Sunday, June 10, 2012

““တေး၏ကြေးမုံ””


by Maung Maung Than on Sunday, June 10, 2012 at 8:30pm 

(ကိုစောညိန်းအကြောင်း မြန်မာ့အသံ ဦးသန်းမြင့်၊ စာရေးဆရာ မင်းရှင်၊ ဂီတနက်သန် ကိုအုန်းလွင်၊ စာရေးဆရာ သန်းဆွေတို့၏ ဆွေးနွေးချက်ကို တွေး၏ကြေးမုံကဏ္ဍ၌ ၁၉၆၀ ပြည့် နှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ၈နာရီနှင့် ၂၇ ရက်နေ့ နံနက် ၁၁နာရီတွင် မြန်မာ့အသံ ဒုတိယ မြန်မာပိုင်းအစီအစဉ်မှ အောက်ပါအတိုင်း အသံလွှင့်ခဲ့ပါသည်)

တေး၏ကြေးမုံဆိုတဲ့ကဏ္ဍသစ်တစ်ရပ်နဲ့ သောတရှင်များကို ကျွန်တော်များဖျော်ဖြေတင် ဆက်လာခဲ့တာ အခုအကြိမ်ပါနဲ့ဆိုရင် ၄ကြိမ်ရှိပါပြီခင်ဗျာ။
၎ ကြိမ်ရှိပေမယ့် ဒီတေး၏ကြေးမုံကဏ္ဍဟာ ကဏ္ဍသစ်ပဲဖြစ်နေတဲ့အတွက် ဒါနဲ့ပတ် သက်လို့ အစီရင်ခံလိုပါတယ်။ ဤကဏ္ဍမှနေပြီး ကျွန်တော်များဟာ ခေတ်ပေါ်တေးများ ဘယ် အကြောင်းကြောင့် ပေါက်ဖွားလာခဲ့ရတယ်ဆိုတာကို သရုပ်ဖော်ကာ ဖျော်ဖြေလိုပါတယ် ခင်ဗျာ။


သောတရှင်တို့ သိတော်မူကြတဲ့အတိုင်း သောတရှင်များ ကြားကြားနေကြတဲ့ သီချင်း များ ကြိုက်နှစ်သက်တော်မူကြတဲ့ သီချင်းများမှာ အသီးသီးဘာကြောင့်ပေါက်ဖွားလာရတယ်ဆို တာ ဘယ်လိုအခြေအနေက ဖန်လို့ ပေါက်ဖွားလာကြတယ်ဆိုတဲ့ အကြောင်းလေးတွေ ရှိပါ တယ်။ တေး၏အရိပ်ကလေးတွေလို့ ခေါ်ကြပါစို့ခင်ဗျာ။ အဲဒီတေးရဲ့အရိပ်ကလေးများကို ကျွန်တော့်ရဲ့ကိုယ်တွေ့များဖြင့်လည်းကောင်း၊ တေးသီချင်းရေးစီသူကိုယ်တိုင်ကလည်းကောင်း၊ တေးသီချင်းရေးစီကြသူနဲ့ အနီးစပ်ဆုံးပုဂ္ဂိုလ်များမှတစ်ဆင့်လည်းကောင်း ၊အစီရင်ခံဖျော်ဖြေ သွားဖို့ကျွန်တော်များ ဆန္ဒရှိပါတယ်။

အခုအပတ်တော့ ကျွန်တော်တို့မိတ်ဆွေရင်းလည်းဖြစ်တဲ့ ကွယ်လွန်သူဂီတနက်သန် ကိုစောညိန်းရဲ့လက်ရာများထဲမှ ဖော်ထုတ်ဖို့ ကိုစောညိန်းနဲ့ အရင်းနှီးဆုံးပုဂ္ဂိုလ်များဖြစ်တဲ့ ဟောဒီက စာရေးဆရာ ကိုသန်းဆွေ၊ စာရေးဆရာ ကိုမင်းရှင်၊ ဂီတနက်သန်ဆိုတဲ့နာမည်ကို ဆက်ခံသူ သီချင်းရေးဆရာ ဂီတပညာရှင်ဂီတနက်သန်ကိုအုံးလွင်တို့နဲ့ ဆွေးနွေးရင်း သောတရှင်များကို ဒီ ကိုစောညိန်းရဲ့လက်သံများကို ကျွန်တော်ဖော်ထုတ်ပြီးတော့ကာ ကျွန်တော် အစီရင်ခံလိုက်ပါတယ်ခင်ဗျာ။

အဲဒီလက်ရာများဖြစ်ပေါ်လာရခြင်းအကြောင်း၊ သူ့တေးရဲ့ အရိပ်ကလေးများကို ကျွန်တော်ဖေါ်ထုတ်ပြီးတော့ အစီရင်ခံလိုက်ပါတယ်။

