွဲ့လျက်။ တံတား ပိုင်တိုင်ကို တိုးဝှေ့မိသောနေရာ၌ ရေလှိုင်းခတ်သံ ထွက်ပေါ်နေ၏။ သောင်းရင်းမြစ်ကား မြန်မာ့မြေကို ဖြတ်သန်း စီးဆင်းနေသော မြစ်လေးသွယ်နှင့် စီးဆင်းပုံချင်း ဆန့်ကျင်ဘက်… တောင်မှမြောက်အရပ်သို့ စီးမျောနေခြင်း။  ထိုသို့စီးဆင်းရခြင်းမှာ တောတောင် ရေမြေအနေအထားကြောင့် ဖြစ်တန်ရာရှိသည်… သို့သော် ဤသည်ကိုပင် သစ္စာနှင့် ယှဉ်တွဲဖွဲ့ဆို တင်စားမှုများ ရှိသည်ကိုလည်း တွေ့ရသည်။ သစ္စာတရား ရှင်သန်ခိုင်မြဲရာ မြေပေါ့။

တိုက်တိုက်ဆိုင်ဆိုင် ဆိုရမည်လားမသိ။ ထိုင်းနိုင်ငံအတွင်းသို့ စတင်ခြေမိသောနေ့မှာ ကိုမိုးသောက် အသက် (၃၇) တင်းတင်းပြည့်မြောက်သော ၂၀၀၅ ခုနှစ် သြဂုတ် ၂၁ ရက်နေ့ ဖြစ်နေသည်။

(ဆက်ပါဦးမည်)

ဝေမော်
၂၂-၉-၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...