Wednesday, June 20, 2012

ဂုဏ်ယူစရာ မြန်မာ့တပ်မတော် စစ်ဗိုလ်ကြီးများ


စစ်ဗိုလ်ကြီးတွေအကြောင်း ဒီလိုရေးဘို့ တော်တော်လေး စဉ်းစားရပါတယ် မရေးချင်ပါဘူး။ အမှန်ပြောရရင် ကိုယ့်တပ်မတော်ဘဲ နစ်နာပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ကြီးတွေရဲ့ အစွမ်းအစဟာ ပြောပလောက်အောင် ဘာမှ မရှိဘူး ဆိုတာ နှစ်ပေါင်းများစွာ ပြောခွင့်လဲမရှိ၊ ရေးခွင့်လဲမရှိ၊ ကြားလေ့ ကြားထမရှိတော့ တပ်မတော်သားမပီသသူ တချို့က အဟုတ်မှတ် မိုက်သွေးနားထင်ရောက်ပြီး လက်ထဲမှာ ရာထူးအာဏာရှိတုန်း ပြည်သူတွေကို စော်ကား လွန်းလာတာ တွေ့ရပါတယ်၊ အခုနောက်ပိုင်း ပိုပိုဆိုးလာတာက စစ်ရူးရူးပြီး ပြည်သူတွေကို ''ဘာမှလာပြောမနေနဲ့ ဒီကုလားမအဖွဲ့ကို ဘယ်တော့မှ အာဏာမအပ်ဘူးကွ'' တို့ ''နောင်မှ ဒူးထောက် မတောင်းပန်နဲ့ စီးထားတဲ့ စစ်ဘိနပ်နဲ့ မျက်နှာကို ဖြတ်ကန်ပြစ်မယ်'' လို့ကြိမ်းတဲ့ စစ်ဗိုလ်ကကြိမ်း၊ ကျော်မကောင်း ကြားမကောင်းဗျာ ကိုယ့်ပြည်သူကို ဒီလိုကြိမ်းတာမျိုး ဘယ်သူမှ လက်ခံမှာလဲ။ ဒီလိုစစ်ကြောင်တွေ စစ်ဗိုလ်မပီသသူတွေ မြန်မာ့ တပ်မတော်ထဲမှာ တွေ့ရဖန်များလာလို့ သင်းတို့လေးတွေ ကိုယ့်အကြောင်း ကိုယ်သိအောင် ကျွန်တော်ဒီစာကို မရေးချင်ဘဲ ရေးပါတယ်။ ဆေးက နဲနဲတော့ခါးမှာပါ။


စစ်ဗိုလ်ကြီးတွေ အနာဂါတ်နိုင်ငံတော်ကို နိုင်ငံရေးဦးဆောင်ချင်တယ်သာ အတင်းလုပ်နေတာ မှန်တာပြောရရင် သူတို့မှာ မြန်မာနိုင်ငံကို ခေါင်းဆောင်နိုင်တဲ့ အရည်အခြင်းမရှိပါဘူး။ ဘယ်တုန်းကမှလည်း မရှိခဲ့ပါဘူး။ ထူးထူး ချားချား တိုက်ရည်ခိုက်ရည်နဲ့ အရည်အခြင်းလဲ ပြောပလောက်အောင် မတွေ့မိပါဘူး။ သာမန်ပါဘဲ။ တကယ်တန်း စစ်ပွဲကြီးကြီးမားမား တိုက်လာခဲ့တာရှိရင် ပြစမ်းပါ၊ မရှိပါဘူး။ ကိုယ့်ထက် လက်နက်လူသူ အင်အား များရင် ရှုံးခဲ့တာပါဘဲ၊ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးကော ရလားဆိုတော့လည်း မေးစရာတောင် မလိုပါဘူး။ ကုလသမဂ္ဂ ကတောင် ဝင်ပါနေရတဲ့ နိုင်ငံရေးပြဿနာတွေ၊ ခဏခဏဖြစ်နေတဲ့ ပြည်တွင်းမငြိမ်မသက် ဆန္ဒပြပွဲတွေ၊ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေရတာတွေက စစ်အစိုးရဘာလဲဆိုတာ သက်သေခံနေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကော ရသလားဆိုတော့လဲ မရပါဘူး။ တိုင်းရင်းသားတွေ မပြောရဲလို့ ငြိမ်နေကြတာပါ၊ တိုင်းရင်းသားတွေကို ကြောက်အောင် လုပ်ထားနိုင်ပါတယ်၊ ဒါဟာ စည်းလုံးညီညွတ်နေတာ မဟုတ်ပါဘူး။ စစ်ဗိုလ်တွေလုပ်လို့ ဗမာကိုပိုလို့တောင် အထင်သေးသွားပါပြီ။ သူတို့ဘက်က ကြည့်တော့လည်း ဗမာကို ခွင့်လွှတ်စရာ အထင်ကြီးစရာအကြောင်း ကောင်းကွက်တစ်ခုမှ မရှိပါ၊ ဗမာကဗိုလ်ကျထားတာလဲ ကမ်းကုန်နေပါပြီ။ တိုင်းရင်းသား မပြောနဲ့ကိုယ်ဟာကိုလဲ တပ်တွင်းစည်းလုံးညီညွတ်မှုမရှိဘဲ အချင်းချင်းခဏခဏကွဲလို့ ပြည်သူတွေ နစ်နာရပေါင်း မနဲတော့ပါဘူး။ ဒီအကြောင်းတွေ မပြောချင်လို့ မပြောရဲလို့ ကြည့်နေရတာပါ။