ကျွန်တော့်ဘယ်ဘက်မှာ ဂီတနက်သန် ကိုအုံးလွင်ရှိပါတယ်။ ဟောဒီကအလယ်မှာ ထိုင် နေတာကတော့ဖြင့် စာရေးဆရာမင်းရှင်၊ ကျွန်တော့ညာဘက်မှာတော့ စာရေးဆရာ ကိုသန်းဆွေ ရှိပါတယ်။ ကဲ ကိုမင်းရှင် ကိုမင်းရှင်ပဲ ကိုစောညိန်းကို ပထမဦးဆုံး ကျွန်တော်နဲ့အသိဖွဲ့ပေးတဲ့ လူပဲ။ နောက်ပြီးတော့ ကိုမင်းရှင်ပဲ ကိုစောညိန်းကို အသံလွှင့်ရုံကိုခေါ်လာတယ်ဆိုတော့ ကဲ ကိုစောညိန်း နာမည်ကျော်ကြားလာသည်အထိ သူ့ဖြစ်စဉ်လေးတွေပေါ့လေ ခင်ဗျား အဲဒါလေး ကိုမင်းရှင်သိသလောက် ကျွန်တော်တို့ ဆွေးနွေးရအောင်ခင်ဗျာ။

ကိုမင်းရှင်။       ။ ဟုတ်ကဲ့ ဒီကိုစောညိန်းကို ကျွန်တော် ကိုသန်းမြင့်တို့ဆီ ခေါ်လာတဲ့အချိန်ကျ တော့ သူဟာ သီချင်းတွေဘာတွေ စရေးပြီပေါ့လေ။ စမ်းရေးနေပြီပေါ့လေ။ ဒါပေမယ့်သူ့မှာ ၀ိုင်းတွေဘာတွေတော့မရှိသေးဘူး။ ဆုံးသွားတဲ့ စန္ဒရား ကိုလှသွင်၊ အဲဒီ သူ့ဝိုင်းမှာပဲ သူလက်တည့်စမ်းတဲ့ သီချင်းလေးတွေ။

ဦးသန်းမြင့်။      ။ အင်းပေါ့ အင်းပေါ့ ကိုမင်းရှင်တို့ ဆန်းသစ်စအဖွဲ့ကလား။

ကိုမင်းရှင်။       ။ ဟုတ်ကဲ့ အောင်လင်းတို့ ကျွန်တော်တို့အဲဒီ ကိုလှသွင်တို့ပေါ့၊ နောက် ကျွန်တော့်နှမ စန်းစန်းတင့်တို့။

ဦးသန်းမြင့်။      ။ အဲဒီ ကိုစောညိန်းနဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေထဲမှာ ကိုအောင်လင်းလည်းပါပါ တယ်။ စာရေးဆရာ ကိုအောင်လင်းလေ။

ကိုမင်းရှင်။       ။ ဟုတ်ကဲ့။

ဦးသန်းမြင့်။      ။ အဲဒါ သူလဲ ဒီနေ့ညနေလာပါလို့ ကျွန်တော်တို့ ဆွေးနွေးရအောင်လို့ခေါ် ထားတာ၊ သူ မအားလပ်လို့နဲ့ တူပါတယ်။

ကိုမင်းရှင်။       ။ အဲဒီအချိန်မှာ ကျွန်တော်တို့ ငွေဝန်းသော်တာတို့ ၀သန်ခါဦးတို့ဆိုတဲ့ သီချင်း လေးတွေကစပြီးတော့ စပ်ပါတယ်။

ဦးသန်းမြင့်။      ။ စပ်စပြုတဲ့အချိန်ပေါ့။

ကိုမင်းရှင်။       ။ ဟုတ်ကဲ့၊ အဲဒီ သူနဲ့ကျွန်တော် စသိရတာကတော့ သီချင်းရေးဆရာအဖြစ်နဲ့ မဟုတ်ပါဘူး။ ၁၉၄၆ ခုနှစ်လောက်မှာ ကျွန်တော်တို့စာရေးဆရာ ကိုဘုန်းကြွယ် (မြို့မဘုန်းကြွယ်) သူ့အိမ်ကို ကျွန်တော်တို့ အလည်အပတ် သွားရင်းလာရင်း ကိုသန်းဆွေတို့ ကျွန်တော်တို့ပေါ့လေ သွားရင်းကနေပြီး တော့ အဲဒီကိုစောညိန်းဆိုတဲ့လူ ပိန်ပိန်ပါးပါးနွဲ့နွဲ့လေးပဲ။ သူ့ကြည့်ရတာကို ခပ်ပျော့ပျော့၊ အဲဒါ သူ့စတွေ့တယ်။ တွေ့တော့ ကိုဘုန်းကြွယ်က ပြောပြတယ် အဲဒါ ကိုစောညိန်းပဲတဲ့။ အဲဒီတုန်းက သူဟာ ကိုဘုန်းကြယ်ရဲ့ဦးလေး ဦးဘကလေးနဲ့ သမာဓိသတင်းစာ။

