Friday, September 20, 2013

နန်းခင်ဇေယျာဆိုတဲ့ပုံရိပ်ကိုအသုံးချဖို့ ချဉ်းကပ်လာမှုတွေကို လိမ္မာပါးနပ်စွာရှောင်တိမ်းရပါတယ်


Photo

ပြည်တွင်းဧည့်လမ်းညွှန်မလေးကနေ နိုင်ငံတကာအဆင့်အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ခဲ့သူက နန်းခင်ဇေယျာပါ။ အင်တာနက်သုံးစွဲသူ တစ်ခဲနက်အားပေးမှုကြောင့် ဂျပန်မှာကျင်းပခဲ့ တဲ့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ ၎င်းဟာ ဆုနှစ်ခုကို ရယူနိုင်ခဲ့ပါတယ်။
ရယူထားတဲ့ဆုတွေနဲ့ထိုက်တန်တဲ့လှုပ်ရှားမှုတွေကို ပြည်တွင်းမှာ စဉ်ဆက်မပြတ်လုပ်ကိုင်နေပြီး အထူးသဖြင့် လူမှုရေးလုပ်ငန်းတွေမှာ သူမရဲ့ပါဝင်လှုပ်ရှားမှုတွေကြောင့် လူထုရဲ့ချစ်ခင်မှုကို တစ်စတစ်စရရှိနေပါပြီ။ ဒါ့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ လူမှုရေးလှုပ်ရှားသူတစ်ဦးအဖြစ် သူတို့နိုင်ငံတွေက လူမှုရေးလုပ်ငန်းတွေမှာ လာရောက်လေ့လာပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်မှုတွေကိုလည်း ဆက်တိုက်ရရှိနေပါတယ်။ နှစ်ပေါင်းလေးဆယ်ကျော်ကြာမှ ကမ္ဘာ့အလယ်မှာ မြန်မာအလှမယ်တစ်ဦးအဖြစ် ထင်ပေါ်ခဲ့သူ နန်းခင်ဇေယျာရဲ့ လှုပ်ရှားမှုအထွေထွေကို မေးမြန်းတင်ဆက်လိုက်ပါတယ်။
နိုင်ငံတကာအလှမယ်တစ်ယောက်ရဲ့ရပ်တည်မှုနဲ့ ယခုလက်ရှိ နန်းခင်ဇေယျာရဲ့ ရပ်တည်မှုတို့ ထပ်တူကျပါသလား။

ထပ်တူကျပါတယ်။ မစ္စ မြန်မာဝင်ပြိုင်တုန်းက ပထမဆုံး လုပ်တဲ့ပွဲဖြစ်လို့  လူလည်းသိပ်မသိခဲ့ဘူး။ မစ္စမြန်မာသာရခဲ့ပေမယ့် ရိုးရိုးဧည့်လမ်းညွှန် တစ်ယောက်အနေနဲ့ပဲ ရပ်တည်ခဲ့တယ်။ မစ္စအင်တာနေရှင်နယ် သွားပြိုင်တော့မှ မစ္စမြန်မာတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ ရလာတယ်။ ခုဆိုလူမှုရေးလုပ်ငန်းတွေ လုပ်လာနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာတယ်။ ခုချိန်မှာ မစ္စမြန်မာတစ်ယောက်အနေနဲ့ ရပ်တည်ပိုင်ခွင့်နေရာတစ်နေရာတော့ ရလာပါပြီ။

လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ညီမက တဖြည်းဖြည်း Icon (ပြယုဂ်) တစ်ခုဖြစ်ဖြစ်လာတဲ့အခါ ထမ်းထားရတဲ့တာဝန်တွေ ပိုများလာပါသလား။

