Author: lubo601 |
12:39 PM |
|
အခု ရခိုင်မှာ ဖြစ်ပျက်နေကြတဲ့က အပြင်ဖက်မှာပေါ့။ အဲတာကို ကိုယ်က ဘာမှ လုပ်မပေးနိုင်ပါသေးလျက် အွန်လိုင်းမှာပါ အငြင်းပွားစရာလေးတွေ ဖတ်ရှုနေမိကြပါတယ်။ ကျွန်တော်တို့တတွေ အခုလို အွန်လိုင်းမှာ ဘာသာမတူတာအသာထားလိုက်ဦး၊ အငြင်းပွားနေခြင်းဖြင့် ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာကို ပြေလည်အောင် လုပ်ပေးနိုင်ကြမယ်လို့ လုံးဝမထင်တဲ့အပြင် အွန်လိုင်းတက် ၀င်ဖတ်ခါမှ အကုသိုလ်စိတ်တွေ ဖြစ်ရပြန်ပါတယ်(ဒါက ကျွန်တော်ကိုယ့်ဖာသာရည်ရွယ်ပြောတာမဟုတ်ပါ၊ ဖတ်ရသူ ရာခိုင်နှုန်းအတော်များများ ဖြစ်ကြရမယ့် မကောင်းတဲ့စိတ်ပါပဲ။ ) ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ မမုန်းတီးပါ။ ဖြစ်နေတာ ကြားရလို့ စိတ်မကောင်းလို့ အကုသိုလ်စိတ် မကောင်းတဲ့စိတ်လို့ သုံးနှုံးပါတယ်။
ကျွန်တော် ဒီစာကိုရေးတာဟာ မွတ်ဆလင်၊ ကုလား ၊ ဘင်္ဂါလီ ၊ မြန်မာမွတ်ဆလင် ... စသည်ဖြင့် အငြင်းပွားနေတဲ့ ပိုစ့်တွေမှာ ဂရုကို နောက်ဆုံးရေးသားတာဖြစ်ပါတယ်။ ကျွန်တော့်ကိုလည်း နှစ်ဖက်လုံးမှ အထင်အမြင်လွဲတာမျိုးလည်း မဖြစ်စေလိုပါ။( လွဲရင်လည်း ကိုယ့်ကံပါပဲ) အဓိကအားဖြင့် မိတ်ဆွေတို့ရဲ့ စိတ်ထဲမှာ တောက်လောင်နေတဲ့ အပူ(ကိလေသာ)တို့ကို နည်းနည်းလောက်ဖြစ်စေ လျော့ပါးစေလိုသော စိတ်ဆန္ဒတစ်ခုတည်းနဲ့ အရင်းခံပါတယ်။ ကျွန်တော်ဟာ ဗုဒ္ဓဂေါတမရှင်တော်မြတ်ဘုရားရဲ့ နည်းနာဝါဒကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်ဦးထိပ်ထားတဲ့ မြတ်ဘုရားကိုလည်း ကုလားမျိုးဖြစ်တယ်လို့လည်း နေရာမရွေး ပြောရဲပါတယ်။ ကုလားဆိုတဲ့အသုံးကို နှိမ်ချပြောတယ်လို့လည်း မယူပါဘူးဗျာ။