ဦးသန်းမြင့်။      ။ ဟုတ်ကဲ့။

ကိုမင်းရှင်။       ။ အဲဒီအလုပ်တိုက်မှာ အလုပ်လုပ်ပါတယ်။ သူဟာစစ်မဖြစ်ခင်ထုတ်တဲ့ကာတွန်း ရုပ်စုံမှာ ပြိုင်ပွဲဝင်ပါတယ်။ ပြိုင်ပွဲဝင်ရာကနေပြီး ကာတွန်းတစ်ခုမှာ ဆုရတယ်။

ဦးသန်းမြင့်။      ။ သြော် သူက ပန်းချီလည်း ဆွဲတတ်သကိုး။

ကိုမင်းရှင်။       ။ ပန်းချီပါ တတ်မြောက်ပါတယ်။ ကျွန်တော်ကလည်း အဲဒီ ၄၅ ခုနှစ်လောက် တုန်းက ကာတွန်းပြိုင်ပွဲဝင်တာ ကျွန်တော်လည်း ဆုရတယ်။ စုံလည်းစုံတယ် ဗျာ။ အဲဒီမှာ သူနဲ့ဆုံမိတော့ ကာတွန်းဆရာအဖြစ်နဲ့သိရတာပေါ့လေ။ နောက် ကိုဘုန်းကြွယ်ကပြောတယ်။ တယောလေးဘာလေးလဲ ထိုးတတ်တယ်တဲ့။ တယောထိုးလဲ ကောင်းသတဲ့။ ကိုသန်းဆွေတို့တောင်မှပဲ တယောထိုးတာတွေ နားထောင်ရသေးတယ်။

ဦးသန်းမြင့်။      ။ ဟုတ်ကဲ့။

ကိုမင်းရှင်။       ။ အဲဒီလောက် သိရပြီးတဲ့နောက် သူနဲ့ကျွန်တော်နဲ့ ကွဲသွားခဲ့တယ်။ မတွေ့ရ တော့ဘူး။ နောက် အတော်လေးကြာတော့ ကျွန်တော့်အိမ်သူပေါက်လာတယ်။ ပတ္တလားရွက်ကလေးပိုက်လို့။ သီချင်းတစ်ပုဒ်စပ်လာတယ်တဲ့။ အဲဒီသီချင်းက ငွေဝန်းသော်တာပဲ။

ဦးသန်းမြင့်။      ။ သြော် သြော်။

ကိုမင်းရှင်။       ။ ငွေဝန်းသော်တာ သူတီးပြတယ်။ ကျွန်တော်တို့ ကုလားထိုင် ၂လုံးမှာ ပတ္တလားရွက်ကို သူချီပြီးတော့ တီးပြပါတယ်။ အဲဒီတုန်းက ကျွန်တော်က ကိုလှသွင်တို့နဲ့ သီချင်းတွေ လွှင့်နေတယ်ပေါ့လေ။

ဦးသန်းမြင့်။      ။ ဆန်းသစ်ဝိုင်းအဖွဲ့

ကိုမင်းရှင်။       ။ ဟုတ်ကဲ့ အဲဒီမှာ သူသီချင်းလွှင့်ချင်တယ်ဆိုတာနဲ့ ကျွန်တော်တို့ဆီ ကိုသန်းမြင့် ခေါ်လာတာ။

ဦးသန်းမြင့်။      ။ ဟုတ်ကဲ့

ကိုမင်းရှင်။       ။ ကျွန်တော်ပြောချင်တာကတော့ သူနာမည်မထွက်ခင် အပိုင်းလောက်ပဲ ပြောချင်ပါတယ်။

ဦးသန်းမြင့်။      ။ အဲဒီ(ဟို ဒါကဆန်းသစ်စ၀ိုင်းနဲ့တွဲပြီးလုပ်နေတဲ့အခါပေါ့လေ)

ကိုမင်းရှင်။       ။ ဟုတ်ကဲ့

ဦးသန်းမြင့်။      ။ ပြီးတော့ သူဂီတနက်သန်ရယ်လို့ ထောင်ပါတယ်။

ကိုမင်းရှင်။       ။ ဟုတ်ကဲ့။

ဦးသန်းမြင့်။      ။ ဟောဒီ ကိုအုန်းလွင်ကတော့ ခင်ဗျား ဂီတနက်သန် ကိုအုန်းလွင်ဆိုတော့ ဂီတနက်သန်ကိုစောညိန်းရဲ့ အမွေဆက်ခံသူပေါ့လေ။ ဂီတနက်သန် ဘယ်လို ပေါက်ဖွားလာရတယ်ဆိုတဲ့ ဖြစ်စဉ်ကလေး ခင်ဗျားကတော့အသိဆုံးဖြစ်လိမ့် မယ်ထင်တယ်။ ကျွန်တော်တို့ ဆွေးနွေးကြရအောင်ဗျာ။

