လူငယ်နှင့် ပါတီ၊ အဖွဲ့အစည်း
by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ on Thursday, June 14, 2012 at 7:58am
လွတ်လပ်မှုပင် ပြောပြော၊ ဒီမို ကရေစီအခွင့်အလမ်းများပွင့်လင်း လာသည်ဟုပင် ဆိုဆို ၁၉၆၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် အသင်း အဖွဲ့များ လွတ်လွတ်လပ်လပ် ပေါ် ပေါက်လာသည်မှာ အချိန် နှစ်ချိန်သာရှိပါသည်။ တစ်ချိန်မှာ ၁၉၈၈၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ရှစ်လေးလုံးတိုက်ပွဲများအပြီး အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် ရခြင်းပင် ဖြစ်သည်။ အုပ်ချုပ်ရေးယန္တရားမှာလည်း ယိုယွင်းပျက်ပြားနေပြီဖြစ်၏။ ဒီမိုကရေစီ အဟုန်ဖြင့် လူတန်းစား အသီးသီးသည် အလုပ်သမား၊ လယ်သမားအဖွဲ့၊ ကျောင်းသားများကလည်း အဖွဲ့များဖွဲ့ခဲ့ကြသည်။ အာဏာသိမ်းစစ်ကောင်စီ အောက တွင် နိုင်ငံရေးပါတီအများအပြား ပေါ်ပေါက်ခဲ့၏။ ထို့နောက်ထိုအဖွဲ့ များမှာ ပြန်လည် အားနည်းသွားကြ ပြန်ပါသည်။
လူတန်းစားအဖွဲ့အစည်း အသီးသီးမှာ ပျက်ပြားသွားသလို၊ ကျောင်းသားအဖွဲ့အစည်းများမှာလည်း တရားမဝင်အဖွဲ့အစည်းများ ဖြစ်သွားပါသည်။ NLD လိုနိုင်ငံရေး ပါတီသာ ကျန်ရှိခဲ့သည်။ သို့သော်နိုင်ငံရေး လှုပ်ရှားမှုမရှိသလောက် နည်းပါးခဲ့၏။ သို့သော် ၂ဝ၁ဝ အကုန်နှင့် ၂ဝ၁၁ ခုနှစ်တွင် ကားနိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေအရ ပါတီအသီးသီး၊ အဖွဲ့အစည်းအသီးသီး ပေါ်ပေါက်လာခဲ့သည်။၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသမိုင်းတွင် နိုင်ငံရေးအခွင့်အလမ်း ပွင့်လန်းလာသည်မှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ယခုအထိ နှစ်ကြိမ်သာရှိ၏။ ၁၉၈၈ နှင့် ၂ဝ၁၁ ခုနှစ် ကာလများဖြစ်သည့် ယနေ့ကာလတွင် ပွင့်လာသော ပါတီဖွဲ့စည်းခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်းမှတ်ပုံတင်ခွင့် စသောဥပဒေ ပြဋ္ဌာန်းချက်များကြောင့် NLD လိုအင်အားကောင်းသော အဖွဲ့ကြီးမှာလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ယခုမူလွှတ်တော်တွင်းသို့ပင် ရောက်လေတော့မည်။လူငယ်များသည် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်မှုတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်သူများချည်းဖြစ်၏။ လွတ်လပ်ရေးတိုက်ပွဲကာလက ဗိုလ်ချုပ်အောင်ဆန်းလို၊ ကိုဗဟိန်းလို၊ ဦးနုလို၊ သခင်စိုး၊ သခင်သန်းထွန်းလို၊ သခင်သိန်းဖေလိုစသည့်ပညာ တတ်အများအပြားမှာ နိုင်ငံရေးကို