ဒီနေရာမှာ အများက ကုလားလို့ ခေါ်လို့ မကြိုက်သူတွေကို ပြောပါရစေ။ ကျွန်တော်ဟာ တကယ်တော့ မြန်မာပြည်ဖွားတရုတ်လူမျိုးတစ်ယောက်သာဖြစ်ပါတယ်။ တလောက (တရုတ်အားကိုး မအေ --- ) ( ...... တရုတ်မဟုတ် တယုတ် ) ဘာဖြစ်တယ် ညာဖြစ်တယ် .. စသည်ဖြင့်ပေါ့၊ ဧရာဝတီကိစ္စနဲ့ ဖြစ်စေ၊ နိုင်ငံရေးအရ ဖြစ်စေ ၊ရေးသားတာတွေကို ဖတ်ခဲ့ရပါတယ်။ အခုလည်း ဖတ်နေရတုန်းပါပဲ။ ဒါပေမယ့်ဗျာ ကျွန်တော်က မြန်မာပြည်မှာမွေးခဲ့တော့ ကိုယ့်မှတ်ပုံတင်ထဲမှာသာ တရုတ်လို့သာ ဆိုတာ အဲဒီစာသားအသုံးအနှုံးတွေကို မနာဘူးဗျ။ ဆဲတာကတော့ လူမျိုးနဲ့ကို ကိုင်ဆဲတာတွေပေါ့ဗျာ။ ကျွန်တော်က ကျွန်တော့်လူမျိုးကို ပြောနေတယ်လို့ကို မထင်မိဘူး။ ဘယ်လို ဖြေသိမ့်သလဲ ပြောပါရစေ။ ဆရာကြီးလုပ်တာမဟုတ်ပါ။ နိုင်ငံခေါင်းဆောင်တွေမှာ ကိုယ့်နိုင်ငံကောင်းစားရေးကို ဦးစားပေးတတ်ကြတာကို နားလည်ပေးလိုက်လို့ပါ။ ဒီကြားထဲကမှ ၁ ။ လိပ်ဥတူးချင်သူရှိနိုင်သလို ၂ ။ ဘုရားလည်းဖူး လိပ်ဥလည်း တူးချင်တဲ့သူလည်း ပါနိုင်တာပေါ့။ ၃ ။ဘုရားပဲဖူးချင်တာလည်း ပါနိုင်တယ်။ ပြင်ပတိုင်းပြည်က နိုင်ငံ့ခေါင်းဆောင်တွေကို ရည်ရွယ်ပါတယ်။ ဒီအခါမှာ ၁ နဲ့ ၂ သာများမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ၂ တောင်မှ လိပ်ဥမတူးရရင် ဘုရားလည်း မဖူးချင်တော့တာလည်း ဖြစ်သွားနိုင်ပါတယ်။ ၃ သမားကိုတော့ ခုချိန်ထိ မတွေ့သေးဘူးလို့ ထင်တာပါပဲ (ကျွန်တော်ထင်တာကို ပြောတာပါ မှားနိုင်ပါတယ် တိုင်းတပါးခေါင်းဆောင်တွေကို ပြောတာနော်)
အချုပ်အားဖြင့် သူ့နိုင်ငံကောင်းအောင် သူလုပ်ရင် သူ့နိုင်ငံအတွက် တာဝန်ကျေတယ်ဗျ( သူ့ဖက်က ကြည့်ရင်ပေါ့) ။ ကျွန်တော်က တိုင်းတပါးခေါင်းဆောင်တွေကို အဲသလို နားလည်တယ်။ သူတို့လုပ်လို့ ဒီဖက်ကခံရမယ့်လူရဲ့ စိတ်ကျတော့လည်း ဘယ်ကျေနပ်မှာတုန်း။ ဒါကိုလည်း တရုတ်တွေ ဘာဖြစ် ( ..