ကိုအုံးလွင်။      ။ ကျွန်တော်ပြောရမယ်ဆိုရင် ရှည်တော့အတော်ရှည်မယ်။

ဦးသန်းမြင့်။      ။ အတိုချုံးပေါ့ဗျာ။

ကိုအုံးလွင်။      ။ အတိုချုံးပြီးတော့ ပြောပါ့မယ်။ ကျွန်တော် ဒီ ဂီတနက်သန်အဖွဲ့ မတည်ထောင် ခင်ကပေါ့။ မတည်ထောင်ခင်မှာဆိုလို့ ခုန ကိုမင်းရှင်ပြောသွားတဲ့ ဆန်းသစ် တူရိယာအဖွဲ့ဘ၀ပေါ့။

ဦးသန်းမြင့်။      ။ ဟုတ်ကဲ့။

ကိုအုံးလွင်။      ။ ကျွန်တော် အပျော်တမ်းအဖွဲ့ပေါ့လေ၊ အဲဒီအပျော်တမ်းအဖွဲ့မှာ စန်းစန်းတင့် ဆိုတာ ကိုမင်းရှင်ရဲ့ညီမပါပဲ။ သူဆိုထားတဲ့ ၀သန်ခါဦးသီချင်းကို ကျွန်တော် ကြားမိတယ်။ ကျွန်တော်အဲဒီသီချင်းလဲ နားထောင်ပြီးရော ကိုစောညိန်းနဲ့ အင်မတန်တွေ့ချင်တဲ့ဆန္ဒ ရှိလာတယ်။ ရှိတော့ဘယ်သူတွေနဲ့များဆက်သွယ် လဲဆိုတာ စဉ်းစားကြည့်တော့ စာရေးဆရာကိုသန်းဆွေကို ကျွန်တော်သွား သတိရတယ်။ ကိုသန်းဆွေကို ကျွန်တော်ကမေးတယ်။ ကိုသန်းဆွေ သိလား ဆိုတော့ သူကသိတယ်တဲ့။ ဒါနဲ့ကျွန်တော်က ကျွန်တော်လိုက်ပို့ပါဆိုတော့ ကိုသန်းဆွေက လိုက်ပို့တယ်။ မိတ်ဆက်ပေးပါတယ်။ မိတ်ဆက်ပေးပြီးတဲ့ နောက် ဂီတနက်သန်ဝိုင်းကို စပြီးထူထောင်တာပဲဆိုပါစို့။

ဦးသန်းမြင့်။      ။ ဟုတ်ကဲ့။

ကိုအုံးလွင်။      ။ ထူထောင်ပြီးတော့ ကျွန်တော်တို့ ပထမဆုံးလွှင့်တဲ့ သီချင်းတွေဟာဆိုရင် ဂီတနက်သန် စလွှင့်လွှင့်ချင်းပေါ့လေ။ “စိန်” ထို့နောက် စာရေးဆရာ ကိုအောင်လင်းဆိုထားတဲ့ “မိုးသက်လေနှင်”ဆိုတဲ့သီချင်း၊ အဲဒီကနေပြီး တော်တော်များများပါပါတယ်။ ပါတော့ ကျွန်တော်အကြိုက်ဆုံး သီချင်းကတော့ စိန်ရယ်၊ အဲဒီနောက်ပြီး ငွေဝန်းသော်တာရယ်၊ ဒီနှစ်ပုဒ်တော့ ကျွန်တော်အကြိုက်ဆုံးပါပဲ။

ဦးသန်းမြင့်။      ။ ဟုတ်ကဲ့၊ ကိုအုံးလွင်ကဆိုလို့ရှိရင် တော်ရုံတန်ရုံသီချင်း တီးချင်တဲ့လူမှမဟုတ် ဘဲ၊ အင်မတန် သီချင်းဈာန်ရွေးတဲ့သူပဲ။ ကိုစောညိန်းသီချင်းကျမှ စွဲစွဲလမ်း လမ်းနဲ့ ခုံခုံမင်မင် တီးတယ်ဆိုတာ အကြောင်းကတော့ အသံကိုကြိုက်လို့ပေါ့ နော်။

ကိုအုံးလွင်။      ။ အသံကိုလည်းကြိုက်တယ်။ အသံသွားတာလာတာလေးတွေကလည်း တော် တော်ချစ်စရာကောင်းတယ်။

ဦးသန်းမြင့်။      ။ ပြီးတော့ သူဟာ ကိရိယာတန်ဆာပလာတွေလည်း များများလိုတဲ့သီချင်းတွေ မဟုတ်ဘူး။

ကိုအုံးလွင်။      ။ မလိုပါဘူး။

ဦးသန်းမြင့်။      ။ နှစ်ခုလောက် သုံးခုလောက်နဲ့ တီးလိုက်လို့ရှိရင်လည်း နားထောင်ကောင်းတဲ့ သီချင်းတွေပဲ။

ကိုသန်းဆွေ။    ။ အဲဒီ ဂီတနက်သန်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ကိုအုံးလွင်ရှင်းပြပါဦး။