ကိုယ့်ကိုယ်ကိုယ် Icon လို့တော့မသတ်မှတ်ပါဘူး။ ညီမလုပ်နေတဲ့ ပရဟိတအလုပ်တွေက တခြားလုပ်နေတဲ့သူတွေနဲ့ ယှဉ်လိုက်ရင် မပြောပလောက်တဲ့လုပ်ငန်းတွေပါ။ ညီမအနေနဲ့ ထမ်းထားရတဲ့တာဝန်တွေ များပါတယ်။ ညီမကုန်ပစ္စည်း ငါးခုရဲ့ သံတမန်လည်း
လုပ်နေရတယ်။ မစ္စမြန်မာတစ်ယောက်အနေနဲ့ ခုချိန်ထိ အသက်ဝင်နေဆဲဖြစ်တဲ့အတွက် ဂျပန်မှာရခဲ့တဲ့ ဆုနှစ်ဆုအတွက်လည်း လုပ်ဆောင်ရမယ့် တာဝန်တွေထမ်းထားရပါတယ်။ လူမှုရေးလုပ်နေတဲ့အခါ ညီမရဲ့ အနောက်မှာ ညီမကိုမှီခိုနေတဲ့သူတွေအများကြီးရှိတဲ့အတွက်  တာဝန်ပိုကြီးတယ်လို့ ခံစားရပါတယ်။


လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ညီမကို ပြယုဂ်တစ်ခုအဖြစ် မြင်လာကြတာဟာ ညီမကိုယ်တိုင် ပါဝင်လှုပ်ရှားမှုတွေအပြင် တခြားဘယ်လို တိုက်တွန်းမှုတွေကြောင့်ပါလဲ။

ဘယ်သူမှ လမ်းကြောင်းမဆွဲပေးခဲ့ပါဘူး။ ခုချိန်ထိ ညီမ လုပ်နေတဲ့အလုပ်တွေက ညီမဂျပန်နိုင်ငံကနေ လူမှုရေးအကြောင်း သင်လာတယ်။ ညီမရဲ့မိဘတွေနဲ့ သူငယ်ချင်း တစ်ယောက်နှစ်ယောက်လောက်နဲ့ပဲ တိုင်ပင်ပြီး လုပ်ကိုင်ဖြစ်တာပါ။

လူမှုကွန်ရက်မှာ ညီမရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်း တွေ့နေရပါတယ်။ ဖေ့စ်ဘွတ်ခ်သုံးစွဲမှုက ညီမရဲ့ နေ့စဉ်ဘ၀မှာ မရှိမဖြစ်လို့ ပြောနိုင်သလား။

အရမ်းကိုအရေးပါပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ မြန်မာပြည်တင် မဟုတ်ဘဲ ပြည်ပနိုင်ငံတော်တော်များများကပါ ကြည့်နေတာကြောင့် တချို့မယ်တွေ တင်ကြသလို တစ်နေ့တာအတွင်း ဘာလုပ်တယ်၊ ဘာဖြစ်တယ်၊ တောက်လျှောက်တင်နေလို့ မရဘူး။ နေ့တိုင်းလှုပ်ရှားမှုတွေကို တင်ချင်ပေမယ့် ညီမရဲ့ ပရဟိတလုပ်ငန်းတွေကို စောင့်ကြည့်နေတဲ့သူတွေ အများကြီးမို့ တစ်ခုခုတင်ခါနီးရင် အရမ်းစဉ်းစားရတယ်။ ခေါင်းစားတယ်။ ဒါ့ အပြင် ဖေ့စ်ဘွတ်ခ်က ညီမအတွက် အရမ်းအရေးပါတဲ့အတွက် အဟက်ခ်မခံရအောင် လုံခြုံရေးကို အပြည့်ထားထားတယ်။ ညီမမှာ ဖန်ပေ့ခ်ျနဲ့ အော်ဖစ်ရှယ်ပေ့ခ်ျနှစ်ခုပေါင်း လူတစ်သိန်းကျော် ကြည့်နေတာမို့ တော်တော်လေး ဂရုစိုက်ထားပါတယ်။

ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ လူမှုရေးအလုပ်တွေကို ပိုပြီး ခပ်စိပ်စိပ်တွေ့နေရတယ်နော်။

ညီမက လူမှုရေးကို ခေါင်းစဉ်တစ်ခုချင်းစီ သွားတာပါ။ နာရေး၊ အနာကြီးရောဂါသည်၊ အခု ကလေးတွေပေါ့။ ကလေးတွေက အရမ်းအပြစ်ကင်းတယ်။ သူတို့ရဲ့ အတိတ်ကံကြောင့် ခုလိုဖြစ်နေကြတာကို အရမ်းသနားတယ်။ ညီမ ငယ်ငယ်တုန်းကဆို အပူအပင်မရှိဘဲ ကြီးပြင်းခဲ့ရတာလေ။
အခုလို လူမှုရေးလုပ်ငန်းတွေ လုပ်ရာကနေ ရရှိလာတဲ့ အကျိုးဆက်က ဘာတွေဖြစ်မလဲ။
မစ္စအင်တာနေရှင်နယ် အင်တာနက်စာမျက်နှာမှာဆို ညီမရဲ့ လှုပ်ရှားမှုလေးတွေကိုဖော်ပြထားတယ်။ Asia For Wiing ဆိုတဲ့ ၀က်ဘ်ဆိုက်မှာဆိုရင် ပြီးခဲ့တဲ့လက ညီမက Asia Admire Beauty Queen မှာဆို ထိပ်တန်းငါးဦးကနေ သုံးဦးစာရင်းဝင် ဖြစ်ခဲ့တယ်။ အခုဆို မစ္စဝေါလ်ပြိုင်ပွဲမှာ ညီမ ဘာမှ စာရင်းလည်း မပေးရသေးဘူး။ ပြိုင်မယ်မပြိုင်ဘူးလည်း မဆုံးဖြတ်ရသေးပေမယ့် ညီမရဲ့ ဓာတ်ပုံတွေ၊ လှုပ်ရှားမှုတွေကို  ပြိုင်ပွဲစီစဉ်သူတွေက အင်တာနက်မှာ တင်ထားပြီးပြီ။ စက်တင်ဘာမှာဆို လော့အိန်ဂျလိစ်ကသူတွေက နန်းခင်ဇေယျာကို အဓိကဖိတ်ချင်တယ်လို့ ကမ်းလှမ်းလာပြီ။ ပြီးခဲ့တဲ့ တစ်ပတ်ကဆို ဂျပန်က တရားသူကြီး ဦးဆောင်တဲ့အဖွဲ့က သူတို့နိုင်ငံမှာ လူမှုရေးအားပေးမှုတွေ လုပ်ပေးဖို့  ကမ်းလှမ်းပါတယ်။ မေလ ၁၆ ကနေ ၁၉ ထိ ထိုင်းက ရွာလေးတစ်ရွာမှာ အားပေးစကား ပြောဖို့ ကမ်းလှမ်းခံရပေမယ့် ညီမ အလုပ်တွေနဲ့ မအားလို့ မသွားဖြစ်လိုက်ပါဘူး။ မြန်မာတင်မက တစ်ကမ္ဘာလုံးက လူတွေက ညီမရဲ့ လှုပ်ရှားမှုတွေကို အသိအမှတ် ပြုပြီး ကမ်းလှမ်းလာတဲ့အတွက် ညီမအရမ်းဝမ်းသာပါတယ်။


မစ္စမြန်မာ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့တော့ နောက်ထပ်ပြိုင်မယ့်ပြိုင်ပွဲဝင်တွေကို မစ္စမြန်မာတစ်ယောက်ဖြစ်တဲ့ညီမ ဘယ်လိုအကြံပြုချင်ပါသလဲ။

