Saturday, September 14, 2013

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၉ )

September 13, 2013 at 1:01am
 
ချစ်မေတ္တာ သို့မဟုတ် တပ်မက်မှုရာဂသည် နည်းလမ်းမှန်အောင်အသုံးပြုပါက သာမညဒါနကောင်းမှု စသည့် ကာမာဝစရကုသိုလ်ကိုသာရနိုင်သည်မဟုတ်၊ နိဗ္ဗာန်အထိရောက်စေနိုင်ကြောင်းကို ပဋ္ဌာန်းတရားဒေသနာတော် ပဥှာဝါရ ဥပနိဿယပစ္စည်း အကု+ကု၌ ဤသို့ဆိုပါ၏။
ရာဂံ ဥပနိဿာယ ဒါနံ ဒေတိ၊ သီလံ သမာဒိယတိ၊ ဥပေါသထကမ္မံ ကရောတိ၊ ဈာနံ ဥပ္ဗါဒေတိ၊ ဝိပဿနံ ဥပ္ဗါဒေတိ၊ မဂ္ဂံ ဥပ္ဗါဒေတိ၊ အဘိညံ ဥပ္ဗါဒေတိ၊ သမာပတ္တိံဥပ္ဗါဒေတိ၊ ရာဂေါ သဒ္ဓါယ သီလဿ သုတဿ စာဂဿ ပညာယ ဥပနိဿယပစ္စယေန ပစ္စယော ဟူသတည်း။ ဆိုလိုရင်း အဓိပ္ဗါယ်မှာ ဤသို့ဖြစ်၏။ အချစ် သို့မဟုတ် ချစ်ခင်နှစ်သက်မှု သို့မဟုတ် တပ်မက်မှုရာဂကြောင့် ပေးလှု၏၊ စွန့်လွှတ်နိုင်၏။ ကိုယ်ကျင့်တရားကို ကောင်းစွာဆောက်တည်၏။ ဥပုသ်သီလကိုဆောက်တည်၏။ ဈာန်တရားကို ရရှိအောင် အားထုတ်၏။ ဝိပဿနာကို အားထုတ်၏။ မဂ်ကိုရအောင် အားထုတ်၏။ အဘိညာဉ်ကိုဖြစ်စေ၏။ သမာပတ်ကိုဖြစ်စေ၏။ အချစ် သို့မဟုတ် ချစ်ခင်နှစ်သက်မှု သို့မဟုတ် တပ်မက်မှုရာဂသည် လေးစားယုံကြည်မှု၊ ကြည်ညိုမှု၊ ကိုယ်ကျင့်တရားကို ကျင့်စေမှု၊ အတတ်ပညာနှင့် အသိပညာကိုရရှိအောင် အားထုတ်မှု၊ စွန့်လွှတ်ပေးဆပ်မှုနှင့် မဂ်ဖိုလ်နိဗ္ဗာန်ကိုထိုးထွင်းသိမြင်နိုင်သော ဓမ္မပညာကို ဖြစ်စေနိုင်မှုတို့အတွက် အလွန်အားကြီးသော အကြောင်းတရားစွမ်းအားဖြင့် ကျေးဇူးပြု၏။ ဖြစ်စေ၏။ ထိုဖြစ်ပြီးသောတရားများကိုလည်း အလွန်အားကြီးသော စွမ်းအားဖြင့်တည်ရှိနေစေရန် ကျေးဇူးပြု၏။ ထောက်ပံ့၏။ ဟု အကျဉ်းချုပ်အဓိပ္ဗါယ်ဖြစ်၏။