ကိုအုံးလွင်။      ။ ဂီတနက်သန်ဆိုတဲ့အဓိပ္ပာယ် ဂီတနက်သန်ဆိုတာ ကျွန်တော်တို့ တစ်ခါတလေကျလို့ရှိရင် ကိုသန်းဆွေတို့၊ ကိုမင်းရှင်တို့ တွေ့မိမှာပေါ့နော်၊ ကျွန်တော်တို့ ဂီတနက်သန်ဆိုတဲ့ စာကြောင်းကိုရေးလို့ရှိရင် သသေးသေးတင် နဲ့ သံထားတာ သိပ်မှားတယ်ဗျာ။

ကိုမင်းရှင်။       ။ ကျွန်တော်တောင် မှားသေးတယ်။

ကိုအုံးလွင်။      ။ အဲဒါမှားတယ်ဗျ။ အဲဒါနငယ်နဲကသတ်ရတယ်။ အဓိပ္ပာယ်က ဘူမိနက်သန်တို့ သဘောမျိုးပါပဲ။ မြေစင်မြေမှန်သလောမျိုးပဲ။ ဂီတအစစ်အမှန်သဘောမျိုးကို ဒီဝိုင်းမှာရတယ်ပေါ့လေ။ အဲဒါကိုသူရည်ရွယ်ပြီးတော့ သူ့ဂီတ နက်သန်ဆိုပြီး ဖွဲ့တယ်။ ကင်ပွန်းတပ်တယ်။

ဦးသန်းမြင့်။      ။ သူကတော်တော် လေးလေးနက်နက် စဉ်းစားတဲ့လူပဲ၊ အသံအဖက်တွေမှာ လည်း အတော်လေးလေးနက်နက် စဉ်းစားပြီးတော့ ဖက်စပ်ထားတဲ့အသံ၊ ဒီတော့ အခုပြောတဲ့ ခုန“စိန်”ပေါ့နော်၊ ဟောဒီကိုသန်းဆွေတော့သိမယ်။

ကိုသန်းဆွေ။    ။ ဟုတ်ကဲ့။

ဦးသန်းမြင့်။      ။ ကိုသန်းဆွေကတော့ ဒီမှာ ““ပွင့်ဦး””တို့လို ဟို“ချစ်ထံတျာရှင်”တို့လို၊ အဲဒီ ၀တ္ထုတွေနဲ့ ကိုစောညိန်းအကြောင်းရေးတဲ့လူဆိုတော့ ကိုစောညိန်းရဲ့ အတွင်း ရေးလေးတွေ ကိုယ်ရေးကိုယ်တာလေးတွေ တော်တော်များများသိမယ်ထင် တယ်။

ကိုသန်းဆွေ။    ။ ဟုတ်ကဲ့။

ဦးသန်းမြင့်။      ။ အဲဒီ စိန် ဆိုတဲ့သီချင်းကို ကျွန်တော်လည်း နားတော်တော်စွဲတယ်။ အဲဒါ ဒီသီချင်းမှာများ ဒီလိုစပ်ရတဲ့အကြောင်းလေး ဘာလေးများရှိလား။ တေးအရိပ် ကလေးများရှိသလား။

ကိုသန်းဆွေ။    ။ ဟုတ်ကဲ့ ဟို ဒီစာရေးဆရာတို့ ကဗျာဆရာတို့ သီချင်းရေးဆရာတို့ အစရှိသဖြင့်ပေါ့လေ။ သူတို့တစ်တွေရဲ့ အလုပ်ကလေးတွေမှာ သူတို့ရဲ့စာလေး တေးကဗျာလေးတွေ သီချင်းတွေမှာ နောက်ကြောင်းကလေး တွေကို အရင်းခံပြီးတော့ သူတို့ရဲ့ အသည်းနှလုံးမှာ ခံစားလာရတာကနေပြီး တော့ ဒီသီချင်းကလေးတွေ ပေါ်ထွက်လာတာပဲ။ စိန်ဆိုတဲ့သီချင်းမှာ ဆိုရင် လည်း ကြားဖူးကြမှာပေါ့လေ။ ကြားကြတဲ့အတိုင်းပဲ စိန်ခေါ်ပြီးတော့ လိုက်တမ်းပြေးတမ်းကစားနေတဲ့ မိန်းကလေးတစ်ယောက်ကို မိခါမှဖြင့် ဘွာမခတ်ပါနဲ့လို့ ဆိုတဲ့စကားမျိုးကို သူတင်စားထားသလို သူ့ဘ၀မှာ မိန်းကလေးတစ်ယောက်က စိန်ခေါ်ပြီးတော့ ပြေးတမ်းပုန်းတမ်း ကစားနေတဲ့ သဘောလေးကို သူပေါ်လွင်အောင် ရေးထားတာပဲ။ ဘယ်သူဘယ်ဝါဆိုတာ ရယ်လို့တော့ မဟုတ်ဘူးပေါ့လေ။ စိတ်ကူးယဉ်လည်းပါမယ်၊ တကယ့်အဖြစ် အပျက်ပေါ်မှာ စိတ်ကူးယဉ် ချဲ့ထွင်ကြစမြဲမို့ ဒီသီချင်းကတော့ ဒီလိုပဲ အကြောင်းလေးတော့ ရှိလေရဲ့ မှတ်ပါတော့ခင်ဗျာ။