ဦးဆောင်ခဲ့သည်။ တို့ဗမာအစည်းအရုံးလို တပ်ဦးကြီးကိုလည်း လူငယ်များက ပါဝင်ဖွဲ့စည်းခဲ့သည်။ ဖဆပလလို တပ်ပေါင်းစုကြီးကို လူငယ်များပင် ဦးဆောင်၍ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးတွင် ပြတ်ပြတ်သားသား ပါဝင်တိုက်ပွဲဝင် ခဲ့ကြပါသည်။ထိုအချိန်က လူငယ်များ၏ စိတ်ဓာတ်ထဲတွင် နိုင်ငံရေးသည် အမိ၊ နိုင်ငံရေးသည်အဖ လွတ်လပ်ရေးရဖို့နိုင်ငံရေး လုပ်ရမည်ဟု အခိုင်အမာ ယုံကြည်ခဲ့သည်။ ထိုလူငယ် များကပင် နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးများအတွက် စွန့်လွှတ်ကာ အသက်ပေးခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်း ဆောင်များသည် လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့သည့် အာဇာနည်များဖြစ်သည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ထိုကဲ့သို့ပင် လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ တိုက်ပွဲများ၊ ဆိုရှယ်လစ်ရေးအတွက် တိုက်ပွဲများ၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး တိုက်ပွဲများတွင် လူငယ်များပင်ပါဝင် ခဲ့ကြလေသည်။ ယခုလို အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် အခွင့်အလမ်းများ ထွက်ပြူစတွင် လူငယ်များအဖို့ အသင်းအဖွဲ့များကို မှန်မှန် ကန်ကန် အသုံးချဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါသည်။ကျွန်တော့်အတွေ့အကြုံနှင့် ကျွန်တော်၏ အမြင်အရဆိုလျှင် မြန်မာနိုင်ငံတွင် နိုင်ငံရေးစံနှုန်းနှင့် စနစ်အကျဆုံး ဖွဲ့စည်းခဲ့သော ပါတီမှာ နှစ်ခုသာ ရှိပါသည်။ တစ်ခု မှာ ‘ဗမာပြည် ကွန်မြူနစ်ပါတီ’ ဖြစ် သည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ဖွဲ့စည်းပုံဥပဒေကို စနစ်တကျ ဖွဲ့ စည်းပြီး ၁၉၃၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သောပါတီဖြစ်၏။ ထိုအချိန်က ဖွဲ့စည်းပုံစနစ်တကျ ရှိချင်မှ ရှိမည် ဖြစ်သော်လည်း နောင်အခါတွင် ဌာနအသီးသီး ထားရှိခဲ့သည်။ သုတေသနဌာန၊ ပြန်ကြားရေးဌာန၊ စည်းရုံးရေးဌာန ရန်ပုံငွေရှာဖွေရေးဌာန စသည် စသည်ဖြင့် ပါတီတစ်ရပ်၏ ဖွဲ့စည်းပုံ အတိအကျဖြင့် ဖွဲ့စည်းထားသည်ကို နိုင်ငံရေးသမားများ (လက်ဝဲဖြစ်စေ၊ လက်ယာဖြစ်စေ) အတုယူသင့်သလို နမူနာယူဖွဲ့စည်း သင့်သောဖွဲ့ စည်းပုံဖြစ်သည်။ နောင်လက်နက် ကိုင်တိုက်ပွဲသို့ ကူးပြောင်းပြီး ယခု ပါတီပြိုကွဲသွားသည်အထိ ဗကပသည် စနစ်တကျဖွဲ့ထားသော နိုင်ငံရေးပါတီဖြစ်သည်ကိုကား ငြင်း ကွယ်၍ မရနိုင်ပေ။နောက်နိုင်ငံရေး