နောက်ဆို နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေက အရမ်းများလာနေပါပြီ။ အလှမယ်တစ်ယောက်ဟာ အရပ်မြင့်ရုံ၊ လှပနေရုံနဲ့ မလုံလောက်တော့ပါဘူး။ ဗဟုသုတ၊ လူမှုရေးလည်း လုပ်ရမယ်။ မြန်မာကမ္ဘာနဲ့ပတ်သက်တဲ့ ဗဟုသုတရှိရမယ်။ အင်္ဂလိပ်စကားကို အားနည်းတာကို စိတ်မပူပါနဲ့။ တခြားသူတွေလည်း သိပ်မကောင်းပါဘူး။ ဒါပေမဲ့ တစ်ဖက်လူနားလည်အောင် ပြောတတ် ဆိုတတ်သင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရပါမယ်။

လူမှုရေးပြယုဂ်နဲ့ ကုန်ပစ္စည်း သံတမန်အဖြစ် ရပ်တည်မှုကြားမှာ နန်းခင်ဇေယျာရဲ့ပုံရိပ်ကို ဘယ်လို ခွဲခြားထိန်းသိမ်းထားပါသလဲ။

ကုန်ပစ္စည်းအမှတ်တံဆိပ် သံတမန်အဖြစ် ညီမထိုက်သင့်တဲ့ အခကြေးငွေရတယ်။ ဒီပိုက်ဆံသည် ညီမကိုယ်ကျိုးအတွက်၊ နေ့စဉ်အသုံးစရိတ်အတွက်လည်း ပါတယ်။ ကျန်တဲ့ရာခိုင်နှုန်း တစ်ဝက်ကို လူမှုရေးလုပ်ငန်းအတွက် သုံးပါတယ်။ ညီမ အလှူလုပ်ဖို့ရှိ ပြီဆိုတာနဲ့  ညီမကို ခန့်အပ်ထားတဲ့ ကုန်ပစ္စည်းရှင်တွေနဲ့ ဆက်သွယ်ပြီးသူတို့ရဲ့ ပူးပေါင်းပါဝင်မှုကို ယူတဲ့အခါကျတော့ အလှူခံရတဲ့ ကလေးတွေ၊ပုဂ္ဂိုလ်တွေလည်း ၀မ်းသာတယ်။ ကြော်ငြာရှင်တွေလည်း ကုသိုလ်ရပါတယ်။

လူမှုရေးအလုပ်တွေ လုပ်ရင်းကနေ ဘယ်လိုအားနည်းချက်လေးတွေကို ပြုပြင်သွားချင်ပါသလဲ။

ညီမက လူမှုရေးလုပ်ငန်းတွေကို ခေါင်းစဉ်ရှစ်ခုနဲ့ အဓိက သွားပါတယ်။ ကလေးတွေ၊ ဆီးဂိမ်းလှုံ့ဆော်ရေးလုပ်ငန်း၊ အခြားသော ပရဟိတအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ အထီးကျန်နေတဲ့ သက်ကြီးရွယ်အိုတွေကို ကူညီပံ့ပိုးအားပေးခြင်း၊ ကလေးသူငယ်ပညာရေး၊ လူငယ်တွေရဲ့ ပညာရေး တိုးတက်မြင့်မားမှု အဲဒီခေါင်းစဉ်တွေထဲကပဲ လုပ်ပါတယ်။ နာရေးဆိုလည်း လူအများစုရဲ့ အယူသည်းမှုတွေကို တိုက်ဖျက်ချင်ပါတယ်။ ညီမဆို ကိုယ်တိုင်အလောင်း ၀င်သယ်တာပဲလေ။ အလောင်းဝင်သယ်လို့ ညီမ ကံဆိုးတာတို့၊ ညီမကို ခြောက်တာပြုတာတို့ လုံးဝမရှိပါဘူး။

နန်းခင်ဇေယျာရဲ့ ဖြစ်တည်မှုကို အသုံးချချင်လို့ ချဉ်းကပ်လာမှုတွေကို ဘယ်လိုရှောင်လွှဲခဲ့ပါသလဲ။