တောင်ငူခေတ်မှာကထဲက တပင်ရွှေထီးနဲ့ ဘုရင့်နောင်ဟာ ပြည်ကိုသိမ်းတော့ ဆယ့်တစ်နှစ်သား ပြည်ဘုရင်လေးရဲ့ ရှေ့မှာ ရင်ခွင်ပိုက်ဘုရင်မ လုပ်နေတဲ့ သူ့အမေကို တောင်ငူတတပ်လုံးက မုဒိန်းကျင့် ကိုယ်လုံးတီးချွတ် လည်ပင်း ကြိုးနဲ့ ဆွဲပြီး တစ်မြို့လုံးကို လှည့်စေပါတယ်၊ ပြီးမှ သားအမိနှစ်ယောက်လုံးကို ဧရာဝတီမြစ်ထဲမှာ ရေနှစ်သတ် တာပါ။ ပြည်ဆိုတာ မြန်မာစစ်စစ်ပါ၊ ဒါလား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ မြန်မာချင်း နှလုံးနာစရာ ကောင်းအောင် ရက်ရက်စက်စက် လုပ်ခဲ့တာလေ၊ သမိုင်းမှာ ဖျောက်ထားပေမဲ့ မှတ်တမ်းတွေ ရှိပါသေးတယ်၊ ရှာဖတ်ကြည့်ပါ။
ဘုရင့်နောင်တို့ ဆင်ဖြူရှင်တို့ ယိုးဒယားကို နိုင်ခဲ့တယ်ဆိုတာလည်း ဗမာက အနောက်နိုင်ငံတွေနဲ့ နီးလို့ သူတို့ဆီက အရင်ရတဲ့ အမြှောက်နဲ့ သေနတ်လက်နက် အင်အားမှာသာလို့ပါ၊ အဲဒီခေတ်မှာ ယိုးဒယားက ဒါတွေ မသုံးနိုင် သေးတော့ စစ်ရှုံးရတာပေါ့။ နောက်ပိုင်း ယိုးဒယားက အမြှောက်တွေ သေနတ်တွေ မြန်မာနဲ့ တန်းတူသုံးလာ နိုင်တော့ မြန်မာတွေစစ်ရှုံးပြီး အလောင်းကောက်ပြန်ရတာ အကြိမ်ကြိမ်ပါ။ အပြန်မှာ ယိုးဒယားက မြန်မာပြည်ထဲ မုတ္တမမြို့အထိ လိုက်တိုက်တာတောင် ခံရပါတယ်။ ဒီအကြောင်းတွေလဲ မြန်မာရာဇဝင်မှာ တပ်မတော် သိက္ခာကျမှာ စိုးလို့ ဖျောက်ထားခဲ့ပါတယ်။

ကုန်းဘောင်ခေတ်မှာ တောထဲတောင်ထဲက လူအင်အားမရှိတဲ့ အာသံနဲ့ မဏိပူရကိုနိုင်လို့၊ လက်နက် အင်အား မယှဉ်နိုင်တဲ့ ယိုးဒယားကိုနိုင်လို့ သွေးနားထင်ရောက်နေတဲ့ မြန်မာရှင်ဘုရင်တွေဟာ ကိုယ့်ထက်လက်နက်သာတဲ့ ဗြိတိသျှအင်္ဂလိပ်နဲ့ တိုက်တော့ ဝက်ဝက်ကွဲရှုံးခဲ့ပါတယ်။ လူနှစ်ထောင်လောက် သင်္ဘောနဲ့ လာတိုက်တဲ့ အင်္ဂလိပ်ကို ရှုံးရတာ နာပါတယ်၊ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲတစ်ခုဘဲ ရန်ကုန်မှာ သုံးပါးဝန်တပ်တွေက ဟုတ်ဟုတ်ငြားငြား ခံတိုက်နိုင်တာပါ။ စစ်ကူလွှတ်လိုက်တဲ့ စစ်သူကြီးမဟာဗန္ဓုလသာ အသေခံသွားရတာ၊ ရှင်ဘုရင့်ညီတော် သာယာဝတီအိမ်ရှေ့မင်းသားက ရန်ကုန်စစ်မြေပြင်အထိ မလိုက်ဘဲ စစ်နဲ့ဝေးတဲ့ ဟင်္သတမှာ ရှောင်နေခဲ့ပါတယ်။ မဟာဗန္ဓုလကျဆုံးတော့ မဟာဗန္ဓုလရဲ့ညီငယ်ဟာ သာယာဝတီမင်းသားလို အရှင်သခင်တွေ အတွက် ရဲမက် တော်တွေ အသေခံပြီး စစ်မတိုက်ပေးချင်တော့လို့လားတော့ မသိဘူး ရဲမက်တစ်ထောင်ကျော်နဲ့ အင်္ဂလိပ်ဘက်ကို ထွက်ပြေးခိုဝင်သွားပါတယ်။ ဒါနဲ့ မြန်မာဘက်က ပထမစစ် အရှုံးပေးလိုက်ရတယ်လို့ ဖတ်ဘူးပါတယ်။

ဒုတိယစစ်ပွဲကတော့ ဧရာဝတီမြစ်ရိုးတစ်လျှောက် ကိုမိုဒိုလင်းဘတ်က သင်္ဘောအုပ်စုနဲ့ ရမ်းချင်တိုင်း ရမ်းနေတာကို မြန်မာတပ်တွေ ဘာမှမခုခံမကာကွယ်နိုင်ဘဲ ရပ်ကြည့်နေရတာပါ၊ သတ္တိရှိရှိခံတိုက်မဲ့သူလဲ မယ်မယ်ရရ မရှိတော့ ပါဘူး။ နေပြည်တော်မှာ ပုဂံမင်းနန်းကျပြီး မင်းပြောင်းမင်းလွဲဖြစ်တယ်လဲဆိုရော စစ်ဗိုလ်ကြီးတွေ အားလုံး နောက်တက်တဲ့ မင်းတုန်းမင်းဆီ သူ့ထက်ငါအရင်ဦးအောင် ပြေးသစ္စာခံ ဖူးမျှော်ကြတာ စစ်တိုက်မဲ့သူတောင် မရှိတော့လို့ မြင်းခြံရောက်နေတဲ့ အင်္ဂလိပ်တွေတောင် အံ့အားသင့်သွားရပါတယ်၊ ဒီစစ်ပွဲလဲ အင်္ဂလန်လွှတ်တော်က ကိုမိုဒိုလင်းဘတ်ကို အရမ်းမလုပ်ပါနဲ့ဆိုပြီး စစ်ရပ်ခိုင်းလို့ သူ့ဖါသူ အတိုက်ရပ်သွားတာပါ။