   မှန်၏။ သုမိတ္တာအမျိုးသမီးကောင်းလေးသည် သုမေဓာရှင်ရသေ့အပေါ်ဝယ် ရှေးရှေးသောဘဝများစွာ သံသရာတွင် တူနှစ်ဖြာ ဂဟေဆက်ခဲ့ကြရသည့် ချစ်ခြင်းမေတ္တာကိုအခြေခံသော ယုံကြည်စိတ်တို့ကြောင့်ပင် ယခုဘဝတွင်လည်း သုမေဓာရှင်ရသေ့ကို မြင်လျှင်မြင်ခြင်း ချစ်မိ၏။ ယုံကြည်မိ၏။ အားထားလက်တွဲလို၏။ ပြင်းပြင်းပြပြ သဒ္ဓါကြည်ညိုလေးစားကာ ချစ်အားပိုမိတော့၏။ ထို့ကြောင့်ပင် အလွန်မြင့်မြတ်ကြီးကျယ်သော ပါရမီလုပ်ငန်းဝယ် အတူတွဲဘက်၍ ဖြည့်ဆည်းရန် ဆုံးဖြတ်ရဲခြင်းပင်ဖြစ်ပေသည်။ သူမ၏အချစ်သည် ဘုရားဖြစ်သည်အထိ ကောင်းကျိုးတွေပြုခဲ့သည်။ အထူးသဖြင့် စံနမူနာယူသင့်သည့်အချက်မှာ သုမိတ္တာ၏အချစ်သည် သူမ၏ပါရမီဖြည့်ဖက်အပေါ်ဝယ် အစွန်းရောက်သော မျက်ကန်းချစ်ဖြင့် ရူးရူးမိုက်မိုက်ချစ်ခဲ့သည့် အချစ်မျိုးမဟုတ်ချေ။ အမှန်စင်စစ် သူမသည် သုမေဓာရှင်ရသေ့အပေါ်ဝယ် ချစ်မြတ်နိုးမှု၊ ယုံကြည်မှု ကြောင်းကျိုးကိုဝေဘန်နိုင်စွမ်းသော အသိပညာရှိမှုနှင့် သတ္တိတို့ဖြင့် ချစ်ခဲ့ခြင်းဖြစ်သည်။  မှန်၏။ သူမသည် ရှင်ရသေ့ကို ချစ်မြတ်နိုးမှုကြောင့် ပေါင်းဖက်လိုခဲ့သည်။ ယုံကြည်မှုကြောင့် အားထားလိုခဲ့သည်။ ရှင်ရသေ့၏ အရည်အချင်းနှင့်သတ္တိသည် သူမအတွက်ရော လောကအတွက်ပါ ဘယ်တော့မှသစ္စာမဖောက်သော ကောင်းကျိုးပြုလုပ်ငန်းတို့ကို အဟုတ်တန်းလုပ်မည့်သူဖြစ်ကြောင်း ကောင်းကောင်းသိသော အသိပညာရှိမှုကြောင့် အတူလက်တွဲ၍ပါရမီဖြည့်ဘို့ ဆုံးဖြတ်နိုင်ခဲ့သည်။ ထိုချစ်မြတ်နိုးမှု၊ ယုံကြည်မှုနှင့် အသိပညာရှိမှုတို့ကြောင့်ပင် နောက်မတွန့်သော သတ္တိများ အားပြည့်လာခဲ့သည်။