ဦးသန်းမြင့်။      ။ နားထောင်ကြရအောင်၊ ကိုအုံးလွင် တီးဗျာ၊ ကိုမောင်မောင်ညွန့် ဆိုရအောင်၊ အမှတ်တရနဲ့။

မောင်မောင်ညွန့်။        ။ (စိန်သီချင်းဆိုသည်။)

http://morris.myanmar-sar.org/Myanmar%20Oldies/Sein.mp3

ဦးသန်းမြင့်။      ။ ကျေးဇူးတင်ပါတယ်။ ကိုမောင်မောင်ညွန့်တို့ ကိုအုံးလွင်တို့ ကျွန်တော်တို့ ပြန်ပြီးတော့ သီချင်းလေးပြန်နားထောင်ရတာ အင်မတန်နုတယ်။ ဥပမာ တင်စားပြီးတော့ထားတဲ့ သီချင်းလေ။ သူ့ဟာက ဘယ်သူရယ်လို့ မရည်ရွယ် ဘဲနဲ့ သူ့(အိုင်ဒီးလို့ခေါ်တဲ့)သူ့ရဲ့ စိတ်ကူးယဉ်ထဲမှာ ပေါ်နေတဲ့ မိန်းကလေး တစ်ယောက်က သူ့ကိုပုန်းလား၊ ဟို မခို့တရို့လုပ်လားပေါ့လေ။ တယ်နွဲ့တာပဲ။
ကိုသန်းဆွေ။    ။ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။
ကိုမင်းရှင်။       ။ အဲဒီဟာ နားထောင်လို့ပြန်သတိရတယ်။ သူဒီဟာလွှင့်ပြီးတဲ့ ခေတ်တုန်းကဆို ရင် ကျွန်တော်တို့ ကောလိပ်က
ဦးသန်းမြင့်။      ။ ကိုမင်းရှင်တို့ ကောလိပ်မှာလား။
ကိုမင်းရှင်။       ။ မဟုတ်ဘူး၊ ကျွန်တော်မရှိတော့ဘူး။ ဟိုဖန်ရှင်တွေက ဘာတွေမှာဆိုရင် ကျွန်တော်ကြားတာပေါ့လေ။ လူတိုင်းက ပွဲတောင်းကြတယ်။
ဦးသန်းမြင့်။      ။ ဒီ စိန်သီချင်း ရေပန်းစားတာပေါ့လေ။
ကိုမင်းရှင်။       ။ စိန်တို့ ဆောင်းနတ်မယ်တို့ ပွင့်ဦးတို့ပေါ့လေ။
ဦးသန်းမြင့်။      ။ ကိုသန်းဆွေ သူ့အကြောင်းရေးထားတဲ့ “ချစ်ထံတျာရှင်”၀တ္ထု။
ကိုသန်းဆွေ။    ။ ကျွန်တော် ရှုမ၀မဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။ သူ ကွယ်လွန်အနိစ္စရောက်ပြီးတဲ့ နောက်မှပါ။
ဦးသန်းမြင့်။      ။ လုံးချင်းအဖြစ်နဲ့ ထပ်ထုတ်ဦးမယ်ကြားတယ် ဟုတ်လား။
ကိုသန်းဆွေ။    ။ ဟုတ်ကဲ့ အခု လုံးချင်းအဖြစ်နဲ့ ပြန်ထုတ်ဖို့ ကြိုးစားနေပါတယ်။
ဦးသန်းမြင့်။      ။ လုပ်စမ်းပါဗျာ။ ကျွန်တော်တို့ အကုန်ဝိုင်းပြီး ဖတ်ကြရအောင်။
ကိုသန်းဆွေ။    ။ ဖတ်ရပါမယ်ဗျာ။
ဦးသန်းမြင့်။      ။ ပြီးတော့ ကျွန်တော့်စိတ်ထဲမှာ အစွဲဆုံးသီချင်းတစ်ပုဒ်ရှိသေးတယ်။ အဲဒါ ကတော့ ဘယ်လိုလဲဆို ဟိုဒင်း ကျွန်တော်ပေါ့လေ။ ကံမျက်စိလည်လို့ ဒီတိုင်း ပြည်ကနေပြီး တခြားတိုင်းပြည်သွားရမယ့်အခါမှာ အဲဒီသီချင်းကို နောက်ဆုံး ကြားရတဲ့ သီချင်းမို့စွဲတာပဲ။ ဆရာဦးသုခဆိုတယ်လေ၊ နွေနှောင်းရွက်ကျန် ၀သန်ခါဦး။
ကိုသန်းဆွေ။    ။ နွေနှောင်းဝသန်လို့ခေါ်တယ်။
ဦးသန်းမြင့်။      ။ အဲဒီသီချင်းမှာကောဗျာ၊ တေးရဲ့အရိပ်ကလေးများ ရှိသေးသလား။