နောက်ဆုံး တတိယစစ်ပွဲကတော့ သိသလောက် နှစ်ပါတ်အတွင်း အင်္ဂလိပ်တွေ နေပြည်တော်ကို ရောက်လာပါတယ်၊ မယ်မယ်ရရခုခံတာ မင်းလှခံတပ်ဘဲရှိပါတယ်။ မြင်းခြံမှာ မြန်မာရေတပ်ဗိုလ်ချုပ် လှေသင်း အတွင်းဝန်က စစ်ရှုံးတာကိုညာပြီး အင်္ဂလိပ်တပ်တွေကို ချေမှုန်းလိုက်ပြီလို့ သီပေါဘုရင်ကို လိမ်သတင်းပို့ပြီး တပ်ကိုပြစ်ပြီး ထွက်ပြေးသွားပါတယ်။ ရှင်ဘုရင်ခမျာ အလိမ်မိတာမသိဘဲ ဝမ်းသာလွန်းလို့ နေပြည်တော်မှာ အောင်ပွဲတွေခံ စစ်မြေပြင်ကို အဖိုးတန်ဂုဏ်ပြု ဆုဖလားတွေ၊ ဆုတံဆိပ်တွေ လှည်းတစီးတိုက် ပို့လိုက်မိပါ သေးတယ်။ လက်ခံမဲ့လူမရှိလို့ မြင်းလှည်းကြီးက တဝဲလယ်လယ်ဖြစ်နေတာ အင်္ဂလိပ်က ဖမ်းမိသွားပြီး အဖိုးတန်ပစ္စည်းတွေ ရသွားပါတယ်။ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ် ရွှေလှံဘိုခေါ်တဲ့ မင်းလက်ဝါးကြီးက တောင်ငူ အင်္ဂလိပ်စစ်တပ်မှာ အလုပ်ကြမ်းသမားဝင်လုပ်ပြီး ရုပ်ဖျက်ပုန်းနေပါတယ်။ သီပေါဘုရင် ပါတော်မူသွားတာတောင် မသိဘဲ ဆက်အလုပ်လုပ် နေပါသေးတယ်။ ဒီအကြောင်းမှတ်တမ်းတွေ အများကြီး ရှိပါသေးတယ်။ မြန်မာ့တပ်မတော် သိက္ခာကျရှက်စရာ ကောင်းလွန်းလို့ အစိုးရအဆက်ဆက် ဆွေးနွေးရေးသားခွင့်မပေးဘဲ ဖျောက်ထားတာတွေပါ။ သမိုင်းဆရာတွေကလဲ ကိုယ့်မြန်မာတပ်တွေ အလွယ်နဲ့ အင်္ဂလိပ်ကို စစ်ရှုံးခဲ့ရတာ၊ ခေါင်းဆောင်တွေ ညံ့တာတွေကို သိပ်အရှက်မကွဲရအောင် ကင်းဝန်မင်းကြီးဦးကောင်းက အင်္ဂလိပ်နဲ့ပေါင်းပြီး မခုခံရ ခုခံရင် သူပုန်ဆိုလို့ စစ်မတိုက်လိုက်ရတာ နာသကွာဆိုပြီး လုပ်ပေးနေတာပါ။ အမှန်တော့ လူတိုင်းသိပါတယ်၊ အဲဒီအမိန့်ထွက်လာတော့ စစ်ကတိုက်ပြီးလို့ ရှုံးနေပါပြီ၊ အင်္ဂလိပ်တွေ အမရပူရ ရောက်နေပြီဘဲ၊ သီပေါဘုရင်က လက်နက်ချပါမယ်ဆိုတော့ အင်္ဂလိပ်က ဒါဖြင့် မြန်မာတပ်တွေ မခုခံရဘူး၊ သေနတ်သံတချက် ထွက်တာနဲ့ သီပေါဘုရင်ကို သေဒဏ်ပေး ကွပ်မျက်မယ်ဆိုလို့ အင်္ဂလိပ်ကိုမခုခံရ ခုခံရင်သူပုန်ဆိုပြီး ဦးကောင်းကဘုရင့် ကိုယ်စား အမိန့်ထုတ်တာပါ။ လက်နက်ချလို့ ထုတ်တဲ့အမိန့်ပါ။ နောက်တစ်နေ့မှာ အင်္ဂလိပ်တွေက သီပေါဘုရင် ကိုဖမ်း နန်းတော်ကို သိမ်းတာပါဘဲ။

သတ္တိခဲဆိုတဲ့ မြန်မာကာကွယ်ရေးဝန်ကြီး တိုင်တားမင်းကြီးဦးဖိုးကလဲ အင်္ဂလိပ်ကဖမ်းပြီး ကုလားပြည်ပို့မယ် လုပ်တော့ သူ့ကိုမသတ်ပါနဲ့လို့ ပျာပျာသလဲနဲ့ တောင်းပန်ရှာပါတယ်။ ဆွေတော်မျိုးတော်တွေကို နို့စို့ကလေးတောင် မချန်ဘဲဒါးထက်ခဲ့တဲ့ မိဘုရားစုဘုရားလတ်လဲ စိတ်ထက်တယ်သာဆိုတယ် အင်္ဂလိပ်သင်္ဘောတွေ ရောက်လာပြီ ဆိုတော့ အပျိုတော်တွေရှေ့မှာ ရာဇအိနြေ္ဒမငဲ့နိုင်တော့ဘဲ မြေကြီးပေါ် လူးလှိမ့်ငိုပါသတဲ့၊ သီပေါဘုရင်ကတော့ ဒူးတွေတုန်ပြီး သင်္ဘောပေါ်မတက်နိုင်လို့ ကုလားစစ်သားက ဆွဲတင်ရပါတယ်။ သမိုင်းဆရာတွေ မျိုးချစ်စိတ်နဲ့ ဖုံးဖိရေးကြတာကတော့ မြန်မာတွေ တောက်တစ်ခေါက်ခေါက်နဲ့ပေါ့။ တကယ်တန်း သိသလောက် သူတို့အတွက် ဟုတ်တိပတ်တိ ဘယ်သူမှမခုခံကြပါဘူး၊ ဝမ်းတောင်သာကြပါတယ်။