အသုံးချဖို့ ချဉ်းကပ်မှုတွေကတော့ အများကြီးမှ အများကြီးပါပဲ။ အရင်တုန်းက နိုင်ငံရေး၊ အခု ၉၆၉ ပေါ့။ ညီမကို အသုံးချမယ့်သူတွေ အများကြီးပဲ။ ပါးပါးနပ်နပ်နဲ့ ငြင်းရတာပေါ့။ ဥပမာ သဘာဝ ပတ်ဝန်းကျင်ကိစ္စတွေ လာပြောပါတယ်။ လုပ်ပေးချင်ပါတယ်။ ဒါပေမဲ့ ညီမ မကျွမ်းကျင်တဲ့ အပိုင်းတွေမို့ မလုပ်ချင်တာပါ။ ညီမသွားနေတဲ့ ပရဟိတရှစ်ခုကလွဲလို့ တစ်ခါတလေ မျက်နှာပျက်စရာတွေ ဖြစ်ခဲ့ပေမယ့် နန်းခင်ဇေယျာရဲ့ ပုံရိပ်ကို အသုံးချဖို့ ချဉ်းကပ်လာမှုတွေကို လိမ္မာပါးနပ်စွာ ရှောင်တိမ်းရပါတယ်။

ဦးကျော်သူက သူရုပ်ရှင်ပြန်ရိုက်တဲ့အခါ နန်းခင်ဇေယျာနဲ့ ရိုက်မယ်တဲ့။ ညီမရဲ့သဘောကရော။

ပထမတော့ ညီမရုပ်ရှင် မရိုက်သေးဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဦးကျော်သူရိုက်မယ့်ကားက တကယ့်လူမှုအကျိုးပြုမို့လို့ ရိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဦးကျော်သူနဲ့ ရိုက်မယ့် ကားက နည်းနည်းတော့ ကြာဦးမယ်ဆိုတော့ ဒီကြားထဲမှာ ကမ်းလှမ်းမှုတွေရှိလာရင်တော့ ရိုက်ဖြစ်ချင် ရိုက်ဖြစ်မှာပါ။

ညီမရဲ့  ရှေ့ဆက်မယ့် ဘ၀အစီအစဉ်က ဘယ်လိုပါလဲ။

ညီမကတော့ ဧည့်လမ်းညွှန်ဆက်လုပ်မယ်။ အခုချိန်ဆို ခရီးတွေနားထားတဲ့အချိန်မို့ လူမှုရေးတွေ ဖိလုပ်တယ်။ စီးပွားရေးကြော်ငြာတွေ ရိုက်မယ်။ အနုပညာ အလုပ်ဆိုတာလည်း အချိန်နဲ့ ကံနဲ့ စန်းနဲ့ လုပ်ရတာမို့ ဒါတွေလည်း ဆက်လုပ်ဦးမှာပဲ။

အားလုံးက စိတ်ဝင်စားတဲ့ နန်းခင်ဇေယျာရဲ့အချစ်ရေးက..

အချစ်ရေးက မရှိပါဘူး။အေးအေးဆေးဆေးပါပဲအစ်မ။ ညီမ အပူမရှာချင်ဘူး။ ညီမက တစ်ခုခုကို ခံစားမိရင် အရမ်းခံစားလွယ်တယ်။ ဘာအလုပ်မှမလုပ်နိုင်တော့ဘူး။ ကိုယ့်အကြောင်း ကိုယ်သိလို့ ကိုယ့်စိတ်ကိုယ်နိုင်တဲ့အခါမှပဲ အချစ်ရေးကိုစဉ်းစားပါတော့မယ်။

အတွဲ (၁၂)၊ အမှတ်(၉)

http://www.7daynewsjournal.com/article/10773 မှ .....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...