ကိုသန်းဆွေ။    ။ ဒီသီချင်းကတော့ ကျွန်တော်တို့ အဲဒီအချိန်မှာ စာရေးဆရာအသင်းကနေပြီး တော့ နှစ်စဉ်စာဆိုတော်နေ့တိုင်းမှာ ပြဇာတ်လုပ်ပါတယ်။ ပြဇာတ်တင်တဲ့နှစ် အဲဒီနှစ်ကတော့ ၁၉၅၁ ခုနှစ်ပေါ့ဗျာ။ အဲဒီ ၁၉၅၁ ခုနှစ်မှာ ကျွန်တော်တို့ နတ်သျှင်နောင် ပြဇာတ်ပြဖို့ ရွေးချယ်ကြပါတယ်။
ဦးသန်းမြင့်။      ။ ကိုသန်းဆွေကော ပါသေးလား။
ကိုသန်းဆွေ။    ။ ပါပါတယ်။ တိုင်းပြည်ပျက်လို့ပြေးတဲ့အခန်းလေး ဘာလေးပေါ့လေ ဟဲ ဟဲ။
ဦးသန်းမြင့်။      ။ ၀ါသနာအိုးတွေကိုး ဟဲ ဟဲ။
ကိုသန်းဆွေ။    ။ နွေနှောင်းဝသန်သီချင်းမရေးခင်ကတည်းက သူ့ကို ဆရာသုခက ကိုစောညိန်း က ဘာလုပ်ရသလဲဆိုတော့ စစ်စခန်းမှာ နားနေတဲ့ စစ်သားလေးတစ်ယောက် အဖြစ် ပါဝင်ရတယ်။ ပြည်လှဖေရဲ့ နတ်သျှင်နောင်သီချင်းကို ဆိုရတယ်။
ဦးသန်းမြင့်။      ။ဟုတ်ကဲ့။
ကိုသန်းဆွေ။    ။ နတ်သျှင်နောင်သီချင်းကိုဆိုပြီးတော့ မယ်ဒလင်တီးရတယ်။
ကိုမင်းရှင်။       ။ ကိုသန်းမြင့်မကြည့်ဘူးလိုက်ဘူးလား။ ကျွန်တော်တို့ တေးချိုချိုပြဇာတ်လေဗျာ။
ဦးသန်းမြင့်။      ။ ကျွန်တော် မကြည့်လိုက်ရဘူး။
ကိုမင်းရှင်။       ။ မြို့တော်ခန်းမမှာပြတာ။
ကိုသန်းဆွေ။    ။ အဲဒီမှာကတည်းက ကိုစောညိန်းဟာ နတ်သျှင်နောင်ကို စိတ်ဝင်စားနေပါတယ် နတ်သျှင်နောင်ကို စိတ်ဝင်စားတဲ့အခါမှာ စာရေးဆရာအသင်းကလည်း နတ်သျှင်နောင်ပြဇာတ်ကပြမယ်။ ဆရာသုခကလည်း ကိုစောညိန်းရဲ့ ဆိုဟန် တီးဟန်ကို သဘောကျနေ၊ နတ်သျှင်နောင်ပြဇာတ်အတွက် သူ့ကို သီချင်းတစ် ပုဒ် ပေးမယ်ဆိုပြီးတော့ သီချင်းတစ်ပုဒ်စပ်ခိုင်းတယ်။ သီချင်းစပ်တဲ့အခါမှာ သီချင်းနှစ်ပုဒ်စပ်တယ်။ တစ်ပုဒ်ကတော့ နွေနှောင်းဝသန်ရယ်၊ နောက်တစ် ပုဒ်က ရတုဘုရင်ပါပဲ။
ဦးသန်းမြင့်။      ။ ဟုတ်ကဲ့ ဟုတ်ကဲ့။
ကိုသန်းဆွေ။    ။ ဒါပေမယ့် ရတုဘုရင်ကိုတော့ ပြဇာတ်မှာ မတင်ဖြစ်ဘဲနဲ့ ဒီနွေနှောင်းဝသန်ကို တင်ဖြစ်ပါတယ်။ ဒီနွေနှောင်းဝသန်သီချင်းကို သူဟာသူစပ်ပြီးတော့ ကိုအုံးလွင် နဲ့ပေါ့ဗျာ၊ ပြဇာတ်ခုံကို ယူလာတဲ့အခါမှာ အားလုံးပြဇာတ်အဖွဲ့မှာပါနေတဲ့ စာရေးဆရာများသာမကဘဲနဲ့ အဲဒီပြဇာတ်ရဲ့ ဂီတတာဝန်ခံဖြစ်တဲ့ အလင်္ကာ ကျော်စွာ ဆရာအေး ဆရာရွှေပြည်အေးပေါ့လေ၊ ဆရာရွှေပြည်အေးကဆိုရင် အင်မတန် လက်ဖျားခါ ချီးမွမ်းပါတယ်။ ချီးမွမ်းတော့ ကိုစောညိန်းဟာ အင်မတန်အားတက်သွားပြီးတော့ ဂီတနယ်ကို ခြေစုံပစ်ဝင်ဖို့ ဆုံးဖြတ်တာပဲ ဆိုပါတော့ ခင်ဗျာ။
ဦးသန်းမြင့်။      ။ ဟာ ချီးလည်းချီးမွမ်းထိုက်တဲ သီချင်းပဲ။ ကဲ ထပ်နားထောင်ရအောင်ဗျာ။ ကိုမောင်မောင်ညွန့် လုပ်ပါဦး။ ကိုအုံးလွင်လုပ်ပါဦး။
မောင်မောင်ညွန့်။        ။ (နွေနှောင်းဝသန်ဆိုသည်။)