မြန်မာအရပ်သားတွေ အတွက်ကတော့ မြန်မာဘုရင်သီပေါ လက်အောက်က အင်္ဂလိပ် ဝိတိုရီယ ဘုရင်မ လက်အောက် ရောက်ရတာပါဘဲ၊ သက်ဦးဆံပိုင် ဘုရင်စနစ်လက်အောက်က လွတ်ပြီး လွှတ်တော်နဲ့ ဥပဒေနဲ့ နေရတဲ့ခေတ်ကို ရောက်သွားတော့ တိုင်းသူပြည်သားတွေအတွက် နေလို့တောင် ပိုကောင်းလာပါသေးသတဲ့။
နောင် ဂျပန်ခေတ်မှာလည်း မြန်မာတပ်မတော်ဘီအိုင်အေဟာ ဂျပန်တွေလုပ်သမျှ တစ်ချိန်လုံးခေါင်းငုံ့ခံ နေရတာပါ။ မြန်မာသားပျိုသမီးပျိုလေးတွေ ဂျပန်စစ်သားက စော်ကားသမျှ ဂျပန်ခေတ် သုံးနှစ်လုံးဘာမှ ပြန်မပြောပြန် မလုပ်ရဲပါဘူး၊ လုပ်လို့လဲ မရပါဘူး၊ ဂျပန်စစ်တပ်ဆိုတာ တိုက်ပွဲတစ်ပွဲမှာ လူသောင်းနဲ့ချီပြီး သတ်လာတဲ့ အင်မတန် ကြမ်းတဲ့စစ်တပ်ကြီးပါ၊ ရုရှား၊ တရုပ်နဲ့ ပိစိဖိတ်ဒေသတစ်ခုလုံးက တိုင်းပြည်ကြီးတွေ တစ်ခုပြီး တစ်ခု တိုက်သိမ်း လာတဲ့ အင်မတန်မာတဲ့ တပ်တွေပါ။ မြန်မာဘီအိုင်အေ တပ်လူနှစ်ထောင်ကျော်ဟာ ဂျပန်တနေ့သတ်စာတောင် မရှိပါဘူး။ ဘီအိုင်အေဟာ ဂျပန်စစ်ရှုံးလို့ လက်နက်ချခါနီးမှ ဂျပန်တော်လှန်ရေးဆိုပြီး ထတော်လှန်ရဲတာပါ။ အဲဒီအချိန်မှာ အန္ဒိယဘက်က အမေရိကန်မဟာမိတ်တပ်ကြီး ပြန်ဝင်လာတာ ပျဉ်းမနားရောက်နေပါပြီ။ အဓိပတိ ဒေါက်တာဘမော်နဲ့ ဗိုလ်မှူးကြီးဗထူး ကောင်းမှုကြောင့်သာ မြန်မာ့ခေါင်းဆောင်တွေ ခေါင်းနဲ့ကိုယ် မြဲနေတာပါ။ နို့မို့အကုန် ဂျပန်သတ်တာ ခံရမှာပါ။

ဂျပန်တော်လှန်ရေးဆိုတာလဲ မဟာမိတ်တပ်တွေကို စစ်ရှုံးပြီး ဒါဏ်ရာဘလပွ ပတ်တီးစတဖွေးဖွေးနဲ့ စုပ်ပြတ်သတ်ပြီး ကိုယ့်ကိုကိုယ်တောင် မသယ်နိုင်တော့တဲ့ ဂျပန်ထီး ဂျပန်မတွေ စစ်တောင်းမြစ်ထဲမှာ ဖောင်နဲ့ စုံပြေးလာတာကို ညဘက်လရောင်အောက်မှာ မြစ်ကမ်းပေါ်ကချောင်းပြီး သေနတ်နဲ့ ပြစ်တာကို ဂျပန်တော်လှန်ရေး ကြီးဆိုပြီး အကြီးအကြယ် လုပ်နေကြတာပါ။

စစ်ဗိုလ်ကြီးတွေ ဂုဏ်ယူပြောပြောနေတဲ့ တရုပ်ဖြူ(ချန်ကေရှိတ်)ကျူးကျော်မှုဆိုတာလည်း မော်စီတုန်းကွန်မြူနစ် တွေက တိုက်လို့စစ်ရှုံးပြီး ခွေးပြေးဝက်ပြေးပြေးလာတဲ့ တရုပ်ဖြူစစ်ပြေးတွေပါ။ နောက်ဆုံးချန်ကေရှိတ် အစိုးရတပ်နဲ့ မိသားစုတွေ အငတ်ငတ်အပြတ်ပြတ်နဲ့ ပြေးစရာမြေမရှိတော့လို့ လက်နက်ငယ် ပါသလောက်လေးနဲ့ မြန်မာ ပိုင်နက်ထဲ ဝင်ပြေးလာကြတာပါ။ မြန်မာပြည်ကို ကျူးကျော်ဘို့ အစကထဲက စိတ်မဝင်စားပါဘူး။ မြို့ပေါ်နေတဲ့ အစိုးရ ဘဝကနေ တောထဲတောင်ထဲဝင်ပြေးရလို့ သူတို့စိတ်ဓါတ်က သုညရောက်အောင် ကျနေပါပြီ။ လက်နက် ကြီးကြီး မားမားလဲ မပါလာတော့ပါဘူး၊ လူလွတ်ပြေးကြရတာဆိုတော့ မသယ်နိုင်လို့ ထားခဲ့ရပြီကိုး။ ‘ဒါကို ကိုရွှေဗမာတပ်တွေက လေယဉ်ပျံတွေ အမြှောက်ကြီးတွေနဲ့ သွားဆော်ကြတာပါ၊ နိုင်ငံရေးအရ ညှိကြတော့ ဖေါ်မိုဆာကျွန်းကို ရလိုက်ပြီး နောက်ဆုံးသူတို့ ထွက်သွားကြပါတယ်။ ဗမာတပ်က အတိုက်ကောင်းလို့ မဟုတ်ရ ပေါင်ဗျာ။