ိုး ) လူမျိုးနဲ့ ကိုင်တုတ်ဆဲရင်တောင်မှ ကိုယ့်လူမျိုးဖြစ်ပေမယ့် မနာတာ အမှန်ပါ။ ဒါလည်း မှန်နေတာပဲကိုးဗျ။ ( ဒါဖြင့် မင်းအစ်မ ၊ မင်းညီမ ပေးလိုက်ပါလားလို့ ပြောကြရင်တော့ ပါဆင်နယ်တိုက်ခိုက်တာမျိုးဖြစ်သွားမယ်နော် ) ဒီလို ပြောလာခဲ့ရင်လည်း ကျွန်တော် ကြမ်းတမ်းစွာ ပြန်ပြောလိမ့်မှာ မဟုတ်ပါဘူး။ ဖြေရှင်းမရရင် ဥပက္ခာထားလိုက်မှာပါပဲ။ အဓိက ပြောချင်တာ ကျွန်တော် မြန်မာပြည်ဖွား တရုတ်လူမျိုး၊ ကိုယ့်ကိုယ်ကို မြန်မာလို့ပဲ စိတ်မှာထင်နေတယ်( မြန်မာပြည်မှာမွေးခဲ့လို့ မြန်မာပြည်ကို ခင်တွယ်တယ်) ။ ဒါပေမယ့် တကယ်တမ်းကျတော့ တရုတ်လူမျိုးပါပဲ။ မြန်မာပြည်မှာ မွေးလို့ မြန်မာတရုတ်လို့ မစဉ်းစားခဲ့ဖူးဘူး။ ပြည်ကြီးက တရုတ်တွေ အရင်မြန်မာပိုင်တဲ့ ယခုတရုတ်ပြည် ကျယ်ကောက်ဒေသကို မြန်မာဆီက ဘယ်က ဘယ်လို ရယူခဲ့တယ်ဆိုတာ ... အဲတာ ထားလိုက်တော့ တရုတ်ပြည်ကိုတော့ မကျေနပ်ဘူး။ ဒါပေမယ့်လည်း ကိုယ်မွေးတဲ့ မြန်မာနိုင်ငံရဲ့ ဘယ်လိုအခြေအနေကြောင့် ဘယ်လိုဖြစ်သွားခဲ့ရတယ်ဆိုတာလေးလည်း ထည့်တွက်ရဦးမယ်လေနော ( အဲတာ အဓိကပြောလိုတာမဟုတ်ပါဘူး) ။ အဲတာနဲ့ စဉ်းစားတယ် ဟိုနိုင်ငံမကျေနပ်၊ ဒီနိုင်ငံမကျေနပ်နဲ့ သြော် ... ငါသာလျှင် အကုသိုလ်စိတ်ဖြစ်တာပါပဲလားဆိုတာ အသိဝင်လာပါတယ်။
သြော် .. မင်းကို ငါတို့က တရုတ်ဘာဖြစ်တယ် ညာဖြစ်တယ် စသည်ဖြင့် ဆဲတော့ မင်းက မြန်မာပြည်ကိုခင်တွယ်ကြောင်း သက်သေပြနေတယ်လို့ ထင်ချင် ထင်ပါလိမ့်ဦးမယ်။ ဆဲပါဗျာ။ ဘာဆဲဆဲ ... ဆဲချင်တဲ့သူက ဆဲချင်သလိုဆဲ ၊ ဆဲနေစဉ် ဆဲသူသာ အကုသိုလ်စိတ်ဖြစ်တာ အသိပေးလိုပါတယ်။ ကျွန်တော်တရုတ်လူမျိုးပါဆိုတာကို ဂရုထဲကို တကယ်တော့ ထည့်ရေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ဥပမာ တစ်ခု ပြုချင်လို့ ရေးလိုက်ပါတယ်။ ကိုယ့်ကိုယ်ကို တခါတလေလည်း ဘာဖြစ်လို့ တရုတ်မျိုးနွယ်ထဲဝင်ပြီး မွေးလာရပါသလဲလို့ တွေးလိုက်ပြန်ရင်လည်း မွေးခဲ့တဲ့ မိဘတွေကို ကျေးဇူးမသိတတ်ရာရောက်မှာစိုးပါတယ်။ ကိုယ့်ကံကိုက ဒီအတိုင်းဖန်လာခဲ့တာကိုးဗျ။