ပါတီတစ်ခုမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဖြစ်ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီ(မဆလ)ကို စတင်ဖွဲ့စည်း ခဲ့ကတည်းက အမြုတေပါတီ အဖြစ် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံဥပဒေကို စနစ်တကျရေးဆွဲပြီးမှသာ ပါတီဝင်၊ အရန်၊ မိတ်ဆွေစသည်ဖြင့် ခွဲခြား သတ်မှတ်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်၏။ အာဏာရစစ် အစိုးရက ဦးဆောင်ဖွဲ့ စည်းသည်ဖြစ်၍ ရန်ပုံငွေနှင့် အဆောက်အအုံ အတွေ့အကြုံရှိသူများဖြင့် စနစ်တကျဖွဲ့စည်းခဲ့ပါသည်။ ပါတီအောက်တွင် အလုပ်သမားဌာန၊ လယ်သမားဌာန၊ စည်းရုံးရေးဌာန၊ သုတေသနဌာန၊ နိုင်ငံခြားဆက်ဆံရေးစသည့် ဌာနအဆင့်ဆင့် ခွဲခြားကာ တာဝန်ပေးခဲ့သည်။ ပါတီ၏ သဘောတရားနှင့် မူဝါဒကို လည်း ရေးဆွဲခဲ့၏။ လူနှင့် ပတ်ဝန်းကျင်တို့ ၏ အပြန်အလှန်ဆက်ဆံရေး၏ အညမညသဘောတရားမှာ မဆလပါတီ၏ လမ်းညွှန်သဘောတရား ဖြစ်ပါသည်။ ကွန်မြူနစ် ပါတီသည် လမ်းစဉ်သဘောတရား အနေဖြင့် မာ့က်စ်လီနင်ဝါဒနှင့် မော်စီတုန်း အတွေးအခေါ်ကို ကိုင်စွဲထားသလို အလုပ်သမား လူတန်းစားကိုလည်း ပင်မအခြေခံ အင်အားအဖြစ် သတ်မှတ်၏။ မဆလကမူ အညမည သဘောတရားကို လမ်းညွှန်သဘောတရားအဖြစ် သတ်မှတ်ပြီး လယ်သမားလူတန်းစားကို အခြေခံအင်အားအဖြစ် သတ်မှတ်ခဲ့၏။ဆိုလိုသည်မှာ ယခုကာလ နိုင်ငံရေးလှုပ်ရှားမှုများ ပွင့်လင်းစအချိန်မျိုးတွင် လူငယ်များသည် နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ တည်ထောင်မည် ဆိုလျှင် မိမိနိုင်ငံနှင့် ကိုက်ညီသော လမ်းစဉ် သဘောတရားများ နှင့် ဖွဲ့စည်းရန်လိုအပ်သည်။ ဒီမိုကရေစီဆိုသော ဝေါဟာရတစ်ခုနှင့် နိုင်ငံရေးလုပ်၍ မရနိုင်ပေ။ ဒီမိုက ရေစီ ဆိုသည်မှာ ဝါဒမဟုတ် လမ်း ညွှန်သဘောတရားလည်း မဟုတ်ပေ။ ဒီမိုကရေစီကို အခြေခံသည်ဆိုတိုင်း ပီပြင်သော နိုင်ငံရေးပါတီ တစ်ရပ်ကို ထူထောင်၍မရနိုင်၊ လက်ဝဲလက်ယာနိုင်ငံရေး အဖွဲ့အစည်းများတွင် ဒီမိုကရေစီကိုကား လက်ခံကြသည်ဖြစ်၏။ လက်ဝဲသမားများက ပြည်သူ့ဒီမိုကရေစီကို လက်ခံကြသလို လယ်သမားများ ကလစ်ဘရယ် ဒီမိုကရေစီကို လက်ခံကြသည်။ တစ်ခုနှင့်တစ်ခုခြားနားမှုရှိ၏။ သို့သော် ဒီမိုကရေစီကတော့ အတူတူပင်ဖြစ်၏။ လွတ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့် များဖြစ်သည်။ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်၊ လူမှုရေးအဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံရေး ပါတီတစ်ရပ် ထူထောင်မည်ဆိုလျှင် ထို့ထက်စနစ်ကျသော ဖွဲ့စည်းပုံရှိရန် လိုအပ် သည်။ အခြေခံအတွေး အခေါ်သစ်သဘောထားရှိရန် လို အပ်သည်။ အခြေခံလူတန်း စားရှိရန် လိုအပ်ပေသည်။မြန်မာနိုင်ငံတွင် ယခုအချိန်၌ အင်အားအကောင်းဆုံးသော ပါတီ ကြီး နှစ်ရပ်ရှိလာသည်။ ပါတီတစ်ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး နောက်တစ်ခု မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဖြစ်လေသည်။ ထိုပါတီများသည် ဘယ်လူတန်းစားကို အခြေခံပြီး ပြည်သူများကို ဘယ်လိုစည်းရုံးနိုင် မည်။ ပြည်သူလူထု၏ အကျိုးစီးပွားကို ဘယ်လောက်ထမ်းဆောင်နိုင်မည်။ ပြည်သူလူထုအတွက် ဘယ်လောက် အကျိုးစွန့်အနစ်နာခံနိုင်မည်ကို နောင်လာမည့်မြန်မာ့သမိုင်းတွင် လူငယ်များ ကရော၊ ကျွန်တော်တို့ကပါ စောင့်ကြည့်နေရပေမည်။ လူအင်အားမည်မျှပင် တောင့်တင်း၊ မည်မျှပင်ငွေအင်အား ကြွယ်ဝကြွယ်ဝ ပြည်သူ့အကျိုးစီးပွားကို အထူးသဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမား၊ လယ်သမားများ၏ အကျိုးစီးပွားကို အမှန်တကယ်ဆောင်ရွက်မပေးနိုင်လျှင် ထိုပါတီသည် ကျဆုံးသွားပေမည်။ ကိုယ်ကျိုးအတွက် တည် ထောင်သော ဘယ်ပါတီမဆို ပြည် သူလူထုက ဖယ်ရှားပစ်မည်မှာ သေချာပေသည်။ သမိုင်းတွင် ပြည် သူ့အကျိုးစီးပွားကို ဆန့်ကျင်သော ပြည်သူလူထု၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး တိုက်ပွဲတွင် ရှေ့က တားဆီးသော မည်သည့် နိုင်ငံရေးပါတီကိုမဆို ပြည်သူလူထုက ဆွဲယူဖယ်ရှားပြီး မြောင်းထဲပစ်ချခဲ့သည်ကို သမိုင်းတွင် တွေ့ကြုံခဲ့ ရပြီးပြီ။ထို့ကြောင့် နိုင်ငံရေးလှုပ်ရှားမှုနှင့် လူထုလှုပ်ရှားမှုများကို ဆောင်ရွက်တော့မည့် လူငယ်များအဖို့ စိတ်ခံစားမှုသက်သက်ဖြင့် လုပ်ဆောင်၍ မရနိုင်ပေ။ အလေးအနက် ထားပြီး စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်၏။ လက်တွေ့ကျသော၊ ဘဝကပေးသော သင်ခန်းစာများ၊ အတွေ့အကြုံများဖြင့် မိမိတို့နှင့် လိုက်လျောညီထွေသော အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများကို ဖွဲ့စည်း၍ လှုပ်ရှားသင့်ပါသည်။ သမိုင်း၏ ဖြစ်ရပ်မှန်များကိုလည်း အမှန်အတိုင်း ဂဃနဏသိရှိနား လည်ရန်လိုပါသည်။ လူငယ်များ သည်ယခုအချိန်မှစပြီး ပေးလာသော နိုင်ငံရေးအခြေအနေ၊ ပေးလာသော စီးပွားရေးအခြေအနေ၊ပေးလာသော ပွင့်လင်းမှုများကို အမိအရ ဆုပ်ကိုင် ကာ တိုင်းပြည်နှင့် လူမျိုးအတွက် ရှင်းရှင်းလင်းလင်း၊ မှန်မှန်ကန်ကန် လုပ်ဆောင်ကြရန်လို အပ်ပေသည်။ ဂိုဏ်းဂဏ ကင်းကင်း၊ အာဃာတကင်းကင်းဖြင့် ရှေ့ခရီးကို ဆက်ကြရ ပေလိမ့်မည်။
ထက်မြက်
0 comments:
Post a Comment