ကွန်မြူနစ်နဲ့ ကရင်သူပုန်ကိစ္စကတော့ အားလုံးသိတဲ့အတိုင်း မြန်မာ့တပ်မတော်ရဲ့ တပ်တွင်းပြိုကွဲမှုကြီးပါ။ ပြည်သူက သက်သက်မြေစာပင် ဖြစ်တာပါ။ ပဲခူးရိုးမတောထဲ မျှစ်ပြုတ်စားပြီးပြေးနေရတဲ့ ကွန်မြူနစ်တွေကို အမေရိကန်က ကွန်မြူနစ်နှိမ်နင်းရေးအတွက် အလကားရထားတဲ့ လေတပ်ဟယ်လီကော်ပတာတွေနဲ့ ‘ဒီဘက်က လိုက်တိုက်ရတာပါ။ ‘ဒါတောင် ဖြတ်လေးဖြတ်ဆိုပြီး မြစ်ဝကျွန်းပေါ်ဘက်မှာ အကျဉ်းထောင်ပုံစံ အလုပ်စခန်းတွေ ဆောက်ပြီး ပတ်ဝန်းကျင်က အပြစ်မဲ့ရွာသားတွေ ခြောက်လလောက် အကုန်ဖမ်းထည့်ထား လိုက်သေးတယ်။ လုပ်သင့် မလုပ်သင့်မစဉ်းစားဘူး၊ အရှင်မိရင်လည်း ကိုယ့်လူမျိုးချင်း လုပ်ဖေါ်ကိုင်ဘက် ရဲဘော်ရဲဘက်ချင်းမှ အားမနာ အသားလွတ်သတ်ပြစ်ခဲ့တဲ့ မှတ်တမ်းတွေ အများကြီးရှိပါတယ်။ ကရင်ကမကျေနပ်လို့ သပုန်ထတော့ ထတယ်ပြောသေးတယ်၊ မြောင်းမြဘက်က ကရင်ရွာတွေကို ဂျပန်နဲ့ပေါင်းပြီး ရွာလုံးကျွတ်လူသတ်ပွဲလုပ်တာ ဗမာတွေက စလုပ်ခဲ့တာပါ။ ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်းကို ပဲခူးရိုးမပေါ်မှာ သတ်တာလည်း ဦးနေဝင်းကခိုင်းလို့ လန်ဘားတင်ဦးက ထောက်လှမ်းရေးရဲဘော်မြကို တောထဲလွှတ်တောခိုခိုင်းပြီး လုပ်ကြံခဲ့တာ၊ ကရင်ခေါင်းဆောင် စောဘဦးကိုလည်း လယ်တဲလေးတစ်လုံးပေါ်မှာ အရှင်ဝိုင်းမိရဲ့သားနဲ့ အသေဝိုင်းပြစ်တာ သားသတ်သမားလို့ နာမည်ကြီးတဲ့ သွားလေသူ ဗိုလ်ချုပ်စိန်လွင်ပါ။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အထင်ကရ လုပ်ဖေါ်ကိုင်ဘက် ရဲဘော်ရဲဘက် ကိုယ်လူမျိုးချင်း မလုပ်ကောင်းတာတွေ အလွန်အကျွံ လုပ်ခဲ့တာတွေ အများကြီးပါ။ လူနဲစုကရင်နဲ့ ကွန်မြူနစ်ကို နိုင်တဲ့ မြန်မာတပ်မတော်ဟာ အမှန်တော့ အထင်ကြီးစရာ ဘာမှ မရှိပါဘူး။

၁၉၆၂ ဦးနု ပါလီမန်ဒီမိုကရေစီအစိုးရကို ဗိုလ်ချုပ်နေဝင်း စစ်တပ်နဲ့ အာဏာသိမ်းတာလည်း ရှင်းရှင်းပြောရရင် စစ်ဦးစီးချုပ်က နိုင်ငံတော်အစိုးရကို သစ္စာဖောက်တာဘဲ၊ နိုင်ငံရေးအမြင်နဲ့ ကြည့်ရင် လုပ်ဖေါ်ကိုင်ဘက်ခြင်း သစ္စာ စောင့်ရမဲ့အစား နောက်ကြောဓါးနဲ့ ထိုးတာဘဲ၊ နိုင်ငံတော် သစ္စာဖောက်မှုကြီးပါ။ ဗိုလ်ချုပ်နေဝင်းတပည့် ထောက်လှမ်းရေး ဗိုလ်မှူးကြီးလွင်က သီပေါစော်ဘွားကို ၁၉၆၂ခုနှစ် အာဏာသိမ်းတုန်းက ဖမ်းပြီး နောင်ချိုမြို့အဝင် ဂုတ်ထိပ်ကားလမ်းဘေးမှာ သတ်ပစ်တာလဲ ရာဇဝတ်မှုကျူးလွန်တာပါ။ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးကို ဖမ်းပြီးဥပဒေမဲ့ထောင်ထဲ ငါးနှစ်စီလောက် ထည့်ထားခဲ့တာလဲ သူတို့အမြင်မှာ ဗိုလ်ချုပ်နေဝင်း အာဏာမက်ပြီး မတော်မတရား လုပ်တာပါဘဲ၊ တိုင်းရင်းသားတွေ ဗမာစစ်ဗိုလ်ကို ရွံကြောက်ကြီး ဖြစ်သွားပါပြီ၊ ဘယ်တော့မှယုံမှာ မဟုတ်တော့ပါဘူး၊ ဗမာဘက်မှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပြန်လည် တည်ဆောက်နိုင်မဲ့သူလို့ မျှော်လင့်နိုင်တာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်စုဘဲ လွတ်လွတ် ကင်းကင်း ရှိပါတယ်။

