ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၁၀ ) ဗြာဟ္မစိုရ်တရားကို လူ့အခွင့်အရေးခြင့် ချဉ်းကပ်ခြင်း ( ခ )
September 10, 2013 at 2:18pm
ဤဖွင့်ဆိုချက်၏ ဆိုလိုရင်းမှာ ကရုဏာဟူသည် ကံဆိုးမိုးမှောင်ကျနေ၍ အတိဒုက္ခရောက်နေသောသူအား ထိုဒုက္ခမှ ကယ်တင်ပေးလိုသော ပြင်းပြသည့်ဆန္ဒ၊ ဒုက္ခရောက်နေသူအား နစ်နစ်နောနော စိတ်ပူပန်၍ လူသားဆန်စွာ လေးလေးနက်နက် သနားကြင်နာမှု ဟူ၍ဖြစ်၏။
ထို့ပြင် Compassion နှင့်ပတ်သက်၍ အခြားသောဖွင့်ဆိုချက်လည်းရှိသေး၏။ ဖွင့်ဆိုချက်မှာ ဤသို့။ Compassion need not be cultivated or developed - it is naturally present. Cultivated compassion is lifeless compared to the potent energy of innate altruism of that is available to everyone. True compassion is not about pity, yet feels everything deeply and responds to everything completely. Natural compassion fuels our responses with beneficial action, skillful means and heart connection with no need for contrivance. အဓိပ္ဗါယ်မှာ ကရုဏာကို တမင်ပွါးများဘို့မလိုအပ်။ ၎င်းသည် သဘာဝလက်ဆောင်တစ်ခုဖြစ်သည်။ တမင်ပွါးများထားသော ကရုဏာသည် လူတိုင်း၌ရှိသော ကိုယ်ကျိုးမငဲ့သော မူလစိတ်စွမ်းအင်လောက် အသက်မဝင်၊ စစ်မှန်သော ကရုဏာသည် သနားခြင်းသက်သက်မျှသာမဟုတ်၊ အရာရာကို နစ်နစ်နောနော ခံစားတတ်၍ ပြည့်ပြည့်ဝဝ တုန့်ပြန်ဆောင်ရွက်တတ်၏။ ထို့ပြင် သဘာဝမူရင်း ကရုဏာသည် ဖန်တီးပြုပြင်မှုအလျဉ်းမရှိဘဲ ကောင်းကျိုးဖြစ်ထွန်းစေသော လုပ်ရပ်များ၊ ကျွမ်းကျင်လိမ္မာသော နည်းလည်းများနှင့် ဖြူစင်သော နှလုံးသားတို့ဖြင့် မိမိတို့၏ တုန့်ပြန်ဆောင်ရွက်မှုများကို အားအင်ပြည့်စေ၏ ဟူသတည်း။
အထက်ပါဖွင့်ဆိုချက်နှစ်ခုတွင် အောက်စဖို့ အင်္ဂလိပ်အဘိဓာန်၏ ဖွင့်ဆိုချက်သည် မူရင်းကရုဏာပုဒ်၏ အဓိပ္ဗါယ်နှင့် အလှမ်းဝေးနေ၏။ ဒုတိယဖွင့်ဆိုချက်သည် အတော်အတန်နီးစပ်၏။ အမှန်စင်စစ် မူရင်း ကရုဏာဟူသော စကားလုံး၏အဓိပ္ဗါယ်မှာ သောကဗျာပါဒ အပူမီးများလုံးဝမရှိဘဲ တည်ငြိမ်အေးချမ်းစွာ သတ္တဝါတို့၏ဆင်းရဲကို ပယ်ဖျောက်ကယ်တင်ပေးလိုသော လေးနက်မြင့်မြတ်ကြီးမားသော စိတ်စွမ်းအင်ဖြစ်၏။ ဥပမာဆိုပါစို့။ အသင်သည် လူတစ်ယောက်ကို သနား၏။ သူ့အတွက် စိတ်ပူပန်မှုသောကလည်းဖြစ်၍ အေးငြိမ်းမှုမရ၊ ဤအခြေအနေ ဤစိတ်ထားမျိုးကို ကရုဏာအစစ်ဟု မဆိုရ။ ကရုဏာအတုဟုသာ ဆိုရ၏။ အမှန်စင်စစ် သင်သည် လူတစ်ယောက် ဆင်းရဲဒုက္ခရောက်နေသည်ကို သနား၏။ ထိုသနားခြင်းသည် ထိုသူ့အတွက် စိတ်ပူပန်မှု၊ ပျာယာခတ်ခတ်မှု၊ နာကျင်မှုအလျဉ်းမရှိ၊ သို့သော် အလေးအနက်တန်ဘိုးထား၏။ အလွန်ကြင်နာသနား၏။ထိုသနားခြင်းသည် ကြည်၏။ ငြိမ်း၏။ အေးချမ်း၏။ ပြည့်ဝ၏။ အသိပညာနှင့်စပ်ယှဉ်၏။ ထိုအဓိပ္ဗါယ်များ ပါဝင်သော စိတ်ထားမျိုးဖြင့် တစုံတရာသော ကောင်းကျိုးများဖြစ်မြောက်သည်အထိ စွန့်လွှတ်အနစ်နာခံကာ ကူညီဆောင်ရွက်၏။ ကယ်ဆယ်ပေး၏။ ဤသည့်စိတ်ဓာတ်နှင့်လုပ်ရပ် နှစ်မျိုးပါဝင်မှုကိုသာ ကရုဏာအစစ်ဟုခေါ်ဆို၏။
တတိယမြောက် ဗြာဟ္မစိုရ်တရားသည် မုဒိတာဖြစ်၏။ ဤမုဒိတာသည် သူများကြီးပွါးအောင်မြင်သည်ကို မနာလိုခြင်းမရှိ၊ မနာလိုခြင်း၏ ဆန့်ကျင်ဘက်ဖြစ်၏။ မိမိ၏အောင်မြင်မှုနှင့် ပိုင်ဆိုင်မှုမှန်သမျှကို သူတပါးအားမျှဝေမပေးလိုသည် ဝန်တိုခြင်းသဘောတရားတို့၏ ဆန့်ကျင်ဘက်လည်းဖြစ်၏။ သူတပါးကြီးပွါးအောင်မြင်သည်ကို ဝမ်းမြောက်တတ်သည့်သဘော ကျေနပ်တတ်သည့်သဘောဖြစ်၏။ ထိုသို့ဝမ်းမြောက်ကျေနပ်ရာတွင်လည်း မိမိ၏ မိသားစု သို့မဟုတ် မိမိနှင့်နီးစပ်သူဖြစ်ခြင်းကြောင့် မဟုတ်မူဘဲ အားလုံးအပေါ်ဝယ် ကြီးပွါးရေး အောင်မြင်ရေးနှင့်ပတ်သက်၍ ဝမ်းမြောက်တတ်၏။ မိမိ၏ရန်သူ ဆန့်ကျင်ဘက်သဘောထားရှိသူတို့အပေါ်သော်မှ ဝမ်းမြောက်နိုင် ကျေနပ်နိုင်၏။ အချုပ်အားဖြင့်ဆိုရသော် သူတပါးအောင်မြင်ကြီးပွါးသည်ကိုမနာလိုခြင်းလည်းမရှိ၊ ဝမ်းလည်းမြောက်တတ်ခြင်းသည် မုဒိတာ၏ သဘောပင်ဖြစ်၏။ အလွန်မြင့်မြတ်လှသော သဘောတရားပင်တည်း။
စတုတ္ထမြောက် ဗြာဟ္မစိုရ်တရားသည် ဥပေက္ခာဖြစ်၏။ ဥပေက္ခာ၏သဘောသည် အောင်မြင်ခြင်းကြောင့်လည်း ဝမ်းမမြောက်၊ ကျရှုံးခြင်းကြောင့်လည်း ဝမ်းမနဲ၊ စိတ်မချမ်းမသာ မဖြစ်၊ တည်ငြိမ်တည့်မတ်ခြင်း သဘောရှိ၏။ လောက၏ အမျိုးမျိုးသော ဖြစ်ရပ်လုပ်ရပ်တို့ဖြင့် ခြောက်တိုင်းလည်းမကြောက်၊ မြှောက်တိုင်းလည်း မမြောက်မူဘဲ မူလသဘောသဘာဝအတိုင်း အရှိကိုအရှိအတိုင်း တည်ငြိမ်တည့်မတ်စွာ နားလည်ခံစားတတ်ခြင်းသဘောတရားပင်တည်း။ လောက၏ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော လောကဓံတို့ကို သဘာဝအတိုင်းရှုမြင်ခံစားနားလည်၍ တည်ငြိမ်ရင့်ကျက် တည့်မတ်စွာ ဆက်လက်လုပ်ကိုင်ဆောင်ရွက်ခြင်းသဘောလည်းဖြစ်၏။ အထင်ရှားဆုံးသော ဥပမာကိုဆိုရလျှင် ဒေဝဒတ်သည် မြတ်ဗုဒ္ဓအပေါ် အမျိုးမျိုးမကောင်းကြံကာ လုပ်ကြံသတ်ဖြတ်သည်အထိ အတင့်ရဲကာကျူးလွန်ခဲ့၏။ သို့သော် မြတ်ဗုဒ္ဓသည် ဒေဝဒတ်အပေါ်ဝယ် ဒေါသဖြစ်ကာ ဖြစ်ချင်ရာဖြစ်စေတော့ဟုသဘောပိုက်၍ ဘာမှမပတ်သက် မပြောဆိုတော့ဘဲ ကျောခိုင်းပစ်ထားခြင်းလဲမဟုတ်၊ ဒေဝဒတ်နှင့်ပတ်သက်၍ ဟောစရာရှိက အရှိအတိုင်း မူလသဘာဝအတိုင်း သိရှိနားလည်အောင် ကောင်းကျိုးဖြစ်ထွန်းအောင် ဆက်လက်၍ ဟောပြော၏။ ရှင်းစရာရှိပါကရှင်း၏။ ငါ့စကားကို နားမထောင်သူဟူ၍ ဒေါသအာဃာတ မလိုမုန်းထားသော စိတ်ထားတို့ဖြင့် ပစ်ပယ်လိုက်ခြင်းလဲမဟုတ်ချေ။ သို့သော် လူအများသည်ကား မိမိ၏သဘောနှင့်မတိုက်ဆိုင်တိုင်း လုံးဝမဆက်ဆံဘဲ မကူညီတော့ဘဲ အရေးမထားတော့ဘဲ ကျောခိုင်းလိုက်ခြင်း ပစ်ပယ်လိုက်ခြင်းကို ဥပေက္ခာဟု ထင်မှတ်မှားနေကြ၏။ အလွန်သတိထားရမည့် အချက်ပင်တည်း။ ထို့ကြောင့် ဥပေက္ခာဟူသည် ဒေါသကြောင့် ပစ်ပယ် ကျောခိုင်းလိုက်ခြင်းလည်းမဟုတ်၊ ချစ်ခင်ခြင်းကြောင့်လဲ ပို၍ကြောင့်ကြစိုက်ခြင်းမဟုတ်ဘဲ ဖြစ်စဉ်ဖြစ်ရပ်တို့၏ မူလသဘောသဘာဝကို အရှိအတိုင်းခံစားနားလည်ကာ ကောင်းကျိုးဖြစ်ထွန်းအောင် လုပ်သင့်သည်တို့ကို အလေးအနက်ထားလျှက် အေးဆေးတည်ငြိမ်တည့်မတ်စွာ ဆက်လက်ကြိုးစားလုပ်ဆောင်တတ်သည့်သဘောပင်ဖြစ်၏။
ကိုင်းအသင်စာရှုသူ အသင်သည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြာဟ္မစိုရ်တရားတို့၏ အဓိပ္ဗါယ်ကို ယခုသိပေပြီ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ စာပိုဒ်သုံးဆယ် ( ၃၀ ) လုံးကိုလည်းသိပြီ။ ထိုစာပိုဒ် သုံးဆယ်လုံးသည် ဗြာဟ္မစိုရ်တရားလေးပါးလောက် မကျယ်ပြန့် မလေးနက်ကြောင်းကိုလည်း အသင်နားလည်လေပြီ။ ထို့ပြင် ဤဗြာဟ္မစိုရ်တရားများသည် နိုင်ငံနယ်နိမိတ်ကိုလည်းကျော်လွန်ကာ စကြာဝဠာအားလုံးသို့ ပြန့်နှံ့ပါဝင်ကြောင်းကိုလည်း အသင်သဘောပေါက်ပေပြီ။ ကုလသမဂ္ဂတွင် ကမ္ဘာနှင့်ချီ၍ ကမ္ဘာသူကမ္ဘာသားများအတွက်ဟုဆိုကာ ဆွေးနွေးပြောဆိုနေကြသော လူ့အခွင့်အရေးပြဿနာများကို ဤဗြာဟ္မစိုရ်လေးပါးဖြင့် အသက်သွင်းဖြေရှင်းလိုက်ပါက လုံးဝပြီးပြတ်ပြေငြိမ်းသွားမည်သာဖြစ်သည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓဖေါ်ထုတ်ရှင်းပြတော်မူခဲ့သော ဤဗြာဟ္မစိုရ်တရားများသည် လူ့လောကအတွက် ချမှတ်ထားသော မည်သည့်စည်းကမ်းဥပဒေ မည်သည့်နည်းလမ်းထက်မဆို သာလွန်မြင့်မြတ်လှ၏။ အမှန်စင်စစ် ဤဗြာဟ္မစိုရ်တရားသည် Natural discipline, natural law which was discovered and formulated by the Buddha for all beings in the world ဟု ဆိုရမည်သာဖြစ်၏။ ဤဗြာဟ္မစိုရ်တရားတို့ကိုသာ ကျင့်သုံးပါက လူ့အခွင့်အရေးပြဿနာသာမက အခြားမည်သည့် ပြဿနာမဆို ဖြေရှင်းနိုင်ပါ၏။ ငြိမ်းအေးနိုင်ပါ၏။ ကုလသမဂ္ဂစားပွဲဝိုင်းတွင်လည်းကောင်း၊ လူမှုအဖွဲ့အစည်း အသီးသီးတွင်လည်းကောင်း၊ မိသားစုတိုင်းတွင်လည်းကောင်း၊ လူတစ်ဦးချင်းစီတွင်လည်းကောင်း ဤဗြာဟ္မစိုရ်တရားများ အသက်သွင်းပေးဘို့လိုအပ်ပါ၏။ ဤတရားများ အသက်မဝင်သရွေ့  ဤကမ္ဘာသည် ဘယ်သောအခါမျှ ပြဿနာငြိမ်းမည်မဟုတ်ပေ။ ဤတရားများ အသက်ဝင်လေ၊ ဤကမ္ဘာကြီး ငြိမ်းအေးလေလေ၊ ဤတရားများ အသက်မဲ့လေလေ၊ ဤကမ္ဘာကြီးဆူပွက်လေလေဖြစ်မည်သာတည်း။ သို့ဖြစ်၍ ဤဗြာဟ္မစိုရ်တရားများ အသက်ဝင်ကာ ဤကမ္ဘာကြီး အေးချမ်းပါစေဟု မေတ္တာ ဗြာဟ္မစိုရ်အသက်သွင်းလိုက်ပါ၏။
ထို့ကြောင့်ဗြာဟ္မစိုရ်တရားတို့ကို အသက်သွင်းဘို့မကြိုးစားဘဲ စားပွဲဝိုင်းတွင်ဆွေးနွေးကာ အမျိုးမျိုးသောစည်းကမ်းများကို ချမှတ်ရုံမျှဖြင့် လူ့အခွင့်အရေးပြဿနာများသည် လုံးဝမပြေလည်နိုင်ကြောင်းမှာ ယနေ့ကမ္ဘာတွင်လက်တွေ့ဖြစ်နေသည်။ အကြောင်းမှာ ဗြာဟ္မစိုရ်တရားမရှိလျှင် လူသားများသည် စည်းကမ်းချမှတ်လေလေ ချိုးဖောက်လေလေပင်ဖြစ်နေမည်ဖြစ်သောကြောင့်ပင်တည်း။ ထိုသို့ချိုးဖောက်နေကြကြောင်းကိုလည်း ယနေ့ကမ္ဘာ့နိုင်ငံတိုင်းတွင် အထူးသဖြင့် လူ့အခွင့်အရေးကို လေးစားတန်ဘိုးထားပါသည်ဟု တကြော်ကြော်အော်နေကြသော နိုင်ငံကြီးများ၌ပင် အပြောနှင့်အလုပ်မညီသည့် ကိစ္စများကို အသေအချာလေ့လာကြည့်ပါက အထင်အရှားပင်တွေ့နိုင်ပေမည်။ သို့ဖြစ်၍ မိမိတစ်ဦးတည်း၏ အမြင်ကိုဆိုရပါလျှင် ဆွေးနွေးဝိုင်းများမှ စည်းကမ်းများကိုလည်းချမှတ်သကဲ့သို့ ထိုစည်းကမ်းများကို အသက်ဝင်နိုင်စေရန် ကမ္ဘာအရပ်ရပ်ရှိ ကျောင်းများအားလုံး၌ ဗြာဟ္မစိုရ်အကြောင်းများကို ပြဋ္ဌာန်းကာသင်ကြားခြင်း၊ လက်တွေ့လူမှုနယ်ပယ်၌ တိုက်ရိုက်ကျင့်သုံးတတ်အောင် လေ့ကျင့်ခြင်းများကို နိုင်ငံတော်အစိုးရများမှ ဦးဆောင်အကောင်အထည်ဖေါ်သင့်သည်ဟု ထင်မြင်ယူဆမိပါသည်။
( ဆက်လက်ဖေါ်ပြပါမည် ) ။
Director of Religious Education
0 comments:
Post a Comment