http://morris.myanmar-sar.org/Myanmar%20Oldies/NweHnaungYwetKyan.MP3

ဦးသန်းမြင့်။      ။ ကျေးဇူးတင်ပါတယ် ကိုမောင်မောင်ညွန့်ခင်ဗျာ။ ပြန်ပြီးတော့ ကျွန်တော်တို့ နားထောင်ရတာ ကိုမောင်မောင်ညွန့်လည်း မောပြီ။ ကျွန်တော်တို့ ကြားရတဲ့ စာကလည်း တယ်နုတဲ့စာလုံးတွေပဲ။ ဒီစာလုံးတွေဟာ နတ်သျှင်နောင်ရတုထဲ ကလည်းပါ ထင်ပါရဲ့။
ကိုသန်းဆွေ။    ။ ဟုတ်ပါတယ်။ နတ်သျှင်နောင်ရတုထဲက တော်တော်များများ ယူသုံးထားပါ တယ်။
ဦးသန်းမြင့်။      ။ ဟိုကယူ ဒီကယူပြီးတော့ စိပ်ပြီးသုံးထားတာပဲ။ စာသားကတော့ နတ်သျှင် နောင်စာသားတွေဆိုတော့ ပြောစရာမလိုဘူးပေါ့ဗျာ။ သို့သော်လည်း ကျွန်တော်တို့ အံ့သြစရာက စာသားနဲ့လိုက်အောင်အသံဖက်တာ လေးနက် အောင်ဖက်တာ ကျွန်တော်နားထဲမှာ အရသာလေး တစ်မျိုးကြီးပဲ ဆက်ပြီး တော့ ကိုသန်းဆွေကလည်း
ကိုသန်းဆွေ။    ။လုပ်ပြီ လုပ်ပြီ။
ဦးသန်းမြင့်။      ။ ကိုသန်းဆွေခင်ဗျားကလည်း ကျွန်တော်တို့မိတ်ဆွေကြီးကို ဂုဏ်ပြုတဲ့အနေနှင့် ခင်ဗျားလည်း တစ်ပုဒ်ဆိုဗျာ။
ကိုမင်းရှင်။       ။ ငွေဝန်းသော်တာဆိုပေါ့ဗျာ။
ကိုသန်းဆွေ။    ။ အင်း အင်း ဆိုပါချင်ပါတယ်လေ။ ငွေဝန်းသော်တာဟာ နာမည်သိပ်မတက်ခင် မှာ စပ်ခဲ့တဲ့သီချင်းဆိုတော့ ကဲ ကိုအုံးလွင် မယ်ဒလင်လုပ်ဗျာ။ ငွေဝန်းသော်တာသီချင်းတစ်ပုဒ်ဆိုပြီး တော်လောက်ရောပေါ့ခင်ဗျာ။

http://morris.myanmar-sar.org/Myanmar%20Oldies/NgweWunThawTar.MP3

ဦးသန်းမြင့်။      ။ ကျေးဇူးတင်ပါတယ် ကိုသန်းဆွေ၊ ကျွန်တော်တို့ ဒီအပတ်တေး၏ကြေးမုံ ကဏ္ဍမှာ ကျွန်တော်တို့မိတ်ဆွေဖြစ်တဲ့ ဂီတနက်သန်ကိုစောညိန်း၊ သူ့ရဲ့ လက်ရာများကို သူ့ရဲ့အရင်းနှီးဆုံးဖြစ်တဲ့ စာရေးဆရာကိုသန်းဆွေ၊ စာရေး ဆရာ ကိုမင်းရှင်၊ ဂီတနက်သန် အမည်အမွေဆက်သူ ဂီတနက်သန် ကိုအုံးလွင် တို့နဲ့ ကျွန်တော်အခုဆွေးနွေးပြီးတော့ ကျွန်တော်တို့ သောတရှင်များကို သူ့သီချင်းများနဲ့ တင်ဆက်ဖျော်ဖြေလို့ ပြီးပါပြီခင်ဗျာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...