အရေးအခင်းမှာတုန်းကလည်း ဒေါ်စုကို ညစ်ညမ်းပုံတွေဆွဲပြီး ကုလားအုပ်မေ--ိုးမ နင့်လင်နင်ခေါ်ပြီး အင်္ဂလန်ကို အခုပြန်သွားဆိုတဲ့ အောက်လမ်းနည်းကျကျ စာရွက်တွေ တစ်မြို့လုံးမှာလိုက်ကပ်တာ ဗိုလ်ချုပ်နေဝင်းသမီး ဒေါ်ခင်စန္ဒာဝင်းက လုပ်ခိုင်းလို့ တပ်မတော်ထောက်လှမ်းရေးက ဗိုလ်ကြီးစည်သူနဲ့ သက်တင်စိန်တို့ အဖွဲ့လုပ်တာပါ။လူမိသွားလို့ တပ်မတော်ထောက်လှမ်းရေး နာမည်ပျက်၊ စုံထောက်(စောက်ထုံ) အဖွဲ့လို့ ဗိုလ်ချုပ်ခင်ညွန့်ကို သူ့ရဲဘော်တွေက ကွယ်ရာမှာ ခေါ်တာခံရပါတယ်၊ ဒီလူတွေ ထောင်ထဲမှာ ရှိပါသေးတယ်၊ အသေးစိတ် သိချင်ရင် ခေါ်မေးလို့ရပါတယ်။
၁၉၈၉ အရေးအခင်းပြီးကာစ ဘိုကလေးဘက်မှာ ဝင်လာတဲ့ ကရင်သူပုန် ၅ဝ လောက်ကို မိအောင်ဖမ်းရင် ရရဲ့သားနဲ့မဖမ်းဘဲ တစ်ရွာလုံးကိုပိတ်ဆို့ပြီး မလိုအပ်ဘဲ ရက်ရက်စက်စက် လေယဉ်နဲ့ဗုံးကြဲ၊ ရဟတ်ယဉ်ပေါ်က ဒုံးကျည်တွေ စက်သေနတ်တွေနဲ့ ကရင်ရွာသားတွေကို မသေမခြင်း ပြစ်သတ်တာ အဲဒီတုန်းက ဧရာဝတီတိုင်း တိုင်းမှုး ဗိုလ်ချုပ်မြင့်အောင်ပါ။ ရွာသားတွေအပါအဝင် လူ ၃၇ဝ သေတယ်လို့ ဖတ်ရပါတယ်။ ဒီလိုလက်လွတ် စပယ်ကြီးလုပ်တာ ရာဇဝတ်မှု မြောက်ပါတယ်။ တပ်မတော် ဂုဏ်သရေကိုလဲ ထိခိုက်ပါတယ်။ သူများနိုင်ငံမှာ အပြစ်မရှိတဲ့ ကိုယ့်ပြည်သူတစ်ယောက်ကို မထိခိုက်မနစ်နာရအောင် သူတို့တပ်မတော်သားတွေ အနစ်နာခံ၊ အသေခံပြီး စွမ်းစွမ်းတမံ ကာကွယ်တာကို ဂုဏ်ယူနေတဲ့ ခုလိုခေတ်ကြီးထဲမှာ ကျုပ်တို့မြန်မာနအဖက ပြည်သူ တွေရဲ့ အသက်ကို ဖက်ရွက်တရွက်လောက်တောင် တန်ဘိုးမထားဘူးဆိုတာ ပြလိုက်တာလေ။

တခါ ‘ဒီပဲရင်းမှာလည်း ဒေါ်စုနဲ့အဖွဲ့ ကိုယ်ဖါသာကိုယ် ခရီးသွားတာမှာ ပြည်သူတွေက အားရဝမ်းသာ ကြိုဆိုထောက်ခံကြတာလည်း မြင်ရော မနာလိုဖြစ်ပြီး လိုက်နှောက်ယှက်ကြတာလဲ ဗမာစစ်ဗိုလ်ကြီးတွေပါဘဲ။ တိုင်းမှုးဗိုလ်မှုးချုပ်စိုးဝင်းက ဦးဆောင်ပြီး လက်နက်မဲ့အဖွဲ့ကို လူမိုက်ဆန်ဆန် ဝိုင်းရိုက်တာ၊ ဝိုင်းမတရား လုပ်ကြတာပါ။ သူတို့ဟာသူတို့ တရားဘဲဟောဟော လက်ခုပ်ဘဲတီးတီး ကိုယ့်အကြောင်း မပြောရင်ပြီးရော၊ ကိုယ်မကြိုက်ရင် ဝေးဝေးရှောင်နေပေါ့ဗျာ၊ ဒါပေမဲ့မနေနိုင်ဘူး။ တပ်တွေခေါ်လာ၊ အသေအချာ စီစဉ်ပြီး ဒုတ်တွေ ဒါးတွေနဲ့ ကိုယ်တိုင်ဝိုင်းရိုက်ကြတာ။ နအဖစစ်ဗိုလ်ကြီးတွေ သဘောထား သေးသိမ်တာကို တကမ္ဘာလုံးက သိသွားတာဘဲ အဖတ်တင်ပါတယ်။ မလုပ်သင့်ပါဘူး။

၈၈အရေးအခင်းတုန်းကလဲ ငွေစက္ကူကိစ္စကြောင့် ငတ်နေတဲ့ ပြည်သူလူထုက မဆလကိုဖြုတ်ချတာ တပ်မတော်က အနေသာကြီးပါ၊ တပ်မတော်ကို ပြည်သူလူထုက သူတို့ဘက်ပါစေချင်လို့ ပြည်သူ့စစ်သား ဒို့စစ်သား၊ ပြည်သူ့ တပ်မတော် ‘ဒို့တပ်မတော်ဆိုပြီး ထိုင်ရှိခိုးပြီး ဘုရားစင်ပေါ်တင်ထားတာကို မနေတတ်မထိုင်တတ်နဲ့ မဆလဘက်က လက်ဝင်လျှိုတယ်။ ခုတော့ကြည့် မဆလလဲ နာမည်ပျက်ပြီးပြေးရ၊ ကိုယ့်လဲပြည်သူက မေတ္တာတုန်းပြီး နာမည်ပျက်တဲ့ဘဝ ရောက်ရတာ အနှစ်နှစ်ဆယ်လုံး ပြန်မကောင်းနိုင်တော့ဘူး။ ပြည်သူလဲနာ၊ စစ်တပ်လဲနာ အကျိုးမဲ့တဲ့လမ်းကို ရွေးခဲ့တယ်လေ။ ဗိုလ်ချုပ်စောမောင်နဲနဲသာ ဦးဏှောက်ရှိရင် ဒီလိုမဖြစ်ရပေါင်ဗျာ။ ခု၂ဝဝ၇ခုနှစ် စက်တင်ဘာလ အရေးအခင်းမှာလည်း မေတ္တာသုတ်ရွတ်တဲ့ လက်နက်မဲ့ သံဃာတွေကို လုံထိမ်းတွေ၊ စစ်သား တွေနဲ့ ရိုက်နှက်ဖမ်းပြီး သံဃာတု သံဃာယောင်တွေပါ ပြောလိုပြော။ ဂျပန်သတင်းထောက်ကို လူတွေရှေ့ ပစ်သတ်မိပြီးမှ မတော်တဆမှန်တာပါ လိမ်လိုလိမ်နဲ့ ကမ္ဘာမှာ နအဖအစိုးရအစား ပြည်သူတွေ အရှက်ကွဲပါတယ်။

ဘယ်သူခွဲခွဲတို့မကွဲဆိုတဲ့ မြန်မာ့တပ်မတော်ပြိုကွဲတာတွေလဲ သတိထားကြည့်ရင် ခဏခဏတွေ့ရပါတယ်။ ကွန်မြူနစ်သူပုန်ထတာဟာ တရုပ်မော်စီတုန်းကမြှောက်ပေးလို့ ဗမာ့တပ်မတော်ပြိုကွဲတာပါ။ အရပ်သားတွေ သေနတ်ကိုင်ပြီး တောထဲဝင်သွားတာ မဟုတ်ပါဘူး။ တပ်မတော် အစိတ်အပိုင်းတွေ တပ်ရင်းလိုက် တောခိုတာပါ။ ဗိုလ်ဇေယျတို့ ဗိုလ်ရဲထွတ်တို့လို ရဲဘော်သုံးကျိပ်တွေကိုယ်တိုင် တောခိုတာပါ။ ပြည်သူ့အမြင်မှာ တပ်မတော် ပြိုကွဲတာပါဘဲ။ တပ်မတော်ပြိုကွဲ ဆက်ကြေးကောက် လူသတ်လုပ်တာတွေကြောင့် ပြည်သူတွေ မြေဇာပင် ဖြစ်ခဲ့တာပါ။
တော်လှန်ရေးကောင်စီခေတ်က ဗိုလ်မှုးချုပ်အောင်ကြီးအဖွဲ့၊ ဗိုလ်ချုပ်တင်ဖေအဖွဲ့၊ ဗိုလ်မှုးကြီးစောမြင့်အဖွဲ့၊ မဆလခေတ်က တင်ဝင်းညို၊ ခင်ကျော်ညိုအဖွဲ့၊ ထွန်းလင်းသန်းစိန်ကျော်ဇောအဖွဲ့၊ မျက်မှန်တင်ဦး၊ ဘိုနီအဖွဲ့၊ ဒီဘက်ခေတ် ဗိုလ်ချုပ်စောမောင်အဖွဲ့၊ မနေ့တနေ့ကမှဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်၊ ဗိုလ်ချုပ်မြင့်ဇော်၊ ဗိုလ်ချုပ် သန်းထွန်းတို့ ထောက်လှမ်းရေးအဖွဲ့ ပြုတ်ကုန်၊ ထောင်ကျကုန်တာဟာ တပ်မတော်ပြိုကွဲတာ မဟုတ်ရင် ဘာလဲ၊ အခြင်းခြင်း ရက်ရက်စက်စက် တီးကြတာဘဲ မဟုတ်လား။

ဒါတွေပြောနေတာ တပ်မတော်ကို မုန်းလို့၊ တပ်မတော်သိက္ခာ ချချင်လို့မဟုတ်ပါဘူး။ မတူညီကွဲပြားတဲ့အမြင်တွေ ရှုထောင့်တွေကို ပြောပြတာပါ။ တစ်ခုမှ ကိုယ့်ထွင်လုံးမဟုတ်ပါဘူး။ မှတ်တမ်းမှတ်ရာတွေထဲက ဖတ်ဘူးသမျှ အကြောင်းရင်းတွေပါ။ အားလုံးအမှန်တွေလို့ မပြောလိုပါဘူး၊ ဆင်ခြင်စဉ်းစားလို့ ရပါတယ်။