    ထိုအစွန်းလွတ်ချစ်မေတ္တာကြောင့်သာလျှင် ကြားလေသွေးမှုနှင့် အခက်ခဲများစွာကြုံတွေ့ခဲ့ရသော်လည်း အချစ်မပြယ်ခဲ့ဘဲ တည်တံ့ခိုင်မြဲကာ အေးချမ်းသာယာ၍ ကြည်နူးဘွယ်ရာအတိရှိသော အိမ်ထောင်ရေးဘဝကို ဘဝဆက်တိုင်းတည်ဆောက်နိုင်ခဲ့သည်။ ထိုပြင် လောက၏ ကောင်းကျိုးမှန်သမျှထက်ကျော်လွန်၍ လောက၏အထွဋ်ဆုံး အမြတ်ဆုံးဖြစ်သည့် ဘုရားအဖြစ်သို့ရောက်သည့်တိုင်အောင် ပါရမီလုပ်ငန်းများကို အဟုတ်တန်းဖြည့်ဆည်းနိုင်ခဲ့ပေသည်။ ဤသည်မှာ ချစ်မေတ္တာကို နည်းလမ်းမှန်အောင် အသုံးချတတ်ခြင်းကြောင့် သို့မဟုတ် နည်းလမ်းမှန်အောင်ချစ်တတ်ခြင်းကြောင့် သို့မဟုတ် အစွန်းလွတ်သော မဇ္ဈိမပဋိပဒါအချစ်ကြောင့် လောကကောင်းကျိုးများထက် သာလွန်ကာ လောကုတ္တရာနိဗ္ဗာန်တိုင်အောင် အနှိုင်းမဲ့ကောင်းကျိုးကိုရရှိခြင်းဖြစ်ပေသည်။ အများစုက ထင်ထားကြသည်မှာ နှစ်ဘက်စွန်းလွတ်သော မဂ္ဂင်ရှစ်ဖြာကို မဂ်ဖိုလ်နိဗ္ဗာန်ရရေး အားထုတ်သောအခါတွင်မှသာ အသုံးတည့်သည်ထင်ကြ၏။ လောကီအရေးအရာများအတွက် သုံး၍မဖြစ် မသက်ဆိုင်ဟု အထင်မှားနေကြ၏။ အမှန်စင်စစ် မဂ္ဂင်ရှစ်ဖြာသည် အချစ်ရေး အိမ်ထောင်ရေး နိုင်ငံရေး လူမှုရေး စီးပွါးရေး စသည့်အရေးအရာအားလုံးတို့၌ အသုံးချတတ်ပါက လူမှုလောကအတွက် အလွန်ပင်အသုံးတည့်လှပါသည်။ ထိုမဂ္ဂင်လမ်းစဉ်ကိုသာ လူမှုနယ်ပယ်အသီးသီး၌ အသုံးပြုကြလျှင် သို့မဟုတ် လိုက်နာကျင့်သုံးကြလျှင် ယနေ့ကမ္ဘာသည် ပျော်ရွှင်ဘွယ်ရာအတိဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါသည်။

    ယနေ့လူသားအများစုအနေဖြင့်လည်း အစွန်းလွတ်သော မဂ္ဂင်လမ်းစဉ်ကို အခြေခံ၍ ချစ်ကြစေချင်ပါ၏။ အစွန်းလွတ်သော မဂ္ဂင်လမ်းစဉ်ကိုအခြေမခံဘဲ ချစ်ခဲ့ကြသော အိမ်ထောင်ရေးများ ကွဲပြဲခဲ့ကြဖူးပြီ။ ကွဲပြဲနေကြဆဲလည်းဖြစ်သည်။ နိုင်ငံရေးတွင်လည်း အစွန်းလွတ်မဂ္ဂင်ကိုအခြေမခံခဲ့သော ဂျာမဏီသည် အစွန်းရောက်သော အမျိုးချစ်စိတ်ကြောင့် နိုင်ငံတစ်ခုလုံး စစ်ရှုံးကာ ကြေမွပျက်ဆီးခဲ့ရဖူးသည်။ ထို့အတူ အစွန်းရောက်မျိုးချစ်သော ဂျပန်သည်လည်း မဟာဂျပန်ဖြစ်ရေးကြိုးစားရင်း တိုင်းပြည်တစ်ခုလုံး ပြာပုံဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် မဂ္ဂင်လမ်းစဉ်ကို အခြေခံသော ပါရမီအိမ်ထောင်ရေး ပါရမီမိသားစု ပါရမီလူမှုအဖွဲ့အစည်း ပါရမီနိုင်ငံရေးများဖြစ်စေချင်ပါ၏။ ဤသို့သာဖြစ်ကြလျှင် ဤကမ္ဘာ ဤလောကသည် မည်မျှငြိမ်းချမ်းတိုးတက်၍ မည်မျှပျော်ရွှင်ဖွယ်ကောင်းသော လောကကြီးဖြစ်လိုက်မည်နည်း။ ထိုပါရမီအချစ်နှင့်ပတ်သက်၍ ယသောဓရာထေရီအပါဒါန်တွင် ပရိနိဗ္ဗာန်စံဝင်ခါနီးဖြစ်သော ယသောဓရာထေရီအရှင်မကြီးသည် မရေမတွက်နိုင်သော ဘဝများစွာ ကမ္ဘာအနန္တဝယ် မဂ္ဂင်လမ်းစဉ်ကိုအခြေခံလျှက် သင်္ချာပြ၍မရနိုင်လောက်အောင် အရာရာကိုချစ်မေတ္တာဖြင့် ပေးဆပ်စွန့်လွှတ်အနစ်နာခံကာ ပါရမီဖြည့်ခဲ့ရပုံကို ဒုက္ခအားလုံးချုပ်ဆုံးတော့မည့် ပရိနိဗ္ဗာန်ဝင်စံခါနီးဆဲဆဲ၌ ဘုရားရှင်အား ဤသို့ရင်ဖွင့်နှုတ်ဆက်စကား လျှောက်ထားခဲ့လေသည်။

    ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မကား ရှင်တော်မြတ်ဘုရား၏ ကြင်ယာသက်ထားဖြစ်ခဲ့ဖူးသော ယသောဓရာပင်ဖြစ်ပါသည်။ ရှင်တော်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို ဖူးမြှော်ဦးခိုက်၍ နှုတ်ဆက်လိုပါသည်။ တပည့်တော်မသည် ရှင်တော်ဘုရား၏ အထံတော်၌ အမြင့်မြတ်ဆုံးသော အဘိညာဉ်ငါးပါးလုံးကို ထိုးထွင်သိမြင်ရရှိခဲ့ပါပြီ။ ကိလေသာအာသဝေါကုန်ခန်း၍ အမြင့်မြတ်ဆုံးဖြစ်သော ရဟန္တာထေရီမအဖြစ်သို့လည်း ယခုအခါရောက်ခဲ့ပါပြီ။ နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပြန်လည်၍ ဖြစ်ဘွယ်ရာမရှိတော့ပါ။ အရှင်မြတ်ဘုရား၏ ခြေတော်ရင်း၌ပင် အလွန်ရနိုင်ခဲလှသော ပဋိသမ္ဘိဒါလေးပါးကိုလည်း ထိုးထွင်းသိမြင်ရအပ်ခဲ့ပါပြီ။ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား ရှေးရှေးသောဘုရားရှင်တို့၏ အထံတော်၌ အရှင်ဘုရားနှင့်တပည့်တော်တို့ အတူတကွပေါင်းဆုံမိကြပြီးလျှင် အရှင်ဘုရားအတွက် ဆုတောင်းပေးခဲ့သည်မှာလည်း များပြားလှပါပြီ။ လုံ့လကြီးတော်မူသော မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားအကျိုးငှာ ကိုသိုလ်ကောင်းမှုများစွာကို တပည့်တော်မဆည်းပူးခဲ့ပါပြီ။ ထိုကုသိုလ်ကောင်းမှုတို့ကို အောက်မေ့တော်မူပါလော့။ ရှင်တော်မြတ်ဘုရား တပည့်တော်မသည် မပြုကျင့်သင့် မပြုကျင့်ထိုက်သော အရာတို့ကို ရှောင်ကြဉ်ဖယ်ခွါတားမြစ်လျှက် အရှင်ဘုရားအကျိုးအတွက် အသက်ကိုပင် ကျေနပ်စွာစွန့်လွှတ်ခဲ့ဖူးပါပြီ။

( ဆက်လက်ဖေါ်ပြပါမည် ) ။
Director of Religious Education

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...