ဒီအတိုင်းပဲ၊ မိတ်ဆွေတို့လည်း နေထိုင်လက်ခံကြည့်ကြပါ၊ အဓိကက ပျော်တာလည်း ဒီစိတ်ပဲ၊ ဆင်းရဲတာလည်း ဒီစိတ်ပဲ။ စိတ်ဆင်းရဲရင် ကိုယ်ဆင်းရဲရပါလိမ့်မယ်။ ဟေ့ ဘာမှ မပြောနဲ့ကွ၊ သည်းခံကြကွလို့ ဆိုလိုခြင်းမျိုးတော့ မဟုတ်ပါဘူး။ မကောင်းသူဟာ မကောင်းတဲ့အတိုင်းသွားမှာပါပဲ။ ဥပဒေလည်းရှိပါတယ်။ ဒီဥပဒေကို သက်ဆိုင်ရာက မျက်ကွယ်မပြုလောက်ပါဘူး။ ဒီလောက်ဖြစ်နေတာကိုးဗျ။ ဥပဒေရှိလျက်နဲ့ ပြစ်မှုတစ်ခုကို ဥပဒေအတိုင်း မဖြစ်ရင်သာ အရေးဆိုဖို့ရာပါ။ လက်တုန့်ပြန်ရင်မှားမှာပါ။
အများအခေါ် ကုလားလူမျိုးထဲမှာလည်း ကောင်းသူတွေ အများကြီး တွေ့ခဲ့ဖူးပါတယ်။ မကောင်းသူလည်း ရှိမှာပေါ့။ မြန်မာ၊ တိုင်းရင်းသား၊ တရုတ် စသည့်ထဲမှာလည်း မကောင်းသူ ကောင်းသူ ဒွန်တွဲနေတတ်ကြပါတယ်။ ကိုယ်က ဗုဒ္ဓဘာသာမို့ အစ္စလာမ်ဘာသာမို့ ကိုယ်ကိုးကွယ်ရာဘာသာက လူတွေအားလုံး ကောင်းတယ် အခြားဘာသာကလူတွေ မကောင်းဘူးလို့ ၀ါးလုံးသိမ်း ဆိုလိုက်ရင် အများကြီးမှားသွားပါလိမ့်မယ်။ ဗုဒ္ဓဘာသာဖြစ်ပြီး မုဒိမ်းကျင့် လူသတ်တာတွေရော မရှိဘူးလား။ အခြားဘာသာတွေမှာရော အမှားတွေ မလုပ်ကြဘူးလား၊ အမှန်တွေလုပ်တာရော မရှိတော့ဘူးလား။ မိတ်ဆွေတို့ စဉ်းစားကြပါ။ ဘယ်သူမပြု မိမိမှုပါဗျာ။ ကိုယ်ကဖတ်တယ်၊ ရိုင်းစိုင်းတာတွေ ဖတ်မိတယ်။ မခံချင်ဘူး စိတ်တိုတယ်။ အင်း .. အဲဒီနေရာမှာကြည့် စိတ်တိုတဲ့အလျောက် ပြန်ပြောမိရေးမိတဲ့ အရာတွေက အကုန်ပါကုန်ပါတယ်။ ကိုယ်ဆဲလိုက်လို့ သူနာတာ မနာတာက သူဖတ်မှ (စာပြန်လာမှ ကိုယ်သိရမှာ) ၊ လောလောဆယ် ကိုယ်စိတ်တိုတော့ အမှန်တော့ ကိုယ်မှန်သည်ထားလိုက်ဦး ကိုယ်နာနေတယ်။ သတိပြုပါ။ အွန်လိုင်းမှာပဲ ဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် အမြင်မတူတာလေးတွေ ရှိရင် အေးဆေးတည်ငြိမ်စွာ သဘောထားကွဲလွဲခွင့် ရှိတာ ဒီမိုကရေစီပါပဲ။ ဒါပေမယ့် သူအထင်လွဲနေမယ်ဆိုရင် ကိုယ်တတ်နိုင်သလောက် အေးဆေးစွာ ရှင်းပြလို့မှ မရရင်တော့ ဥပက္ခာထားလိုက်ပါ။ ကိုယ့်အတွက် အေးချမ်းပါလိမ့်မယ်ဗျာ။
0 comments:
Post a Comment