အခုတော့နအဖက မကြိုက်လဲ ဘာမှမတတ်နိုင်တော့ပါဘူး။ အမှန်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်းလိုဘဲ မြန်မာတိုင်းရင်းသားပြည်သူတွေရဲ့ နှလုံးသည်းပွတ် ဖြစ်နေပါပြီ၊ လက်တဆုပ်စာလူတစုနဲ့ ဘယ်လိုမှဒေါ်စု မကောင်းကြောင်း သိက္ခာချဝါဒဖြန့်လို့လဲ မရတော့ပါဘူး၊ အသိအမှတ်မပြုချင်လို့လည်း မရပါဘူး၊ မကျေနပ်ရင် ဒေါ်စုမပြောနဲ့ သူ့အဖွဲ့ဝင် တစ်ယောက်လောက်နဲ့ ပြိုင် မဲပုံးထောင် အရွေးခံရဲလားလို့ တစ်လုံး မေးလိုက်တာနဲ့ အဖျားတက်ချင်သလိုလို နေမကောင်းချင်သလိုလိုတွေ ဖြစ်ကုန်တော့တာဘဲ။ ရွေးစရာလမ်းမရှိ ပြည်သူနဲ့ မပူးပေါင်းရင် မိုက်ပြီးရင်းမိုက်ဖို့ဘဲ ရှိတော့တယ်၊ စောစောက ပြောသလို ပြည်သူတွေကို ''ဒို့ကို ဘာမှ လာပြောမနေနဲ့'' ''စစ်ဘိနပ်နဲ့ မျက်နှာကို ဖြတ်ကန်ထည့်လိုက်မယ်'' လို့ မိုက်မိုက်ရိုင်းရိုင်း စကားတွေထပ်ကာတလဲ ပြောနေဘို့ဘဲရှိပါတော့တယ်။ နောက်ပေါက်စစ်ဗိုလ်လေးတွေကိုလည်း မတော်မတဲ့မြှောက်ပေးထားတော့ လူမဖြစ် ဘဲ မဲမဲမြင်ရာ ရန်သူထင်ကိုက်ချင်နေတဲ့ သွေးဆာနေတဲ့ အစွယ်ပေါက်စခွေးလေးတွေဘဲ ဖြစ်လာတာ တွေ့ရတယ်။ ရင့်ကျက်တဲ့ စစ်ဗိုလ်အရည်အခြင်းရှိတဲ့သူ တစ်ယောက်မှမတွေ့သေးဘူး။ အခုနေ တပ်မတော်ကို ပြင်ချင်ပါတယ် ဆိုတာတောင် ပြင်ဘို့ခက်နေပြီနော၊ တပ်မတော်ကော တိုင်းပြည်ကော နာလိုက်တာဗျာ။

စေတနာဖြင့်၊
ကိုဂျူး

http://examplarygardener.blogspot.com/2011/10/blog-post.html မှကူးယူမျှဝေပါသည်။
----------------------------------------------------------

  4 comments:

  1. မြန်မာလူမျိုးတွေမကောင်းကြောင်းရေးပြီးမှ
    မြန်မာလူမျိုးဒေါ်စုကိုဖော်လံဖားထားတဲ့
    ရှေ့နောက်မညီဆောင်းပါးတစ်ပုဒ်ပါဘဲ

    ReplyDelete
    Replies
    1. အခုရေးတဲ့ သူကရော နိုင်ငံအတွက် ဘယ်လောက်များ အကျိုးသယ်ပိုးခဲ့လဲခင်ဗျာ.....ပါးစပ်ကလေးသုံးပြီး လူညံ့လူဖျင်းတွေရဲ့ထုံးစံအတိုင်း အကုန်အပုတ်ချနေတာက သိသာလွန်းပါတယ်.......လေးစားပါတယ်ဗျာ...ခင်ဗျား နိုင်ငံအတွက် ထမ်းဆောင်ရတာ တော်တော် ပင်ပန်းနေလောက်ပြီထင်ပါတယ်........

      Delete
  2. မြန်မာလူမျိုးမကောင်းကြောင်းမဟုတ်ဘူး မင်းအမေ့လင်စစ်တပ်က ကောင်တွေအကြောင်း ရေးပြထားတာ မဟုတ်လို့လား ဦးနှောက်မရှိဘဲ အုပ်ချုပ်ခဲ့တာဗရန်ဗတာ တိုင်းပြည်ကောပြည်သူပါ မွဲပြာကျ အာဏာရှင်တွေနဲ့နီးစပ် တဲ့ကောင်တွေသာချမ်းသာကုန်တာ တော်ပြီကွာဆက်ပြောနေရင်မင်းအမေလင်စစ်တပ် ကကောင်တွေပြေးပေါက် မှားတော့မယ်

    ReplyDelete
  3. မင်းအမေ့လင်ဒီမိုတွေကကောကောင်းလို့လား။ မင့်ပထွေး ၈၈ တွေကကော မင်းတို့ကိုကာကွယ်မှာလား။ စစ်တပ်မရှိရင် အကုန်ဖာနိုင်ငံဖြစ်မှာကွ။ မင်းပထွေးယိုဒယားကောင်တွေ မြန်မာနယ်စပ်ကိုတင့်ကားတွေနဲ့လာတာကောသိလား။ မင့်အမေ့လင် စစ်တပ်ပစ်လိုက်လို့ တင့်ကား ပက်လက်လန်သွားတာကောသိလား။ မင့်ပထွေးတွေက နယ်လာချဲ့ တာသိလား။ မင့်တို့ ကကောဘယ်လောက်တော်နေလို့လဲ။ သူများကိုအားအားယားယား ဝေဖန်လေကန် စောက်လုပ်မရှိစောက်ကိုင်မရှိ အပြစ်လိုက်ပြောနေတယ်။ ကူမင်တန်တုန်း ကတိုက်ပွဲကျခဲ့တဲ့ စစ်သားတွေကိုအားနာပါကွာ။ မင့်ပထွေးတွေကျွန်လုပ်တာခံချင်ရင် ဒါမှမဟုတ် မင့်အမေဒေါ်စု နဲ့ မင့်ပထွေး ဒီမိုတွေက ကာကွယ်မယ်ထင်ရင် စစ်တပ်ကိုဖြုတ်ကြည့် တစ်မိနစ်မစွန်းဘူးရောက်လာလိမ့်မယ်။ ကောင်းကောင်းခံကျပေါ့ကွာ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...