Wednesday, September 11, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁၁)

September 11, 2013 at 9:01pm
ကိုရဲ တယ်မီနဲ့အိမ်ထောင်ကျပြီးတဲ့နောက် ကိုရဲ ရတနာမြိုင်အဆောင်ကပြောင်းရပြီလေ၊ ရတနာမြိုင် အဆောင်မှာက ကိုရဲ အိမ်ထောင်မကျမချင်းနေခွင့်ပေးထားတာ၊ နောက် အဲဒီ ရတနာမြိုင်အဆောင်အိမ်ရှင် အန်တီဒေါ်ခင်အေးမြိုင်က ကိုရဲရဲ့ ပန်းခရမ်းပြာ သီချင်းကြောင့် သူ့အဆောင်ကို ကျောင်းသားတွေကြားမှာ ခရမ်းပြာအဆောင်လို့ နာမည်တွင်တာကိုလဲ အရမ်းသဘောကျခဲ့တာ၊ သီချင်းကိုလဲ သူအရမ်းကြိုက် တယ်။
(ကိုရဲသာ အိမ်ထောင်မပြုဘူးဆိုရင် အိမ်အလယ်ထပ်ကို ကိုရဲကိုပေးမယ်လို့တောင်ပြောခဲ့ဖူးတယ်) အဲလောက်ထိ ကိုရဲကိုလေးစားတာ။

ကျနော်တို့ ညဘက်ဆို ခရမ်းပြာအဆောင်ရှေ့က အင်းလျားကန်ဘောင်ပေါ်မှာ အင်းလျားရေပြင်ကိုဖြတ်တိုက်လာတဲ့ လေညှင်းနဲ့ ကိုရဲဂစ်တာတီးပြီးဆိုပြတဲ့ ပန်းခရမ်းပြာသီချင်းကို ပြန်တမ်းတမိတယ်၊ အဲဒီတုန်းက ၈၈ အရေးအခင်းမဖြစ်ခင်၊ ကိုရဲက သူရေးသမျှသီချင်းတွေဆိုရင် ဘယ်သူမဆို တီးနိုင်အောင် တီးကွက်တွေကို လွယ်လွယ်နဲ့ သူဖန်တီးတယ်၊ ဘယ်တော့မှ ခက်တဲ့အကွက်တွေမထည့်ဘူး၊ သူ့ရဲ ဂီတဝါသနာရှင်တွေအပေါ်ထားတဲ့စေတနာပါ။

၁၉၈၈ ရောက်တော့ ခရမ်းပြာဟာ တော်လှန်ကျောင်းသားတွေရဲ့ စုရပ်လိုဖြစ်ခဲ့တယ်၊ ကျောင်းသားတိုင်းရဲ့ ပါးစပ်ဖျားမှာ ခရမ်းပြာဆိုတာ ရေပန်းစားလာတယ်၊ မသိတဲ့သူမရှိဘူး၊ တံတားဖြူကနေ တံတားင်္နီ အရေးအခင်းဖြစ်ပြီးတဲ့အခါကျတော့ အဆောင်ရှေ့က သက်တန်းရှည်ကြာရှိကြတဲ့ ကုက္ကိုလ်ပင်ကြီးတွေ အကုန်အခုတ်ခံရတယ်၊ အဆောင်လည်း အပိတ်ခံလိုက်ရတယ်၊ အန်တီဒေါ်ခင်းအေးမြိုင်လဲတော်တော်စိတ်မကောင်းဖြစ်တယ်၊ ကျောင်းသားကျောင်းသူတွေ တော်တော်များများ အရိုက်ခံခဲ့ရံ၊ အဖမ်းခံခဲ့ရတဲ့နေရာ တံတားဖြူကနေတံတားနီအဖြစ်ပြောင်းသွားခဲ့တာ ခရမ်းပြာအဆောင်ရှေ့......။

အဲဒီအချိန်က စ လို့ ခရမ်းပြာဆိုတာ တခါတုန်းက ခရမ်းပြာလို့ ပြောစမှတ်တွင်ရမလိုဖြစ်ခဲ့ရတယ်၊ ကိုမောင်က အဲဒီတုန်းက ရန်ကုန်နဲ့ မန္တလေး ကူးလူးနေတာ၊ ကိုရဲတို့ ကိုမောင်တို့က လူထုဘက်တော်သားတွေလေ၊ ကိုရဲရယ် ကိုအောင်ဝင်းရယ် သူတို့နေထိုင်ကျင်လည်ဖူးခဲ့ကြတဲ့ ခရမ်းပြာအဆောင်နဲ့ သွေးစွန်းခဲ့တဲ့ တံတားနီအရေးအခင်းကြောင့်ပဲ ဝေးခဲ့ပြီ ပန်းခရမ်းပြာဆိုတာ သူတို့ရဲ့ အသွေးအသားထဲက၊ ရင်ထဲကနေဖြစ်တည်လာတဲ့ သမိုင်းဝင်သီချင်းတပုဒ်ပါ၊ စာသားတွေကိုပြန်ကြည့်ရင်သိနိုင်ပါတယ်၊ ဟိုးတုန်းက ညနေခင်းတွေမှာ ကြည်ပြာရောင်အင်းလျားကန်ဘေးမှာ ဂီတသံစဉ်လှိုင်းတွေစိုပြေခဲ့ဖူးပေမဲ့ ဗေဒါပန်းတွေလဲ ကမ်းကပ်ရာမဲ့ပြီး ဟိုမျော ဒီမျော မျောကုန်ကြတဲ့ အကြောင်း၊ တခါတုန်းက အနုပညာသမားတွေ၊ တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေ စုရုံးခဲ့ကြဖူးတဲ့ ခရမ်းပြာဟာ ခုတော့ တခါက....ပြန်မရနိုင်တော့တဲ့ခရမ်းပြာ၊ လူထုအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားပြည်သူအနုပညာရှင်တွေနဲ့ ဝေး...ဝေး...သွားခဲ့ပြီဖြစ်တဲ့ ခရမ်းပြာ၊ ဖျောက်ဖျက်ခံလိုက်ရတဲ့ ခရမ်းပြာ၊ .....ဝေးခဲ့ပြီပန်းခရမ်းပြာ.......ဝေးခဲ့ပြီပန်းခရမ်းပြာ.....ဝေးခဲ့ပြီပန်းခရမ်းပြာ......

ဝေးခဲ့ပြီပန်းခရမ်းပြာ
စာသား- ကိုအောင်ဝင်း (ကွယ်လွန်)
သံစဉ်- ကိုရဲလွင် (မစ္ဇျိမလှိုင်း)

ဟိုတုန်းက ညနေခင်းများ
ကြည်ပြာကန်ဘေးမှာ သံစဉ်လှိုင်းခတ်
တေးဖွဲ့ လွင့်ပျံ့နေတတ်စဉ်
ကမ်းမဲ့ပန်းဗေဒါများ
ရေပြင်ပေါ်မှာ မှီရာတည်ရာ...စွန့်ခဲ့မျှောလို့နေတော့တယ်

ကြွေသွားတဲ့ နုပျိုခြင်းများ
လှောင်ရယ်သံကြားမှာ မတည်ငြိမ်သေးခဲ့
ငြီးငွေ့စိတ်ပျက်နေရစဉ်
အပြစ်မဲ့ အလွမ်းခြေရာများ
နာကျင်နေသူ ရင်မှာထင်ကျန် တယုတယ ထွေးပိုက်နေခဲ့တယ်

ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ
တခါတရံမှာ အိပ်မက်လို
ပင်ညိုညိုရိပ်တွေ မြမြက်စိမ်းစိမ်းတွေ
ဘယ်ဆီမှာလဲ မသိတော့ပါ

မျှော်လင့်ချက် မနက်ဖြန်ရက်များ
အဆင်မပြေနိုင်သေးခင် ယုံကြည်တမ်းတ
အသိစိတ် လှမ်းလျှောက်နေဖြစ်စဉ်
စခန်းမဲ့ နားခိုရာလဲ
ဘယ်ဆီဘယ်မှာ ရည်ရွယ်ရာကို
အခုထိ လက်မလျှော့နိုင်ဘူးကွယ်

ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ
တခါတရံမှာ အိပ်မက်လို
ပင်ညိုညိုရိပ်တွေ မြမြက်စိမ်းစိမ်းတွေ
ဘယ်ဆီမှာလဲ မသိတော့ပါ

ဝေးခဲ့ပြီ  ဝေးခဲ့ပြီ
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ
ဝေးခဲ့ပြီ
ဝေးခဲ့ပြီ
ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ..........
ဝေးခဲ့ပြီ.......
ဝေးခဲ့ပြီ.......
ဝေးခဲ့ပြီ.......

(မင်းကျော်ခိုင်)
ဆက်ပါဦးမည်


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...